Saturday, December 17, 2011

" ကိုယ့်သမိုင်းကိုကိုယ်ရေးတာပါ..."



တစ်ခါတုန်းက သပိတ်ရောင်အသားအရည်နဲ့မိန်းမငယ်လေးဟာ

နီဂရိုးအမေရဲ့လက်ကိုဆွဲပြီး ပန်းခြံအနီးကဖြတ်သွားပါတယ်။

"အမေ...သမီးလေ ဟောဟိုပန်းခြံထဲကစားချင်တယ်အမေ"

"မကစားရဘူး"

"ဘာဖြစ်လို့မကစားရတာလဲအမေ"

"အဲဒီပန်းခြံမှာ နီဂရိုးတွေမကစားရဘူးတဲ့သမီးရယ်"

အမည်းမလေးက

"သမီးတို့လည်းလူတွေပဲဟာ၊

ပန်းခြံထဲမှာ ဘာဖြစ်လို့ပေးကစားရတာလဲ"

အမေက

"အေး သမီးကစားချင်ရင် သမီးစာများများဖတ်ပေါ့၊

သမီးစာတော်အောင်လုပ်ပေါ့။

အဲဒီအချိန်ဆိုရင် သမီးကိုပေးကစားလိမ့်မယ်လို့အမေယုံကြည်ပါတယ်"

နောက်တစ်နေ့ သမီးငယ်လေးက အမေကိုပူဆာပြန်တယ်။
"အဲဒီဆိုင်မှာ သမီးရေခဲမုန့်စားချင်တယ်"
"မစားရဘူးသမီး"
"ဘာဖြစ်လို့ရေခဲမုန့်မစားရတာလဲအမေ"
"နီဂရိုးဖြစ်လို့တဲ့ကွယ်၊
သမီးစားချင်ရင် စားများများဖတ်ပါ။
စာတော်အောင်ကြိုးစားပေါ့ကွယ်၊
သမီးဟာ အတော်ဆုံးလူတစ်ယောက်ဖြစ်လာတဲ့အခါ
ရေခဲမုန့်တွေအများကြီးစားရတဲ့အပြင်
ဟောဟိုအိမ်ဖြူတော်အထိရောက်နိုင်တယ်။ကြားလား"

တစ်နေ့မှာ အမေးအမြန်းထူတဲ့အမည်းမလေးဟာ
"အမေ၊
သမီးတို့ဟာ ဘာကြောင့်ဘတ်စ်ကားရဲ့နောက်ခန်းကစီးရတာလဲဟင်"
"နီဂရိုးဖြစ်လို့ပေါ့ကွယ်။
သမီးစာများများဖတ်ပါ။
သမီးစာတော်လာတဲ့အခါ
သမီးဟာ ကိုယ်ပိုင်ကားအကောင်းစားကားစီးနိုင်ပါလိမ့်မယ်။
သမီးမှာထူးချွန်လာရင် သမီးသွားချင်တဲ့ဘယ်နေရာမဆိုသွားနိုင်တယ်။
ဒါတင်မကဘူး။ အိမ်ဖြူတော်အထိရောက်အောင်သွားနိုင်ပါတယ်သမီးရယ်"

မိခင်ဟာ အမည်းမလေးရဲ့နှလုံးသားထဲကို စာများများဖတ်ဖို့၊
စာတော်အောင်ကြိုးစားဖို့ကိုရိုက်သွင်းပေးခဲ့ပါတယ်။
အတော်ဆုံးဖြစ်ဖို့၊အကောင်းဆုံးဖြစ်ဖို့အားပေးတိုက်တွန်းခဲ့တယ်။
ဒီလိုနဲ့အဲဒီအမည်းမလေးဟာ အသက်၁၉-နှစ်မှာဘွဲ့ရခဲ့တယ်။
သူမဟာ ၂၂-နှစ်မှာ PhD ဆိုတဲ့ဒေါက်တာဘွဲ့ကိုရခဲ့ပါတယ်။
ပြီးတော့ သူမဟာ ရုရှားဘာသာ၊စကားကို အလွန်တော်သူ၊ထူးချွန်သူလည်းဖြစ်လာခဲ့ပါတယ်။
သမ္မတဘုရှ် (senior)လက်ထက်မှာရုရှားစကားကျွမ်းကျင်သူအဖြစ်ခေါ်ပြီး
ရုရှားနဲ့သံတမန်ရေးရာကိစ္စမှာ တာဝန်ပေးခြင်းခံရပါတယ်။
သမ္မတဘုရှ်(junior)လက်ထက်မှာ အမေရိကန်နိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးဖြစ်လာခဲ့ပါတယ်။
သူမရဲ့နာမည်ကတော့ ကွန်ဒိုလီဆာရိုက်(
Condoleezza Rice ) ပဲဖြစ်ပါတယ်။
သူမဟာ ကံကောင်းတာထက်
လူမှန်၊နေရာမှန်၊အချိန်မှန်ကြောင့်ထိပ်တန်းကိုရောက်လာခဲ့တာပါ။

++++++++++++++++++

ဘယ်သူမဆို စာများများဖတ်ဖို့လိုအပ်ပါတယ်။
စာတွေဖတ်ရင်းနဲ့ စာတွေက
ကိုယ်လျှောက်ရမယ့်လမ်းကို လမ်းညွှန်ပေးနိုင်ပါတယ်။
ပြီးတော့ စာတော်အောင်ကြိုးစားဖို့လိုအပ်ပါတယ်။
စာတော်သူတွေအတွက် လူမှန်၊နေရာမှန်၊အချိန်မှန်တစ်ခုဟာ
ရောက်လာစမြဲပါပဲ။
ကိုယ့်မှာ အရည်အချင်းရှိရင် ဘယ်နေရာရောက်ရောက်
အကောင်းဆုံးလုပ်ဆောင်နိုင်ပါတယ်။
ကိုယ့်ရဲ့သမိုင်းကိုကိုယ်ကောင်းကောင်းရေးနိုင်ပါတယ်။

++++++++++++++++++

ကိုယ့်မှာ အရည်အချင်းကောင်းတွေမရှိခဲ့ရင်...
ကိုယ့်မှာ စေတနာကောင်းတွေမရှိခဲ့ရင်...
အကြောင်းကြောင်းကြောင့်ထိပ်တန်းကိုရောက်တာတောင်
ကိုယ့်ရဲ့ရာထူးနဲ့ထိုက်တန်အောင်
အကောင်းဆုံးတွေကို မလုပ်ဆောင်နိုင်တာတွေကို
သမိုင်းစာမျက်နှာမှာ အများကြီးတွေ့နိုင်ပါလိမ့်မယ်။




No comments: