Pages

Friday, January 13, 2012

၁၃ ရက် သောကြာနေ့

၁၃-ဂဏန်း ဆိုတာ ကံမကောင်းတဲ့ Unlucky ဂဏန်းဆိုတာကိုတော့ တော်တော်များများက သိထား လက်ခံထားခဲ့ကြပါတယ်။ ဒါပေမယ့် ၁၃-ရက်နေ့နဲ့ သောကြာနေ့ တထပ်တည်းကျတဲ့နေ့ကို ကံဆိုးမိုးမှောင်ကျတတ်တဲ့နေ့၊ အတိတ်နိမိတ်မကောင်းတဲ့နေ့၊ အထူးပြသဒါးနေ့အဖြစ် သတ်မှတ်ပြီး အထူးရှောင်ကြ၊ ကြောက်ကြတဲ့ အယူအဆကတော့ မြန်မာလူငယ်တွေကြားမှာ စိမ်းနေသေးတယ်ပြောရမှာပါ။ သိလိုက်တယ်မလား။ ဒီနေ့ သောကြာနေ့ ဟာ ၁၃-ရက်နေ့ လေ။


ရာဇ၀င်ထဲက ပြင်သစ်ဧကရာဇ်ကြီး နပိုလီယံနဲ့ အမေရိကန်သမ္မတဟောင်း ဟားဗတ်ဟူးဗားတို့ဟာ အဲဒီ ၁၃ ရက် သောကြာကို ကြောက်တဲ့သူတွေလို့ သိရပါတယ်။ အဲလိုပဲ သမ္မတရုစဗဲ့ဟာလည်း ဘယ်လမဆို ၁၃ ရက်နေ့မျိုးမှာ ခရီးထွက်ဖို့ စိုးရွံ့ရှောင်ရှားသူ ဖြစ်သလို ညစာတည်ခင်းဧည့်ခံရင်လည်း ၁၂ ယောက် အထိသာ ဖိတ်လေ့ရှိပါတယ်။ Friday13 လို့ အမည်ပေးခဲ့တဲ့ ဗြိတိသျှရေတပ်သင်္ဘောတစ်စီး ဟာ သောကြာနေ့ကျတဲ့ ၁၃ ရက်နေ့မှာပဲ စတင်ရေချထွက်ခွာခဲ့လိုက်တာ နောက်ဘာသတင်းမှ အစအနပြန်မရတော့ဘူးလို့ ဆိုပါတယ်။ ၄ ရက်၊ ၁၁ လ၊ ၁၉၇၀ ခုနှစ် 4+11+70= 13 ဂဏန်းရတဲ့ အပိုလို-၁၃ ဟာ ဧပြီလ ၁၃ ရက်နေ့မှာပဲ ပေါက်ကွဲပျက်စီးသွားခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်၊ ဗြိတိန်နိုင်ငံရဲ့ လေ့လာမှုတစ်ခုမှာ ၆ ရက်နေ့ သောကြာနဲ့ ၁၃ ရက်နေ့သောကြာနှစ်ရက်ကြားက မတော်တဆယာဉ်တိုက်မှုနဲ့ ယာဉ်ကြောပိတ်ဆို့မှု ကိန်းဂဏန်းပမာဏတွေကို နှိုင်းယှဉ်တဲ့အခါ ၁၃ သောကြာနေ့မှာ ယာဉ်ကြောပိတ်ဆို့မှုက ပိုနည်းပေမယ့် ယာဉ်မတော်တဆမှုကြောင့် ဆေးရုံရောက်လာတဲ့ လူနာအရေအတွက် ပိုများနေတယ်လို့ ဆိုပါတယ်။
နှစ်တနှစ်ရဲ့ လတခုခုမှာ သောကြာနေ့ဟာ ၁၃-ရက်နေ့နဲ့ တိုက်ဆိုင်နေရင် အဲဒီနေ့ဟာ ကံမကောင်းဘူးဆိုတဲ့ အစွဲအလန်း အယူအဆဟာ ဘယ်တုန်းက စပေါ်ပေါက်ခဲ့သလဲဆိုတာ မှတ်တမ်းမှတ်ရာတွေတော့ သေချာမရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံသားတွေ တော်တော်များများက လက်ခံထားကြတာကတော့ ဒီလိုပါ။ ယေရှုခရစ်တော်ဟာ နောက်ဆုံးညစာစားခဲ့တဲ့ အချိန်မှာ စားပွဲမှာ စုစုပေါင်း ၁၃-ဦးရှိခဲ့ပြီးတော့ အဲဒီညစာစားပွဲအပြီးမှာပဲ ဖမ်းဆီးနှိပ်စက် အသတ်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၁၃-ဂဏန်းကို ကြောက်ကြပြီး ခရစ်တော် အသေခံသွားရတဲ့ နေ့ကလည်း သောကြာနေ့ဖြစ်တာကြောင့် သောကြာနေ့ကိုလည်း ကံမကောင်းတဲ့နေ့လို့ သတ်မှတ်ကြတာဖြစ်တယ်တဲ့။ ဒါကြောင့်မို့ ၁၃-ရက်နေ့ဟာ သောကြာနေ့မှာ တိုက်တိုက်ဆိုင်ဆိုင် သွားကျနေပြီဆိုရင်တော့ အဲဒီနေ့ကို အထူးကံမကောင်းတဲ့နေ့လို့ ကြောက်ကြသတဲ့လေ။ နော်ဝေနိုင်ငံမှာဆိုရင် ညစာစားတဲ့အခါ လူ ၁၃-ယောက်မဖြစ်အောင် အထူးရှောင်ကျဉ်ကြတယ်တဲ့။ လူ ၁၃-ယောက် အတူတူ ညစာစားမိရင် အဲဒီထဲက တယောက်ယောက် သေတတ်တယ်လို့ စွဲလမ်းနေကြတာကြောင့်ပဲ ဖြစ်ပါတယ်။

