Pages

Friday, December 2, 2011

အမြီး ၃ မျိုး

   ဟိုးရှေးရှေးတုန်းက တိုင်းပြည်ကြီး တစ်ပြည်မှာ မင်းကျင့်တရားနဲ့ အညီ အုပ်ချုပ်တဲ့ ဘုရင်တစ်ပါး စိုးစံတယ်။ ဒီတော့ နိုင်ငံက အရမ်းကို သာယာဝပြောသတဲ့။

      တစ်နေ့ကျတော့ ဒီတိုင်းပြည်ရဲ့ ဈေးတန်းလေး တစ်ခုမှာ အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့ အဖိုးအို တစ်ယောက်က စားဖို့ အစားအစာ လိုက်တောင်းနေတယ်။ ဒါပေမဲ့ အဖိုးအို ပုံစံက အမြဲတမ်း တောင်းစားနေတဲ့ သူနဲ့ မတူဘဲ ခရီးသွားနဲ့ တူနေတယ်။ ဒီလို စုတ်စုတ်ပြတ်ပြတ်နဲ့ အဖိုးအို တစ်ယောက်ကို ဘယ်သူကမှလည်း ဂရုမစိုက်ကြဘူးပေါ့။ သာမာန် လူတန်းစားတွေ ၊ သူဌေးတွေ ၊ သူဌေးသားတွေ ၊ မင်းညီမင်းသားတွေ ၊ သူတို့လည်း ဂရုမစိုက်ပဲ ကျော်သွားကြတယ်။


     အဖိုးအို ပုံစံကလည်း အရမ်းကို ဆာလောင်နေတဲ့ ပုံပေါ်တယ်။ အချိန်ကလည်း နေမွန်းတည့်တော့မယ်။  မနက်ကတည်းက ဘာမှ မစားရသေး။ အဖိုးအိုလည်း သူ့အဖြစ်ကို သူ စိတ်ပျက်ပြီး အားလျော့တော့မဲ့ အချိန်မှာ သူ့ရဲ့ လက်ကို လူတစ်ယောက် လာဆွဲတာကို သိလိုက်ရတယ်။ သူလှည့်ကြည့်လိုက်တော့ အဝတ်အစားကို သပ်ရပ်စွာ ဝတ်ဆင်ထားတဲ့ လူငယ်တစ်ယောက်ကို မြင်လိုက်ရတယ်။

       “ အဖိုး . . . ၊ အဖိုးက ဗိုက်အရမ်း ဆာနေတယ် ထင်တယ်။ ကျွန်တော် အဖိုးစားချင်တာကို ဒါန ပြုပါရစေ။ ”

       လို့ ပြောပြီး အဖိုးကြီးကို ဆိုင်တစ်ဆိုင်ထဲ ခေါ်သွားတယ်။ ပြီးတော့ အဖိုးအို စားချင်တာမှန်သမျှ ချစေပြီး စိတ်ကြိုက် စားသုံးစေတယ်။ နောက်ဆုံး အဖိုးအို သွားမဲ့ ခရီးအတွက် စားစရာတွေကိုလည်း ထုပ်ပိုးစေ တယ်။ ပြီးတော့ အဖိုးအို သွားမဲ့ ခရီးလမ်းအထိလမ်း လိုက်ပို့တယ်။ ဒီတော့ အဖိုးအိုက သူ့လူငယ်ဆီက မထွက်ခွာခင်မှာ လူငယ်ကို တစ်ခုပြောတယ်။

     “ လူကလေး . . မင်းက စိတ်သဘောထား အရမ်း ကောင်းမွန်တယ်။ မင်းက သာမာန် မျိုးရိုးတော့ မဖြစ်နိုင်ဘူး။ ဘယ်လို မျိုးရိုးများလဲ။ ”

      ဒီတော့ လူငယ်လေးကလည်း မလိမ် ၊ မညာပဲ အမှန်အတိုင်းပဲ ပြန်ဖြေတယ်။

      “ ဟုတ်ပါတယ် အဖိုး။ ကျွန်တော့် နာမည်က “ သက္က ” လို့ ခေါ်ပါတယ်။ ကျွန်တော်က ဘုရင့်သားတော် တစ်ပါးပါပဲ။ ဒါပေမဲ့ . ခမည်းတော်ရဲ့ မြောက်များလှစွာသော သားတော်တွေထဲက တစ်ယောက်ဆိုတော့ ရှိနေတဲ့ နောင်တော်တွေကို ဘယ်လိုမှ မကျော်နိုင်လေတော့ အိမ်ရှေ့ အရာတော့ မရောက်နိင် ၊ မရနိုင် ပါဘူး။ ဒါကြောင့် ကျွန်တော်က သာမာန် လူတန်းစားလို့ပဲ နေတာပါ။ ”

       ဒီတော့ အဖိုးအိုက လျှို့ဝှက်စွာ ပြုံးပြီး . . .

      “ မဟုတ်သေးဘူး လူကလေး။ ဘယ်အရာမှာ မဆို ကိုယ့်ဖက်က ကြိုတင် ပြင်ဆင်ထားခဲ့ရင် တစ်နေ့ အရေးကြုံလာရင် အသုံးဝင်ပြီး အရေးပါ အရာရောက်စမြဲပါ။ မဖြစ်သေးတာကို ကြိုပြီး အားမကုန်ပါနဲ့။ လောကကြီးက ကြိုတင်ပြင်ဆင်ထားသူတွေကို မျက်နှာသာ ပေးစမြဲပါ။

       ဒီတော့ မင်းကို အဖိုး လက်ဆောင် တစ်ခု ပေးခဲ့မယ်။ ဒီလက်ဆောင်က နှယ်နှယ်ရရ တော့ မဟုတ်ဘူး။ ဗဟုသုတ စွယ်စုံကျမ်းပဲ။ ဒါကို မင်းဖတ်ထား ၊ လေ့လာထားမယ် ဆိုရင် ဒီကမ္ဘာကြီး ၊ လောကကြီးရဲ့ လျှို့ဝှက်ချက်တွေ အကုန် သိနေနိုင်တယ်။ မင်းရဲ့ ကောင်းမြတ် မြင့်မြတ်တဲ့ စိတ်နေ သဘောထားကို ဂုဏ်ပြုတဲ့ အနေနဲ့ ဒီစာအုပ်လေးကို မင်းကို အဖိုးပေးခဲ့တာ။

      လွယ်လွယ်ရတယ် လို့တော့ မမှတ်နဲ့။ နောက်တစ်ခုက စာအုပ် ဆိုတာ အရေးလိုမှ ထုတ်ဖတ်ဖို့ မဟုတ်ဘူး။ ဖတ်ပြီး ခေါင်းထဲမှာ မှတ်ထားရတာ ၊ ဒါမှ အရေးလိုရင် ထုတ်သုံးနိုင်မယ်။ မင်းလည်း ဒီစာအုပ်လေးထဲက အကြောင်းအရာတွေကို လေ့လာ မှတ်သားထားပါ။ ”

      လို့ ပြောရင်း လူငယ်လေးကို သူ့ရဲ့ အိတ်ထဲမှာ စာအုပ်လေး တစ်အုပ်ကို ထုတ်ပေးရင်း ထွက်ခွာ သွားတော့တယ်။ လူငယ်လေးကလည်း သူ့ဆီရောက်လာတဲ့ စာအုပ်လေးကို အဖိုးကြီး ပြောတဲ့ အတိုင်း လေ့လာ မှတ်သားခဲ့တယ်။

      ဒါနဲ့ ကာလ အတန်ကြာတော့ သူတို့ တိုင်းပြည်ကို တခြားတိုင်းပြည်က လာရောက် ဝိုင်းရံပြီး စစ်မက်ပြု လိုတယ်လို့ ကြေငြာတယ်။ ဒီနိုင်ငံက လာရောက်ကျူးကျော် စစ်ပြုတာ အခု အကြိမ်နဲ့ဆို သုံးကြိမ်မြောက်ဖြစ်တယ်။ အရင် နှစ်ကြိမ်တုန်းကလည်း သူတို့ရဲ့ ပြည်တွင်းကနေ ခုခံကာကွယ်တာ ကောင်းလွန်းလို့ ကျူးကျော်လိုသူတွေ ဆုတ်ခွာခဲ့ရတယ်။

