Pages

Saturday, January 7, 2012

တူညီသော အသွားအပြန်


လောကမှာတူညီသောသဘောတွေရှိပါတယ်။ သက်ရောက်မှုတိုင်းတွင် တူညီသော တန်ပြန်သက်ရောက်မှုရှိသည် ဆိုတဲ့သိပ္ပံသီအိုရီလိုပေါ့။ ဘာသာတရား ရှုထောင့်ကဆိုရင်တော့ တူညီသောအကျိုးကိုခံစားရသည်။

ကိုယ်လုပ်တာက ကောင်းတဲ့အလုပ်လား။ ဒါဆို ကိုယ်ကောင်းတဲ့အကျိုးကိုခံစားရမယ်။ ကိုယ်လုပ်တာကမကောင်းတာလား။ ဒါဆိုကိုယ်ပြန်ခံစားရမှာက မကောင်းတဲ့အကျိုးဖြစ်ပါတယ်။ဒါက ကံအကြောင်းပါ။ လောကနေ့စဉ် လူ့ဘဝမှာလည်း ဒီအတိုင်းဖြစ်ပါတယ်။
ဥပမာ။ မနက်ခင်း ပဲပြုတ်အော်ရောင်းတဲ့ ဈေးသည်ရဲ့ အော်သံက ဟောဒီက ပဲ……..ပြုတ် ဆိုရင် ခေါ်တဲ့သူကလည်း လာ…..ပါဦး ဖြစ်မှာပေါ့။ ဟောဒီက ပဲပြုတ်…….ဆိုရင် လာပါဦး…….. ပေါ့။ ရောင်းသူဝယ်သူ အသံတူပါ။

ဒါက ကျွန်တော်တို့ နေ့စဉ် အသုံးပြုနေတဲ့ စကားပါ။ သေခြာစဉ်းစားကြည့်ရင် လောကကြီးက အသွားအပြန်တူညီပါတယ်။ ဘတ်စ်ကားပေါ်မှာ ကားစပယ်ရာကို ပိုက်ဆံပေးတဲ့အခါ လက်နှစ်ဖက်နဲ့ ရိုရိုသေသေပေးရင် သူကလည်း ရိုရိုသေသေပြန်ယူပါမယ်။ သာမာန် ပေးရင်တော့ သူကလည်း သာမာန်ဘဲပြန်ယူပါမယ်။ လူနှစ်ယောက်တွေ့လို့ တစ်ယောက်က ကောင်းသောစကား စပြောရင် သူကလည်းကောင်းသောစကားကိုဘဲ ဆက်ပြောမှာပါ။ မကောင်းတာနဲ့ စရင်တော့ တစ်လျှောက်လုံး မကောင်းတဲ့စကားတွေဘဲ ဖြစ်တော့မှာပါ။

ဒါကလူတိုင်းသိထားသင့်တဲ့ သဘောတရား ဖြစ်ပါတယ်။ လူတို့နေ့စဉ် စကားပြောရမှာ အသုံးဝင်ပါတယ်။ လူတိုင်းမှာ ပင်ကိုယ်အသိတစ်ခုက တူညီစွာတုံ့ပြန်မည် . ငါ့ကိုလာအော်ရင် ငါပြန်အော်မည်။ ငါ့ကိုလာဆဲရင် ငါပြန်ဆဲမည်။ ငါ့ကိုယဉ်ယဉ်ကျေးကျေးပြောရင် ငါပြန်ယဉ်ကျေးမည်။ငါ့ကို လက်သီးထောင်ပြရင် ငါပြန်လက်သီးထောင်ပြမည်။ ပြဿနာတစ်ခုဖြစ်လို့ စကားများပြီး မခေါ်ကြတဲ့သူနှစ်ယောက်မှာ တစ်ယောက်ကစပြီး ငါ့အမှားပါကွာ။ ငါမင်းကိုဒီလို မပြောခဲ့သင့်ဘူး။ ငါ့ကိုခွင့်လွှတ်ပါ။ ဟုစပြောလျှင် နောက်တစ်ယောက်ကလည်း မင်းအမှားတစ်ခုတည်းမဟုတ်ပါဘူး။ ငါ့အမှားလည်းပါပါတယ်။ ငါလည်းမင်းကိုဒီလိုပြောခဲ့တာကို နောက်မှနောင်တရတယ်ကွာ။

ငါလည်းမပြောသင့်တဲ့စကားကိုပြောခဲ့တာဘဲကွာ။ စသည်ဖြင့် အသွင်တူစွာ စကားပြန်မည်ဖြစ်သည်။ ဒီလိုမဟုတ်ဘဲ ဟေ့ကောင် မင်းအမှားကိုမင်းသိပီလား။ ငါထပ်ပြောရဦးမလား ဟုစပြောလျှင် မင်းကိုယ်မင်းရော သိပ်တော်တယ်ထင်နေလား။ အလကားဘဝင်မြင့်နေတယ်။ ဟုစကားပြန်လာမည်ဖြစ်သည်။သူတစ်ပါးကောင်းကျိုးကိုလိုလားလျှင် သူတစ်ပါးကလည်း ကိုယ့်ကောင်းကျိုးကို ပြန်လည်လိုလားမည်ဖြစ်ပါသည်။ သူတစ်ပါးကို ကောင်းစွာကူညီလျှင် သူတစ်ပါးကလည်း ကိုယ့်ကိုကောင်းစွာကူညီမည် ဖြစ်ပါသည်။ ကိုယ်ကကောင်းကောင်းကူညီပါလျှက်နှင့် ကိုယ့်ကိုပြန်လည်မကူညီလျှင် ကျေးစွပ်သည်ဆိုလျှင် ကိုယ့်၏အတိတ်ကံသာဖြစ်ပါသည်။ ဒီလိုသဘောထားပါက မှန်ကန်သောသဘောထား ဗုဒ္ဓဘာသာအလိုကျသဘောထားဖြစ်ပါသည်။

ထို့ကြောင့် လောက၏တူညီသော အသွားအပြန် သဘောကို သေချာလေ့လာမှတ်သားမိပါက မိမိနေ့စဉ် ပြုမူသော အလုပ်တိုင်းတွင် ကောင်းတာလိုချင် ကောင်းတာပေးပြီး နေထိုင်ကြမည်ဖြစ်သည်။ ကောင်းကျိုးလိုရာဆန္ဒပြည့်ဝမည်ဖြစ်ပါသည်။

Posted by nay myo zaw

No comments:

Post a Comment