Pages

Thursday, December 15, 2011

ဝေဖန်ပိုင်းခြားစဉ်းစားနိုင်စွမ်းကို တည်ဆောက်ကြည့်ခြင်း..



စာမေးပွဲဆိုတာ ဘာလဲ။ ကျောင်းသားတစ်ယောက်က သင်ခန်းစာတွေကို ဘယ်လောက်မှတ်မိလဲ၊ အချိန်ကာလတစ်ခုမှာ သင်ယူထားတဲ့ အသိပညာတွေကို ဘယ်လောက်အထိ လက်တွေ့ အသုံးပြုနိုင်လဲ စတဲ့ အရည်အချင်းတွေကို တိုင်းတာစစ်ဆေးတာလို့ ယေဘုယျ ယူဆလို့ရပါတယ်။
စာမေးပွဲတွေကတဆင့် ကျောင်းသားတွေရဲ့ အဖြေဟာ မှန်သလား မှားသလား၊ ကျောင်းသားတွေရဲ့ ကျွမ်းကျင်မှုအတိုင်းအတာကရော ဘယ်လိုရှိတာလဲ ဆိုတာ သိနိုင်ပါတယ်။
ဒါပေမဲ့ သူတို့ရဲ့ ဖန်တီးမှုစွမ်းရည် နဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကိုရော ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုမလဲ၊ ဘယ်လိုသင်ကြားမလဲ၊ ဘယ်လိုစစ်ဆေးတိုင်းတာမလဲ။
ဝေဖန်ပိုင်းခြားစဉ်းစားခြင်းဆိုတာ အချက်အလက်တွေကို နားလည်နိုင်စွမ်းနဲ့ စိတ်ကူးစိတ်သန်းတွေကို လက်တွေ့ကျကျ အသုံးချနိုင်စွမ်း၊ အခြေအနေနဲ့ အချိန်အခါကို ဆင်ခြင်နိုင်စွမ်း၊ ရရှိတဲ့ အချက်အလက်တွေကို အဓိပ္ပါယ်ရှိရှိ သုံးသပ်နိုင်စွမ်းတို့ ပါဝင်ပါတယ်။
ဒါ့အပြင် ဆန့်ကျင်ဘက်အတွေးနဲ့ ချိန်ထိုးပြီး အရာရာကို ဆက်နွယ်စဉ်းစား ပြသနာတွေကို ခွဲခြမ်းစိတ်ဖြာ ပြီးရင် ရေရှည်အတွက် အကောင်းဆုံးသောအဖြေကို ဖော်ထုတ်နိုင်တဲ့ စွမ်းရည်လို့လည်း ပြောလို့ရပါတယ်။ သေသပ်လှပတဲ့ ဝေဖန်ပိုင်းခြားစဉ်းစားခြင်းဟာ လူ့အဖွဲ့အစည်း တိုးတက်ရေးအတွက် အလွန်ပင်အရေးပါလှပါတယ် ။
တကယ်တော့ ကမ္ဘာကြီးကို စိတ်ကူးတွေနဲ့ ပုံဖော်ထားတာပါ။ ဒါကြောင့် ဖန်တီးမှုစွမ်းရည်ကလည်း အရမ်းကို အရေးကြီးပါတယ်။ တီထွင်ဖန်တီးတတ်သော စဉ်းစားတွေးခေါ်ခြင်းဟာ လူမှုယဉ်ကျေးမှု အဆောက်အအုံကို ပုံသွန်းပါတယ်။
ကျွန်တော်တို့ ဘယ်လိုစဉ်းစားလဲ၊ ကျွန်တော်တို့ရဲ့ အတွေးအခေါ် အယူအဆတွေက မှန်လား မှားလား၊ ဒီအတွေးတွေက ဘယ်လိုဖြစ်ပေါ်လာတာလဲ၊ ကျွန်တော်တို့ ခေါင်းဆောင်တွေကို ဘယ်လိုရွေးချယ်လဲ၊ ကျွန်တော်တို့ မှီတင်းနေထိုင်ရာ ကမ္ဘာကြီးကို ဘယ်လိုမြင်လဲ၊ ဒါတွေဟာ တစ်ဦးချင်းစီနဲ့ဆိုင်တာလား၊ ဘုံဝါဒကို ပိုမိုနှစ်သက်တာလား။