အနောက်နိုင်ငံသားတွေ တော်တော်များများကလည်း ၁၃-ရက်သောကြာ ထပ်တဲ့နေ့ဆို ခရီးသွားတာတို့၊ စီးပွားရေး ရင်းနှီးမြုပ်နှံတာမျိုးတွေကို ရှောင်ကြတာပေါ့။ အစွဲအလမ်းကြီးလွန်းတဲ့သူတွေဆို အိမ်ထဲကနေ အိမ်ပြင်တောင် မထွက်ကြဘူးတဲ့ဗျား။ အမေရိကားမှာဆိုရင် လူပေါင်း ၁၇-သန်းကနေ ၂၁-သန်းလောက်ဟာ ဒီ ၁၃-ရက် သောကြာနေ့ကို အထူးပြသဒါးနေ့အဖြစ် တကယ့်ကို ယုံယုံကြည်ကြည်နဲ့ ကြောက်ကြတုန်းပဲတဲ့ဗျာ။ တချို့ကတော့ အဲဒီအစွဲအလန်းကို ဖျောက်နိုင်အောင်လို့ အဲဒီလိုနေ့မျိုးမှာ စီပွားရေးလုပ်တာ၊ အပျော်ခရီးထွက်တာတွေ လုပ်ကြပါတယ်။ အဲဒီလို စွဲလန်းမှုတွေကြောင့် ၁၃-ရက်သောကြာနေ့တွေမှာဆို အမေရိကန်လို နိုင်ငံမျိုးမှာ စီးပွားရေး ဒေါ်လာ သန်း ၈၀၀ ကနေ ၉၀၀ လောက်တောင် ထိခိုက်နစ်နာမှုတွေရှိတယ်လို့ ဆိုပါတယ်။

အဲဒီလို ၁၃-ရက်နေ့နဲ့ သောကြာနေ့ တိုက်ဆိုင်စွာ တထပ်တည်းကျရောက်တာမျိုးဟာ တနှစ်မှာတော့ အနည်းဆုံး တကြိမ်ကနေ သုံးကြိမ်ထိ ကြုံတတ်ပါတယ်။ လတလရဲ့ ပထမဆုံးနေ့ဟာ တနင်္ဂနွေနေ့ဖြစ်မယ် ဆိုရင် အဲဒီလ ၁၃-ရက်နေ့ဟာ သောကြာနေ့ဖြစ်ဖို့များတယ်တဲ့။ ဒီနှစ် ၂၀၁၀ ထဲမှာတော့ ၁၃-ရက် သောကြာဟာ ဒီသြဂတ်လထဲမှာပဲ ရှားရှားပါးပါး တရက်ထဲရှိတာပါ။ လာမယ့် ၂၀၁၁ ထဲမှာဆိုရင်လည်း မေလ ၁၃-ရက်နေ့ဟာ သောကြာနေ့ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၂ ကျရင်တော့ ၁၃-ရက်သောကြာနေ့ဟာ သုံးရက်တောင် ရှိမှာဖြစ်ပါတယ်။ ဇန်န၀ါရီလ ၁၃ ရယ်၊ ဧပြီလ ၁၃ ရယ်၊ ဇူလိုင်လ ၁၃ ရယ်ဖြစ်ကြပါတယ်။

မြန်မာနိုင်ငံမှာလည်း ကမ္ဘာကျော်တဲ့ Black Friday လို့ခေါ်ကြတဲ့ ဆိုးဆိုးဝါးဝါးအဖြစ်တခုတော့ ဖြစ်ခဲ့သေးတယ်နော်။ သိကြတယ်မို့လား။ မသိရင်လည်း ဒီပဲယင်းမှာဖြစ်ခဲ့တဲ့ ကမ္ဘာကျော်တဲ့ ဖြစ်ရပ်တစ်ခုဟာ ဘာလဲလို့ လူကြီးတွေကို မေးကြည့်ကြတော့ဗျာ။
အဲ... နေဦး ရှိသေးတယ်။ ဒီလို ဗေဒင်တွေ၊ ယတြာတွေကို သိပ်ယုံတယ်ဆိုတဲ့တဲ့ ခုလက်ရှိအစိုးရဟာ ၂၀၁၀ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုတော့ အဲဒီ သြဂတ်လ ၁၃-ရက် သောကြာနေ့မှာ ကြေငြာသွားခဲ့တာပါ။
နောက်ရှိသေးတယ်ဗျိုး ဒီကနေ့ နိုင်ငံရေးအကျဉ်းသား ၆၅၁ ယောက်ကို ပြန်လွှတ်ပေးလိုက်တာကလည်း ဒီနေ့ သောကြာနေ့ ၁၃-ရက် ပဲဗျ။

ကြယ်ဖြူ - Strawberry Wine


No comments:

Post a Comment