Pages

Sunday, December 11, 2011

အမှန်တရားနဲ့ သည်းခံခြင်း


အမှန်တရားနဲ့ သည်းခံခြင်း
သည်းခံလိုက်ပါ။ အချင်းချင်းတွေပဲ ။ ကိုယ်ကမှန်နေတာပဲ သူပြောတာ
မှားနေမှန်းသိကြတာပဲ။ သည်းခံလိုက်ပါဗျာ။ သည်းခံလိုက်ပါ။ သူကလည်း သူ့ဘဝ
ကောင်းစားဖို့အတွက် သူ မင်းကို စွန့်သွားရတာပါ။ သည်းခံ နားလည်လိုက်စမ်းပါ။
ဝမ်းနည်းမနေပါနဲ့။ ဟုတ်ကဲ့ပါဗျာ ...။ သည်းခံပါတယ်။ ကျွန်တော် သည်းခံပါတယ်။
ချစ်၍ စွန့်သွားတဲ့ မင်းကို သည်းခံနေခဲ့ဖူးပါတယ်။

သည်းခံလိုက်ပါ ဆိုတဲ့ စကားလုံးက မြန်မာပြည်မှာ အသုံးအများဆုံး စကားလုံး
ဖြစ်လာသလို၊ ယဉ်ကျေးမှု တစ်ခုလည်း ဖြစ်လာခဲ့ပါပြီ။ ကျွန်တော်တို့ ဘဝက
ရေမလာရင်လည်း သည်းခံပေးရတယ်။ မီးမလာရင်လည်း သည်းခံပေးရတယ်။ ကုန်ဈေးနှုန်းတွေ
တက်လည်း သည်းခံတယ်။ ဘတ်စ်ကား လာတာ ကြာတာကိုလည်း သည်းခံတယ်။ ဖုန်းလိုင်း
ကြိုးပြတ်တာကိုလည်း လာပြင်တဲ့အထိ သည်းခံစောင့်ပေးတယ်။ သည်းမခံတာကတော့ သူတို့ပဲ။
ဖုန်းဘီလ် မဆောင်ရင် ဖုန်းပိတ်တယ်။ အမြတ်ခွန်ဆောင်တာ နောက်ကျရင် ဒဏ်ရိုက်တယ်။
မြေခွန်၊ အိမ်ခွန်၊ ဂိုထောင်ခွန် ဆောင်တာ နောက်ကျရင် ဒဏ်တပ်တယ်။ ဒီနေရာမှာ
တွေးစရာတွေ ဖြစ်လာရပြီ။

ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော်တို့ နေ့စဉ် ကြုံတွေ့နေရတဲ့ ဖြစ်ရပ်တွေ နဲ့
သည်းခံခြင်း ကြားထဲမှာ အဆင်ချောရဲ့လား။ ပါဠိလို ခန္တီ ကို မြန်မာလို
သည်းခံခြင်းလို့ ဘာသာပြန်တာ အပြည့်အစုံ မှန်ရဲ့လား။ “ရသေ့ ရဟန်းတို့ရဲ့ အလှက
သည်းခံခြင်း”လို့ လောကနီတိ ဆရာတွေက ရေးခဲ့တယ်။ ခန္တီ သည်းခံခြင်းဟာ တကယ်ဆိုရင်
ဒေါသမပါပဲ တုန့်ပြန်ရမယ်လို့ ကျွန်တော် ထင်မြင်မိပါတယ်။ ရသေ့ရဟန်း တစ်ပါးပါးကို
ကျွန်တော်က မဟုတ်တန်းရား စွပ်စွဲပြောဆိုမယ်။ ဒါကို သိသွားတဲ့ ရသေ့ရဟန်း
တစ်ပါးပါးက သည်းခံလို့ မရနိုင်တော့ပါဘူး။ အများသူငါ သိရအောင် တုန့်ပြန်မှု
တစ်ခုခု ပြန်လုပ်ရတော့မှာပါ။ ဒေါသမပါတဲ့ တုန့်ပြန်မှုကို ပြုလုပ်ရတော့မှာပါ။
အမှန်တရား အတွက် သက်သေပြရတော့မှာပါ။ အမှန်တရားနဲ့ သည်းခံခြင်း ကြားထဲမှာ
အဆင်ပြေမှု ရှိဖို့ လိုအပ်လာပါပြီ။

