Sunday, December 18, 2011

" ဘ၀ "


တစ်ခါတစ်ခါတော့ ကျွန်တော်စဉ်းစားကြည့်မိပါတယ်။ ဘ၀ဆိုတာ ဘာကြီးလဲပေါ့။ တွေးမိတာလေး ပြောပြ ပါရစေ။

အခု ကျွန်တော်တို့အရွယ်က လူ့ဘ၀ရဲ့ သုံးပုံနှစ်ပုံထဲကို ၀င်လာခဲ့ပြီ။ ဒီလိုပြောလိုက်တော့ ဘ၀ဆိုတာ လူ့ဘ၀ကြီးကို ပြောပါလားလို့ စဉ်းစားချင်စရာ။ ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမဲ့ လူ့ဘ၀လို့ ပြောလိုက်ရုံနဲ့ ကျွန်တော်တို့ ကြုံနေရတဲ့ ဘ၀ရဲ့ အဓိပ္ပါယ်က လုံးဝပြီးပြည့်စုံသွားပြီလား။ အဲဒီလူ့ဘ၀ဆိုတာကြီးထဲမှာပဲ ကျွန်တော်တို့ ကြုံနေရတဲ့ ဘ၀တွေက နည်းမှမနည်းပဲ။ အဲဒီမှာ ဘ၀တွေ ထပ်ခွဲထွက်လာပြန်ပါပြီ။

ကျောင်းသားဘ၀။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်။ စုံနေတာပဲ။ ဒါတောင် ဘွဲ့လွန်ကျောင်းသားဘ၀ ဆိုတာရှိသေးတယ်။ ဒီတော့ ဘ၀လို့ ပြောရင် အများကြီးပါလား။ ကျောင်းသား ဘ၀ပြီးတော့ရော။

အလုပ်ထဲရောက်ခဲ့တယ်။ ၀န်ထမ်းဘ၀၊ အရာရှိဘ၀ စုံလို့။ ကုမ္ပဏီ၊ ပြည်သူ့ဝန်ထမ်း စတဲ့ ဘ၀တွေ။ ဟော-အခု နိုင်ငံခြားဆိုတဲ့ အရပ်ရောက်နေပြန်ပြီ။ ဒီမှာလည်း ဘ၀က စုံလို့။ လူတွေရဲ့ ရပ်တည်မှု အပေါ် မူတည်ပြီး လိုက်ပြောင်းလဲနေတဲ့ ဘ၀တွေ။

ပြီးတော့ လူတွေရဲ့ ဥစ္စာပစ္စည်း ပိုင်ဆိုင်မှုကို လိုက်လို့ ပြောနေကြတဲ့ ချမ်းသာ၊ ဆင်းရဲဘ၀။ တချို့က ပြောကြတယ်။ ဘ၀ကလည်း ဆင်းရဲလိုက်တာ။ သူများတွေ ဘ၀ကျတော့ ချမ်းသာလိုက်တာတဲ့။

ဒီတော့ ကျွန်တော်တွေးမိပါတယ်။ ဘ၀ကို လိုက်ဖမ်းရင်း ဘ၀က ပြန်ပြန်ပျောက်နေတယ်။ ဒါဆို ကျွန်တော်တို့ ကျင်လည်ရာ အရာရာတိုင်း ဖြစ်နေတာတွေဟာ ဘ၀လား။ အဲဒီလိုဆို ကျွန်တော်တို့ကြုံနေရတဲ့ လူ့ဘ၀ကြီးထဲမှာကို နောက်ထပ်မရေရာ၊ မသေချာတဲ့ ထပ်ဖြစ်လာနိုင်သေးတဲ့ ဘ၀တွေက နည်းမှမနည်းဘဲ။ ဒါက လူ့ဘ၀ကြီးထဲနေလို့ လူ့ဘ၀ကြီးကို တည်ပြီးစဉ်းစားကြည့်တာပါ။ နောက်ဘ၀ဆိုတာများ စဉ်းစားကြည့်လိုက်ရင် ပိုတောင် ရှည်လျားသွားသေးတယ်။