      ဘယ်လိုပဲ ဆုတ်ခွာခဲ့ရတယ် ဖြစ်ပါစေ။ သူတို့ နိုင်ငံက လူတွေ သေကြေ ကျဆုံးခဲ့ရသလို ၊ ကျူးကျော်သူတို့ရဲ့ လူတွေလည်း သေကြေ ကျဆုံးခဲ့ရတယ်။ ဒါကြောင့် နှစ်ဖက်စလုံး နစ်နာစေတဲ့ အရာ ဖြစ်လို့ ဘယ်သူမှလည်း စစ်မတိုက်ချင်ကြဘူး။ သို့သော် သူတို့ နိုင်ငံရဲ့ တိုးတတ်သာယာ စည်ပင်မှုကို သိမ်းပိုက်ချင်တဲ့ တခြားနိုင်ငံက လာရောက် သိမ်းပိုက်တာ ဖြစ်တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ကျူးကျော်သူတွေက နှစ်ဦးနှစ်ဖက် ပြည်သူလူထုများ မဆုံးရှုံးရအောင် စစ်မက် မဖြစ်ပွားလိုဘူး။

    ကျူးကျော်သူတွေရဲ့ဘက်ကနေ သံတမာန်တွေ စေလွှတ်ပြီး ဒီဘက်က နိုင်ငံက ဘုရင့် ရှေ့တော်မှောက်သို့ ဝင်ရောက်ခစားတယ်။ သူတို့က စစ်မက် မဖြစ်ပွားလိုပါ။ ဒါကြောင့် ..

      “ ဒီနိုင်ငံမှာ ရှိတဲ့ ပညာရှိသူနဲ့ သူတို့နိုင်ငံမှာ ရှိတဲ့ ပညာရှိသူ ဥာဏ်ရည် ယှဉ်ပြိုင်ချင်ပါတယ်။ ဒါကြောင့် သူတို့ မေးခွန်း ( ၃ ) မျိုးကို မေးမယ်။ ဒီမေးလ်ခွန်းကို ( ၇ ) ရက် အတော်အတွင်း ရအောင်ဖြေ ရမယ်။ ရအောင် ဖြေနိုင်ရင်တော့ သူတို့ အသာတကြည် နောက်ဆုတ်ပေးမယ်။ နောက်လည်း ဘယ်တော့မှ လာမတိုက်တော့ဘူး။ တကယ်လို့ သူတို့မေးတာကို မဖြေနိုင်ရင်တော့ ဒီတိုင်းပြည်ကို သူတို့လက်ထဲ အသာတကြည် ပေးအပ်ရမယ်။ ”

       လို့ အရေးဆိုတယ်။ ဘယ်သူကမှလည်း စစ်မက် မဖြစ်ပွားလိုတော့ ဒီလိုပဲ ဥာဏ်ရည်ချင်း ယှဉ်ပြိုင်ဖို့ သဘောတူ လိုက်တယ်။ ဒီတော့ ကျူးကျော်သူတို့ ဘက်က သံတမာန်က မေးခွန်းစာရွက်လေး တစ်ရွက်ကို ပေးပြီး ပြန်သွားတယ်။ ဘုရင်ကြီးနဲ့ အမတ်တွေလည်း ဒီမေးခွန်းလေးကို ဖတ်ကြည့်လိုက်တော့ မေးခွန်းလေးက ဒီလို ရေးထားတယ်။

၁) အမြီးက အမွှေးအတောင် သာဖြစ်နေတဲ့ သတ္တဝါက ဘာသတ္တဝါလဲ။

၂) အမြီးက အရိုး သာဖြစ်နေတဲ့ သတ္တဝါက ဘာသတ္တဝါလဲ။

၃) အမြီးက အသား သာ ဖြစ်နေတဲ့ သတ္တဝါက ဘာသတ္တဝါလဲ။

         ဒီမေးခွန်းလေးကို ကြည့်ပြီး ဘယ်သူဖြေနိုင်လဲ ဆိုတော့ ဘယ်သူမှ မဖြေနိုင်ကြဘူး။ နန်းတွင်းထဲက ပညာရှိ အမတ်ကြီးတွေလည်း သူတို့ ဒီမေးခွန်းရဲ့ အဖြေကို မဖြေနိုင်ကြဘူး။ ဒါနဲ့ နန်းတွင်းထဲမှာ ဘယ်သူမှ မဖြေနိုင်တော့ တိုင်းသူပြည်သားတွေကို လှည့်လည်ပြီး မောင်းခတ်ကြေငြာရတယ်။

        “ တိုင်းသူပြည်သား လူအများတို့လေး..။

        ယခု ဘုရင်မင်းတရားကြီး၏ မိန့်ကြားချက်အရ တိုင်းသူပြည်သားများကို အသိပေးကြေငြာ ပါသည်။ ကျူးကျော် ဝင်ရောက်ချင်သော တိုင်းတစ်ပါးသူတို့က မေးခွန်း သုံးခုကို လာရောက် မေးမြန်းထားပါသည်။ ထိုမေးခွန်း သုံးခုကား. .

၁) အမြီးက အမွှေးအတောင် သာဖြစ်နေတဲ့ သတ္တဝါက ဘာသတ္တဝါလဲ။

၂) အမြီးက အရိုး သာဖြစ်နေတဲ့ သတ္တဝါက ဘာသတ္တဝါလဲ။

၃) အမြီးက အသား သာ ဖြစ်နေတဲ့ သတ္တဝါက ဘာသတ္တဝါလဲ။

      ဟူ၍ ဖြစ်ပါသည်။ ထို မေးခွန်းအား ဖြေဆိုနိုင်သော မည်သူမဆို အဖြေမှန်ခဲ့ပါက အိမ့်ရှေ့မင်း အရာ အပ်နှင်းမည် ၊ အမိန့်တော်။ ”

     ဆိုပြီး တိုင်းပြည်ထဲမှာ လှည့်လည် ကြေငြာစေတယ်။ ဒါပေမဲ့လည်း တစ်ရက်ပြီး တစ်ရက်သာ ကုန်ဆုံးသွားတယ်။ ဒီမေးခွန်းရဲ့ အဖြေကို ဘယ်သူမှ မဖြေဆိုနိုင်ခဲ့ဘူး။ ရက်ပေါင်းများစွာ ကြာလာတော့ ဘုရင်ကြီးလည်း မအိပ်နိုင် ၊ မစားနိုင်နဲ့ ဖြစ်လာခဲ့တယ်။ ဒါနဲ့ပဲ ချိန်းဆိုထားတဲ့ (၇) ရက်မြောက်တဲ့ နေ့ကို ရောက်လာတယ်။ ဖြေဆိုနိုင်ပါတယ် ဆိုပြီး ဘယ်သူမှလည်း ဘုရင်ကြီးဆီကို အခစားမဝင်ရောက်လာခဲ့ဘူး။ မနက်ဖြန်ဆိုရင် ကျူးကျင်ချင်သူတွေကို အဖြေပေးရတော့မယ်။

        အဖြေမှန် မပေးနိုင်ရင် သူတို့ တိုင်းပြည်ကို အသာတကြည် သူများ လက်ထဲကို အပ်လိုက်ရတော့မယ်။ ဒါနဲ့ ဘုရင်ကြီးက နန်းတော်ထဲမှာ နောက်ဆုံး ညီလာခံလုပ်ပြီး သူရဲ့ အမတ်ကြီးတွေနဲ့ နောက်ဆုံး အနေနဲ့ မေးခွန်းရဲ့ အဖြေကို သိကြလားလို့ မေးတော်မူတော့ ဘယ်သူ့မှလည်း မဖြေနိုင်ကြဘူး။ ဒီတော့ ဘုရင်ကြီးလည်း လွန်စွာမှ စိတ်မကောင်းဖြစ်သွားတယ်။ သူတို့တိုင်းပြည်မှာ ဒီလို ပညာမရှိတဲ့ လူတွေ ရှိနေပါလားလို့လည်း ထင်မိသွားတယ်။

        ဒီအချိန်မှာပဲ ဘုရင်ကြီးရဲ့ သားတော်လေး တစ်ပါးက ...

