Pages

Thursday, February 2, 2012

လုပ်ငန်းထူထောင်ရေး စီမံချက်အား စစ်ဆေးခြင်း





မိမိရေးဆွဲထားသော လုပ်ငန်းစီမံချက်ကို စတင် အကောင်အထည် ဖော်နိုင်ရေးအတွက် စီမံခန့်ခွဲရေးအရ၊ ဈေးကွက် ဖော်ဆောင်မှုနှင့် အရောင်း လုပ်ငန်းပိုင်းအရ၊ ငွေရေးကြေးရေး အရ ကြိုတင် စီမံ ဆောင်ရွက်ထားရှိရမည့် လုပ်ရပ်များ မည်သည့် အတိုင်းအတာအထိ ပြီးစီးနေပြီလဲ ဆိုတာကို Chicklist များရေးဆွဲပြီး အရင်ဦးစွာ စစ်ဆေးရသည်။ စီမံချက်ရေးဆွဲရေး လုပ်ငန်းစဉ် အဆင့်(3)တွင် လုပ်ငန်းပိုင်းဆိုင်ရာ အဓိက အကြောင်းအချက်များ (essential business factors) ကို စူးစမ်းလေ့လာခဲ့စဉ်က စီမံခန့်ခွဲရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ checklist တွေကို ပြုစုဆောင်ရွက်ခဲ့ ဖူးပါသည်။ ထိုစဉ်က ပြုစုခဲ့သော  checklist တွေမှာ အခြေခံအားဖြင့် စီမံချက်ရေးဆွဲရေးကို ဇောင်းပေးခဲ့ပါသည်။ ယခုလုပ်ငန်းစီမံချက်ကို အပြီးသတ်ရေးဆွဲပြီးဖြစ်သည်နှင့်အညီ အကောင်အထည်ဖော်ရေးကို ဇောင်းပေးသော checklist တွေကို ပြုစုဆောင်ရွက်ရန် လိုအပ်လာပြန်ပါသည်။ ထို့အတွက် ယခင် checklist တွေကိုပင် ဖြည့်စွက်ချဲ့ထွင်ခြင်းဖြင့်  အကောင်အထည် ဖော်ရေးအတွက် မိမိ၏ စီမံဆောင်ရွက် ထားရှိမှုများကို စစ်ဆေးရပါသည်။ တစ်နည်းဆိုရသော် checklist ပါ မေးခွန်းများအရ မိမိ၏ စီမံဆောင်ရွက်ထားရှိမှုများဟာ ကျေနပ်လက်ခံနိုင်ဖွယ်ရာ ရှိပြီလားဆိုတာကို ဆန်းစစ် အဖြေရှာ ရခြင်းဖြစ်ပါသည်။


စီမံခန့်ခွဲရေး (Management Checklist)
 - မိမိအပါအ၀င် မိမိရဲ့ စီမံခန့်ခွဲရေးအဖွဲ့ဝင်တွေမှာ တွေ့ကြုံရမည့် လုပ်ငန်းအခက်အခဲတွေကို ဖြေရှင်းကျော်လွှားလိုစိတ်၊ လုပ်ငန်းတိုးတက်အောင်မြင်မှုအတွက် အားသွန်ခွန်စိုက် လုပ်ကိုင်လိုစိတ် ရှိကြပါသလား။
- လျာထား သတ်မှတ်ချက်များနှင့် အညီ ကုန်စည်ဝန်ဆောင်မှုများ ထုတ်လုပ်ရောင်းချနိုင်ရေးအတွက် လိုအပ်သည့် နည်းပညာကျွမ်းကျင်မှုတွေ မိမိနှင့် မိမိရဲ့ စီမံခန့်ခွဲရေး အဖွဲ့ဝင်တွေမှာ  ရှိကြပါသလား။
- မိမိပစ်မှတ်ထားတဲ့ customer တွေ မိမိရောင်းချမည့် ကုန်စည်၊ ၀န်ဆောင်မှုများကို ၀ယ်ယူလာကြအောင် ရောင်းချနိုင်မည့် အစွမ်းအစ မိမိနှင့် မိမိရဲ့ စီမံခန့်ခွဲရေး အဖွဲ့ဝင်တွေမှာ ရှိကြပါသလား။
- customer တွေရဲ့ ၀ယ်ယူ သုံးစွဲမှု အပြောင်းအလဲ ရှိရင်ရှိသလို လုပ်ငန်းစီမံချက်ကို လိုက်လျောညီထွေဖြစ်အောင် မဆိုင်းမတွ ပြင်ဆင် ပြောင်းလဲရေးဆွဲလိုသည့် ဆန္ဒ မိမိမှာ ရှိပါသလား။
- မိမိအပါအ၀င် အချက်အချာကျသော မန်နေဂျာများ ကျွမ်းကျင်မှုနှင့် အချိန်ကို အထိရောက်ဆုံးအသုံးပြုနိုင်ရေးအတွက် စီမံခန့်ခွဲနိုင်သည့် အစွမ်းအစ ရှိကြပါသလား။
- မိမိရွေးချယ်ထားသည့် လုပ်ငန်းတည်နေရာဒေသမှာ လိုအပ်သည့် ကျွမ်းကျင်ဝန်ထမ်းတွေ ရရှိအောင် ရှာဖွေ စုစောင်းနိုင်ပါမည်လား။
- လုပ်ငန်းခွင်အခြေအနေ ၊ လုပ်ခ၊ လစာနှင့် ခံစားခွင့်တွေက ၀န်ထမ်းတွေကို လုပ်ငန်းခွင်မှာ မြဲနေအောင် ဆွဲဆောင်ထားနိုင်မည်လား။
- အထူး ကျွမ်းကျင် ၀န်ထမ်းတွေ (ဥပမာ – စက်ယန္တရားကြီးများ ကိုင်တွယ် မောင်းနှင်တတ်သူကို ) ငှားရမ်း အသုံးပြုရမည် ဆိုပါကရှာဖွေ စုစောင်းနိုင်ပါမည်လား။ လုပ်ငန်းခွင်မှာ မြဲနေအောင်  ဆွဲဆောင် ထားနိုင်ပါမည်လား။
- ၀န်ထမ်းများအတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ လုပ်ငန်းခွင် ဘေးအန္တရာယ်အာမခံ၊ အိုနာစာရန်ပုံငွေ အစရှိသော အထူးအစီအစဉ်တွေ ဆောင်ရွက်ပေးဖို့ ဆုံးဖြတ် ထားပါသလား။


ဈေးကွက်ဖော်ဆောင်ရေးနှင့် အရောင်း (Marketing and Sales Checklists)

- မိမိရောင်းချမည့်ကုန်စည်၊ ၀န်ဆောင်မှုတွေမှာ ဘယ်လိုမျိုးထူးခြားတဲ့ ၀ိသေသလက္ခဏာတွေရှိပါသလဲ။
- မိမိရောင်းချမည့် ကုန်စည်၊ ၀န်ဆောင်မှုတွေကို Customer တွေ ၀ယ်ယူသုံးစွဲကြလိမ့်မည်လို့ ဘာကြောင့် ဆိုနိုင်ရပါသလဲ။
- မိမိရဲ့ကုန်စည်၊ ၀န်ဆောင်မှုတွေကို သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေအရ ရောင်းချနိုင်လိမ့်မည်ဆိုတာ သေချာပါပြီလား။
- မိမိသတ်မှတ်ထားတဲ့ ဈေးနှုန်းတွေအရ လုပ်ငန်းအတွက် အမြတ်အစွန်းဖြစ်ထွန်းနိုင်ပါသလား။
- မိမိရဲ့လုပ်ငန်းမှာ ငွေကြေးအကျပ်အတည်း (cash shortage) မဖြစ်ပေါ်နိုင်ဘူးဆိုတာ သေချာပါသလား။
- Customer တွေက မိမိရဲ့ ပြိုင်ဘက်တွေ ရောင်းချနေတဲ့ အမျိုးတူကုန်ပစ္စည်း၊ ၀န်ဆောင်မှုများကို မ၀ယ်ကြဘဲ မိမိရောင်းချတဲ့ကုန်စည်၊ ၀န်ဆောင်မှုများကိုပဲ ၀ယ်ယူ သုံးစွဲကြလိမ့်မယ်လို့ ဘာကြောင့် ပြောနိုင်ရတာလဲ။
- မိမိရဲ့ကုန်စည်၊ ၀န်ဆောင်မှုတွေကို ဈေးကွက်တင်ရောင်းချဖို့ မိမိရည်မှန်းထားတဲ့အချိန်ဟာ သင့်မြတ်တဲ့ အချိန်အခါဖြစ်ပါသလား။ ဈေးကွက်တင်သည့်အချိန်သည် Customer တွေ ၀ယ်ယူလိုသည့် အချိန်ဖြစ်ပါသလား။
- ဈေးကွက် ပြောင်းလဲဖြစ်ပေါ်မှုများနှင့် လိုက်လျောညီထွေဖြစ်အောင် မိမိရဲ့ ကုန်စည်၊ ၀န်ဆောင်မှုများကို ပြုပြင် မွမ်းမံထုတ်လုပ်ရောင်းချနိုင်စွမ်း သို့တည်းမဟုတ် ကုန်စည် အမယ်သစ် ထုတ်လုပ် ရောင်းချနိုင်စွမ်း မိမိမှာ ရှိပါသလား။
- မိမိရဲ့ ကုန်စည် ၀န်ဆောင်မှုတွေကို ဘယ်လို ကြော်ငြာမလဲ၊ ဘယ်လို အရောင်းမြှင့်တင်မလဲ၊ ဘယ်လောက် အကုန်အကျ ခံမလဲဆိုတာတွေကို စေ့စေ့ငုံငုံ စီစစ်သုံးသပ် တွက်ချက်ပြီးပြီးလား။
- ဖောက်သည် ဖြစ်လာနိုင်ခြေ ရှိသူတစ်ဦးဦးနှင့် တွေ့ဆုံပြီး မိမိရဲ့ ကုန်စည်၊ ၀န်ဆောင်မှု အကြောင်းကို ပြောဆို ဆွေးနွေးဖူးပါသလား။
- မိမိထံမှ ၀ယ်ယူအားပေးမည့် အလားအလာရှိသူ Customer တွေရဲ့ မေးမြန်း စူးစမ်းချက်တွေကို Follow- Up လုပ်နိုင်မည့် အစီအစဉ် ချမှတ်ထားပြီးပြီးလား။
- ၀ယ်ယူ သုံးစွဲသူတို့ရဲ့ လိုအပ်ချက်တွေ၊ ၀ယ်ယူ သုံးစွဲမှု အပြုအမူတွေ၊ ဈေးကွက် အခြေအနေတွေ၊ ဈေးကွက် အခြေအနေတွေ ပြောင်းလဲခဲ့သည် ရှိသော် ယင်းအပြောင်းအလဲ တွေနဲ့အတူ  ရင်ပေါင်တန်း လိုက်နိုင်မည့်  နည်းလမ်းတွေ ရှာဖွေ ကြံဆ ထားပြီးပြီလား။ အစီအစဉ်တွေ ချမှတ် ထားပြီးပြီလား။
- မိမိရဲ့ ကုန်စည်များကို လက်ကား ဆိုင်ကြီးတွေ၊ ဖြန့်ချီရေး ကိုယ်စား လှယ်တွေ အစရှိသော ကြားခံ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်တွေ (intermediaries) မှတစ်ဆင့် ဖြန့်ချီ ရောင်းချမှာလား။ သို့ဆိုလျှင် ယင်းကြားခံ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်တွေက မိမိရဲ့ ကုန်စည်များအတွက် အရောင်းမြှင့်တင်ရေးကို ဆောင်ရွက်ပေးကြ လိမ့်မယ်လို့ စိတ်ချ ယုံကြည် နိုင်ပါသလား။


ငွေရေးကြေးရေး (Money Management Checklist)