ဒီအချက်တွေကလည်း ကျွန်တော်တို့အတွက် ဘယ်အရာတွေက အရေးကြီးဆုံးလဲ ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ ကူညီပေးပါတယ်။ ဒါပေမယ့် တခါတလေမှာတော့ ဒီအတွေးတွေက ကျွန်တော်တို့ကို ပိုမိုရှုပ်ထွေးသော ကမ္ဘာကြီးဆီကို ဆွဲခေါ်သွားပြန်ပါတယ် ။
ဒါဆို ကလေးတွေကို ဝေဖန်ပိုင်းခြားစဉ်းစားတတ်အောင် ဘယ်လိုသင်မလဲ၊ ဖန်တီးမှုစွမ်းရည် တိုးတက်အောင် ဘယ်လို လေ့ကျင့်မလဲ ဆိုတာတွေက စိန်ခေါ်မှုတွေပါပဲ။ ဝေဖန်ပိုင်းခြား စဉ်းစားခြင်းဆိုတာကို ဆရာအဆူဆူက ရှုထောင့်အစုံစုံကနေ အဓိပ္ပါယ်ဖွင့်ဆိုကြမှာဖြစ်သလို့ အခြေခံစည်းမျဉ်းတွေလည်း ခြားနားမယ် ထင်ပါတယ်။
နောက်တစ်ချက်ကတော့ သမရိုးကျသင်ခန်းစာတွေ ကြက်တူရွေးလို တတွတ်တွတ်လိုက်ဆိုတတ်တဲ့ အကျင့်တွေနဲ့ အသားကျနေတဲ့ စာသင်ခန်းတွေထဲမှာ ဒီကျွမ်းကျင်မှုတွေကို အစပျိုးသင်ကြားစေဖို့ သင်ခန်းစာတွေကို ဒီဇိုင်းဆွဲဖို့ ဆိုတာ ခက်ခဲပါလိမ့်မယ်။
ဒါပေမဲ့ ဘယ်အရာမဆို နည်းလမ်းကတော့ရှိပါတယ်။ ဆရာတွေက ကျောင်းသားတွေကို သူတို့ရဲ့ အတွေ့အကြုံတွေကို အခြားသူတွေရဲ့ အတွေ့အကြုံတွေနဲ့ ဘယ်လိုဆက်စပ်တွေးတောမလဲ၊ ဒါတွေကို ကျောင်းသင်ခန်းစာတွေနဲ့ ဘယ်လိုချိတ်ဆက်မလဲ ဆိုတာ အသေးစိတ်ရှင်းပြလို့ ရပါတယ် ။ ဒါကနည်းလမ်းပုံစံတစ်ခုပါ။
ဒါမှမဟုတ် သီချင်းတွေ ကဗျာတွေကတဆင့် သူတို့ဥပမာဘယ်လိုပေးသွားတယ်၊ ဘာကိုဆိုလိုတယ်ဆိုတာ တွေးစေခြင်းအားဖြင့်လည်း ကလေးတွေရဲ့ တွေးခေါ်မှုစွမ်းရည်ကို မြှင့်တင်နိုင်ပါတယ်။ နောက်သင်ခန်းစာထဲမှာပါတဲ့ အကြောင်းအရာတွေထဲမှာလဲ ဘယ်နေရာမှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာ မေးရုံမက ဘာကြောင့်ဘယ်လိုဖြစ်တာလဲဆိုတာကို တပြိုင်တည်း နှိုင်းယှဉ်တွေးတောစေခြင်းဖြင့် ဝေဖန်ပိုင်းခြားမှု စွမ်းရည်ကို တိုးတက်စေနိုင်ပါတယ်။
ဒါ့အပြင် အခြားသွယ်ဝိုက်သောနည်းလမ်းတွေနဲ့လည်း ကလေးတွေရဲ့ဝေဖန်ပိုင်းခြားမှုစွမ်းရည်ကို အခြားနည်းလမ်းတွေနဲ့ တိုင်းတာလေ့ကျင့်လို့လည်းရပါသေးတယ်။ ခရီးထွက်ခြင်း ၊ စာသင်ခန်းထဲမှာ မဟုတ်ဘဲ အပြင်ထွက်ပြီး အတွေ့အကြုံမှ သင်ယူစေခြင်းတို့ဖြင့်လည်း တွေးခေါ်မှုစွမ်းရည်ကို တိုးတက်စေမှာပါ။