       “ ဖခမည်းတော် ၊  ဘယ်လိုကြောင့်မှ စိတ်ပူပင် ဆင်းရဲခြင်း ဖြစ်မနေပါနဲ့။ ဤမေးခွန်းလောက်ကတော့ သားတော် ကောင်းကောင်းကြီး ဖြေနိုင်ပါတယ် ခမည်းတော်။ ပျော်ရွှင်စွာပဲ စံစားတော်မူပါ။ မနက်ဖြန် ရောက်ရင် သားတော် သူတို့လိုချင်နေတဲ့ အဖြေကို ဖြေပေးပါ့မယ်။ ”

       လို့ ရဲဝံ့စွာ လျှောက်တင်တယ်။ ဒီတော့ ဘုရင်ကြီးလည်း အလွန် အံ့သြသွားပြီး. . .

        “ သားတော် . . ၊ ဖြေဆိုနိုင်တယ် ဆိုတာ တကယ်လား သားတော်.။ ”

        “ တကယ်ပါ. . ဖခမည်းတော်.။ မနက်ဖြန် သားတော် ဖြေဆိုပါ့မယ်။ ”

      လို့ လျှောက်တင်တယ်။ ဒါနဲ့ပဲ ဘုရင်ကြီးလည်း သားတော်လေးကို မယုံကြည်ချင် ပေမဲ့လည်း သားတော်လေးရဲ့ ရဲဝံ့တဲ့ အမူအရာကြောင့် သူ စိတ်အေးသွားခဲ့တယ်။

       ဒီလိုနဲ့ ၊ နောက်နေ့ လည်း ရောက်ရော. . ကျူးကျော်သူတွေဘက်က သံတမန်တွေ ရောက်ရှိလာပြီး သူတို့မေးခွန်း အတွက် အဖြေရပြီလား လို့ လာရောက်မေးတယ်။ ဒီတော့ စိတ်အနည်းငယ် ပူပန်မှု ကင်းနေပြီ ဖြစ်တဲ့ ဘုရင်ကြီးက သူ့ရဲ့ သားတော်ကို ယုံကြည်စွာနဲ့ပဲ .ခေါ်လိုက်ပြီး. .

       “ ကဲ..သားတော်။ သူတို့မေးထားတဲ့ မေးခွန်းကို သားတော်ကပဲ ဖြေပေးလိုက်ပါကွယ်။ ”

       လို့ ပြောတော်မူတယ်။ ဒီတော့ သားတော်လေးက သံတမန်တွေဘက်ကို ရဲဝံ့စွာ လှည့်ပြီး. .

       “ သံတမန်ကြီးများ ၊ ကျွန်ုပ် သင်တို့မေးထားတဲ့ မေးခွန်းကို မဖြေခင်မှာ မေးချင်တာ တစ်ခု ရှိနေပါတယ်။ ”

         “ မေးပါ။ အသင် မင်းသား။ ”

         ဆိုပြီး သံတမန်တွေကလည်း ပြန်ပြောတယ်။ ဒီတော့မှ မင်းသားလေးက ဆက်ပြီး. .

       “ တကယ်လို့ ကျွန်တော် ဖြေခဲ့တဲ့ မေးခွန်း မှန် ၊ မမှန်ဆိုတာကို ဘယ်လိုများ သင်တို့ ဆုံးဖြတ်မလဲ။ တကယ်လို့ မှန်နေရင်တောင်မှ မမှန်ပါဘူးလို့ သင်တို့မှာ ပြောနိုင်တယ်လေ။ ဒါကြောင့် သင်တို့ အဖြေမှန် ဆိုတာကို စာနဲ့ ရေးပြီး အခု ရှေ့မှာ ရှိနေတဲ့ ယွန်းအုပ်ထဲမှာ ထည့်ပေး ထားနိုင်မလား။ ကျွန်တော် အဖြေ ဖြေပြီးပြီ ဆိုရင် အဖြေမှန် ဟုတ် ၊ မဟုတ် တိုက်ကြည့်လို့ရတာပေါ့လေ။ ”

      မင်းသားလေး ပြောဆိုတာကလည်း လွန်စွာမှ ကျိုးကြောင်း သင့်တော် နေတော့ သံတမန်တွေကလည်း. .