ကြည့်ပါဦး။ နတ်ဘ၀၊ ဗြဟ္မာ့ဘ၀။ ဒါက ကောင်းတာလုပ်ရင်ပါ။ မကောင်းတာလုပ်မိလို့များကတော့ သရဲတို့၊ တစ္ဆေတို့၊ ပြိတ္တာတို့ ဆိုတဲ့ဘ၀တွေ။ တွေးကြည့်ချင်စရာတောင် မရှိဘူး။ အခုပြောနေတာက ကျွန်တော်က ဗုဒ္ဓဘာသာမို့လို့ ကျွန်တော့်ဘာသာဘက်က အတွေးတွေနဲ့ ပြောနေမိတာပါ။ တခြားဘာသာ ၀င်တွေမှာလည်း နောက်ထပ်ဘာဖြစ်လာမယ်ဆိုပြီး ဘ၀တွေရှိနေဦးမလား မသိပါဘူး။

ဒီတော့ တစ်ခါတစ်ခါ ပြန်တွေးနေမိတာက ဒီလူ့ဘ၀ကြီးထဲမှာ ကျွန်တော်တို့ရဲ့ ရပ်တည်မှုက ဘာအတွက်လဲ ဆိုတာပါပဲ။ နောက်ထပ်ဘ၀တွေ ထပ်သွားဖို့လား။ စဉ်းစားနေမိတာပါ။ အခုတောင် လက်ရှိဘ၀က ဘာမှအဓိပ္ပါယ်မရှိတာမျိုးတွေ တစ်ခါတစ်ခါ ခံစားလာတတ်သေးပါရဲ့။ ကျောင်းတက်၊ အလုပ်လုပ်၊ ငွေရှာ။ ဒါဆိုပြီးသွားပြီလား-ဘ၀။

ငွေဆိုတာကလည်း သေတဲ့အထိ ရှာနေရတာမျိုး။ နိုင်ငံခြားမှာပဲ ရှာရှာ၊ မြန်မာပြည်မှာပဲ ရှာရှာ။ အားလုံးဟာ ငွေကိုရှာနေရတာပါပဲ။ ပညာတတ်တတ်၊ မတတ်တတ်၊ အဲဒီလို လူတွေလည်း ငွေရှာနေရတာပါပဲ။ ဆင်းရဲတဲ့ လူ၊ ချမ်းသာတဲ့လူ အားလုံးဟာ ငွေကိုပဲ ရှာနေရတော့တာပါပဲ။ ဒါဖြင့် ငွေတစ်ခုတည်းနဲ့ရော ဘ၀ကပြီးသွားသလားလို့ မေးရင် ဒီဘက်ခေတ်မှာတော့ တော်တော်များများကို ငွေကလွှမ်းမိုးထားတာတော့ အမှန်ပဲ။ ဒါပေမဲ့ ငွေနဲ့ဘ၀က မပြီးဘူးလို့ ကျွန်တော်ထင်တယ်။

တကယ်တော့ ဘ၀ဆိုတာထဲမှာ မေတ္တာတို့၊ သံယောဇဉ်တို့၊ အချစ်တို့ဆိုတာ ရှိနေသေးတာ ပဲလေ။ ငွေနဲ့နေချင်တဲ့ လူတွေအားလုံးဟာ အဲဒီအရာတွေနဲ့လည်း တွယ်ငြိနေတတ်ပြန်ရော။ ဒီတော့ ငွေတစ်ခုတည်းနဲ့တော့ ဘ၀ဖြစ်လားမေးရင် လုံးဝမဖြစ်နိုင်ဘူးလို့ပဲ ဖြေရတော့မှာပါပဲ။

