Thursday, November 3, 2011

အီစွတ်ပုံပြင်များ (၃)

ဦးချိုကြောင့် ဒုက္ခတွေ့



သမင်ထီးတစ်ကောင်ဟာ ရေဆာလို့စမ်းချောင်းကလေး တစ်ခုဆီလာခဲ့တယ်. . . ရေသောက်ပြီးတဲ့အခါ သူ့အရိပ်ကို ရေပြင်မှာ သတိပြုမိတယ်.

ရှည်ပြီး ထူးခြားစွာလှပနေတဲ့ သူ့ ဦးချိုတွေကြောင့် ဂုဏ်ယူနေမိတယ်.. . ဒါပေမယ့် သေးသွယ်ပြီး မလှပတဲ့ သူ့ခြေထောက်တွေကြောင့် အလွန်စိတ်ပျက်သွားလေရဲ့. . .

အဲသလိုဖြစ်နေဆဲမှာ ခြင်္သေ့တစ်ကောင်ဟာ ဘွားခနဲပေါ်လာပြီး သူ့ကို လိုက်တာပေါ့. . . . . သမင်ဟာ သူ့ရဲ့မလှပဘူးလို့ ထင်နေတဲ့ သူ့ခြေထောက်တွေနဲ့ အမြန်ဆုံးထွက်ပြေးနိုင်ခဲ့ပါတယ်. .

ဒါပေမယ့် သမင်ဟာ ကွင်းပြင်ထဲမှာ အန္တာရယ်ကလွတ်အောင် ပြေးနိုင်ပေမယ့် တောထဲရောက်တဲ့အခါ သူ့ဦးချိုဟာ သစ်ကိုင်းနဲ့ငြိသွားတယ် . . . သူ ဆက်မပြေးနိုင်တော့ဘူး . . ဒီလိုနဲ့ ခြင်္သေ့ဟာ သူ့ကို မိသွားပါလေရော. . .

သူမသေခင်လေးမှာ သူနောင်တရသွားတာက . . .

" အင်း ငါ့ခြေထောက်ကို စိတ်ပျက်ခဲ့မိတယ်. . . . သူအသုံးဝင်မှန်းခုမှငါသိတယ်. . . ငါအထင်ကြီးခဲ့တဲ့ ဦးချိုကြောင့် ငါဟာ ခြင်္သေ့စာဖြစ်ရတာပါလား . . . " လို့နောင်တတွေရသွားခဲ့ပါတယ်.. .

(မိတ်ဆွေတွေထဲမှာ ဘယ်သူဟာ မှန်ကန်သစ္စာရှိမယ်. . . ဘယ်သူဟာ စိတ်မချသင့်ဘူးဆိုတာ လက်တွေ့ကျတော့ သိရတာပဲ. . . အလှအပထက် အသုံးကျမှုကို တန်ဖိုးထားတတ်ရမယ်. .)


ယုံမိတဲ့အမှား

 

 









ဝံပုလွေတစ်ကောင်ဟာ သိုးအုပ်နောက်က လိုက်နေတာပေါ့. . . ဒါပေမယ့် သိုးတွေကို အန္တာရယ် မပြုဘူးတဲ့ . .

ပထမတော့ သိုးထိန်းဟာ သူဟာသိုးတွေကို ရန်ပြုမယ့်ကောင်လားလို့ စိုးရိမ် သတိထားနေရတယ်. . .

ဝံပုလွေက သိုးတွေနောက်က အမြဲလိုက်နေတယ်. . သူတို့ကိုလည်း အန္တာရယ် နည်းနည်းမှ မပြုဘူး ဒါကြောင့် ကြာလာတော့ သိုးထိန်းက ၀ံပုလွေကို ယုံစားသွားတယ်. .

"ဒီဝံပုလွေဟာ သိုးတွေကို ကိုက်မစားဘူး . . . င့ါသိုးတွေကို သူ ကူညီထိန်းကျောင်းပေးနေတာပဲ. . . ."
ဒီလိုနဲ့သိုးထိန်းဟာ မြို့ကို သွားရမယ့် ကိစ္စတစ်ခု ပေါ်လာပါရော . . . . သိုးထိန်းဟာ ၀ံပုလွေကို သိုးတွေနဲ့ စိတ်ချလက်ချ အပ်ခဲ့တာပေါ့ . . .

ဝံပုလွေဟာ သူ့အခွင့်အရေးကို လက်လွတ်မခံပါဘူး . . . သူ့လက်ချက်ကြောင့် သိုးတွေအတော်များများ သေဆုံးကုန်တယ် . . . သူကစားပစ်တာကိုး . . . သိုးထိန်းပြန်ရောက်လာတဲ့အခါမှ သိုးတွေ ဆုံးရှူံးကုန်တာကို တွေ့ပြီး နောင်တရသွားရှာတယ်. . .

"သိုးအုပ်ကို ထိန်းကျောင်းဖို့ ၀ံပုလွေအပေါ် ယုံစားမိခဲ့တာ ငါ ကိုယ်ကျိုးနည်းပါရောလား. . . "တဲ့

(လူတွေလည်း ဒီလိုအဖြစ်မျိုး ကြုံရတတ်တယ်ကွယ့်. . ကိုယ့်ရဲ့ အဖိုးတန် ဥစ္စာတွေကို အလွဲသုံးစားပြုသူထံမှာ ပုံအပ်မိလို့ အလိမ်အညာခံပြီး ဆုံးရှူံးကြရတယ်. . . အကြံသမားဟာ ယုံကြည်အောင်လုပ်စမြဲပဲ)


လက်ထဲက အစာ


မြေလူးငှက်တစ်ကောင်ဟာ ၀က် သစ်ချပင်အောက်မှာ နားပြီး မြေလူးငှက် တွေရဲ့ သဘာဝအတိုင်း သီချင်းဆိုနေ တာပေါ. သူ့ကို စွန်ကမြင်လိုက်တယ်. . .
ဒီစွန်က အစာရှာမတွေ့လို့ ဗိုက်ဆာနေတယ်. . ဒါကြောင့်သူ့ဆီ ထိုးဆင်းခဲ့ပြီး ချီသွားတယ် . .

မြေလူးငှက် ဟာ စွန်ရဲ့နှုတ်သီးဖျားမျာ သေရတော့မလို ဖြစ်လို့ရုန်းကန်နေတယ်. . . စွန်ကိုလည်း အသက်ချမ်းသာပေးဖို့ တောင်းပန်တယ်. . . . .

"ကျွန်တော်ဟာ အကောင်ငယ်လွန်းပါတယ်. . ခင်ဗျားဗိုက်ဆာနေရင် ကျွန်တော့ထက် အကောင်ကြီးတဲ့ ငှက်ကို စားသင့်ပါတယ် . . "

ဒါပေမယ့်စွန်က . . . "ငါ့လက်ထဲမှာ မိထားတဲ့အစာကို လွှတ်ပြီးရှာမတွေ့သေးတဲ့ အစာနောက်ကို လိုက်မယ် ဆိုရင် ငါဟာ အသိညဏ်မရှိသူဖြစ်နေမှာပေါ." . . . လို့ အဖြေပေးလိုက်တယ်. . .
(လက်ရှိရထားတဲ့ . . . . ဥစ္စာကို ပစ်ပယ်ကာ ပိုပြီးဟန်ကျစေမယ့် ပိုကောင်းမယ့် ဥစ္စာကို
မျှော်မှန်းခဲ့ရင် ဆင်ခြင်မှု မရှိရာ ရောက်ပါလိမ့်မယ်)



နွားနို့သည်လုံမပျို












နွားနို့သည်လုံမလေး အေးမြဟာ နို့ပုံးကိုခေါင်းမှာ ရွက်ပြီး ဈေးဆီသွားသတဲ့ . . သူလျှောက်နေရင်း နို့ရောင်းချပြီး ရလာတဲ့ငွေကို ဘာလုပ်ရကောင်းမလဲလို့ တွက်ချက်နေသတဲ့. . .
"လယ်သမား ဦးညိုခင်ဆီက ကြက်တွေဝယ်မယ်၊ ကြက်တွေဟာ နံနက်တိုင်းဥတွေ ဥလိမ့်မယ်. . . ဒီဥတွေကို ဦးသူတော်ရဲ့ ဇနီးဆီမှာ ရောင်းလိုက်မှာပေါ့ . . . ကြက်ဥရောင်းရတဲ့ငွေကို ငါဝတ်ဖို့ ရင်ဖုံးအင်္ကျီထူထူ တစ်ခုရယ်၊ မြက်ဦးထုပ် တစ်ခုရယ်ဝယ်မယ် . . . . "
"ငါဈေးကိုသွားတဲ့အခါမှာ ငနဲတွေ ငါ့ဆီလာပြီး မပြောမဆိုဘဲနေမှာ မဟုတ်ဘူး . . ညိုပြာဟာ အတော့ကို မနာလိုဖြစ်နေမှာပဲ. . . . ဒါပေမယ့် သင်းကို ငါဂရုမစိုက်ဘူး ကောင်မကို ငါလှည့်ကြည့်ပြီး ဟောဒီလို ခေါင်းမော့ပြလိုက်မှာပေါ. . . "
သူဟာ ပြောရင်းဦးခေါင်းကို မော့လိုက်တဲ့အခါမှာ နို့ပုံးဟာခေါင်းပေါ်က ကျသွားပြီး နို့တွေအားလုံး ဖိတ်ကုန်သတဲ့ . . ဒါနဲ့ သူအိမ်ပြန်ဖို့ပဲ ရှိတော့တယ်. . . မိခင်ကို ဖြစ်ပျက်ပုံ ကို ပြောပြတဲ့အခါ အို. . . ဖြစ်ရလေ သမီးရယ် ဆိုပြီး သူ့မိခင်က ဒီလိုပြောသတဲ့ . . . .

" ဥမပေါက်ခင် ကြက်ကလေးများကို မရေတွက်ပါနှင့် "


အတုံ့အလှည့်



တစ်ခါတုန်းက မြေခွေးနဲ့ ငှက်ကျားဟာ အလွန်ခင်မင် တဲ့ မိတ်ဆွေတွေဖြစ်ပြီး တစ်ဦးနဲ့ တစ်ဦး လည်ပတ်ကြသတဲ့ ဒါနဲ့မြေခွေးက ငှက်ကျားကို ညစာ ဖိတ်လိုက်တယ်. သူ့ကို ကျီစယ်ဖို့ ဘာမှချမပေးဘဲ အလွန်ပြားချပ်တဲ့ ပန်းကန်မှာ စွပ်ပြုတ်ရည်ကို ငှဲ့ကျွေးသတဲ့. . . ဒါကို မြေခွေးကလျှာနဲ့ အသာကလေး လျှက်လို့ရပေမယ့် ငှက်ကျား အဖို့မှာ နှုတ်သီးဖျား စိုရုံလောက်ရှိတာပေါ့လေ. .
ငှက်ကျား ဟာ ဘယ်စားလို့ရပါ့မလဲ. . . ဒီတော့ အစာငတ်ပြီးနေရော. . . ပေါ.
"၀မ်းနည်းပါတယ်ဗျာ၊ ဒီစွပ်ပြုတ်ကို ခင်ဗျားမကြိုက်ဘူးထင်ရဲ့" . . . လို့ မြေခွေးကပြောသတဲ့ . . .
ဒီတော့ ငှက်ကျားက "တောင်းပန်စရာမလိုပါဘူး၊ အခုလိုဖိတ်တဲ့ အတွက် ကျွန်တော့ဆီလည်း မကြာခင် အလည်လာပြီး ညစာလာစားပါအုံး" လို့ ချိန်းဆိုလိုက်သတဲ့ . . ..
ငှက်ကျား ချိန်းဆိုတဲ့နေ့ကို မြေခွေးက ညစာစားဖို့လာသတဲ့. .
ထမင်းစားပွဲမှာ သူတို့ထိုင်လိုက်တယ်. . ညစာဟာ အ၀ကျဉ်းကျဉ်းလည်တံ အလွန်ရှည်တဲ့ ကရားထဲရှိသတဲ့. . . ဒီကရား မှာ မြေခွေးရဲ့ နှာသီးကို ဘယ်သွင်းလို့ရမလဲကွယ်. . . ဒါကြောင်းမြေခွေးဟာ ကရားရဲ့ နှုတ်ခမ်းအပြင်ဘက် ကိုသာလျက်ရုံပဲလေ. . .
ဒီတစ်ခါငှက်ကျားက ဆိုသတဲ့ "အခုလိုညစာကျွေးရတာ ကျွန်တော်တောင်းပန်ဖို့ မလိုပါဘူး " လို့ပြောလိုက် သတဲ့ . . .

ကိုယ်ကမကောင်းကြံလျှင် သူကလည်း မကောင်းကြံသည်. .

No comments: