Pages

Sunday, January 1, 2012

အပြောနဲ့အလုပ် ညီရင် ထောက်ခံဖို့ အသင့်ပဲဆိုတာ နိုင်ငံတကာက ပြသခဲ့တဲ့ ၂၀၁၁ ခုနှစ် (ပြန်လည်သုံးသပ်ခြင်း ၂၀၁၁)

အပြောနဲ့အလုပ် ညီရင် ထောက်ခံဖို့ အသင့်ပဲဆိုတာ နိုင်ငံတကာက ပြသခဲ့တဲ့ ၂၀၁၁ ခုနှစ် (ပြန်လည်သုံးသပ်ခြင်း ၂၀၁၁)

အစိုးရသစ်တက်ပြီးနောက် မြန်မာနိုင်ငံကို နိုင်ငံတကာက အစိုးရထိပ်တန်း အရာရှိတွေ တစ်သုတ်ပြီးတစ်သုတ် လာရောက်ခဲ့ကြ ပါတယ်။ အစိုးရနဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံရေးမူဝါဒအရ ဒီခရီးစဉ်တွေဟာ လက်တွေ့ကျတဲ့ သဘောထားကိုထင်ဟပ်နေသလို တစ်ချိန်တည်းမှာပဲ ကတိက၀တ်တွေ လုံးဝ ပေးတာမျိုးမဟုတ်သေးတဲ့အတွက် ရုပ်ပြသဘော ပိုဆန်နေပါသေးတယ်။ အဲဒီခရီးစဉ် တွေဟာ အရေအတွက်အရသာ ထူးခြားတာမဟုတ်ဘဲ မတ်လကစလို့ နိုင်ငံရေးဖြစ်စဉ်တွေ ဘယ်လိုပြောင်းလဲဖြစ်ပေါ်လဲ၊ လာရောက် တဲ့ပုဂ္ဂိုလ်တွေရဲ့ တုံ့ပြန်သံတွေ ဘယ်လိုရှိလဲဆိုတာအရပါ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီနှစ်အတွင်း လာရောက်ခဲ့ကြတဲ့ နာမည်ကြီး ခရီးစဉ်တွေကို ဖျတ်ခနဲကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ အကူးအပြောင်းကာလမှာ အလေးထားစရာကိစ္စတွေကို ဘယ်လို ကိုင်တွယ်သလဲ၊ နိုင်ငံတကာက ဘယ်လိုတုံ့ပြန်သလဲဆိုတာ ရုပ်ပုံလွှာတစ်ခုအဖြစ် မြင်ရမှာပါ။


ညွန့်ဝင်း
အတွဲ ၂၈ ၊ အမှတ် ၅၄၉ ( ၂၃ - ၂၉ ၊ ၁၂ ၊ ၂၀၁၁)



ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယာ။ ဓာတ်ပုံ-မြန်မာတိုင်း(မ်)
ကုလသမဂ္ဂက ကန့်လန့်ကာဖွင့်
အစိုးရသစ်ရဲ့ နိုင်ငံတကာဆက်ဆံရေးစာမျက်နှာက ကုလသမဂ္ဂ အထူး ကိုယ်စား
လှယ် မစ္စတာ ဗီဂျေး နမ်ဘီယာရဲ့ခရီးစဉ်နဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ အစိုးရသစ် ဆီကနေ
ကမ္ဘာက ဘာတွေမျှော်လင့်နေလဲဆိုတာကို ပြောပြခွင့် မစ္စတာ နမ်ဘီယာ ရရှိခဲ့ပါ
တယ်။ နေပြည်တော်မှာ သမ္မတရဲ့အကြံပေးပုဂ္ဂိုလ်အချို့နဲ့ တွေ့ဆုံစဉ် မစ္စတာ
နမ်ဘီယာက မြန်မာနိုင်ငံတွင်း အပြောင်းအလဲတွေရှိလာတာကို အသိအမှတ်ပြုရင်း
ဒီထက်အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ယုံကြည်ချက်
အကျဉ်းသားတွေ လွှတ်ပေးတာ၊ အင်အားစုအားလုံးနဲ့ အတူတကွဆွေးနွေးတာတွေ
ရှိမှာသာအစိုးရသစ်ရဲ့ အပြောင်းအလဲအတွက် အားထုတ်မှုတွေကို ကမ္ဘာက
ယုံကြည်လိမ့်မယ်ဆိုတာ မစ္စတာ နမ်ဘီယာက အလေးအနက်ထား ပြောခဲ့ပါတယ်။



ရီပတ်ဘလီကန် ဆီးနိတ်အမတ် မစ္စတာ ဂျွန်မက်ကိန်း။ ဓာတ်ပုံ- ဟိန်းလတ်အောင်
၁၅ နှစ်ကြာမှ ဗီဇာရတဲ့ မက်ကိန်း
မြန်မာအစိုးရကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး အရေးယူ ဒဏ်ခတ်ခြင်းကို
ထောက်ခံခဲ့တဲ့ ရီပတ်ဘလီကန် ဆီးနိတ်အမတ် မစ္စတာဂျွန်မက်ကိန်းဟာ ၁၅ နှစ်
အကြာမှာ လာရောက်ခွင့်ရခဲ့ပါတယ်။ မက်ကိန်းရဲ့ခရီးစဉ်ဟာ နှစ်နိုင်ငံအစိုးရ
အကြား ဆက်ဆံရေးတိုးတက်ကောင်း မွန်ဖို့ နှစ်ဖက်စလုံးက လိုလားကြတယ်
ဆိုတာကို ထင်ထင်ရှားရှားပြသခဲ့တဲ့ ထူးခြားခရီးတစ်ခုလည်း ဖြစ်ပါတယ်။ ဇွန်လ ၁
ရက်က ၃ ရက်အထိခရီးစဉ် အတွင်း တွေ့သင့်တွေ့ထိုက်သူတွေနဲ့ တွေ့ဆုံ အပြီး
မှာတော့ မြန်မာအစိုးရ ဆီကနေ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ လုပ်ဆောင်မှုတွေကို
မျှော်လင့်နေပါတယ်လို့ မစ္စတာမက်ကိန်းက ပြောသွားပါတယ်။ ပိတ်ဆို့ထားတာတွေ
ချက်ချင်းရုပ်သိမ်းဖို့ မဖြစ်နိုင်သေးပေမယ့် မြန်မာအစိုးရ ခြေတစ်လှမ်းရှေ့တိုးတိုင်း
အမေရိကန်ကလည်း ခြေတစ်လှမ်းရှေ့တိုးမယ်လို့လည်း ထပ်လောင်း ပြောသွား ပါတယ်။



အမေရိကန်အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ယွန်း။ ဓာတ်ပုံ-ကောင်းထက်
ဘုံရပ်တည်ချက်ကိုရှာတဲ့ ယွန်း
ကုလကိုယ်စားလှယ်ရဲ့ခရီးစဉ်အပြီးမှာပဲ အမေရိကန်အရှေ့အာရှနဲ့ ပစိဖိတ်
ရေးရာလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ယွန်းဟာ မေလ ၁၈ ရက်က ၂၀
ရက်နေ့အထိ လာရောက်ခဲ့ပြီး အစိုးရထိပ်တန်းအရာရှိများ၊ ဒေါ်အောင်ဆန်း
စုကြည်နဲ့ အတိုက်အခံအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား
ကိုယ်စားလှယ်များနဲ့ စီးပွားရေးအသိုင်းအ၀ိုင်းတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
မစ္စတာယွန်းရဲ့ခရီးစဉ်ဟာ နှစ်နိုင်ငံအကြားမှာရှိနိုင်တဲ့ 'ဘုံရပ်တည်ချက်' ကို
ရှာဖွေဖို့နဲ့ အမေရိကန်ရဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရေးမူကို အရှိန်မြှင့်ဖို့လို့ပဲ
ဆိုပေမယ့် ယွန်းရဲ့ခရီးစဉ်ဟာ နေပြည်တော်နဲ့ ၀ါရှင်တန် အကြား ဆက်ဆံရေး
ပြန်လည်ထူထောင်ရေးခရီးရဲ့ အစလို့လည်း အများက ရှုမြင်ကြပါတယ်။



ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေးကင်တားနား။
ဓာတ်ပုံ-ကောင်းထက်
ပြန်လည်ကြိုဆိုခံရတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်
၂၀၁၀ ဖေဖော်ဝါရီ ခရီးစဉ်နောက်ပိုင်း လာရောက်ခွင့်မရခဲ့တဲ့ ကုလသမဂ္ဂရဲ့
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ သောမတ်
အိုဟေးကင်တားနားတစ်ယောက် အစိုးရသစ်လက်ထက်မှာ ပြန်လည်လာရောက်
ခွင့်ရရှိခဲ့ပါတယ်။ 'နိုင်ငံရေးနောက်ခံပိတ်ကား မတူတော့ဘူး'လို့ဆိုတဲ့ မစ္စတာ
ကင်တားနား က သူ့အနေနဲ့ အရင်အခေါက်တွေထက် လူ့အခွင့်အရေးကိစ္စတွေမှာ
ပိုပြီးပွင့်ပွင့်လင်းလင်း ပြောလို့ရလာ တယ်လို့ အာဏာပိုင်တွေကို ရည်ညွှန်းပြီး
ပြောပါတယ်။ ရန်ကုန်မှာတော့ အင်းစိန်အကျဉ်းထောင်ကို သွားရောက်ခွင့်ရခဲ့သလို
ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ခွင့်ရခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ 'အရေး
ကြီးတဲ့အချိန်'ကိုရောက်နေပြီး လူ့အခွင့်အရေးနဲ့ဒီမိုကရေစီအရေးတွေမှာ ပိုမို
တိုးတက်ဖို့ အခွင့်အလမ်းတွေလည်း ရှိနေပါတယ်လို့ မစ္စတာ ကင်တားနားက ဩဂုတ်လ ၂၅ ရက်နေ့မှာ သတင်းထောက်တွေကို ပြောကြားသွားပါတယ်။



မစ္စတာ ဒဲရက် မစ်ချယ်
ဓာတ်ပုံ-ကောင်းထက်
'သံသယရှိနေသူတွေ မှားကြောင်း သက်သေပြပါ' လို့ ဆိုတဲ့ မစ်ချယ်
အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မူဝါဒညှိနှိုင်းရေးမှူး
အဖြစ် ဧပြီလတုန်းကခန့်အပ်ခံခဲ့ရတဲ့ မစ္စတာ ဒဲရက် မစ်ချယ်ဟာ စက်တင်ဘာ
လအစောပိုင်းမှာ သူ့ရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ကို စတင်ခဲ့ပါတယ်။ သူ
လာတဲ့အချိန်ဟာ သမ္မတကြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့
ဆုံပြီးခါစ၊ အမျိုးသားလူ့အခွင့် အရေးကောင်စီဖွဲ့စည်းပြီးခါစ၊ ပြည်တွင်းငြိမ်းချမ်း
ရေးအတွက် တောင်းဆိုသံတွေ ညံနေတဲ့အချိန်လည်း ဖြစ်ပါတယ်။ အပြု သဘော
ဆောင်တဲ့ ဆောင်ရွက်ချက်တွေကို ထောက်ခံရင်း တစ်ချိန်တည်း အမေရိကန်က
အလေးထားတဲ့ကိစ္စရပ်တွေဖြစ်တဲ့ တိုင်းရင်းသားတွေနဲ့ဖြစ်တဲ့ လက်နက်ကိုင်
ပဋိပက္ခတွေနဲ့ အစီရင်ခံစာတွေမှာ ဖော်ပြတဲ့ လူ့အခွင့်အရေးကိစ္စတွေမှာ
တိုးတက်အောင်လုပ်ဖို့ကိုလည်း အစိုးရထိပ်တန်းပုဂ္ဂိုလ်များကို မစ္စတာ မစ်ချယ်က
တိုက်တွန်းခဲ့ပါတယ်။ အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေးဆောင်ရွက်မှုတွေအပေါ် မယုံကြည်ကြသေးသူတွေ နိုင်ငံတကာမှာ
ရှိနေသေးပြီး အဲဒီလူတွေ မှားကြောင်း သက်သေပြပါလို့လည်း သူက အစိုးရတာဝန်ရှိသူတွေကို တိုက်တွန်းခဲ့သလို နှစ်နိုင်ငံ
ဆက်ဆံရေးမှာလည်း မြန်မာဘက်က တကယ်တိုးတက်ဖို့လိုလားရင် အမေရိကန်ကလည်း ထပ်တူညီတုံ့ပြန်ဖို့အသင့်ပါပဲလို့ ပြောကြားသွားခဲ့ပါတယ်။



