နိုင်ငံခြားသွားချင်ကြတဲ့
လူငယ်လုံမငယ်လေးတွေကို အင်္ဂလိပ်စကားပြောသင်တဲ့ ဆရာလုပ်နေစဉ်က ဘာကြောင့်
နိုင်ငံခြားသွားချင်ကြတာလဲဆိုတဲ့စကား အမြဲမေးဖြစ်ပါတယ်။ အမေးခံရသူတွေဟာ
ဆရာဝန်၊ အင်ဂျင်နီယာ၊ တက္ကသိုလ်ဆရာ ဆရာမ၊ သဘောင်္သား၊ ဘွဲ့ရ၀န်ထမ်း၊
ဘွဲ့ရအလုပ်လက်မဲ့၊ စီးပွားရေးသမား၊ ကုမ္ပဏီပိုင်ရှင်၊ ကျောင်သူကျောင်းသား
အလွှာပေါင်းစုံက ဖြစ်ကြပါတယ်။ တက္ကစီမောင်းသူနဲ့ ဆိုက်ကားနင်းရင်း
မဟာတန်းတက် နေသူမျိုးတောင် ပါပါတယ်။
လူတွေ
ဘယ်လောက်များများမေးမေး အဖြေက တစ်ခုတည်းပဲ ကြားရလေ့ရှိတယ်။ အဲဒါကတော့
“အောင်မြင်ချင်လို့“ ဆိုတဲ့အဖြေဖြစ်တယ်။ ၁၀ တန်းအောင်ပြီးစ
တက္ကသိုလ်တက်ဖို့စောင့်နေကြတဲ့ သူလေးတွေ အားလုံးမှာလည်း အဆုံးမှာ
နိုင်ငံခြားသွားဖို့ဆိုတဲ့ ရည်ရွယ်ချက်ရှိကြတယ်။
ဘယ်လိုအောင်မြင်ချင်တာလဲ၊
ဘာကြောင့်အောင်မြင်ချင်တာလဲလို့ မေးလိုက်တဲ့အခါမှာလည်း
ဆင်တူကြောင်းကွဲအဖြေပဲ ထွက်လာပါတယ်။ အားလုံးလိုလိုက
နိုင်ငံခြားသွားပိုက်ဆံရှာမယ်၊ စူမိဆောင်းမိအောင် လုပ်မယ်ဆိုတဲ့
ရည်ရွယ်ချက်ရှိကြပါတယ်။ တချို့တလေက ပြန်လာဖို့ စိတ်ကူးမရှိဘူး။
ရောက်ရာနိုင်ငံမှာ ဒုတိယတန်းစား၊ တတိယတန်းစားလူများအဖြစ်တောင် နေမယ်လို့
ဆုံးဖြတ်ထားကြတယ်။ တချို့တလေက ပိုက်ဆံရှာပြီးပြန်လာမယ်၊
ဒီမှာရင်းနှီးမြှုပ်နှံပြီး အလုပ်လုပ်မယ်လို့ စိတ်ကူးရှိကြတယ်။
ဒီလိုလူမျိုးတွေက အများစုဖြစ်တာကို တွေ့ရတဲ့အတွက် စိတ်သက်သာရသေးတယ်။
ဒီနေ့လူငယ်အများစုခေါင်းထဲမှာ
ပိုက်ဆံအများကြီးရအောင် ရှာနိုင်တာ၊ ချမ်းသာအောင်လုပ်နိုင်တာကို
“အောင်မြင်မှု” လို့ သတ်မှတ်ယုံကြည်နေကြတာတွေ့ရတယ်။ ပိုက်ဆံမရှိရင်
ဘာမှဖြစ်မလာနိုင်ဘူးလို့လည်း မှတ်ယူကြတယ်။ ပေါပေါသုံးချင်တယ်၊
ကောင်းကောင်းစားချင်တယ်၊ လှလှဝတ်ချင်တယ်ဆိုတာ လူငယ်သဘာဝမို့
ချမ်းသာချင်တာကို အပြစ်မတင်ပါဘူး။ လောကမှာ မချမ်းသာချင်တဲ့သူ
ဘယ်သူမှမရှိပါဘူး။ မချမ်းသာချင်ပါဘူးပြောရင် အရူးပဲ ဖြစ်လိမ့်မယ်။
ပိုက်ဆံချမ်းသာတိုင်း
စိတ်ချမ်းသာတာမဟုတ်ဘူး။ လောကမှာ စိတ်ချမ်းသာဖို့က အရေကြီးဆုံး ဖြစ်တယ်။