ကျောင်းသားတွေကို သူတို့နှစ်သက်ရာနေရာတွေကို သွားရောက်ပြီး သူတို့စိတ်ဝင်စားတဲ့ အကြောင်းတွေကို သုတေသနလုပ်ခြင်း၊ ပျံကျအလုပ်သမားတွေ၊ စက်ရုံအလုပ်သမားတွေ စတဲ့ လူ့အဖွဲ့အစည်းအတွင်းက လူတွေကြားသွားလာပြီး စကားပြောဆိုစေခြင်း၊ နောက်ရလာတဲ့ အချက်အလက်တွေ စာရွက်စာတမ်းတွေ အကြောင်းအရာတွေကို အတန်းဖော်အချင်းချင်း တင်ပြဆွေးနွေးခြင်း၊ ဒါမှမဟုတ် အခြားလူ့အဖွဲ့အစည်းအတွင်းသွားရောက်ပြီးတော့ အတွေ့အကြုံတွေဝေမျှခြင်း တို့နဲ့ သူတို့ရဲ့ ဝေဖန်းပိုင်းခြားနိုင်စွမ်းတွေကို တည်ဆောက်ပြီးသား ဖြစ်သွားတဲ့အပြင် ဘ၀တလျှောက်လုံးအတွက်လိုအပ်တဲ့ ပြသနာတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာတွေကိုပါ သင်ယူပြီးသား ဖြစ်သွားပါလိမ့်မယ်။
နောက်ထပ်ပိုမိုရှုပ်ထွေးတဲ့ မေးခွန်းတစ်ခုကတော့ ကလေးတွေရဲ့ ဝေဖန်ပိုင်းခြားမှုစွမ်းရည်ကို လေ့ကျင့်သင်ကြားပေးလို့ ရရင်တောင်မှ သူတို့ဒီစွမ်းရည်တွေ တိုးတက်နေတယ်ဆိုတာကို ဘယ်လို တိုင်းတာစစ်ဆေးမလဲဆိုတာပဲ ဖြစ်ပါတယ် ။ ကလေးတွေရဲ့ တီထွင်ဖန်တီးမှုစွမ်းရည် ဝေဖန်ပိုင်းခြားမှုစွမ်းရည်တွေကို ထိရောက်စွာ တိုင်းတာစစ်ဆေးနိုင်မယ့် မေးခွန်းတွေကို ဖန်တီးဖို့ရန်လည်း ခက်ခဲပါလိမ့်မယ် ။
ကလေးတွေကို ကျောင်းသင်ခန်းစာမှာပါတဲ့ အချက်အလက်တွေအမျိုးမျိုးရဲ့ ဆက်သွယ်မှု ကွင်းဆက်တွေကို ရှာဖွေဖော်ထုတ်ဖို့ စေခိုင်းခြင်းနဲ့ သူတို့တွေရဲ့ စွမ်းရည်ကို စစ်ဆေးနိုင်မယ် ထင်ပါတယ်။
ဒီဝေဖန်ပိုင်းခြားစဉ်းစားခြင်းနှင့် တီထွင်ဖန်တီးစဉ်းစားခြင်းတို့ကို သင်ကြားရာမှာ အရေးကြီးဆုံးကတော့ ကောင်းမွန်သင့်တော်မှန်ကန်တဲ့ မေးခွန်းတွေကို ကလေးတွေကို မေးနိုင်စွမ်း ရှိဖို့ပဲဖြစ်ပါတယ်။ တနည်းအားဖြင့် ကလေးတွေဟာ သူတို့ရဲ့စွမ်းရည်ကို ပေါ်လွင်အောင် တိုက်တွန်းပေးနိုင်ပေးနိုင်တဲ့ မေးခွန်းတွေ မေးဖို့လိုပါတယ်။ သူတို့ ဆန့်ကျင်ဘက်အမြင်တွေကို ဘယ်လိုချိန်ထိုးပြီး မြင်နိုင်လဲ။ တချို့အမြင်တွေရဲ့ဆုံမှတ်ကို ဘယ်လို သဘောပေါက်နားလည်သလဲ။ သမိုင်းအချက်အလက်တွေကြား အကျိုးအကြောင်းဆက်နွယ်မှု ကွင်းဆက်တွေက ဘာတွေလဲ။
အနုပညာဖန်တီးမှုတွေကရော ခေတ်တွေရဲ့သရုပ်ကို ဘယ်လိုဖော်ညွှန်းတာလဲ ၊ အရင်အခြေအနေနဲ့ အခုအခြေအနေကြား ဘာတွေ ပြောင်းလဲလာလဲ၊ တကယ်ရော ပြောင်းလဲမှုရှိလား ၊ ဒီပြောင်းလဲမှုကရော စစ်မှန်ရဲ့လား၊ နောက်ကွယ်မှာ ဘာတွေရှိနိုင်လဲ စသည်တို့ကို လေ့လာတတ်အောင် လေ့လာမိအောင် တွန်းအားပေးဖို့ လိုအပ်ပါတယ်လို့ ကျွန်တော် ယူဆမိပါကြောင်း.....။
သုခသခင်

No comments:

Post a Comment