ကျွန်တော်တို့ စက်မှုတက္ကသိုလ်က သူငယ်ချင်းတွေ၊ နောင်တော်တွေ၊ ကျွန်တော့်ငယ်သူငယ်ချင်းတွေ၊ ကျွန်တော်ရော အားလုံးနီးပါး နိုင်ငံခြားထွက်၊ ငွေတွေရှာကြတယ်။ နောက်တော့ မိသားစုလေးတွေ တည်ဆောက်ရင်း မေတ္တာတို့၊ အချစ်တို့ စတာတွေပါရှာ။ နောက်တော့ မြန်မာနိုင်ငံရဲ့ အနီးဆုံးနိုင်ငံတွေကနေ တဖြည်းဖြည်းနဲ့ အဝေးဆုံး နိုင်ငံတွေကို ရောက်သွားကြတယ်။ သူတို့ရဲ့ မိသားစုတွေလည်း တစ်ပါတည်းခေါ်ရင်း ငွေကိုလည်း ဆက်ရှာကြရတယ်။ ကျွန်တော်တို့လို မြန်မာပြည်နီးနီးနေတဲ့ လူတောင် နိုင်ငံခြားဆိုတာကို ငြီးငွေ့ကြတယ်။ သူတို့တော့ ဘယ်လိုနေမယ် မသိဘူး။ ဒါပေမဲ့ သူတို့ရပ်တည်နိုင်ကြတယ် ။ တော်ပါတယ်။ တချို့လည်း မလွှဲသာ၊ မရှောင်သာ ဆက်ရပ်တည်တယ်။ တချို့လည်း သံယောဇဉ် ပြတ်တယ်။ နိုင်ငံသားတွေပါ ခံလိုက်ကြတယ်။ ဘ၀က ကိုယ်လိုချင်သလို ဖန်တီးလို့ မရတဲ့အခါ ဘ၀က ဖန်တီးလာတဲ့အပေါ် အလိုက်သင့် နေလိုက်တာလားလို့ ကျွန်တော်တွေးမိတယ်။ သူတို့အတွက်ကတော့ ဖြစ်နိုင်မယ်ဆို အင်္ဂါဂြိုဟ်အထိ အလုပ်ရှိရင်တောင် သွားလုပ်မယ့်သူတွေ လို့လည်း တွေးမိတယ်။ သူတို့လက်ခံထားတဲ့ ဘ၀ဆိုတာက ကျွန်တော်နဲ့တော့ နည်းနည်းဆန့်ကျင်သွားတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့အားလုံး မသေခင်အထိ အဲဒီငွေဆိုတဲ့ အနောက်ကို လိုက်ရင်း အချိန်တွေ၊ အရင်းအနှီးတွေ ပေးထားခဲ့ရတယ်။ အဲဒါထက်ဆိုးတာက ကျွန်တော်တို့လိုချင်တဲ့ မေတ္တာ၊ အချစ်၊ သံယောဇဉ်၊ အကြင်နာ ဆိုတာတွေကို အချိန်တိုင်းမရနိုင်တော့တာပါပဲ။ ကိုယ့်မိဘ၊ ကိုယ့်ညီအစ်ကို မောင်နှမ၊ ကိုယ့် ဆွေမျိုးသားချင်း ဆိုတာတွေရဲ့အဝေးမှာ လင်မယားဆို လင်မယား၊ နှစ်ယောက်တစ်ဘ၀ ဖြစ်သွားပါရော။ ဒီနောက်မှာမှ သားသမီးတွေ ပွားစီးလာပြီး ဘ၀ဆိုတာက တဖြည်းဖြည်း ရုပ်လုံးပေါ်လာခဲ့ပြန်ရော။ အိမ်ထောင်သည်ဘ၀မှာတော့ မိဘကို ဆန်ရတဲ့သဘော၊ သားသမီးကို စုန်ရတဲ့သဘော ဒါတွေကို အပြန်အလှန် ခံစားရင်းနဲ့ပဲ ဘ၀ကို ကုန်လွန်စေခဲ့ပြန်တာပါပဲ။

ကျွန်တော်တွေးနေမိပါတယ်။ ဒီဘ၀ကို ဒီလိုပဲ ဖြတ်သန်းလိုက်မလား ဆိုတာကိုပါ။ ကျွန်တော်အခု အိမ်ထောင်သည် ဘ၀ရောက်နေပါပြီ။ အပေါ်မှာ ပြောခဲ့တာတွေက ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ ခံစားနေရတာတွေလေ။ တကယ်တော့ ကျွန်တော်အဲဒီလို မဖြတ်သန်းချင်ပါဘူး။ ဘ၀ဆိုတာ ဒါပဲလား ဆိုတာလောက်နဲ့ လူတစ်ယောက် ဘ၀ကို ဖြတ်သန်းရင်း ကုန်လွန်သွားတာမျိုးကတော့ သာမန်လို့ပဲ ဆိုရမှာပေါ့။