နော်ဝေဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ အက်စ်ပင်ဘာ့သ်အိုက်ဒ်နှင့် ဒေါ်အောင်ဆန်း စုကြည်
ဓာတ်ပုံ-ကောင်းထက်
ဥရောပလည်း မနေပါ
မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းသူများကို နှစ်ရှည်လများ ထောက်ခံပေးခဲ့တဲ့
နော်ဝေနိုင်ငံဟာ အောက်တိုဘာလမှာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ
အက်စ်ပင်ဘာ့သ် အိုက်ဒ်ကို နေပြည်တော်စေလွှတ်ခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
သူရဦးရွှေမန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ဒေါ်အောင်ဆန်းစုကြည်
တို့နဲ့ မစ္စတာအိုက်ဒ် တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံ ရှေ့ဆက်လျှောက်ရမယ့်
ခရီးအများကြီး ရှိသေးပြီး နော်ဝေအနေနဲ့ အစိုးရရော၊ တခြားသက်ဆိုင်တဲ့ အဖွဲ့
အစည်းတွေပါ နိုင်ငံရေးဖြစ်စဉ်ထဲမှာ ပါဝင်ဖို့ မျှော်လင့်တယ်လို့ သူကပြောပါတယ်။
ယုံကြည်ချက်ကြောင့်ကျခံနေရသော အကျဉ်းသားတွေကိုလည်း လွှတ်ပေးဖို့
တိုက်တွန်းပြီး အဲဒီသတင်းကို မျှော်နေမယ်လို့လည်း ပြောသွားပါတယ် (နောက်
လေးရက် အကြာမှာ အစိုးရက ယုံကြည်ချက်ကြောင့်ကျခံနေရသော အကျဉ်းသား
၂၀၀ ကို လွှတ်ပေးခဲ့ပါတယ်)။ အရေးယူဒဏ်ခတ်မှုတွေဟာ
အပြစ်ပေးတဲ့သဘောဖြစ်ပြီး အပြောင်းအလဲအတွက် အကောင်းဆုံး လက်နက် မဟုတ်ကြောင်းပြောရင်း ဥရောပသမဂ္ဂအနေနဲ့
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်လာတဲ့အမျှ ပိတ်ဆို့မှု တွေကိုလည်း တစ်ဆင့်ချင်းပြန်ဖယ်ရှားပေးသွားမယ်လို့ မစ္စတာအိုက်ဒ်က ပြောပါတယ်။



မစ္စတာ အင်ဒရူးမစ်ချယ်
ဓာတ်ပုံ-ကောင်းထက်
အကူအညီပေးဖို့လာတဲ့ ဗြိတိန်ဝန်ကြီး
ဗြိတိန်နိုင်ငံရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီး မစ္စတာ အင်ဒရူးမစ်ချယ်ဟာ
ဆယ်စုနှစ်တွေအတွင်း ပထမဆုံး မြန်မာနိုင်ငံကိုလာရောက်တဲ့ ဗြိတိန်ဝန်ကြီးနဲ့
ရွေးကောက်ပွဲနောက်ပိုင်း ပထမဆုံးလာရောက်တဲ့ ဥရောပသမဂ္ဂရဲ့ ကက်ဘိနက်
အဆင့် ၀န်ကြီး တစ်ဦး ဖြစ်လာခဲ့ပါတယ်။ နိုဝင်ဘာလလယ်မှာ စတင်ခဲ့တဲ့ သူ့
ခရီးစဉ်အတွင်း မစ္စတာမစ်ချယ်ဟာ ဗြိတိန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအကူအညီတွေကို
ပြန်လည်သုံးသပ်ပြီး မြန်မာရဲ့ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွေကိစ္စ အစိုးရ
အဖွဲ့ဝင်တွေ၊ အခြားဆက်စပ်မှုရှိသူတွေနဲ့ စကားပြောဆိုဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ သိသာတဲ့ အပြောင်းအလဲတွေဆက်ပေါ်ပေါက်မယ် ဆိုရင် ဗြိတိန်
ကလည်း ဒီနိုင်ငံရဲ့ဖွံ့ဖြိုးရေးကဏ္ဍမှာ ပိုမိုပါဝင်ကူညီဖို့ ပြင်ဆင်ထားမှာပါလို့ သူက
ပြောပါတယ်။ ဗြိတိန်နိုင်ငံဟာ လာမယ့် လေးနှစ်အတွင်း အမေရိကန်ဒေါ်လာသန်း ၃၀၀ ကို မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးအတွက် ကုလသမဂ္ဂနဲ့ တခြားနိုင်ငံတကာနဲ့ ပြည်တွင်းအဖွဲ့အစည်းတွေကတစ်ဆင့် ထောက်ပံ့မယ်လို့ မတ်လတုန်းက ကြေညာခဲ့ပါ သေးတယ်။



အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီကလင်တန်
ဓာတ်ပုံ-ကောင်းထက်
၂၀၁၁ ရဲ့ စိတ်ဝင်စားမှု အများဆုံး ဧည့်သည် ဟီလာရီ
၂၀၁၁ ခုနှစ်ရဲ့ နောက်ဆုံးလပိုင်းကို ရောက်လာပေမယ့်လည်း သံခင်းတမန်ခင်း
ကိစ္စတွေက အရှိန်လျော့သွားမယ့် ပုံမပြခဲ့ပါဘူး။ ဒီဇင်ဘာလ ၁ ရက်နေ့မှာတော့
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ဟီလာရီကလင်တန်ဟာ နှစ် ၅၀ အတွင်း
အမေရိကန်ရဲ့ ပထမဆုံး နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ မျှော်လင့်မထားတဲ့အချိန်မှာ
မြန်မာနိုင်ငံကို ရောက်လာခဲ့ပါတယ်။ သမ္မတအပါအ၀င် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးတို့နဲ့
တွေ့ဆုံရာမှာ နိုင်ငံခြားရေးဝန်ကြီးက အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပိတ်ဆို့မှု
ပြန်ရုပ်သိမ်းဖို့ လိုအပ်တဲ့ အခြေအနေများ၊ အကူအညီပေးရေး အစီအစဉ်တွေ ပြန်
ဖွင့်ပေးဖို့နဲ့ မြန်မာနဲ့ မြောက်ကိုရီးယားဆက်ဆံရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
၎င်းရဲ့သုံးရက်တာခရီးအတွင်း 'အခွင့်အလမ်း'တွေ တွေ့ခဲ့ရပြီး 'စိတ်အားတက်စရာ
အခြေအနေတွေ' ရခဲ့တယ်လို့ မစ္စစ်ကလင်တန်က ပြောပါတယ်။ "ခေါင်းဆောင်
ပိုင်းက ဒီတိုးတက်မှုတွေဟာ ဆက်ပြီးကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လိမ့်မယ်လို့ အာမခံကြပါတယ်။ အဲဒီလိုဖြစ်တာနဲ့အမျှ
အမေရိကန် ကလည်း အစိုးရအတွင်းပိုင်း၊ အပြင်ပိုင်းက စစ်မှန်တဲ့ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်အောင် အားထုတ်သူတွေကို
တက်တက်ကြွကြွ ထောက်ခံသွားမှာပါ"လို့ မစ္စစ်ကလင်တန်က သတင်းထောက်တွေကို နေပြည်တော်မှာပြောပါတယ်။ မစ္စစ်
ကလင်တန်ဟာ ရန်ကုန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်ရဲ့
တိုက်ရိုက် ထိတွေ့ရေးမူဝါဒကို ကြိုဆိုခဲ့ပြီး ဒါဟာ ဒီမိုကရေစီအသွင် ကူးပြောင်းရေးဖြစ်စဉ်အတွက် အထောက်အကူဖြစ်မယ်လို့
မျှော်လင့်ကြောင်း ပြောပါတယ်။ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေ အရှိန်အဟုန်ရလာတာနဲ့အမျှ အမေရိကန်ပြည်ထောင်စု
ကလည်း ရှေ့ဆက်အကူအညီပေးဖို့ ပြင်ဆင်ထား တယ်လို့ မစ္စစ်ကလင်တန်က ၎င်းရဲ့ခရီးစဉ်အဆုံးမှာ ပြောကြားသွားပါတယ်။
"(မြန်မာ)ခေါင်းဆောင်ပိုင်းကို ထပ်ပြီး ပြောချင်တာက မိတ်ဆွေတို့ အနေနဲ့ ဒီပုံစံအတိုင်း ဆက်သွားဖို့ရွေးချယ်တယ်ဆိုရင် ကျွန်မ
တို့ကလည်း ဒီလမ်းအတိုင်း အတူဆက်လျှောက်ဖို့ ပြင်ဆင်ထားပါတယ် ဆိုတာပါပဲ။ အစိုးရအတွင်းရော အပြင်ကရော ပြုပြင်
ပြောင်းလဲရေးသမားတွေကို ကျွန်မတို့ကကူညီမှာပါ။ ပိုမိုကောင်းမွန်တဲ့အနာဂတ်အတွက် မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ
တကယ်ဖြစ်လာဖို့ပိုနီးစပ်စေမယ့် ဆောင်ရွက်ချက်တွေ လုပ်ဆောင်တိုင်း ကျွန်မတို့ကလည်း အကူအညီတွေကို တိုးမြှင့်ပေးသွား မှာပါ"လို့ မစ္စစ်ကလင်တန်က ပြောကြားသွားပါတယ်။



အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာတီနာတာ လီဂါဝါ
ဥက္ကဋ္ဌရာထူးပေးဖို့ အာဆီယံက အကဲခတ်ပြီ
အာဆီယံရဲ့လက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှားဟာ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီး မာတီနာတာ
လီဂါဝါကို အောက်တိုဘာလကုန်ပိုင်းမှာ စေလွှတ်ပြီး ၂၀၁၄ မှာ မြန်မာနိုင်ငံက
အာဆီယံဥက္ကဋ္ဌရာထူးအတွက် အဆင်သင့် အနေအထားမှာ ရှိ၊ မရှိ လာရောက်
အကဲခတ်ခဲ့ပါတယ်။ သူ့အနေနဲ့ ဥက္ကဋ္ဌရာထူးနဲ့ပတ်သက်ပြီး ဘာကတိမှမပေး
ခဲ့ပေမယ့် အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေအပေါ်
အသိအမှတ်ပြုသွားခဲ့ပါတယ်။ မြန်မာနိုင်ငံ က ဖြစ်ပေါ်ပြောင်းလဲမှုတွေဟာ 'ထူးခြား
ထင်ရှား'ပြီး 'နောက်ကြောင်းပြန်မလှည့်နိုင်'ဘူးလို့ သူ့အနေနဲ့ ယုံကြည်ကြောင်း မစ္စတာ နာတာလီဂါဝါက ပြောကြားသွားပါတယ်။

၂၀၁၂ ခုနှစ် မှာ ယခုထက် ပိုမို အရှိန်ရလာမလား
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ကတော့ မြန်မာရဲ့နိုင်ငံတကာ ဆက်ဆံရေးမျက်နှာစာမှာ အရေးပါတဲ့ ခြေလှမ်း တစ်ရပ်ဖြစ်ပြီး ၂၀၁၂ ခုနှစ် ကျရင် ပြန်သုံးရမယ့် ပေတံတစ်ခုလည်း ဖြစ်ပါတယ်။ မစ္စစ် ကလင်တန် ခရီးစဉ်နဲ့ မရှေးမနှောင်းမှာပဲ ကုလသမဂ္ဂအထွေထွေအတွင်းရေးမဈးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို ပိုအရှိန်ရလာ အောင် အားပေးတိုက်တွန်းဖို့ 'မြန်နိုင်သမျှမြန်မြန်' သွားရောက်ဦးမယ်လို့ ကြေညာပါတယ်။ သွားဖြစ်ရင်တော့ ဒါဟာ မစ္စတာ ဘန်ရဲ့ တတိယမြောက် မြန်မာနိုင်ငံခရီးစဉ်ဖြစ်လာမှာပါ။ ဒီဇင်ဘာလအတွင်းမှာလည်း အဆင့်မြင့်သံတမန်ခရီးစဉ်တွေ ထပ်မံ ပေါ်ပေါက်ခဲ့ပါသေးတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအိချိရို ဂမ်ဘာက မြန်မာနိုင်ငံကို အခုလနှောင်းပိုင်းမှာ သွားရောက်မယ်လို့ ကြေညာခဲ့သလို ဗြိတိန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ်ကလည်း ဇန်န၀ါရီလအတွင်း မြန်မာနိုင်ငံကို သွားရောက်ဖို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါတွေက မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ နိုင်ငံတကာက ပိုမိုလိုလား လက်ခံတဲ့ လက်နက် တစ်ခု ဖြစ်လာပြီး ၂၀၁၂ ခုနှစ် မှာလည်း သံတမန် နည်းလမ်းအရ တိုက်ရိုက်ထိတွေ့မှုတွေ ဆက်ဖြစ်နေဦးမယ်လို့ ညွှန်ပြတဲ့ သဘောပါ။
အဓိကကတော့ အစိုးရပိုင်းက ပြုပြင်ပြောင်းလဲရေးမှာ ဘယ်လောက် အတိုင်းအတာအထိ တကယ် လုပ်ဆောင်သလဲဆိုတဲ့ အပေါ် မူတည်နေပါ တယ်။ လက်ရှိအနေအထားတွေအရ ကြည့်ရရင် နိုင်ငံတကာကလည်း မြန်မာဘက်က ရွေးချယ်တဲ့လမ်းမှာ အတူတူ အားတက်သရော ၀င်လျှောက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ပြောပါရစေ။








No comments:

Post a Comment