Pages

Tuesday, January 31, 2012

‘ငါဟာ ငါ့တပည့်တွေရဲ့ ရဲဘော်တွေကို သွန်သင်သလို ငါကိုယ်တိုင်လည်းလိုက်နာတယ် ဆိုတာ မှတ်ထားပါ’



by Myat Thi Ha on Tuesday, January 31, 2012 at 8:28pm
 
ငါးမူးတန်းမှ ရုပ်ရှင်ကြည့်ခဲ့သောဗိုလ်ချုပ်အောင်ဆန်း (ရေးသူ-တက္ကသိုလ် နေဝင်း)


ထိုနေ့ကား ၁၉၄၆ စက်တင်ဘာ ၂၆ ရက်နေ့ပင်တည်း။
ထိုအချိန်မြန်မာနိုင်ငံသည်လွတ်လပ်ရေးမရသေး။ဗြိတိသျှဘုရင်ခံအုပ်ချုပ်နေဆဲပင်ဖြစ်ရာ အစိုးရအဖွဲ့ (ဝန်ကြီးအဖွဲ့ Cabernet)ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီဟု ခေါ်သည်။သဘာပတိက ဘုရင်ခံဖြစ်ပြီး ဗိုလ်ချုပ်က ဒုတိယသဘာပတိ အမည်ဖြင့် ဝန်ကြီးအဖွဲ့ကိုဦးစီးကွပ်ကဲရသည်။ သို့ရာတွင် ဘုရင်ခံမှာ အမည်ခံ ‘သဘာပတိ’ သာဖြစ်ပြီး နိုင်ငံခြားရေး၊ ကာကွယ်ရေးဝန်ကြီးဌာနများကိုပါ ဗိုလ်ချုပ်အောင်ဆန်းကပင်ကွပ်ကဲရသည်။
တနည်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဝန်ကြီးချုပ်အာဏာကို ရရှိထားပြီး ဖြစ်သည်။ တရားဝင် လွတ်လပ်ရေး မရသေး၍သာ ဝန်ကြီးအဖွဲ့ကို ဘုရင်ခံ၏အမှုဆောင်ကောင်စီဟု ခေါ်ခဲ့ခြင်းဖြစ်သည်။ထိုနေ့က အလုံလမ်း ဘုရင်ခံအိမ်တော်မှ တာဝါလိန်းလမ်း (ယခုနတ်မောက်လမ်းသွယ်) နေအိမ်သို့ ပြန်ရောက်ရောက်ချင်း ဗိုလ်ချုပ်သည် ကျနော့အားခေါ်၍ ၂ ယောက်ချင်း ညွှန်ကြားချက် ပေးပါသည်။
“ဟေ့ကောင်…..ဒီနေ့ကစပြီး ငါဟာ အစိုးရအဖွဲ့ခေါင်းဆောင် ဝန်ကြီးဖြစ်လာပြီ။မင်းကလည်း ငါ့ရဲ့ပီအေ (အပါးတော်မြဲ အတွင်းဝန်) အဖြစ် တစ်ရက် နှစ်ရက် အတွင်းပြန်တမ်းထွက်လာလိမ့်မယ်။ အစိုးရအဖွဲ့အနေနဲ့ ငါတို့မှာ အဆောင်အယောင် အခွင့်အရေးတွေလည်း ရလာလိမ့်မယ်။ ငါ အခုပြောနေတာတွေကို မင်း မြဲမြဲ မှတ်ထားစမ်း။အာဏာရတယ်ဆိုရင်ပဲ ငါတို့ကို ချဉ်းကပ်အကူအညီတောင်းတာတွေလည်း လာလိမ့်
မယ်။ဒီတော့ငါ့ရဲ့ဆွေမျိုးတွေ၊ငါ့မိန်းမဘက်ကအမျိုးတွေ၊ပြီးတော့မင်းနဲ့ပတ်သက်တဲ့အပေါင်းအသင်းတွေအားလုံးကို ဘယ်သူ့ကိုမှမတရားအခွင့်အရေးမပေးရဘူး။သူတို့အကူအညီတောင်းတာကိုလုပ်မပေးရဘူး။မင်းတို့အိမ်မှာ အားလုံးကို ပြောထားလိုက်၊ငါ အခုပြောတဲ့အတိုင်း မင်းမလိုက်နာရင် မင်းနဲ့ငါနဲ့ အသိပဲ”
ဤသို့လျှင် ဗိုလ်ချုပ်သည် ကျနော့အား တိကျပြတ်သားစွာ အမိန့်ပေးခဲ့ပါသည်။
ကျနော်လည်း ဗိုလ်ချုပ်အမိန့်ပေးသည့်အတိုင်း လိုက်နာရပါသည်။ သူ့ဇနီး ဒေါ်ခင်ကြည်ကိုလည်း………
“မမကြည်……အိမ်မှာ ချက်ဖို့ ဆန်မရှိရင် ကျနော့ကို ပြောပါ။ ကျနော်တို့ ရဲဘော်တွေ ကြံဖန်ပေးပါ့မယ်။ ဆန်အိတ်တွေ ဆီပုံးတွေနဲ့ နောက်ဖေးပေါက်က အိမ်ပေါ်တက်လာမယ့် စီးပွားရေးသားတွေကိုတော့ လုံးဝ လက်မခံပါနဲ့။ ဗိုလ်ချုပ်က ဒီအတိုင်း ကျနော့ကို ပြောထားလို့ပါ”
ဟု တိုးတိုးတိတ်တိတ် ပြောခဲ့ပါသည်။
ထို့နောက် များမကြာမီ နတ်မောက်မှ ဗိုလ်ချုပ်တို့နှင့် ဆွေမျိုးနီးစပ်တော်သူအချို့ရန်ကုန် ရောက်လာပါသည်။ အမှန်တော့ သူတို့သည် အင်္ဂလိပ်ခေတ်က ‘အောင်ဆန်းဟာထောင်နှုတ်ခမ်း လျှောက်နေတဲ့ ကောင်ပဲ’ ဟုပြောတတ်ကြသည်။ယခုအစိုးရ အာဏာရလာမှ အခွင့်အရေး ရလိုရငြား လာကြခြင်းဖြစ်သည်။ကျနော်ကလည်းဗိုလ်ချုပ်အမိန့်ပေးထားသည့်အတိုင်းပြတ်ပြတ်သားသားပြောလိုက်တော့မှ လက်လျှော့ပြီး ပြန်သွားကြတော့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလိပ်စာ ဝါသနာပါပြီး အထူးကျွမ်းကျင်အောင်လေ့လာထားသကဲ့သို့ ကျနော်နှင့် စကားပြောလျှင်လည်း ရံဖန်ရံခါ အင်္ဂလိပ်လို ပြောတတ်သည်။
၂၆-၉-၄၆ နေ့က ဘုရင်ခံအိမ်တော်မှအပြန် ကျနော့အားညွှန်ကြားချက် ပေးပြီးနောက်
“Remember that I practice what I preach! “
ဟု အင်္ဂလိပ်လို အဆုံးသတ်ခဲ့ပါသည်။အဓိပ္ပါယ်ကတော့……..
‘ငါဟာ ငါ့တပည့်တွေရဲ့ ရဲဘော်တွေကို သွန်သင်သလို
ငါကိုယ်တိုင်လည်းလိုက်နာတယ် ဆိုတာ မှတ်ထားပါ’


ဟူ၍ပင် ဖြစ်ပါသည်။
ိ ယင်းသို့၂၆-၉-၆၄နေ့ကဗိုလ်ချုပ်အင်္ဂလိပ်လိုပြောခဲ့သည်ကို နောက်တစ်လနီးပါးကြာမှပြန်လည်သတိရစေသည့် အကြောင်းကား ဤသို့ပါတည်း။
ထိုအချိန်၌ ဗိုလ်ချုပ်အောင်ဆန်းသည် အတွင်းဝန်ရုံးတွင် အစိုးရအဖွဲ့အကြီးအကဲအဖြစ်နေ့စဉ် ရုံးထိုင်နေရပြီဖြစ်သည်။ ကျနော်ကလည်း သူ့ရုံးခန်းကပ်လျက် သီးသန့်အခန်းငယ်တစ်ခုတွင် ထိုင်ရပါသည်။ ဗိုလ်ချုပ်က အလိုရှိ၍ လျှပ်စစ်ခေါင်းလောင်းနှိပ်လိုက်လျှင် ကျနော်လည်းဘေးပေါက်မှ သူထိုင်ရာ စားပွဲဆီသို့ သွက်လက်စွာ ဝင်သွားရပါသည်။
တနေ့….မွန်းလွှဲ ၃ နာရီခန့်တွင် ဗိုလ်ချုပ်က လှမ်းခေါ်သဖြင့် ကပျာကယာ ပြေးဝင်သွားရာ…
“ဟေ့…ဒီနေ့ညနေဘက်ငါတို့ချိန်းထားတဲ့ အစည်းအဝေး ရှိသေးသလား။တခြား ဘာကိစ္စတွေရှိသလဲ”
ဟှုဗိုလ်ချုပ်ကမေးသဖြင့် ကျနော်ကလည်း အသင့်ပါလာသော ဒိုင်ယာရီ မှတ်တမ်းစာအုပ်ကိုကြည့်ပြီး ပြန်ဖြေလိုက်ရပါသည်။
“အစည်းအဝေး မရှိဘူး ဗိုလ်ချုပ်။တခြား ဘာကိစ္စမှလည်း မရှိဘူး။ ဒီနေ့ည အားပါတယ်။”
“ဟုတ်လား…ဒါဖြင့် ဟန်ကျတာပဲ။ ဒီနေ့ည ငါရုပ်ရှင်ကြည့်ချင်တယ်ကွာ။“
“ဘယ်ရုံက ဇာတ်ကား ကြည့်ချင်တာလဲ ဗိုလ်ချုပ်”
“ပလေဒီယံမှာပြနေတဲ့ အင်္ဂလိပ်ဟာသကား ကြည့်ချင်တယ်။ အပျင်းပြေပေါ့ကွာ။”
“ဒီလိုဆိုရင် လွယ်ပါတယ်။ အဲဒီရုံက မန်နေဂျာနဲ့ ကျနော်သိတယ်။ အခုကြိုတင်ပြီး ဖုန်းဆက်ထားလိုက်မယ်။”
ပြောပြောဆိုဆိုကျနော်သည်စားပွဲပေါ်ရှိ တယ်လီဖုန်းစကားခွက်ကိုကောက် ကိုင်လိုက်စဉ် ဗိုလ်ချုပ်က ခပ်ဆတ်ဆတ် ဟန့်တားပါသည်။
”ဘာလဲ….မင်းကရုံမန်နေဂျာကိုတယ်လီဖုန်းဆက်ပြီးမေတ္တ္တာလက်မှတ်တောင်းမလို့လား။မတောင်းရဘူး။ရုပ်ရှင်ကြည့်ရင် ပိုက်ဆံနဲ့လက်မှတ်ဝယ်ကြည့်ရမယ်။မေတ္တာလက်မှတ်တောင်းတယ်ဆိုတာအခွင့်အရေးယူတာတစ်မျိုးပဲ။မင်းတို့ငါတို့အနေနဲ့ မေတ္တာလက်မှတ်တောင်းရင်မန်နေဂျာက လက်မှတ် ၂ စောင် မဟုတ်ဘူး။ ဆယ်စောင်လဲ ပေးမှာပဲ။ မင်းက အရှည်ကိုမစဉ်းစားဘဲကိုး။ရုပ်ရှင်ရုံပိုင်ရှင်တို့၊မန်နေဂျာတို့ဆိုတာစီးပွားရေးသမားတွေကွ၊အာဏာရှိတဲ့သူဆိုရင် မျက်နှာလိုမျက်နှာရလုပ်တတ်တယ်။ ဒါမျိုးတွေ ငါမကြိုက်ဘူး။ ကဲ…..မင်းမှာ ပိုက်ဆံ ဘယ်လောက်ရှိသလဲ။”
ဗိုလ်ချုပ်ကမေးသဖြင့် ကျနော်လည်း အင်္ကျီအိတ်ထဲသို့ နှိုက်ကြည့်ရာ ငွေစက္ကူကျပ် ၃ ရွက် ထွက်လာပါသည်။
“ဘယ်လောက်လဲကွ၊ ၃ကျပ် မဟုတ်လား၊ ဒါဆိုရင် ဖြစ်တယ်။ မင်း မမကြည်နဲ့ ကလေးတွေကလိုက်မှာ မဟုတ်ဘူး။ ဒီတော့ မင်းနဲ့ငါ ၂ ယောက်ပဲ ညနေ ၆ နာရီခွဲပွဲမှာ ငါးမူးတန်းက လက်မှတ်ဝယ်ကြည့်မယ်။ ငါးမူးတန်း လက်မှတ် ၂ စောင်ဆိုတော့ တစ်ကျပ်ပဲ ကုန်မှာမို့ မင်းမှာ ငွေ ၂ ကျပ်တောင်ကျန်ဦးမယ်။ အဲဒီအတိုင်းသာ စီစဉ်ပေတော”
ဗိုလ်ချုပ်က အဆုံးအဖြတ်ပေးလိုက် သဖြင့် ကျနော်လည်း ဘာမှ ပြန်မပြောသာတော့ပါ။
(မှတ်ချက်။    ။၁၉၆၄ခုနှစ်ကရုပ်ရှင်ကြည့်ခနှုန်းမှာစစ်ကြိုခေတ်ကအတိုင်းရှေ့ဆုံးက တစ်မတ်၊ထို့နောက် ငါးမူးတန်း၊ ‘စတောလ်’ ဟုခေါ်သည့် အောက်ထပ်နောက်ဆုံးက တစ်ကျပ်၊ ‘ဒီစီ’ ဟုခေါ်သည့် အပေါ်ထပ်က ၂ ကျပ်ဖြစ်သည်။ ငွေကြေးစနစ်ကလည်း အိန္ဒိယမှာကဲ့သို့ပင် ကျပ် ပဲ ပိုင် စနစ်ဖြစ်၍ ယခုလို ပြားတစ်ရာ တစ်ကျပ် စနစ် မရှိသေးပါ။ ဗိုလ်ချုပ်အောင်ဆန်းသည် ရေကျော်လမ်းဒို့ဗမာအစည်းအရုံးမှာ ဆင်းရဲကျပ်တည်းစွာနေခဲ့စဉ်ကရံဖန်ရံခါအင်္ဂလိပ်ရုပ်ရှင်ကားများကြည့်တတ်သည်။ငွေကြေးအခက်အခဲကြောင့် ရုပ်ရှင်ပိတ်ကားနှင့် အနီးဆုံးဖြစ်သော တစ်မတ် (လေးပဲ) တန်းမှကြည့်လေ့ရှိသည်။ယခု သူ ဝန်ကြီးဖြစ်နေ၍ တစ်မတ်တန်းမှကြည့်ရန်မသင့်ဟု တွေးကာ ငါးမူးတန်း(ရှစ်ပဲ) တန်းမှကြည့်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။)
ထိုနေ့ညနေကပလေဒီယံရုံသို့ကျနော်တို့ရောက်သွားသောအခါအနည်းငယ်နောက်ကျသဖြင့်ငါးမူးတန်းရှေ့ဆုံးမှသာလက်မှတ်ရပါသည်။ငါးမူးတန်း၏ရှေ့ဆုံးတန်းဆိုသည်မှာ တစ်မတ်တန်း၏နောက်ဆုံးတန်းနှင့် ဘာမျှ မခြားတော့။
ထိုခေတ်က ရုပ်ရှင်ပြချိန်မှာ နေ့လယ် ၁၂ နာရီ၊ မွန်းလွဲ ၃ နာရီခွဲ၊ ညနေ ၆ နာရီခွဲနှင့် ည ၉ နာရီခွဲ စုစုပေါင်း ၄ ပွဲပြသည်။ယခုလည်း တစ်နေ့လေးပွဲ ပြနေလင့်ကစား ပြနေချိန်ချင်း မတူတော့ချေ။
အချိန်တန်၍ ရုပ်ရှင်ရုံအတွင်း မှောင်သွားပြီး စတင်ပြပါလေပြီ။ မှောင်သည်ဆိုသော်လည်း ခေတ္တမျှအကြာတွင် မျက်စိကျင့်သားရ၍ ရုံအတွင်း မြင်သင့်သလောက် မြင်ရပါသည်။ ဤတွင် ကျနော်တို့ရှေ့ တစ်မတ်တန်းမှ ပရိသတ်သည် ငါးမူးတန်းရှေ့တန်းမှ ဗိုလ်ချုပ်အောင်ဆန်းကို သတိပြုမိကြတော့သည်။ နေ့စဉ်လိုလို သတင်းစာထဲပါနေသဖြင့် မှတ်မိနေကြဟန်တူသည်။ထို့ကြောင့် တစ်မတ်တန်းနောက်ဆုံးမှ လူများသည် ရုပ်ရှင်ပိတ်ကားကို မကြည့်ဘဲ ဗိုလ်ချုပ်ကိုသာ နောက်ပြန်လှည့်ကြည့်နေကြသည်။ ဗိုလ်ချုပ်ကမူ ဘာကိုမျှ သတိပြုမိပုံမရဘဲ ရုပ်ရှင်ပိတ်ကားကိုသာ အာရုံစိုက်ကြည့်နေသည်။ကျနော်လည်း ဘာလုပ်ရမှန်းမသိ။ အနေရ ခက်နေတော့သည်။
မိနစ်အနည်းငယ် ကြာသောအခါ ‘ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ငါးမူးတန်းမှ ရုပ်ရှင်ကြည့်နေသည်’ ဟူသော သတင်းသည် ရုံမန်နေဂျာရုံးမန်းသို့ရောက်သွားတော့သည်။
မန်နေဂျာဦးမြဟန်ဆိုသူ(ယခုကွယ်လွန်)မှာကျနော်နှင့်ခင်မင်ရင်းနှီးသဖြင့်ချက်ချင်း အောက်ထပ်သိုပြေးဆင်းလာပြီရုံဝန်ထမ်းတစ်ဦးအာကျနော့ကိုအပြင်ဘက်စင်္ကြံသို့ခေတ္တထွက်ခဲ့ရန်ခေါ်ခိုင်းပြီး အပြစ်တင်ပါတော့သည်။
“ဘယ်လိုလုပ်တာလဲ သူငယ်ချင်း။ ဗိုလ်ချုပ် ရုပ်ရှင်ကြည့်မယ်ဆိုရင် စောစောက ငါ့ဆီ ကြိုတင်ဖုန်းဆက်လိုက်ရောပေါ့။ဘာကြောင့် မဆက်တာလဲ”
“အေး……ငါလည်း မင်းဆီဆက်မလို့ပါပဲ။ ဗိုလ်ချုပ်က မဆက်ရဘူးလို့ငါ့ကိုဟောက်တယ်။ မေတ္တာလက်မှတ်တောင်းပြီး ရှပ်ရှင်ကြည့်တာဟာ အခွင့်အရေးတစ်မျိုးယူတာပဲတဲ့။ နောင်တစ်ချိန်မှာ မင်းတို့လို စီးပွားရေးသမားတွေက မတရား အခွင့်အရေးတောင်းလာလိမ့်မယ်တဲ့။ ဒါကြောင့် ငါ့မှာရှိတဲ့ပိုက်ဆံ ၃ ကျပ်ထဲကတစ်ကျပ်ပဲ ကုန်အောင် ငါးမူးတန်းက ဝင်ကြည့်ကြတာပဲကွ”
“ဗိုလ်ချုပ်ပြောတာ မှန်သင့်သလောက် မှန်ပါတယ်။ စီးပွားရေးသမားဆိုတာကတော့ အကြံအဖန်လုပ်ဖို့၊မတရား အခွင့်အရေးတောင်းဖို့အမြဲအကွက်ချောင်းနေတာပဲ။ ဒါပေမယ့်ကွာ မင်းဆရာ ဗိုလ်ချုပ်ကို သွားပြောစမ်းပါ။ ငါက အင်းယားဟောလ် ရှေ့မှာနေတဲ့ ရန်ကုန်ရုပ်ရှင်ကုမ္ပဏီပိုင်ရှင် ဒေါ်မမရဲ့သား မြဟန်၊ ဒီရုံကိုလည်း ငါတို့ပဲ ပိုင်တယ်။ ငါတို့အလုပ်က ရုပ်ရှင်နဲ့ပဲပတ်သက်တော့ သွင်းကုန်လိုင်စင်တောင်းတာမျိုးလိုဘာအခွင့်အရေးမှယူဖို့မလိုဘူး။ အခုလို အင်္ဂလိပ်ကားမျိုးဆိုတာကလည်း ရုံမပြည့်ဘဲ အပေါ်ထပ် (ဒီစီ) သီးသန့်တန်းမှာ နေရာတွေ အများကြီးလွတ်နေတယ်။ ဗိုလ်ချုပ်လို နိုင်ငံခေါင်းဆောင်ကြီးအနေနဲ့ ငါးမူးတန်း ရှေ့ဆုံးမှာ ထိုင်ကြည့်နေတာ မသင့်တော်တဲ့အပြင် လုံခြုံရေးရှုထောင့်က ကြည့်ရင်လည်း လုံးဝမကောင်းပါဘူး။ ဒီတော့ ဘာအခွင့်အရေးမှ မတောင်းပါဘူးဆိုတဲ့ အာမခံချက်လည်း ပေးပါမယ်။ ဗိုလ်ချုပ်ကို အပေါ်ထပ် ဒီစီ တန်းမှာ တတ်ကြည့်ဖို့ သွားပြောပေးစမ်းပါ သူငယ်ချင်း”
မန်နေဂျာ ဦးမြဟန်က အတင်းပြောသဖြင့် ကျနော်လည်း ရုံထဲပြန်ဝင်ကာ ပိတ်ကားပေါ်မှ ဟာသကွက်များကို ကြည့်ပြီး သဘောကျကာ ရယ်မောနေသူ ဗိုလ်ချုပ်၏ လက်မောင်းကို အသာဆွဲလိုက်ပါသည်။
“ဟေ့ကောင်….ဘာလဲကွ၊ ရုပ်ရှင်ကြည့်လို့ကောင်းတုန်း ဘာဖြစ်ပြန်ပလဲ”
ဗိုလ်ချုပ်က စိတ်တိုဟန်ဖြင့်ကျနော့အားငေါက်ရာ ကျနော်လည်း မန်နေဂျာ ဦးမြဟန်ပြောသည့်အတိုင်းခပ်တိုးတိုး ရှင်းပြလိုက်ရပါသည်။
ဗိုလ်ချုပ်သည် ရုတ်တရက် ဘာမှပြန်မပြောသေးဘဲ ခေတ္တမျှ ပိတ်ကားပေါ်မှ ရုပ်ရှင်ကိုသာ ဆက်ကြည့်
ရင်း စဉ်းစားနေဟန်တူပါသည်။ မန်နေဂျာ ဦးမြဟန်၏မိခင် ဒေါ်မမကို လူချင်း မရင်းနှီးသော်လည်း သူသိနေ
သည်။ ထို့ပြင် ၁၉၃၆ ခုနှစ် တက္ကသိုလ်သပိတ် အရေးတော်ပုံတုန်းက ကျောင်းသားများအား သွယ်ဝိုက်၍ကူ
ညီခဲ့ကြောင်းကိုလည်း သိထားသည်။ ယခု မန်နေဂျာ ဦးမြဟန်က ဘာအခွင့်အရေးမှ မတောင်းပါဘူးဟုအာမ
ခံချက်ပေးပါတယ်ဟူသော စကားကို သဘောကျသွားဟန်ဖြင့် ဗိုလ်ချုပ်သည် ထိုင်ရာမှ ထလိုက်သည်။
“ဟေ့ကောင်….အပေါ်တက်မယ်ဆိုရင်လည်း မြန်မြန်တက်ကွာ။ မင်းက အရှေ့ကသွား၊အချိန်ကြာနေရင်
ရုပ်ရှင်ဇာတ်လမ်းတွေ လွတ်ကုန်ပါဦးမယ်”
သူပြောသည့်အတိုင်း ကျနော်လည်း ခပ်သွက်သွက် လျှောက်ထွက်ကာ ဦးမြဟန် လွှတ်ထားသော ရုံဝန်
ထမ်းလူငယ်တစ်ဦးနှင့်အတူ ဒီစီ ခေါ် အပေါ်ထပ် ၂ ကျပ်တန်းသို့ တက်ကြည့်ကြပါသည်။
ရုပ်ရှင်ပြီး၍ အပြန်တွင် ကားပေါ်၌ ဗိုလ်ချုပ်က……..
“မင်းသိတဲ့အတိုင်း ငါတို့က ရုပ်ရှင်ကို မေတ္တာလက်မှတ်တောင်းပြီး အလကားကြည့်တာမဟုတ်ဘူး။
ငါးမူးတန်းက လက်မှတ် ၁ စောင် ဝယ်ကြည့်တယ်။ နောက်မှ မင်းသူငယ်ချင်း မန်နေဂျာက အတင်းလာခေါ်
ပြီး အပေါ်ထပ်တက်ကြည့်ဖို့ခေါ်တော့ သူအမေကြီးကိုလည်း အားနာလို့ တက်ကြည့်ခဲ့တာပဲ”
ဟု ပြောခဲ့ပါသေးသည်။
ဤသို့ပြောနေစဉ် ကျနော်သည် (၂၆-၉-၄၆) နေ့က ဗိုလ်ချုပ်ကိုယ်တိုင်က……

“ငါဟာ ငါ့တပည့်တွေရဲ့ ရဲဘော်တွေကို ပြောသလို ငါကိုယ်တိုင်လုပ်တာကွ“

ဟု အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုခဲ့ပုံကို ပြန်လည် သတိရ ကြားယောင်နေမိပါသတည်း။

၁၉၉၄ ခုနှစ် ဇူလိုင်လ နွယ်နီမဂ္ဂဇင်းတွင် ဖော်ပြခဲ့ပြီး ၁၉၉၇ ခုနစ် ဇူလိုင်လထုတ် တက္ကသိုလ်နေဝင်း၏
‘အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်း’ စာအုပ်မှပြန်လည် ဖော်ပြပါသည်။

No comments:

Post a Comment