အသင်းအဖွဲ့လိုက် လုပ်ဆောင်ခြင်းသည် တစ်ဦးချင်း ဆောင်ရွက်ခြင်းထက်
ပိုမို အောင်မြင်မှု များ ရရှိနိုင်စေသကဲ့သို့ တစ်ခါတစ်ရံ ဆောင်ရွက်ရာတွင်
အုပ်စုတွင်း ပဋိပက္ခများ အုပ်စုငယ် ဖွဲ့မှုများနှင့် ခေါင်းဆောင်နေရာလုမှုများ
အတ္တစွဲများဖြင့် ရန်လိုမှုများကြောင့် အုပ်စုလိုက် ဆောင်ရွက်ခြင်းသည်
အောင်မြင်မှု မရသည်သာမက ပျက်စီးမှုကိုပင် ဖြစ်စေနိုင်ပါသည်။ အစုလိုက်
အဖွဲ့လိုက် ဆောင်ရွက်ရာတွင် သတိပြုသင့်သော အချက်များ ရှိပါသည်။
ဆုံးဖြတ်ချက် မချနိုင်သော အစည်းအဝေးများ ကျေနပ်ဖွယ် ဖြစ်မလာသော
ဆွေးနွေးမှုများ ရင်ထဲမှ နှစ်နှစ်ကာကာ မရှိသော ဆုံးဖြတ်ချက်များ သည်
အဖွဲ့အစည်းကို ဆုတ်ယုတ်စေနိုင်ပါသည်။
အသင်းအဖွဲ့တိုင်းတွင် ခိုင်မာ၍ ရှင်းလင်းပြတ်သားပြီး
ပေါက်မြောက်အောင်မြင်နိုင်သော ရည်မှန်းချက် ရှိရမည်။ ရည်မှန်းချက်
ချမှတ်ရာတွင် ရည်မှန်းချက်သည် ကျစ်လစ်၍ ရှင်းရှင်းလင်းလင်း တိတိကျကျ
ရှိရမည်။ အဖွဲ့ဝင်များက မရှင်းလင်း ထင်သာမြင်သာ မရှိလျှင် အလုပ်ဖြစ်မည်
မဟုတ်ပေ။ အဖွဲ့ဝင်များက ဘာဖြစ်ချင်သည် ဘာကို ဦးတည်နေသည်ကို သူတို့ အဖြေကို
ကြည့်၍ အဖွဲ့၏ ရည်မှန်းချက်ကို သဘောပေါက် နားလည်ခြင်း ရှိမရှိ သို့မဟုတ်
လက်ခံနိုင်ခြင်း ရှိမရှိကို သိရှိနိုင်ပါသည်။ ရည်မှန်းချက်ကို ရရှိအောင်
ဆောင်ရွက်ရာတွင်လည်း ကျွမ်းကျင်မှု အရင်းအမြစ်များ ကို မှန်ကန်စွာ
အသုံချနိုင်မှုနှင့် စိတ်သဘောထား တိုင်ဆိုင် ညီညွတ်မှုများ နှင့် ပြည့်စုံမှ
ရည်မှန်းချက် ပေါက်မြောက် အောင်မြင်နိုင်ပါလိမ့်မည်။ အသင်း
အဖွဲ့ဖြင့်ဆောင်ရွက်သည့်အခါ မိမိစိတ်ကူမိရာ ရည်မှန်းချက်ကို
အဖွဲ့ဝင်များနှင့် ညှိနှိုင်း တိုင်ပင်ခြင်း မရှိပဲ မသတ်မှတ် သင့်ပေ။
အလုပ်မစမီ အဖွဲ့ဝင် အသင်းဝင်များ အားလုံး ကျေကျေ နပ်နပ် နားလည် သဘောပေါ့
လက်ခံဖို့ လိုပါသည်။
အသင်းအဖွဲ့နှင့် ဆောင်ရွက်ရာတွင် တစ်ခါတစ်ရံ လွယ်ကူသည်များ
ရှိသကဲ့သို့ တစ်ခါတစ်ရံ အလွန် သိမ်မွေ့ ခက်ခဲသော စိန်ခေါ်မှုများလည်း
ရှိနိုင်ပါသည်။ အဖွဲ့က သတ်မှတ်ထားသော ရည်မှန်းချက် လုပ်ဆောင်ချက်သည်
မှန်ကန်သော လုပ်ဆောင်ချက် အောင်မြင်အောင် ဆောင်ရွက်နိုင်သော ရည်မှန်းချက်
ဖြစ်သည်ဟု အဖွဲ့ဝင်များ အားလုံးက လက်ခံယုံကြည်ရန် လိုအပ်ပါသည်။
ပင်ပန်းစွာလုပ်ဆောင်ရပြီး ရရှိသည့် ရလဒ်က ပင်ပန်းရကျိုး မနပ်ဟု ယူဆလျှင်
ထိုရည်မှန်းချက်မျိုးကို ချောမောစွာ အကောင်အထည်ဖော်ရန် ခဲယဉ်းပေလိမ့်မည်။
ချမှတ်ထားသော ရည်မှန်းချက် သို့ လုပ်ဆောင်ချက်သည် မှန်ကန်သင့်မြတ်မှု
မရှိဟု အဖွဲ့ဝင်များက ယူဆလျှင် ပူးပေါင်းလုပ်ကိုင်ခြင်းငှာ
အောင်မြင်နိုင်မည် မဟုတ်ပေ။ အစုလိုက် အဖွဲ့လိုက် ဆောင်ရွက်ရန် ချမှတ်ထားသော
ရည်မှန်းချက်သည် တစ်ဦးချင်းလုပ်ဆောင်၍ ပြီးမြောက်နိုင်စွမ်း မရှိသော
ရည်မှန်းချက်မျိုး ဖြစ်ရမည်။ လုပ်ငန်းတစ်ခုကို လုပ်ကိုင်ပြီ ဆိုကတည်း
လူအမြောက်အများနှင့် ဆက်ဆံရမည်ဖြစ်ရာ အစုအဖွဲ့လိုက် ထားရှိသော
ရည်မှန်းချက်သည် တစ်ဦးချင်းနှင့် သက်ဆိုင်သော်လည်း တစ်ဦးချင်း
သီးသန့်ဆောင်ရွက်၍ မရနိုင်သော ရည်မှန်းချက်မျိုး ဖြစ်တတ်ပါသည်။
ဤရည်မှန်းချက်မျိုး ချမှတ်ရာတွင် အဖွဲ့ဝင်တိုင်း နားလည် သဘောပေါက်ရန်
လိုအပ်ပါသည်။ တစ်ခါတစ်ရံ ဆိုလိုရင်းကို နားလည် သဘောပေါက်မှု လွဲ ၍ ပြသနာ
ပေါ်တတ်ပါသည်။ အဖွဲ့လိုက် ဆောင်ရွက်ရာတွင် အောင်မြင်မှု ရရှိစေရန်
ရှင်းလင်းပြတ်သားသည့် တူညီသည့် ရည်မှန်းချက်များ ထားရှိသင့်သည်။ တူညီသော
ရည်မှန်းချက်ကို ရှေးရှု၍ တက်ညီလက်ညီ ချီတက်မှသာ အောင်မြင်နိုင်ပေသည်။
No comments:
Post a Comment