ဒီတော့ ပြန်ကောက်ချက်ချကြည့်ရင် ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ဘ၀ကို ဖြတ်နေရခြင်းမှာ အဓိပ္ပါယ်ရှိတာတွေတော့ ပြန်ရှာရမယ်ထင်ပါတယ်။ ဒါဆိုဘာလုပ်မလဲ။ ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ ဘ၀မှာ ကျွန်တော်တို့ထက် ချို့တဲ့သူတွေ တစ်ပုံကြီးပါလားဆိုတာ မြင်ခဲ့ရမှာပါ။ ချို့တဲ့တယ်ဆိုတာမှာလည်း အသိဥာဏ် ချို့တဲ့သူ၊ ဥစ္စာချို့တဲ့သူ၊ မေတ္တာချို့တဲ့သူ စတဲ့ ချို့တဲ့မှု ပေါင်းစုံရှိနေမှာပါ။ အဲဒီလို ချို့တဲ့သူတွေရဲ့ လိုအပ်ချက် တစ်စုံတစ်ရာကို တတ်နိုင်သလောက် ဖြည့်ပေးရင်း ကျွန်တော်တို့ဘ၀တွေကို ဖြတ်သန်းရရင် အရင်လို အဓိပ္ပါယ်မရှိဘဲ ဖြတ်သန်းနေရတာထက်စာရင် ပိုပြီးအဓိပ္ပါယ်ရှိတဲ့ ဖြတ်သန်းမှုမျိုးလို ခံစားရနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။

ကျွန်တော့်သူငယ်ချင်း မိတ်ဆွေတွေထဲမှာ အဲဒီလို လုပ်နေသူတွေ တစ်ပုံကြီးပါပဲ။ သူတို့ကို ကြည့်ရင်း အားလည်းကျတယ်။ ကိုယ်လုပ်မိတဲ့ ကောင်းတဲ့အရာလေး သေးသေးလေးအတွက်တောင် တစ်ခါတစ်ခါ မချင့်မရဲ ဖြစ်ရတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ လုပ်လက်စ လူတွေက ကောင်းတဲ့ ပေးဆပ်ခြင်းမျိုးတွေ ဆက်လုပ်ကြပါ။ ကျွန်တော်လည်း ကောင်းတဲ့ ပေးဆပ်ခြင်းမျိုးတွေ ထပ်ပြီး အတတ်နိုင်ဆုံး လုပ်ပေးရဦးမယ်လို့ ကိုယ့်ကိုယ်ကို သတိပေးနေမိပါတယ်။

ကျေးဇူးတော်ရှင် အဂ္ဂမဟာ ပဏ္ဍိတ မိုးကုတ်ဆရာတော် ဘုရားကြီးက ပြောဖူးပါတယ်။ " မနက်ဖြန်ဆိုတာ အဝေးကြီး။ နောက်ဘ၀ဆိုတာ နီးနီးလေး " တဲ့။ လူ့ဘ၀ဆိုတာ ဒုက္ခတွေခံနေရရင် ရှည်ကြာလွန်းတယ်လို့ ထင်တတ်ကြပါတယ်။ သုခတွေ ခံစားနေရရင်တော့ မြန်တယ်လို့ ထင်ပြန်ရော။ ဒါပေမဲ့ ဆရာတော်ကြီး စကားနဲ့ ပြောရရင်တော့ ဘ၀ဆိုတာ ခဏလေးပါဗျာ။ ဒီတော့ ကျွန်တော်တို့ နေနေရတဲ့ ခဏ ကောင်းတာလေးတွေနဲ့ လိုတဲ့လူတွေကို ပေးဆပ်ရင်း လောကကြီးကို အလှဆင်လို့ ဘ၀ဆိုတာကို ဖြတ်သန်းကြည့်ကြရအောင်ပါ။ ။

ဆူးသစ်
၁၉း ၄၅ နာရီ
၁၇.၁၂.၂၀၁၁

No comments: