Pages

Tuesday, January 31, 2012

သက်ရှည်ကျန်းမာလိုလျှင်



ကျွန်တော်တို့ မြန်မာလူမျိုးတွေက ပထမအရွယ် ပညာရှာ၊
(ငယ်စဉ်ပညာပြည့်စုံသည့် အသက် ၂၀-၂၅ နှစ်ခန့်အထိ) 

ဒုတိယအရွယ် ဥစ္စာရှာ၊ 

(ပညာစုံပြီးနောက် ကြင်ဖော်ရ၊ ဥစ္စာစီးပွားရှာရသည့် အသက် ၂၀-၂၅နှစ်ခန့်မှ အလုပ်အနားယူသည့် အသက် ၆၀-၆၅ နှစ်ခန့်အထိ)

တတိယအရွယ် တရားရှာ၊

(အလုပ်မှအနားယူသည့် အသက် ၆၀-၆၅-နှစ်ခန့်မှ သေဆုံးစသည့် အသက်အရွယ်အထိ) 

ဟူ၍ ယေဘုယျပိုင်းခြားထားလေ့ရှိကြသည်။



ထိုအရွယ်တွင် ပညာပြည့်စုံအောင် သင်ကြားကြရသည်။ အလုပ်အကိုင်ရှာရသည်။ အိမ်ထောင်ပြုရသည်။ ထိုမှလွန်သော် အလုပ်လုပ်ရသည်။ ရှာဖွေစုဆောင်းရသည်။ အလုပ်မှ အနားယူသည့် အသက် ၆၀-၆၅ နှစ်ခန့် အရွယ်ကို ဒုတိအရွယ် (Middle Age) ဟု ခေါ်ကြသည်။ ထိုအရွယ်၏ နောက်ပိုင်းကို သက်ကြီးရွယ်အို (Old Age) သို့မဟုတ်-အထက်တန်း နိုင်ငံသား (Senior Citizen) ဟု ခေါ်ကြသည်။ 

ဂုဏဝုဍ္ဎိ ဝယဝုဍ္ဎိ ဖြင့် ပြည့်စုံသော အတွေ့အကြုံ အမြော်အမြင် အသိပညာ လုပ်ရည်ကိုင်ရည် ပြည့်ဝသော အားဖြင့် အရိုအသေပေး အခွင့်အရေးပေးခံရသည်။ ယခုအခါ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင်သာမက ဖွံ့ဖြိုးဆဲနိုင်ငံများမှာပင် ထိုသက်ကြီးရွယ်အိုများ၏ သေနှုန်းမှာကျဆင်းနေကြောင်း သိရသည်။

ဆေးသိပ္ပံဆိုင်ရာ တိုးတက်မှုများ၊ ဆေးစွမ်းကောင်များ၊ ကျန်းမာသက်ရှည်ရေးအတွက်

နေထိုင်စားသောက်မှုများ လက်ခံကျင့်သုံးလာကြ၍ ဖြစ်သည်။ အမေရိကန်နိုင်ငံတွင်  အသက် ၆၅-နှစ်အထက် သက်ကြီးရွယ်အိုများတွင် ထိုသို့သက်ရှည်ကျန်းမာရေးအတွက် နည်းလမ်းကောင်းများ လေ့လာထားချက်ကို တင်ပြလိုပါသည်။



ရုတ်တရက် နှလုံးသွေးကြော ပိတ်ခြင်း---Acute Myocardial Infarction)

ထိုရောဂါဖြင့် သေဆုံးသူဦးရေ၏ ၈၄-ဒသမ ၇-ရာခိုင်နှုန်းမှာ အသက် ၆၅-နှစ်ကျော် သက်ကြီးရွယ်အိုများ ဖြစ်ကြသည်။ 



အယ်လ်ဇိုင်းမားရောဂါ (သူငယ်ပြန်ခြင်း)

သက်ကြီးရွယ်အို ၁၀-ဦးလျှင် တဦး၊ အသက် ၈၅-နှစ်ကျော်သူများ၏ ထက်ဝက်နီးပါးမှာ ထိုရောဂါ ဖြစ်ပွားလျက် ရှိသည်။



နှလုံးခုန်မမှန်ခြင်း ( Arrythmia)

အသက် ၆၅-နှစ်နှင့် ၈၅-နှစ်ကြား လူအိုများ၏ ၇၀-ရာခိုင်နှုန်း ဖြစ်ပွားနေသည်။



ကင်ဆာရောဂါ---

ရင်သားကင်ဆာဖြစ်သူ အမျိုးသမီးများ၏ ၇၇-ရာခိုင်နှုန်းမှာ အသက် ၅၀-နှစ်လွန်အရွယ်များ ဖြစ်သည်။

အူမကြီးကင်ဆာ ဖြစ်ပွားနှုန်းမှာ အသက် ၆၅-နှစ်နှင့်အထက် လူအိုများသည် အသက် ၅၀-၆၄-နှစ်အရွယ်မျာထးက် ခြောက်ဆမျှ ပိုမိုပါသည်။ နှစ်စဉ် ထိုရောဂါရှင် လူနာအသစ်များ၏ ၇၃-ရာခိုင်နှုန်းသည် အသက် ၆၅-နှစ်နှင့် အထက် လူအိုများ ဖြစ်ပါသည်။



အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားနှုန်းမှာ အမျိုးသားများ အသက် ၆၀-နှစ်မှ ၇၉-နှစ်ကြားရှိသူ ၁၅-ဦးလျှင် တဦးနှုန်း၊ ထိုအရွယ် အမျိုးသမီး ၂၅-ဦးလျှင် တဦးနှုန်း၊ အမျိုးသား အမျိုးသမီး အားလုံး အသက် ၄၀-မှ ၅၉-နှစ်အရွယ်များတွင် အမျိုးသား ၇၅-ဦးလျှင် တဦးနှုန်း၊ အမျိုးသမီး ၁၀၃-ဦးလျှင် တဦးနှုန်း ဖြစ်သည်။



ဆီးကြိတ်ကင်ဆာ ရောဂါရှင်များ၏ ၈၀-ရာခိုင်နှုန်းကျော်မှာ အသက် ၆၀-ကျော်အရွယ် အမျိုးသားများ ဖြစ်သည်။



အတွင်းတိမ် ဖြင်ခြင်း---

အသက် ၂၅-နှစ်မှ ၆၄-နှစ်အရွယ်ရှိသူတို့၏ ၅၀-ရာခိုင်နှုန်းမှာ မျက်စိတွင် တိမ်ရှိနေတတ်ကြပြီး အသက် ၆၅-နှစ်ကျော်လောက်မှ မျက်စိမှုန်သည့်လက္ခဏာများ ပြတတ်ကြသည်။ အသက် ၇၅-နှစ် အရွယ်တိုင်းတွင် အတွင်းတိမ်ရှိလေ့ရှိကြောင်း သိရသည်။ အသက် ၇၅-နှစ်မှ ၈၅-နှစ်အရွယ် အမေရိကန်နိုင်ငံသားတို့၏ ၅၀-ရာခိုင်နှုန်းခန့် မျက်စိမှုန်ခြင်း၊ မျက်စိကွယ်ခြင်းတို့မှာ ထိုရောဂါကြောင့်ပင် ဖြစ်သည်။ 



နာတာရှည်ချောင်းဆိုးရင်ကျပ်ခြင်း---

အသက် ၄၅-နှစ်ကျော်သူများတွင် အဖြစ်များကြောင်း တွေ့ရသည်။ နာတာရှည်ရောဂါစာရင်းတွင် နံပါတ် ၇-နေရာချိတ်ပါသည်။



နှလုံးပျက်စီးခြင်း---

(Congestive Geart Failure)

ဆေးရုံတင် ကုသရသော သက်ကြီးရွယ်အိုအများစုမှာ ထိုရောဂါကြောင့်ဖြစ်သည်။ 



ဆီးချိုရောဂါ---

ဆီးချိုရောဂါရှင်များ၏ ထက်ဝက်ခန့်မှာ အသက် ၅၅-နှစ်ကျော်များဖြစ်သည်။ အသက် ၆၅-နှစ်ကျော်(၆ ဒသမ ၃သန်း)၏ ၁၈ဒသမ ၄-ရာခိုင်နှုန်းမှာ ဆီးချိုရောဂါရှင်များဖြစ်သည်။ အသက် ၂၀-မှ ၇၄-နှစ်ကြား အမေရိကန် တို့၏ မျက်စိကွယ်ရခြင်း အဓိကအကြောင်းရင်းမှာ ဆီးချိုရောဂါကြောင့် ဖြစ်သည်။



