Pages

Tuesday, January 10, 2012

“ ဂိတ်ကြေးပါရဲ့လား...”




တစ်ခါတုန်းက အဖိုးအိုတစ်ယောက်ဟာ
တောင်ဝှေးကိုထောက်ပြီး တလှုပ်လှုပ်နဲ့ လမ်းလျှောက်နေပါတယ်။
တစ်နေ့မှာတော့ လမ်းဆုံလမ်းခွ လမ်းနှစ်ခွကိုရောက်လာပါတယ်။
တစ်ခုသောလမ်းကတော့အရိပ်အာဝါသကောင်းတယ်။
ဖြောင့်ဖြူးသာယာတယ်။
နောက်တစ်လမ်းကတော့ အရိပ်အာဝါသ မကောင်းပါ။
ဖြောင့်ဖြူးညီညာခြင်း မရှိပါ။
ဆူးညှောင့်အပြည့်နဲ့ ဖြစ်တယ်။
အဖိုးအိုဟာ သာယာတဲ့လမ်းဘက်ကို သွားဖို့ ဟန်ပြင်လိုက်ပါတယ်။


အဲဒီအခိုက် သေမင်းတမန်နတ်သား ဟာ ဘွားကနဲပေါ်လာပြီး
အို လူသား အဖိုးအို၊
လမ်းကောင်းကိုသွားဖို့ ဂိတ်ကြေးပါရဲ့လား


ဘာကို ဆိုလိုပါသလဲ၊ အသင်နတ်သား


ကောင်းပြီး အဖိုးအို၊
နားထောင်ပါလော့၊
သင်ဟာ ရတနာသုံးပါးကို ယုံယုံကြည်ကြည်နဲ့ ဆည်းကပ်ခဲ့ပါရဲ့လား


မေ့လျော့နေတဲ့အတွက် မဆည်းကပ်ခဲ့မိပါ


သင်ဟာ မိဘတို့ကို လုပ်ကျွေးခဲ့ပါရဲ့လား


မေ့လျော့နေတဲ့အတွက် မလုပ်ကျွေးခဲ့ပါ


ရှိစေဦးတော့၊
ဒါနဝတ်တစ်ခုခု နေ့စဉ်ပြုခဲ့ပါရဲ့လား


မေ့လျော့နေတဲ့အတွက် မပြုခဲ့မိပါ


သင်ဟာ သီတင်းသီလကိုကော စောင့်သုံးခဲ့ပါရဲ့လား


မေ့လျော့နေတဲ့အတွက် မစောင့်သုံးခဲ့ပါ


ရှိစေဦးတော့၊
ဘာဝနာတစ်ခုခုကိုကော ပွားရှုခဲ့ပါသလား


မေ့လျော့နေတဲ့အတွက် မပွားရှုခဲ့မိပါ


အို လူသားအဖိုးအို၊
သင့်မှာ ဂိတ်ကြေးမပါတဲ့အတွက်
ဒီလမ်းကောင်းပေါ်မှာ သွားခွင့်မရှိပါ။
ဆူးအပြည့်ရှိတဲ့ လမ်းကိုသာ သွားပါလေလော့


မျက်မှောက်အကျိုး၊
တမလွန်အကျိုးကို လိုလားသူဟာ
ကုသိုလ်ကောင်းမှုကို မမေ့မလျော့ပြုဖို့လိုပါတယ်။
ကုသိုလ်ကောင်းမှုဟာ
သံသရာခရီးအတွက်
ဂိတ်ကြေးဆိုတဲ့ ရိက္ခာထုတ်ဖြစ်ပါတယ်။

No comments:

Post a Comment