တစ်ခါတုန်းက ဘုရားအလောင်း ပုဏ္ဏားဟာ သည်းခံခြင်းတရားကို ဒေါသကြီးတဲ့ နဂါးမင်းကို
ဟောပါတယ်။ နောက်တစ်ခါ ဘုရားအလောင်းပုဏ္ဏားနဲ့ နဂါးမင်းတို့ တွေ့ကြတဲ့အခါ
နဂါးမင်းရဲ့ ခေါင်းတစ်ခုလုံး ဖူးရောင်နေပါတယ်။ ဒီတော့ ဘုရားလောင်းက
ဘာဖြစ်တာလဲလို့ မေးတဲ့အခါမှာ သင်က သည်းခံရမယ်လို့ ဟောသွားတဲ့ အတိုင်း
ငါကျင့်နေတာပါလို့ ပြောတဲ့အခါမှာ ဘုရားလောင်းက ငါသည်းခံတယ်လို့ ဆိုလိုတာက
ဒေါသမပါပဲ တုန့်ပြန်ရမယ်လို့ ဆိုတာ။ သင့်ကို နှိပ်စက်တဲ့သူတွေ ရှိရင်
သင့်တန်ခိုးကို သုံးပြီး ကာကွယ်နိုင်ပါတယ်လို့ ပြန်လည် ဟောကြားခဲ့ပါတယ်။
ဘုရားလက်ထက်တော်မှာ နန္ဒောပနန္ဒ နဂါးမင်း .... မာနကြီးတယ်၊ ဒေါသကြီးတယ်။ သူ့ကို
ရိုးရိုး တရားဟောလို့ မရဘူး။ သည်းခံနေလို့ မရတော့ ဗုဒ္ဓရဲ့ လက်ရုံးတစ်ဆူ ဖြစ်တဲ့
ရှင်မောဂ္ဂလာန် ကိုယ်တော်က သူ့ထက် သုံးဆလောက်ကြီးတဲ့ နဂါးကိုဖန်ဆင်း၊
နဂါးမင်းကို တောင်နဲ့ ညှပ်ထားပြလိုက်မှ သံဝေဂရပြီး လမ်းမှန်ကို
ရောက်သွားခဲ့တယ်။

“ရသေ့ ရဟန်းတို့ရဲ့ အလှက သည်းခံခြင်း” ဆိုတာကိုကြည့်ရင် သည်းခံတယ်ဆိုတာ
အရှုံးပေးတာလား၊ အရှုံးပေးရတဲ့ သည်းခံခြင်းဟာ အလှလား။ (တလွဲ မတွေးပါနဲ့၊
အတွေးမှားရင် ချော်ထွက်သွားမှာ စိုးလို့ပါ) နောက်တစ်ခုက သည်းခံတဲ့နေရာမှာ
ခရစ်ယာန် ဘာသာဝင်တွေရဲ့ သင်ကြားတဲ့ ကျမ်းစာတွေကလည်း စိတ်ဝင်စားဖို့
ကောင်းပါတယ်။ ယေရှုခရစ်က ဒီဘက်ပါးကို ရိုက်ရင် ကျန်တဲ့ ပါးတစ်ဖက်ကိုပါ
ထိုးပေးလိုက်လို့ သူ့တပည့်တွေကို ဟောကြားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့
ရွှေကျောင်းရှေ့မှာ ငွေတိုးချေးစားသူတွေ လာပြီး စီးပွားရှာနေတာကို တွေ့တော့
ယေရှုခရစ်က ကြာပွတ်ကို ထဆွဲမိပါတယ်။ သည်းခံခြင်းဆိုတာ အကန့်အသတ်
တစ်ခုအတွင်းမှာပဲ ရှိတယ်ဆိုတာ မြင်တွေ့လိုက်ပါပြီ။

ခုလို သည်းခံပြီး ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သည်းခံတယ်ဆိုတာရဲ့
အနှစ်သာရကို လေ့လာမိသလောက် အမှန်တရားကို ထိပါးလာရင် ဒေါသ မပါပဲ
တုန့်ပြန်နေတာကို တွေ့ခဲ့ကြမှာပါ။ လောကနီတိမှာ ဖွင့်ဆိုထားတာတွေဟာ အယူအဆ
တစ်ခုအနေနဲ့ လက်ခံလို့ ရပါတယ်။ ကျွန်တော်တို့လည်း ကိုယ့်အယူအဆနဲ့ ကိုယ်
ဆင်ခြင်သုံးသပ်ပြီး မှန်၏ မမှန်၏ စဉ်းစား ဆင်ခြင်သင့်ကြောင်းကိုသာ
တင်ပြလိုက်ပါတယ် ခင်ဗျာ။

No comments:

Post a Comment