မိတ်ဆွေ သင့်အား ညချစ်သူ၏ စာပေဘဏ်တိုက်မှ နွေးထွေးစွာကြိုဆိုပါတယ်။ အင်တာနက်သည် ကျွန်ုပ်တို့၏ ဗဟုသုတရတနာသိုက်ကြီးနှင့်တူ၏။ လိုချင်သောအရာကိုသာ ယူကြပါကုန်။
Pages
▼
Saturday, February 4, 2012
ရွေးချယ်ခွင့်တွေနဲ့ လူ
ကျနော် ရေးတဲ့စာတွေအားလုံးဟာ ကျနော့်ကိုယ့်ကိုယ် ကျနော် ပြန်ဆုံးမနေတာတွေရယ် ၊ တွေးတောမိတဲ့ အကြောင်းအရာတွေရယ် ၊ သတိတရ ရှိတာတွေပါပဲ ။ ဆုံးမတယ်ဆိုတဲ့ စကားမှာ ကျနော့်ကိုယ်ကိုယ် ပြန်ကြည့်မိတဲ့အခါ ဘာတွေလုပ်ဖို့ လိုသလဲ ဆိုတဲ့အချက်တွေ ထွက်လာပါတယ် ။
ဒီတော့ .. ငါ လုပ်ဖို့ လိုတာတွေပါပဲ ဆိုပြီးသိလိုက်တယ် ။ ဒါပေမဲ့ ထိထိရောက်ရောက် နည်းပါတယ် ဘာလို့လဲဆိုရင် ကျနော်ကိုယ်တိုင်ကိုက သိသလောက် မလုပ်ဖြစ်တာကတော့  ချွင်းချက်ပါပဲ ။ အခုအချိန်ထိ ကျနော်ကိုယ်တိုင်လည်း .. ဒုက္ခသုက္ခတွေကြားမှာပဲ မလွန်မြောက်နိုင်သေးပါဘူး ။ ခုလိုရေးနေတယ်ဆိုတာကတော့ ကျနော်ရေးတဲ့စာကို လာဖတ်သူရဲ့ စိတ်ရေကန်ကြီးထဲကို ရေပေါက်တစ်စက် ဖြစ်ဖြစ် … ရောက်သွားစေချင်တဲ့ ဆန္ဒကြောင့်ပါ ။ ရေကန်ကြီးတစ်ခုအတွက် ရေတစ်စက်လောက် ရောက်သွားတယ်ဆိုရင်ကိုပဲ .. ကျနော့်ရဲ့ စိုက်ထုတ်အား ၊ တွေတောအား ၊ လက်ညောင်းတဲ့ဒဏ်တွေ အတွက် အဖိုးအခအဖြစ် ကျေနပ်နေမှာပါ ။
ခုလည်းပဲ .. ရွေးချယ်ခွင့်ဆိုတာကို ဆွေးနွေးတင်ပြချင်ပါတယ် ။ လူတစ်ယောက် လူဖြစ်လာပြီဆိုရင် အချိန်တိုင်း အချိန်တိုင်းဟာ ရွေးချယ်ခွင့်တွေနဲ့ချည်းပါပဲ ..။ ဒါကို ကျနော်တို့ သတိထားမှု နည်းပါတယ် ။ ကျနော်ကိုယ်တိုင် သတိထားပြီး နေပေးမှု နည်းပါတယ် ။ ဘယ်လို ရွေးချယ်ရမလဲ ဆိုတဲ့အပေါ်မှာ ဥပမာတစ်ခု တင်ပြချင်ပါသေးတယ် ။ လူတစ်ယောက်ကို .. ရွေးချယ်မှုတစ်ခု ပေးကြည့်ပါမယ် ။ တစ်ထောင်တန် တစ်ရွက်နဲ့ တစ်ရာတန်တစ်ရွက် ကြိုက်တာယူ လို့ ရွေးခိုင်းမယ်ဆိုရင် ထိုလူဟာ .. ဘယ်ဟာကိုရွေးမလဲ ။ တစ်ထောင်ပဲ ရွေးကြမဲ့သူချည်းပဲလို့ ထင်မိပါတယ် ။ တစ်ထောင်ဟာ တစ်ရာထက် ပိုမှန်း သိတဲ့ စိတ်ကြောင့် တစ်ထောင်တန်ကို ရွေးလိုက်ခြင်းပါ ။ တစ်ထောင်ဟာ တစ်ရာထက် ဘာလို့ ပိုတာလဲ ဆိုတာ စဉ်းစားကြည့်ပါ ။ တစ်ရာအတွက် တစ်ရာတန် မုန့်တစ်ခုပဲရပြီး ။ တစ်ထောင်အတွက် တစ်ရာတန် မုန့် ဆယ်ခုရနိုင်လို့ပါပဲ ။ အဲ့ဒီလို ရွေးချယ်မှုနေရာမှာ အသိဥာဏ်ရှိမှုနဲ့ ပိုင်းဖြတ်သွားတယ်လို့ ယူဆမိပါတယ် ။
အထက်က ဥပမာလိုပဲ .. ကျနော်တို့တတွေအားလုံး ရွေးချယ်မှု အပိုင်းမှာ အသိဥာဏ်ကိုသုံးဖို့ သတိပေး ပြောကြားလိုပါတယ် ။ ကျနော်တို့အများစုဟာ ရုပ်ဝတ္ထုပိုင်းကိုသာ ပိုအားထားတတ်ကြပြီး စိတ်ပိုင်းဆိုင်ရာကို အားထားလေ့ နည်းကြပါတယ် ။ အဓိကကတော့ အဲ့ဒါ ပြဿနာပါပဲ ။ ယခု ရွေးချယ်ဖို့ ပြောချင်တာကတော့ စိတ်ပိုင်းဆိုင်ရာ ရွေးချယ်မှုပါပဲ ။ လက်ရှိ ဘဝက ကျနော်တို့အတွက် စက္ကန့်များ ၊ မိနစ်များ ၊ နာရီ များ ကအစ နေ့ရက် နှစ်တွေမြောက်များစွာ ပေးထားပါတယ် ။ အဲ့ဒီ စက္ကန့်တိုင်းမှာလည်း လိုချင်တာယူဆိုပြီး ရွေးချယ်ခွင့်တွေလည်း ရှိပြန်ပါသေးတယ် ။ ရွေးချယ်ခွင့်တိုင်းအတွက် လျှော်ညီသော ပေးအပ်မှုတွေလည်း ရှိပါတယ် ။ ဒါဆိုရင် တစ်ထောင်ယူမလား တစ်ရာယူမလား ဆိုတာ ရွေးချယ်သူ ကျနော်တို့ရဲ့ အသိဥာဏ်နဲ့ ရွေးချယ်မှုအပေါ်မှာ မူတည်ပါတယ် ။
ကျနော်တို့ စိတ်အိမ်မှာ … စက္ကန့်တိုင်း.. ဖြစ်နေတဲ့စိတ်ထား ကို ခေတ္တမျှ တွက်ဆကြည့်စေချင်ပါတယ် ။ တစ်မိနစ်အတွင်း စိတ်ထဲမှာ ဘယ်ဟာကို ပိုလက်ခံနေမိသလဲ ဆိုတာပါ ။ ဒေါသလား ၊ မောဟ လား ၊ လောဘ လား၊ ဝန်တိုခြင်းတွေလား ၊ မနှစ်မြိုခြင်းတွေလား ၊ ပူပန်မှုများလား ၊ သောကတွေလား စသည်စသည့် တွေ ဖြစ်နေသလား ။ အဲ့ဒီလို စိတ်ဆိုး စိတ်ညစ်ဆိုတာတွေဟာ အလိုလိုတော့ ဖြစ်လာတာမဟုတ်ပါဘူး . ။ အကြောင်း ရှိလို့ ဖြစ်ဖြစ်လာတာပါ ။ စိတ်ဆိုး စိတ်ညစ်စရာ အကြောင်းတွေရှိလို့ ဖြစ်လာတာမှန်ပေမဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်ချက်တွေအပေါ်မှာ ကိုယ့်ကိုယ်တိုင်ရဲ့ ခံယူမှုအသွင်ကို ပြောင်းလဲ ကြည့်မယ်ဆိုရင်ရော မဖြစ်နိုင်ဘူးလား ဆိုတာ တွေးကြည့်စေချင်ပါတယ် ။