      “ ရပါတယ် .. ၊ အသင် မင်းသား။ ကျွန်ုပ်တို့ အဖြေမှန်ကို စာနဲ့ရေးပြီး ယွန်းအုပ်ထဲမှာ ထားပေးပါ့မယ်။ သင်ဖြေပြီးတော့မှ ဖွင့်ကြည့်တာပေါ့။ ”

     “ ကောင်းပါပြီ သံတမန်ကြီးများ။ ကျွန်ုပ်နောက်ဆုံး ပြောစရာ တစ်ခုပဲ ကျန်ပါတော့တယ်။ တကယ်လို့ ကျွန်တော် ဖြေတဲ့ အဖြေမှားခဲ့ရင် ကျွန်ုပ်တို့ တိုင်းပြည်ကို သင်တို့ လက်ထဲကို ကြည်ဖြူစွာ အပ်ပါ့မယ်။ တကယ်လို့ ကျွန်ုပ်ဖြေတာ မှန်ခဲ့ရင်လည်း သင်တို့ အဘယ်ကဲ့သို့မှ ကျွန်ုပ်တို့ တိုင်းပြည်ကို နှောင့်ယှက်ခြင်း မပြုပဲ ဆုတ်ခွာပေးပါမယ်လို့ ကတိပေးနိုင်မလား သံတမန်ကြီး။ ”

       ဒီတော့ သံတမန်ကြီးက . .

      “ ကျွန်ုပ် သဘောတူပါတယ် မင်းသား။ ကတိလည်း ပေးပါတယ်။ တကယ်လို့ သင်၏ အဖြေသာ မှန်ပါစေ ကျွန်ုပ်တို့ ဘယ်လိုမှ သင်တို့ တိုင်းပြည်ကို မနှောက်ယှက်ပဲ အေးဆေးစွာ ပြန်သွားပါ့မယ်။ ”

       “ ကျေးဇူးတင်ပါတယ်  သံတမန်ကြီး။ ဒါဆိုရင် သင်၏ အဖြေမှန်ကို ရေးပါတော့. .ပြီးရင် အရှေ့မှာ ယွန်းအုပ်ထဲမှာ သင်ကိုယ်တိုင် ထည့်လိုက်ပါ။ ”

      ဒီတော့ သံတမန်ကြီးလည်း သူကိုယ်တိုင် မေးခွန်း အဖြေကို စာရွက်မှာ ရေးပြီး ယွန်းအုပ်ထဲ ထည့်လိုက်တယ်။ နောက်တော့ မင်းသားလေးအား ကြည့်ရင်း. .

        “ ရပါပြီ မင်းသား။ သင်၏ အဖြေကို စပြီး ဖြေပါလော့။ ”

       ဒီတော့ မင်းသားလေးက သံတမန်ကြီးကို သေချာစွာ ကြည့်ရင်း. .

        “ နံပါတ်တစ် - အမြီးက အမွှေးအတောင် သာဖြစ်နေတဲ့ သတ္တဝါက ဘာသတ္တဝါလဲ။ ဆိုတဲ့ မေးခွန်းရဲ့ အဖြေကတော့ “ ဒေါင်း ” ပဲ ဖြစ်ပါတယ်။ သတ္တဝါတွေထဲမှာ သူ့ရဲ့ အမွှေးက အမြီးအတောင်အနေနဲ့ သီးသန့်ရှိနေတယ် ဆိုတာ သူ့ကို ဆိုလိုတာပါ။

        နံပါတ်နှစ် - အမြီးက အရိုး သာဖြစ်နေတဲ့ သတ္တဝါက ဘာသတ္တဝါလဲ။ ဆိုတဲ့ မေးခွန်းရဲ့ အဖြေကတော့ “ ပိတုန်း ” ပဲ ဖြစ်ပါတယ်။ သတ္တဝါတွေထဲမှာ သူ့ရဲ့ အမြီးက အရိုးအနေနဲ့ သီးသန့်ရှိနေတယ် ဆိုတာ သူ့ကို ဆိုလိုတာပါ။