- မိမိရဲ့ လုပ်ငန်းဟာ အမြတ်အစွန်း ရရှိနိုင်တဲ့ လုပ်ငန်းဖြစ်ပါသလား။
- ဓာတ်အားခ၊တယ်လီဖုန်းခ၊ ငှားရမ်းခအစရှိသော ငွေတောင်းခံလွှာတွေ (bills) တွေကို အချိန်မီ ပေးဆောင်နိုင်စွမ်းရှိပါသလား။
- လုပ်ငန်း အောင်မြင် ဖြစ်ထွန်းမှုအတွက် (အထူးသဖြင့် လုပ်ငန်းလည်ပတ်မှုရဲ့ ကနဦးအစကာလပိုင်းမှာ ) ဘယ်လို မျိုးငွေကြေး အရင်းအမြစ်တွေ (Financial resources) လိုအပ်ပါသလဲ။
- လုပ်ငန်းမှာ လိုအပ်တဲ့ ငွေကြေးအရင်းအမြစ်တွေကို ထည့်ဝင်ရင်းနှီးမြှပ်နှံဖို့ဆုံးဖြတ်ချက်အခိုင်အမာ ချပြီးပြီးလား။
- သင့်တင့် လျှောက်ပတ်တဲ့ အတိုးနှုန်းဖြင့် ချေးငွေရယူနိုင်ပါမည်လား။
- ရယူထားတဲ့ ချေးငွေအတွက် အတိုးနှင့် အရင်းကို သတ်မှတ်ထားတဲ့ကာလအတွင်းမှာ မပျက်မကွက် ပြန်လည်ပေးဆပ်နိုင်ပါမည်လား။
- လုပ်ငန်း အသုံးစရိတ်များနှင့် စပ်လျဉ်းပြီး ဘာ့အတွက် ကျခံရမည်၊ ဘယ်လောက် ကျခံရမည်၊ ဘယ်အချိန်မှာ ကျခံရမည် စသည်တို့ကို ခန့်မှန်းတွက်ချက် စာရင်းပြုစု ထားပြီးပါသလား။
- အထူးသဖြင့် ငွေလုံးငွေရင်း လိုအပ်ချက် (capital requirements) နှင့် လှည့်လည် ငွေရင်းလိုအပ်ချက် (working capital requirements) တို့အတွက် လေ့လာ စူးစမ်းချက်များကို စေ့စေ့စပ်စပ် ဆောင်ရွက် ထားပြီးပါသလား။
- ဘယ်အချိန်မှာ လုပ်ငန်းဝင်ငွေ စတင် ရရှိနိုင်မလဲဆိုတာကို ရှင်းရှင်းလင်းလင်း ခန့်မှန်းသိရှိနိုင်ပါပြီလား။
- လုပ်ငန်းအတွက် ဘယ်လိုမျိုးအာမခံ၊ လုပ်ငန်းလိုင်စင်၊ ဌာနဆိုင်ရာ ခွင့်ပြုချက်တွေ လိုအပ်သလဲဆိုတာကို သေသေချာချာ သိရှိပြီးပါပြီလား။
- လိုအပ်တဲ့ အာမခံ၊ လုပ်ငန်းလိုင်စင်၊ ဌာနဆိုင်ရာ ခွင့်ပြုချက်တွေ အချိန်မီ ရရှိရေးအတွက် အစီအစဉ် ချမှတ်ထားပြီးပြီးလား။
- လုပ်ငန်းအတွက် ဘယ်လိုမျိုး သတင်း အချက်အလက်တွေ၊ အကြံဥာဏ်တွေ၊ ပြင်ပ အကူအညီတွေ လိုအပ်သလဲ ဆိုတာကို ကွဲကွဲပြားပြား သိရှိပြီးပါသလား။
- လုပ်ငန်းအတွက် လိုအပ်တဲ့ သတင်း အချက်အလက်တွေ၊ အကြံဥာဏ်တွေ၊ ပြင်ပ အကူအညီတွေကို ဘယ်နေရာကနေ ရရှိနိုင်သလဲဆိုတာကို သိရှိပြီးပါပြီလား။
-လုပ်ငန်း ထူထောင်ရာမှာ ဖြစ်စေ၊ လုပ်ငန်း လည်ပတ်ရာမှာ ဖြစ်စေ၊ ယခင်က မတွေ့ခဲ့ မကြုံခဲ့ဖူးသော အခက်အခဲ၊ ပြဿနာမျိုးတွေ ဖြစ်နိုင်ပါသလဲ။ ဘယ်လို ဖြေရှုင်း နိုင်ပါသလဲ။
- ပုံသေ ပစ္စည်းများအတွက် လုံလောက်သော တန်ဖိုးလျော့ထားမှု သတ်မှတ် ထားပြီးပါပြီလား။
- နည်းပညာအရ စောလျဉ်းစွာ ခေတ်ကုန်သွားနိုင်သော စက်ကိရိယာများကို အစားထိုးနိုင်ဖို့အတွက် လုံလောက်သော ရန်ပုံငွေများ သတ်မှတ်လျာထားပြီးပါပြီလား။
- အဆောက်အအုံ၊ စက်ယန္တရား အစရှိသည်တို့ကို ငှားရမ်းအသုံးပြုထားရသည်ဆိုပါက၊ အငှားစာချုပ်သက်တမ်း တိုးသည့်အခါ  ငှားရမ်းခတွေ ရုတ်ချည်းဆိုသလို မတန်တဆ တက်သွားခဲ့သည် ရှိသော် ဘယ်လို ရင်ဆိုင် ဖြေရှင်းမလဲဆိုတဲ့ နည်လမ်းတွေကို ရှာဖွေကြံဆ ထားပြီးပါပြီလား။
- ဘဏ်နှင့် မိမိတို့အကြား နွေးထွေး ခိုင်မာသော ဆက်ဆံရေးကို ဖော်ဆောင်ထားပြီးပါပြီလား။


လုပ်ငန်းနေရာ (Location Checklist)

- မိမိ ရွေးချယ်ထားသော လုပ်ငန်းနေရာနှင့် အဆောက်အအုံတွေဟာ လုပ်ငန်းရဲ့ ရည်ရွယ်ချက်၊ သဘော သဘာဝတွေနှင့် ကိုက်ညီပါရဲ့လား။
- မိမိရဲ့ လုပ်ငန်း ပရ၀ဏ်အတွင်းမှာ လုပ်ငန်းအတွက် လိုအပ်တဲ့ လိုအပ်တဲ့ ရေနုတ်မြောင်း၊ လေ၀င်လေထွက် ၊ ဗို့အားမြင့် လျှပ်စစ်ဓာတ်အား အစရှိသည်တို့ ပြည့်ပြည့်စုံစုံ ရရှိပါသလား။
- ထုတ်လုပ်မှုအတွက် ၊ သိုလှောင်မှုအတွက်၊ အရောင်းဆိုင်ခန်းအတွက် နေရာအကျယ်အ၀န်း လုံလုံလောက်လောက် ရှိပါသလား။
- အရေးပါသော စက်ယန္တရားကြီးများ ပြုပြင်မွမ်းမံထိန်းသိမ်းရေးအတွက် လုံလောက်သော အစီအစဉ် ချမှတ်ထားပြီးပြီးလား။
- လုပ်ငန်းသုံးကုန်ကြမ်းတွေ လုံလုံလောက်လောက် ရရှိဖို့ဆိုတာ သေချာပြီလား။

အထက်ဖော်ပြပါ checklist တွေအရ တိုက်ဆိုင်စစ်ဆေးခြင်းသည် မိမိရေးဆွဲထားသော လုပ်ငန်းထူထောင်ရေး စီမံချက်၏ လက်တွေ့ဖြစ်နိုင်ခြေကို မှတ်ကျောက်တင်ခြင်းပင် ဖြစ်ပါသည်။ မိမိ၏ စီမံဆောင်ရွက်ထားရှိမှုများ လက်ခံနိုင်ဖွယ်ရာ၊ စိတ်ကျေနပ်ဖွယ်ရာရှိကြောင်း၊ သေချာမှသာ လုပ်ငန်းစီမံချက်ကို စတင်အကောင်အထည်ဖော်သင့်ပါသည်။ ဤသို့ ဆိုရသည်မှာ အကောင်အထည် ဖော်ရေးအတွက် စီမံထားရှိမှုများ အားနည်းပါက တစ်ပိုင်း တစ်စနှင့် ထူထောင်ရေးလုပ်ငန်း ရပ်ဆိုင်း သွားရတာမျိုး၊ သို့တည်းမဟုတ် ထူထောင်ရေး လုပ်ငန်း ပြီးစီးသော်ငြား လုပ်ငန်းပုံမှန် လည်ပတ်သည့်အခါ အခက်အခဲတွေနှင့် ကြုံတွေ့ရတာမျိုး ရှိနိုင်သောကြောင့် ဖြစ်သည်။

No comments:

Post a Comment