လူတစ်ယောက်က ကိုယ့်ရှေ့မှာ ပေါ်ပေါ်တင်တင် ကဲ့ရဲ့တဲ့အခါ သာမန်အားဖြင့် ပြန်ပြောဖြစ်လိမ့်မယ် ၊ မုန်းတဲ့ စိတ်လည်း ဖြစ်မယ် ၊ ထိုလူရဲ့ ငယ်ကျိုးငယ်နာကိုပြန်တွေးမိမယ် ၊ အလျင်သင့်ရင် ပြန်ကဲ့ရဲ့မိတဲ့အဖြစ် ဆိုတာတွေ ဖြစ်နေပါလိမ့်မယ် ။ အဲ့ဒီ အခြေအနေမှာ အတွေ့အကြုံ ရင့်ကျက်သူတစ်ယောက်ဟာ တဖက်သူအတွက် ပြန်လည်တုံ့ပြန်ချက်တွေအစား ပိုကောင်းတဲ့ လမ်းကို ရွေးချယ်တတ်လေ့ ရှိပါတယ် ။ တဖက်သူက ပြောတဲ့အတိုင်း ကိုယ်ကိုယ်တိုင်က မှန်နေရင် ကိုယ့်ကိုယ်ကို ပြုပြင်ပြီး နေတာမျိုး ၊ အကယ်၍ တဖက်က အထင်လွဲနေတယ်ဆို မေတ္တာထားတာမျိုး တွေနဲ့ တုံ့ပြန်မှ ကိုယ်ဟာ တန်ဖိုးမြင့်တဲ့သူ ဖြစ်ပါလိမ့်မယ် ။ လေတိုက်တိုင်း ယိမ်းနေရင် .. လူ့လောက လေထန်ကုန်းပေါ်မှာ မလူးသာမလွန့်သာ လောကဓံရဲ့ ကြိုးဆွဲရာ ကနေရမှာပေါ့ ။ ဒီတော့ လေတိုက်တိုင်း မယိမ်းဖို့လိုပါတယ် ။ ဒါမှ ကိုယ့်ကိုယ်ကို လေးစားစိတ်တွေ ဖြစ်လာပြီး မိမိပတ်ဝန်းကျင်နဲ့ မိမိဘဝမှာ နေပျော်လာပါလိမ့်မယ် ။
အဲ့ဒီလို ရွေးချယ်မှုတွေ အပြင် တစ်ယောက်တည်း နေတဲ့အချိန်တွေမှာရော တွေးတောမှုအပိုင်းမှာ .. မကောင်းတဲ့စိတ်တွေကို လက်မခံပဲ စိတ်ကောင်းစိတ်မြတ်များကိုသာ လက်ခံတတ်ဖို့ လိုပါတယ် ။ ရွေးချယ်ခြင်း ဖြစ်လာဖို့ သတိရှိပါမှ ဖြစ်ပါလိမ့်မယ် ။ သတိ က ဘယ်ကရှိလာမလဲဆိုရင် သတိထားမှုကို မွေးမြူပါမှ ရှိလာပါမယ် ။ လုပ်နေကိုင်နေ ပြောနေတာတွေကို သတိထားပြီး လုပ်ကိုင်ပြောနေဖို့ ကိုယ့်ကိုယ်ကို စိုက်ထုတ်ပေးထားဖို့လိုပါတယ် ။ တဖြည်းဖြည်းနဲ့ သင်သည်လည်း ဖြူစင်ခြင်း ၊ ရိုးဖြောင့်ခြင်း ၊ တည်ငြိမ်ခြင်းတွေပိုင်ဆိုင်တဲ့ လူသားတစ်ယောက် ဖြစ်လာမှာ သေချာပါပဲ ။ အဲ့ဒီအတွက် ဘာကိုရွေးမလဲ ။ ကိုယ်ရွေးချယ်မဲ့ စိတ်ထားတွေနဲ့ ခံယူမှုတွေဟာ တစ်ထောင်လား ၊ တစ်ရာလား သေချာ ကွဲပြားစွာ မြင်ဖို့လိုပါတယ် ။ ပစ္စုပ္ပန်ရဲ့ ဖြစ်စဉ်ကိုမြင်နိုင်ဖို့ စိတ်မျက်စိကို ဖွင့်ထားပါ ။ ထို့အတွက် ကိုယ့်ကိုယ်ကို နောက်ထပ် စောင့်ကြည့်တဲ့ စိတ်တစ်ခုနဲ့ ထပ်ရံလိုက်ပါ ။ ကိုယ်ကိုယ်တိုင်ဟာလည်း လူ့ဘဝကိုဘယ်လို နေရမယ်ဆိုတာ အလိုလိုသိလာပါလိမ့်မယ် ။
ပျော်ရွှင်ချမ်းမြေ့ခြင်းနှင့်အတူ မျက်နှာပေါ်က အပြုံးများအား တန်ဖိုးထားနိုင်ကြပါစေ ….။
ဘာနေ
၂၈ရက် ၊ ဇန္နဝါရီ ၊ ၂၀၁၂
No comments:
Post a Comment