       နံပါတ်သုံး - အမြီးက အသား သာ ဖြစ်နေတဲ့ သတ္တဝါက ဘာသတ္တဝါလဲ။ ဆိုတဲ့ မေးခွန်းရဲ့ အဖြေကတော့ “ ရှူးပျံ ” ပဲ ဖြစ်ပါတယ်။ သတ္တဝါတွေထဲမှာ သူ့ရဲ့ အမြီးက အသားအနေနဲ့ သီးသန့်ရှိနေတယ် ဆိုတာ သူ့ကို ဆိုလိုတာပါ။ ”

        မင်းသားလေးက ဒီလိုလည်း ဖြေပြီးရော သံတမန်တွေဆီကို လှည့်ကြည့်လိုက်တော့ သံတမန်တွေက သူ့ကို အံ့သြစွာ ကြည့်နေပြီး ၊ နောက်မှ.. .

       “ ယွန်းအုပ်ထဲမှာ ထည့်ထားတဲ့ အဖြေကို ကြည့်စရာ မလိုတော့ပါဘူး။ မင်းသား သင်၏ အဖြေများ အားလုံး မှန်ကန်ပါတယ်။ ကျွန်ုပ်တို့လည်း ကျွန်ုပ်တို့ ကတိအတိုင်း ဤတိုင်းပြည်မှ အသာတကြည်နဲ့ ဆုတ်ခွာ ပေးပါ့မယ်။ ဤမင်းသားလေး ကဲ့သို့ အထွေထွေ ဗဟုသုတနဲ့ ပြည့်စုံသူကို ရရှိထားတာ ဒီတိုင်းပြည် အတွက် အလွန်ကို ကောင်းခြင်း တစ်ရပ်ပါပဲ။ ဘုရင်မင်းကြီး အတွက်လည်း ဂုဏ်ကျက်သရေ တိုးစေပါတယ်။ ကျွန်ုပ်တို့လည်း ပြန်လည် ဆုတ်ခွာပါတော့မယ်။ အခု ယူလာတာကတော့ ဘုရင်မင်းကြီး အတွက် လက်ဆောင်ပဏ္ဍာ တွေပါ။ ကျွန်ုပ်တို့ကို သွားခွင့်ပြုပါဦး။ ”

       ဟုဆိုကာ လက်ဆောင်ပဏ္ဍာများကို ဆက်သပြီး နန်းတော်ထဲမှ ထွက်ခွာ သွားတော့တယ်။ ပြီးတော့ သူတို့ရဲ့ တပ်တော်တွေကိုလည်း တစ်ခါတည်း ရုပ်သိမ်းပြီး အသာတကြည်ပဲ ပြန်လည် ဆုတ်ခွာသွားခဲ့တယ်။

        ဘုရင်မင်းကြီးလည်း သူ၏သားတော်ကို လွန်စွာမှ အားရ ကျေနပ်တော်မူ၍ ရက်မကူးစေပဲ ချက်ချင်း အိမ်ရှေ့မင်းရာထူး အပ်နှံပွဲကို ချက်ချင်း လုပ်စေတယ်။ ပြီးတော့မှ . .

        “ သားတော် ၊ သားတော် ဘယ်လိုများ ဒီလို ဗဟုသုတတွေကို သိနေရတာလဲ။ ”

       “ ဒါက ဒီလိုပါ ခမည်းတော် ၊ ဟိုးလွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က လမ်းပေါ်မှာ ဗိုက်ဆာလို့ စားစရာ လိုက်တောင်းနေတဲ့ အဖိုးအိုတစ်ယောက်ကို သားတော်က သူစားချင်တာ စားစေဖို့ ကူညီခဲ့ပါတယ်။ ဒါကို အဖိုးအိုက ကျေးဇူးတင်လွန်းလို့ သားတော်ကို သူက ဗဟုသုတ ရစေဖို့ စာအုပ်တစ်အုပ် လက်ဆောင်ပေးသွားခဲ့ပါတယ်။