ပိုက်ဆံဆိုတာ မကောင်းမှုမှန်သမျှရဲ့ ရေသောင်မြစ်ဖြစ်တယ်ဆိုတဲ့
ဓမ္မကထိကလေသံမျိုးနဲ့ လူငယ်တွေကို တရားမပြချင်ဘူး။ တရားဆိုတာ
ပြတိုင်းရတာမျိုး မဟုတ်ပါဘူး။ ကိုယ်တိုင် ဒုက္ခကိုတွေ့မှ နောင်တရပြီး
ကိုယ်တိုင်က လိုလိုလားလားလိုက်ရှာမှ တွေ့နိုင်၊ ရနိုင်တာမျိုး ဖြစ်ပါတယ်။
လူငယ်တွေကို
ပြောချင်တာက သူတို့အမြင်မှားနေတဲ့ “အောင်မြင်မှု” အကြောင်းဖြစ်ပါတယ်။
“အောင်မြင်မှု” ဆိုတာကို ဘ၀ရဲ့ရည်မှန်းချက်ကြီး တစ်ခုအဖြစ် သဘောထားနေကြတာ
အမြင်မှားနေလို့ပါ။ လောကမှာ အောင်မြင်မှုရဖို့ မခက်ပါဘူး။ နာမည်ကြီးဖို့
မခက်ပါဘူး။ အိုစမာဘင်လာဒင်လည်း နာမည်ကြီးပါတယ်။ ဂျော့ဘုရှ်လည်း
နာမည်ကြီးပါတယ်။ အီမယ်လ်ဒါမားကို့စ်လည်း နာမည်ကြီးပါတယ်။
မော်နီကာလူဝင်စကီးလည်း နာမည်ကြီးပါတယ်။
နာမည်ကျော်တိုင်း
အောင်မြင်မှုရတယ်လို့ မဆိုနိုင်ဘူး။ ဘယ်လိုနေရာမှာ နာမည်ကြီးတာလဲ၊
ဘယ်လိုနည်းနဲ့ နာမည်ကြီးတာလဲဆိုတာက အရေးကြီးတာဖြစ်တယ်။ အိုစမာဘင်လာဒင်ကို
၉/၁၁ ဆိုတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ကြီးကြောင့် ကမ္ဘာကသိလာရတာဖြစ်တယ်။
အမေရိကန်သမ္မတဂျော့ဘုရှ်လည်း အာဖဂန်နစ္စတန်ကို ၀င်တိုက်တဲ့ကိစ္စနဲ့
အီရတ်ကိုဝင်တိုက်တဲ့ ကိစ္စကြောင့် နာမည်ကြီးလာတာဖြစ်တယ်။ သူ့ရဲ့
သမ္မတသက်တမ်း ဒုတိယအကြိမ်ရောက်တဲ့အထိ အမေရိကန်ပြည်တွင်းရေးမှာ
ပြည်သူပြည်သားများရဲ့ လုံခြုံမှုတိုးတက်အောင်၊ ပညာရေး၊ ကျန်းမာရေး
အဆင့်မြင့်လာအောင်၊ အခွန်အတုပ်တွေ လျော့ပါးသွားအောင် အလုပ်လက်မဲ့နှုန်းတွေ
ကျဆင်းသွားအောင် ဆောင်ရွက်နိုင်ခဲ့တာ၊ အကောင်အထည်နဲ့ လက်ဆုပ်လက်ကိုင်
ပြနိုငတာ တစ်ခုမှမရှိခဲ့ဘူး။
နာမည်ကြီးဖို့၊
အောင်မြင်ဖို့လုပ်ရတာ မခက်ပါဘူးလို့ ဒါကြောင့်ဆိုခဲ့တာပါ။ ဒီခောတ်ကြီးမှာ
ပေါ်ပြူလာဖြစ်အောင်လုပ်ဖို့ အင်မတန်လွယ်ပါတယ်။ အင်တာနက်ခေတ်မဟုတ်လား။
အောင်မြင်မှု(success)ဆိုတဲ့စကားနဲ့ စွမ်းဆောင်မှု(achievement)ဆိုတဲ့ စကားနှစ်ခုခြားနားတာကို လူငယ်တွေ သတိပြုမိစေချင်တယ်။
Success
ဆိုတာကို Oxford American Dictionary က - success (n) – 1. A favorable
outcome, doing what was desired or attempted, the attainment of wealth,
or fame or position 2. a person or thing that is successful လို့
အဓိပ္ပါယ်ဖွင့်ဆိုပြပါတယ်။ မြန်မာလိုဆိုတော့ - အောင်မြင်မှု ၁။
နှစ်လိုဖွယ်ရာရလဒ်၊ လုပ်ချင်တာကို ကြိုးပမ်းချင်တာကို
လုပ်ကိုင်ကြိုးပမ်းနေရခြင်း။ ဥစ္စာစည်းစိမ်၊ ကျော်ကြားမှု၊ ရာထူးဌာနန္တရ
တစ်ခုမဟုတ်တစ်ခု ရရှိခြင်း ၂။ အောင်မြင်သူ၊ ဒါမှမဟုတ် အောင်မြင်တဲ့အရာလို့
ဖြစ်ပါတယ်။
achieve ကိုတော့ .. achieve (v) – to
accomplish, to gain achievement (n) – reach by effort
စွမ်းဆောင်နိုင်ခြင်း၊ ကြိုးပမ်းအားထုတ်မှုဖြင့် အနိုင်ရခြင်း၊
ရောက်ရှိရခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ ခြားနားချက်ကတော့
အောင်မြင်မှုဆိုတာက ကိုယ့်လိုဘပြည့်ဝသွားခြင်းဖြစ်တယ်။ ကောင်းတာဖြစ်ဖြစ်၊
ဆိုးတာဖြစ်ဖြစ် ပါဝင်တယ်။ ၉/၁၁ ဟာ အိုစမာဘင်လာဒင်အဖို့တော့ အောင်မြင်မှု
ဖြစ်ကောင်းဖြစ်လိမ့်မယ်။ လူသားများအတွက်တော့ စက်ဆုပ်စရာကောင်းလှတဲ့
လူမဆန်မှုကြီးဖြစ်တယ်။ အဲဒါကြောင့် အောင်မြင်မှုဆိုတာ သက်သက်မမက်မောသင့်ဘူး။
ဘယ်နေရာမှာ၊ ဘယ်လိုနည်းနဲ့ ဘယ်သူ့အတွက် အောင်မြင်မှုလဲဆိုတာကြည့်ပြီးမှ
အကဲဖြတ်သင့်တယ်။
achievement စွမ်းဆောင်နိုင်မှုဆိုတာကျတော့
ကိုယ်တိုင်ကျားကုတ် ကျားခဲကြိုးပမ်းအားထုတ်ပြီးမှ ရတဲ့အရာဖြစ်ပြီး
ယေဘူယျအားဖြင့် ကောင်းမွန်မြင့်မြတ်တဲ့အလုပ်မျိုးကို
စွမ်းဆောင်နိုင်မှုလို့ မှတ်ယူကြတယ်။ မကောင်းတဲ့ အဓိပ္ပါယ်မပါဘူး။
အဲဒါကြောင့် လိုလားအပ်တယ်။
လူငယ်တိုင်း လူငယ်တိုင်းကို
တဒင်္ဂအောင်မြင်မှုတွေနောက် အမောတကော လိုက်နေကြမယ့်အစား ရာသက်ပန်တည်ရှိနေမယ့်
စွမ်းဆောင်နိုင်မှု တစ်ခုခုလုပ်နိုင်အောင်သာ ကြိုးပမ်းအားထုတ်လုပ်ကြပါလို့
တိုက်တွန်းနှိုးဆော် လိုက်ချင်ပါတယ်။
လူထုစိန်ဝင်း၏ ပထမတန်းစားစိတ်ဓာတ်မှကောက်နှုပ်မျှဝေလိုက်တာပါ။
စိုးမင်းဦး
No comments:
Post a Comment