မိတ်ဆွေ သင့်အား ညချစ်သူ၏ စာပေဘဏ်တိုက်မှ နွေးထွေးစွာကြိုဆိုပါတယ်။ အင်တာနက်သည် ကျွန်ုပ်တို့၏ ဗဟုသုတရတနာသိုက်ကြီးနှင့်တူ၏။ လိုချင်သောအရာကိုသာ ယူကြပါကုန်။
Pages
▼
Sunday, February 5, 2012
စိတ်၏ ခပ်ရေးရေး ခြေရာတစ်ခု
စိတ်အကြောင်းကို တတ်ကျွမ်းလို့ ရေးတာမဟုတ်ပေမဲ့ ခုလို လွတ်လွတ်လပ်လပ် ရေးလို့ရတဲ့ နေရာမှာ ကိုယ့်မှာ ရှိတဲ့ စိတ်အကြောင်းကို တင်ပြရင်း ဆွေးနွေးတယ်လို့ သဘောထားပေးစေချင်ပါတယ် ။ တကယ်တော့ စိတ်ဆိုတာ ထူးဆန်းတယ်လို့ မဆိုသာပါဘူး ဘာလို့လဲဆို ခုတင်ပြချင်တဲ့ စိတ်ဟာ ကျနော့်မှာလည်း ရှိသလို သင့်မှာလည်း ရှိပါတယ် ။
တခြားသူတွေမှာလည်း ရှိနေပါတယ် ။ ဒါပေမဲ့ စိတ်ရှိတဲ့အကြောင်းကို သေချာ တွေးသူ နည်းမယ်လို့ မြင်မိပါတယ် ။ အတွေးနည်းတော့ အသိနည်းလာပါတယ် ။ ယခု ကျနော်ကိုယ်ကို ကျနော် စိတ်ဆိုတာဘာလဲ ဆိုပြီး မေးကြည့်မိပါတယ် ။ ကျနော်ကိုယ်တိုင်တောင် ကိုယ့်ဘာသာမေးပြီး ဖြေရမယ်ဆိုတော့ ဘာဖြေလို့ ဖြေရမှန်းမသိပဲ တွန့်တောင်သွားပါတယ် ။ သေချာတွေးကြည့်မိတော့ ကျနော်သိတဲ့ စိတ်ဆိုတာဟာ လူမှာ ရှိတဲ့ သိရှိမှုအပိုင်း လို့ပဲ မြင်မိပါတယ် ။ ကျနော်တို့တတွေ အမြဲလိုလို ဖြစ်နေတဲ့ ခံစားမှုဆိုတာလည်း စိတ်ပါပဲ အဲ့ဒီခံစားချက် ဖြစ်မှုကို သိတာဟာလည်း စိတ်ပါပဲ ။ ဒါဟာ ကျနော့် အမြင်ပါ ။
ကျနော်တို့တတွေ စာအုပ်စာပေတွေမှာ စိတ်ဆိုတဲ့ အကြောင်းကို တစွန်းတစ်စ ဖတ်ဖူးကြမှာပါ ။ နောက် ဘာသာရေး စာပေတွေမှာလည်း ကောင်းမှု မကောင်းမှု ၊ ကုသိုလ် အကုသိုလ် ဆိုပြီး အကျိုးပြုစာပေတွေအဖြစ် စိတ်ထားမှုနဲ့ ပတ်သက်ပြီးဖော်ပြ ရေးသားကြတာ တွေ့ဖူးပါလိမ့်မယ် ။ အဲ့ဒီမှာ ဘာသာ အားလုံးလက်ခံတဲ့ အချက်ကလေးကို သတိထားမိပါတယ် ။ အဲ့ဒါကတော့ “ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်” ဆိုတာလေးပါ ။ ကိုယ်က ကောင်းတာလုပ်လိုက်ရင် ကောင်းတဲ့ အကျိုးအဖြစ် ပြန်သက်ရောက်လာတာပါ ။ အဲ့ဒီအကြောင်းကို မှန်တစ်ချပ် ကိုကြည့်သလိုနဲ့ ဥပမာ ပေးကြည့်ချင်မိပါတယ် ။ ဘဝတစ်ခုအတွင်းမှာ ရှိတဲ့ လုပ်ရပ်တိုင်းဟာ ကျနော်တို့ တွေ မှန်ကြည့်တဲ့အခါ … ကိုယ့်ပုံတူ ရုပ်တစ်ခုကိုပြဒါးပေါ်မှာ ပြန်မြင်ရသလိုပါပဲ ..။ ပြုံးပြလိုက်ရင် ပြုံးနေတဲ့ပုံ ၊ မဲ့ပြလိုက်ရင် မဲ့နေတဲ့ပုံ ဆိုပြီး ပေါ်ပါတယ် ဒီလိုပဲ ဘဝ အတွင်းက လုပ်ရပ်တွေဟာလည်း ကိုယ့်ပုံတူရုပ်တွေအဖြစ် ပြန်လည် သက်ရောက်ကြပါတယ် ။
ဒီတော့ ကျနော်တို့အတွက် မှန်တစ်ချပ်ဟာ အမြဲလိုလို ရှိနေပါတယ် ။ ကျနော်တို့အားလုံး မှန်ကြည့်တတ်ဖို့လိုပါတယ် ။ ရိုးရိုးမှန်ကို ဆိုလိုခြင်းမဟုတ်ပါဘူး ။ လောက မှန်ကို ဆိုလိုတာပါ ။ လောကမှန်ရဲ့ သဘောမှာ ကိုယ်က သူများအပေါ် ကောင်းမှုပြုရင် ပြန်လည်သက်ရောက်မှုဟာ ကောင်းကျိုးအဖြစ် ဆက်ဆံရေး ပြေလည်ခြင်း သဘောကောင်းသည်ဟု ထင်မြင်သွားခြင်း စတာတွေ ပြန်လည်ရရှိပါလိမ့်မယ် ။ အကယ်၍ ကောင်းမှု ပြုလိုက်လို့ ဘာမှ မရသည်ရှိအုံး အနည်းဆုံး တဖက်သားရဲ့ သင့်အပေါ်ကျေနပ်တဲ့ အပြုံးတစ်ခုကိုတော့ သင်ရရှိပါလိမ့်မယ် ။ ဒါဟာ ပြဒါးမှန်ရဲ့ သဘောတရားလိုပါပဲ .. ။ ကျနော်တို့တတွေမှာ နေ့စဉ် ကောင်းတာရော ဆိုးတာရော လုပ်ဖြစ်ကြပါလိမ့်မယ် ။ ကောင်းတာလုပ်တာအတွက် မချင့်ချိန်ရင်နေပါ ၊ ဒါပေမဲ့ မကောင်းမှု လုပ်မယ်ဆိုရင်တော့ ကိုယ့်မှာ ရှိနေတဲ့ စိတ်သတိမှန်တစ်ချပ်ကို ခဏ မြင်ကြည့်လိုက်ပါ ။ ငါ မဲ့ရင် သူပြန်မဲ့လိမ့်မယ်ဆိုတာကို အသိထဲ ထည့်ထားလိုက်ပါ ။ အဲ့ဒီလို သတိနဲ့ မှန်ကြည့်ခြင်းအားဖြင့် မမှားသင့်တာတွေ မလုပ်ဖြစ်ဘူး ၊ လုပ်သင့်တာတွေ လုပ်ဖြစ်သွားပြီး .. ဘဝဟာ နေပျော်လာပါလိမ့်မယ် ။
ဘဝမှာ .. ၊ အတွေးတိုင်းမှာ ၊ လုပ်ရပ်တိုင်းမှာ ၊ စကားတိုင်းမှာ ၊ စိတ်ထဲက လေးလေးနက်နက် ပြုမူပြောဆိုမှ သက်ရောက်မှုဟာ လေးနက်တာပါ ။ ပြုမူပြောဆိုမှု မပြုခင် လေးနက်မှုကို ဆောင်ထားလိုက်ပါ ။ သင့်ဘဝရဲ့ ကောက်ကြောင်းတွေဟာ ထင်ရှားလာတာ တွေ့ရပါလိမ့်မယ် …။
တန်ဖိုးရှိသော ဘဝများပိုင်ဆိုင်ကြပါစေ …။
ဘာနေ
၅ရက် ၊ ဖေဖော်ဝါရီ ၊ ၂၀၁၂
No comments:
Post a Comment