ရေတိမ်ဖြစ်ခြင်း---

လူအိုများ၏ ၆-ရာခိုင်နှုန်းမှာ ထိုရောဂါဖြစ်ပွားလျက်ရှိသည်။ အမေရနိကန် ရှစ်သောင်းခန့် မျက်စိကွယ်ရသည်မှာ ထိုရေတိမ်ရောဂါကြောင့်ဖြစ်ပြီး အများအပြားမှာလည်း ထိုရောဂါရရန် လွယ်ကူနေပါသည်။ အကြောင်းမှာ မိမိတွင် ရေတိမ်ရှိနေကြောင်း မသိရှိခြင်း၊ မစမ်းသပ် မစစ်ဆေးမိခြင်းများ ကြောင့်သည်ဟု ဆိုပါသည်။



သွေးတိုးရောဂါ---

အမျိုးသမီး အသက် ၇၅-နှစ်အရွယ်များ၏ လေးပုံသုံးပုံကျော်နှင့် ထိုအရွယ် အမျိုးသားများ၏ ၆၄-ရာခိုင်နှုန်းမှာ သွေးတိုးရောဂါရှင်များဖြစ်သည်။



ဆီးမထိန်းနိုင်ခြင်း---

လူအိုများ ၁၀-ဦးလျှင် တဦးနှုန်း ဖြစ်ပွားသည်။



ပန်းသေပန်းညှိုးခြင်း---

အမျိုးသား လူအိုများ၏ ၁၅-ရာခိုင်နှုန်းမှ ၂၅-ရာခိုင်နှုန်းတွင် ဖြစ်ပွားသည်။



အဆစ်အမြစ် ကိုက်ခဲရောင်ရမ်းခြင်း---

အမျိုးသား အသက် ၄၅-နှစ်ကျော်အရွယ်များ၊ အမျိုးသမီး အသက် ၅၄-နှစ်ကျော်သူများ ဖြစ်ပွားလေ့ရှိသည်။ ထိုရောဂါရှင် ၈၀-ရာခိုင်နှုန်းမှာ ကောင်းစွာသွားလာလှုပ်ရှားနိုင်ခြင်း မရှိကြပါ။



အရိုးပွခြင်း---

ရောဂါရှင် ၈၀-ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်သည်။ အမျိုးသမီး အသက် ၅၀-ကျော် နှစ်ဦးလျှင် တဦး၊ ထိုအရွယ် အမျိုးသား ရှစ်ဦးလျှင် တဦး ထိုရောဂါကြောင့် အရိုးကျိုးခြင်း ဖြစ်နေရပြီး နှစ်စဉ် ၁-ဒသမ ၅-သန်းခန့် ဖြစ်ပွားလျက်ရှိသည်။ သုံးသိန်းခန့်မှာ ပေါင်ရိုး၊ တင်ပါးဆုံရိုး ကျိုးခြင်းများဖြစ်နေသည်။



ပါကင်ဆင်ရောဂါ (သွက်ချာပါဒ ရောဂါ)---

အသက် ၆၀-နှစ်နှင့် အထက် လူ ၁၀၀-လျှင် တဦးနှုန်း ဖြစ်ပွားသည်။



ဆီးကြိတ်ရောင်ရမ်းခြင်း---

အသက် ၆၀-နှင့်အထက် အမျိုးသားများ၏ ထက်ဝက်ကျော်၊ အသက် ၇၀-နှင့် ၈၀-နှစ်ကြား အမျိုးသားများ၏ ၉၀-ရာခိုင်နှုန်းမှာ ထိုရောဂါဖြစ်ပွားလျက်ရှိသည်။



လေးဖက်နာအသွင်တူ အဆစ်အမြစ် ရောင်ရောဂါ-(Rheumatoid Arthritis)---

အမျိုးသမီးများမှာ အမျိုးသားများထက် သုံးဆမျှဖြစ်ပွားပြီး အသက် ၂၅-နှစ်နှင့် ၅၀-နှစ်အကြားတွင် စတင်ဖြစ်ပွားတတ်သည်။ လေးဖက်နာရောဂါကဲ့သို့ အဆစ်ကလေးများမှာ ရောင်ရမ်းနာကျင်လာပြီး ကာလကြာမြင့်ပါက အဖုအလုံးကလေးများ ထိုအဆစ်တို့တွင် ဖြစ်လာတတ်သည်။



လေဖြတ်ခြင်း---

လေဖြတ်သူ၏ သုံးပုံနှစ်ပုံမှာ အသက် ၆၅-နှစ်ကျော် အရွယ်များဖြစ်သည်။ ထိုအရွယ်တွင် လေဖြတ်ပါက သာမန်အရွယ်ထက် သေဆုံးမှု ခုနစ်ဆမျှ များပြားသည်။



အထက်ပါလေ့လာမှုများအရ သက်ကြီးရွယ်အိုများ၏ ရောဂါဖြစ်ပွားနှုန်း၊ သေဆုံးနှုန်းများ

လျော့ကျသွားကြောင်း သိရသည်။ ဆေးသိပ္ပံ ပညာရှင်များ၊ ဆေးဝါးထုတ်လုပ်သူများသည် အပြင်းအထန် ကြိုးစားဆောင်ရွက်နေခဲ့မှုကြောင့် ဆေးဝါးအသစ်များလည်း ဖော်ထုတ်နိုင်ခဲ့သည်။ အဆစ်ရောင်ရောဂါများ အတွက် ဆေး ၂၅-မျိုး၊ အဆုတ်ရောဂါများအတွက် ၁၈-မျိုး၊ ဆီးချိုရောဂါအတွက် ၁၉-မျိုး၊ အရိုးပွခြင်းအတွက် ၁၈-မျိုး၊ အယ်လ်ဇိုင်းမားရောဂါအတွက် ၁၉-မျိုး၊ ပါကင်ဆင်ရောဂါအတွက် ၁၀-မျိုးတို့ကို ထုတ်လုပ်နိုင်ပြီ ဖြစ်သည်။ ၂၀-ရာစုအဝင်က အမေရိကန်တို့၏ ပျမ်းမျှသက်တမ်းမှာ ၄၆-နှစ်သာရှိခဲ့သော်လည်း ယခု ၂၁-ရာစုအဝင်တွင် ၇၃-နှစ်မျှ ရှိလာပြီဖြစ်သည်။  လူ့ခန္ဓာကိုယ်သည် ကောင်းမွန်စွာထိန်းသိမ်းနိုင်ပါက (ဇာတာမှာပါသကဲ့သို့) သက်တမ်း ၁၂၀-နှစ်ခန့်အထိ ရှိနိုင်ကြောင်း သုတေသီတို့ဆိုကြသည်။ အောက်ဖ်ာပြပါ အချက်အလက်တို့နှင့် ကိုက်ညီအောင် နေထိုင်နိုင်ပါက ယခုလက်ရှိလူသားတို့သည် ရှေ့ရာစုနှစ်အဝင်အထိပင် မီနိုင်သေးကြောင်း သိရပါသည်။



၁။ နေ့စဉ် ဗီတာမင်စီ ၃၀၀-မီလီဂရမ်ခန့် စားသုံးလျှင် ၅ -ဒသမ ၅-နှစ် ပိုအသက်ရှည်မည်။

၂။ သွေးအတွင်းရှိ အဆီဓာတ်ကို ၂၀၀-အောက်တွင်ထိန်းထားနိုင်ပါက ၅-ဒသမ ၅-နှစ်။

၃။ အဆီပိုများကို နေ့စသ် ၃၀၀-ကယ်လိုရီအထိ ဖြုန်းပစ်နိုင်လျှင် ၂-သို့ဟုတ် ၃-နှစ်။

၎။ အပေါင်းအသင်း အဖွဲ့အစည်းများနှင့် လွတ်လပ်စွာ ဆက်ဆံလုပ်ကိုင်လျှင် ၄-ဒသမ ၅-နှစ်။

၅။ အိမ်တွင်နေစဉ် အငြိမ်မနေဘဲ သွားလာလှုပ်ရှားနေတတ်လျှင် ၂-ဒသမ ၅-လ။

၆။ တပတ်လျှင် နှစ်မိုင်ခန့် ပြေးလျှင် ၈-ဒသမ ၇-နှစ်။

၇။ ဆေးစစ်ခြင်းကို မှန်မှန်ပြုလုပ်လျှင် ၂-နှစ်မှ ၃-နှစ်။

၈။ ကားဖုန်းမဆက်လျှင် (ခေါ်ဆိုမှုတခုကို မပြုလုပ်လျှင် ၄၅-စက္ကန့် အသက်ပိုရှည်မည်။

၉။ အစာအိမ်ရောဂါကို ပျောက်ကင်းအောင်ကုသလျှင် ၂-ဒသမ ၃-နှစ်။

၁၀။ သားသမီးများကို ထိန်းကျောင်းအုပ်ချုပ်ရခြင်းမှ လွတ်ကင်းလျှင် ၄-နှစ်။

၁၁။ သွေးပေါင်ချိန် (အောက်သွေး) ကို ၉၀-အောက်တွင် ထိန်းထားနိုင်လျှင် ၅-နှစ်။

၁၂။ တပတ်လျှင် အသားသုံးကြိမ်ထက် ပို၍မစားလျှင် ၉-နှစ်။

၁၃။ ဘုရား၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ ဗလီတို့သို့ သွားလေ့ရှိလျှင် ၇-နှစ်မှ ၁၄-နှစ်။

၁၄။ ဆေးလိပ်မသောက်လျှင် ၅-နှစ်။

၁၅။ အခြားသူ၏ ဆေးလိပ်အေငွေ့ကို မရှူရှိုက်တတ်လျှင် ၁-နှစ်။

၁၆။ ကျေးလက်တောရွာများတွင် နေထိုင်လျှင် ၁-လမှ ၈-လ။

၁၇။ Fast Food အသင့်ချက်ပြုတ် စားသုံးရသော အစားအစာတို့ကို မစားသုံးတတ်လျှင် လာမည့် နှစ် ၂၀-အတွင်း သေဆုံးနိုင်မှုကို ၁၃-ရာခိုင်နှုန်းခန့် လျော့နည်းစေမည်။

၁၈။ မိမိကိုယ်ကို ယုံကြည်အားကိုးတတ်လျှင် ၂-နှစ်။

၁၉။ မိမိနှင့် သင့်တင့်သော ကိုယ်အလေးချိန် ထိန်းနိုင်လျှင် ၁-ဒသမ ၇-နှစ်။

၂၀။ လေးလံထိုင်းမှိုင်းမှုမရှိဘဲ အမြဲ သွက်လက်တက်ကြွတတ်လျှင် ၅-နှစ်မှ ၁၀-နှစ်။

၂၁။ မိမိမသိသည်ကို မေးမြန်းမှတ်သားတတ်လျှင် ၅-နှစ်အထက်။

၂၂။ မိမိအလုပ်ကို ငြီးငွေ့ခြင်းမရှိလျှင် ၂-ဒသမ ၆-နှစ်။

၂၃။ သင့်တင့်သော အားကစား လှုပ်ရှားလျှင် ၂၅-ရက်။

၂၄။ မွေးနေ့ပွဲ နှစ်စဉ်လုပ်လျှင် မွေးနေ့လုပ်ပြီးတိုင်း လပေါင်းများစွာ အသက်ပိုရှည်နိုင်မည်ဖြစ်ကြောင်း အမေရိကန်သုတေသီတို့က အဆိုပြုထားသည်။



လူတိုင်း အသက်ရှည်ရှည် ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် သန့်ရှင်းသော ရေ, လေ, အစားအစာ, ပတ်ဝန်းကျင် စသည့် အခြေခံကောင်းများ ရှိသင့်သည့်အပြင် သင့်တင့်သော နေထိုင်သွားလာနိုင်ရေးသည်ပါ အရေးကြီးပေသည်။ ကျန်းမာရေးနှင့်ညီညွတ်သော အထက်ပါအချက်အလက်များကို သိရှိနားလည်လျက် ကျင့်သုံးနေထိုင်ပါက ကျွန်တော်တို့ မြန်မာလူမျိုးများလည်း ဘိုးဘွားသက်ရှည်များ၊ ကျန်းမာသန်စွမ်းသော လူငယ်များ ဖြစ်လာနိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။



ဒေါက်တာ မြင့်သန်း (ညောင်လေးပင်)

Ref: Health Care Bulletin (Jan-2000, The Square)

No comments:

Post a Comment