        ဒါပေမဲ့လည်း သူပေးတဲ့ စာအုပ်ထက် သူပြောသွားတဲ့ စကားက ပိုပြီးတော့ တန်ဖိုးရှိပါတယ်။ ဒါကတော့ “ ဘယ်အရာမှာ မဆို ကိုယ့်ဖက်က ကြိုတင် ပြင်ဆင်ထားခဲ့ရင် တစ်နေ့ အရေးကြုံလာရင် အသုံးဝင်ပြီး အရေးပါ အရာရောက်စမြဲပါ။ မဖြစ်သေးတာကို ကြိုပြီး အားမကုန်ပါနဲ့။ လောကကြီးက ကြိုတင်ပြင်ဆင်ထားသူတွေကို မျက်နှာသာ ပေးစမြဲပါ။ ” တဲ့။

         တကယ်လည်း ဟုတ်ပါတယ်။ လူတိုင်း လိုချင်ရင် ဗဟုသုတ ၊ ပညာ ၊ ပိုက်ဆံ အစရှိသဖြင့် လိုချင်တာတွေ အကုန် ရယူနိုင်စမြဲပါပဲ။ လိုမှ ထပြီး ရှာရဖွေရတာကိုလည်း အဖိုးအိုက ဒီလို ဆုံးမ သွားပါတယ်။ “ နောက်တစ်ခုက စာအုပ်ဆိုတာ အရေးလိုမှ ထုတ်ဖတ်ဖို့ မဟုတ်ဘူး။ ဖတ်ပြီး ခေါင်းထဲမှာ မှတ်ထားရတာ ၊ ဒါမှ အရေးလိုရင် ထုတ်သုံးနိုင်မယ်။ မင်းလည်း ဒီစာအုပ်လေးထဲက အကြောင်းအရာတွေကို လေ့လာမှတ်သားထားပါ။ ”

        ဒါကြောင့်မို့ သားတော် လက်ထဲကို စာအုပ်လေး ရလာကတည်းက နေ့စဉ် မှတ်သားထားလို့ အခုလို အရေးကြုံနေချိန်မှာ အသင့်ဖြစ်စေတာပါ။ ”

       ဒီတော့ ဘုရင်ကြီးလည်း သူ့ရဲ့ သားတော်ကို လွန်စွာမှ ချစ်မြတ်နိုးပြီး ဆုတော်လာဘ်တော်တွေ ချီးမြင့်လေသည်။


“ ကျွန်တော်တို့ ဘဝမှာရော. . .


  • လိုမှ ထပြင်ဆင် တတ်ပါသလား။
  • မလုပ်ရသေးခင် စိတ်ပျက် အားငယ်တတ်ပါသလား ၊
  • မဖြစ်ခင်ဆိုတာကို ကြိုတွေးပြီး ကြိုတင်ပြင်ဆင် ကြိုးစားမှု ရှိခဲ့ပါသလား ၊
  • အရာရာကို လေ့လာမှတ်သား တတ်ပါသလား။
  • တစ်ခုခု ပြင်ဆင်ထားသူဟာ တစ်ခုခုတော့ သူ့အတွက် အခွင့်အရေးဆိုတာ ရလာစမြဲပါပဲ။
  • ဘာမှ ပြင်ဆင်မထားသူ အတွက်ကတော့ ဘာမှ ဖြစ်မလာတာ လောကကြီး အတွက် တကယ်တော့ မဆန်းလှပါ။ ”
မှတ်ချက်။ ။ တရုတ် ပုံပြင်လေးပါ။ ကျွန်တော် ရေးတဲ့ စာတွေထဲမှာ ဒီစာ အကြာဆုံးပါပဲ။ ဟိုဟာ လုပ်လိုက် ၊ ဒီဟာ လုပ်လိုက်နဲ့ မှတ်မှတ်ရရ ၆ နာရီကျော် ကြာသွားတယ်။ အင်း  . . . ကျွန်တော်လည်း ဘာမှ ကြိုတင် ပြင်ဆင်မှု မရှိခဲ့လို့ ဒီလို ကြာသွားတာ ဖြစ်မယ်။ တကယ်ကို မှတ်မှတ်ရရပါပဲ။

 ကိုဇော်
http://www.zaw357.net/search/label/%E1%80%9B%E1%80%9E  မှ ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment