Sunday, December 4, 2011

ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန် သတိဖြင့်နေထိုင်ခြင်း

ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်  သတိဖြင့်နေထိုင်ခြင်း  
ဆရာတော်ဦးဇောတိက   (မဟာမြိုင်တောရ)    




         ဒီဘုန်းကြီးက ' ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန် ' ဆိုတဲ့ တရားကို အသက်အရွယ်မရွေး ၊ လူမျိုးဘာသာမရွေး ၊ ရာထူး အဆင့်အတန်းမရွေး အားလုံးအတွက် ရည်ရွယ်ပြီး ဟောထားတာပါ။ ကိုယ့်ရဲ့ အရည်အသွေးတွေ ဘက်စုံတိုးတက်အောင် နည်းမျိုးစုံနဲ့ ကြိုးစားချင်သူတွေအတွက် စဉ်းစားစရာ ၊နည်းယူစရာလေးတွေ ဒီထဲကနေရလိမ့်မယ်လို့ ထင်ပါတယ်။       


       လူတွေမှာဖြစ်နိုင်တဲ့ အလားအလာရှိတာနဲ့ တကယ်ဖြစ်နေတာကို နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ ဖြစ်နိုင်တာနဲ့ ဖြစ်နေတာ ဟာ ကွာဟမှု အင်မတန်ကြီးမားတာတွေ့ရတယ်။         


        ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ်နေနိုင်တဲ့ အလားအလာရှိပါတယ်။  ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းချမ်းသာသာ နေနိုင်တဲ့အလားအလာရှိပါတယ်။ လုပ်ရည်ကိုင်ရည်မြင့်မားတဲ့သူ ၊ အရည်အချင်းအမျိုးမျိုး ပညာရပ်အမျိုးမျိုး တတ်ကျွမ်းနားလည်တဲ့သူ ဖြစ်နိုင်ပါတယ်။          


        ဖြစ်နိုင်တာတွေ ကောင်းတာတွေ ဘာဖြစ်လို့ လက်ရှိအခြေအနေထက် ပိုပြီး ဖြစ်မလာတာလဲ။  ဒီမေးခွန်းကို လေးလေးနက်နက်မေးပြီးတော့ အဖြေကိုရှာသင့်တယ်။         

        ကိုယ့်ကိုယ်ကို စိတ်နေသဘောထား ပိုပြီးကောင်းတဲ့သူ ၊ မေတ္တာ ၊ ကရုဏာ ၊ ကိုယ်ချင်းစာနာမှု ပိုပြီးရှိတဲ့သူ ၊ ပြောပုံ ဆိုပုံ ၊ လုပ်ပုံ ကိုင်ပုံ တွေးခေါ်ပုံစဉ်းစားပုံ ပိုပြီးကောင်းမွန်တဲ့သူ ဖြစ်ချင်သလား။ တကယ်ဖြစ်ချင်တဲ့ဆန္ဒရှိတာမှန်ရင် ရေရှည်ကြိုးစားပြီး လေ့ကျင့်သွားရင် ဖြစ်ပါတယ်။     

        ဒါဟာလူတိုင်းရဲ့ အပြင်းပြဆုံးဆန္ဒ ဖြစ်သင့်တယ်။  ဒီလိုအရည်အသွေးကောင်းတွေ ပြည့်ဝတဲ့သူ ဖြစ်လာအောင် လုပ်ရတာဟာ လုပ်ရကျိုးအနပ်ဆုံး အလုပ်ဖြစ်ပါတယ်။ ကျေနပ်မှုအရဆုံး အလုပ်ဖြစ်ပါတယ်။         

        လုပ်သမျှကိစ္စတွေကို သတိကပ်ပြီးတော့ လုပ်တဲ့ အလေ့အကျင့်ကို များများလုပ်လာရင် ၊ စိတ်ထဲမှာ တွေးနေတဲ့အတွေးတွေကို သိနေတဲ့ အလေ့အကျင့် များများလုပ်လာရင် စိတ်နေသဘောထား အဆင့်အတန်းမြင့်လာမယ်။  အသိဉာဏ်တွေပိုပြီတော့ လေးနက်ရင့်ကျက်လာမယ်။ လုပ်တဲ့ အလုပ်တွေလည်း အရည်အသွေးပိုပြီးကောင်းလာမယ်။ ဒါမှ ဘဝကို ပိုပြီးကျေနပ်မှုရမယ်။  ဘဝရဲ့ အဓိပ္ပာယ်လည်း လေးနက်မှုပိုရှိလာမယ်။        


        သတိနဲ့နေခြင်းဟာ ဘယ်လောက် အရေးကြီးလည်းဆိုတာ ကိုယ်တိုင်သိတဲ့အတွက် ဒကာဒကာမတွေ အားလုံးကိုလည်း သတိနဲ့နေဖို့ပဲ အမြဲဟောပြောလေ့ရှိပါတယ်။ ဒီ ' သတိဖြင့်နေထိုင်ခြင်း ' ဆိုတဲ့ တရားကိုနာကြားရပြီး သတိနဲ့ နေတဲ့အကျင့်ကို ကြိုးကြိုးစားစားလုပ်ကြတယ်လို့ ပြန်ကြားရတယ်။ ဒီ့ အတွက် တော်တော်ကြီပဲ ဝမ်းသာကျေနပ်မှုဖြစ်မိပါတယ်။           

         ဘဝကို အနှစ်သာရ အပြည့်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ရင် ၊ လောကကြီးကို အထိရောက်ဆုံးနည်းနဲ့ အကျိုးပြုချင်ရင် ၊ အေးချမ်းတည်ငြိမ်ပြီး ရင့်ကျက်တဲ့သူဖြစ်ချင်ရင် ၊ ကိုယ့်အချိန်တွေကို အထိရောက်ဆုံး အသုံးချချင်ရင် အချိန်တိုင်း  အချိန်တိုင်းကို  တစ်ခဏတိုင်း တစ်ခဏတိုင်းကို သတိလေးနဲ့ နေလိုက်ပါ။        


သတိနဲ့နေရင်း လက်ရှိအခြေအနေထက် ပို ပိုပြီး ကောင်းတဲ့သူတွေ ဖြစ်ကြပါစေ။ ။

ဆရာတော်ဦးဇောတိက   (မဟာမြိုင်တောရ)

( " နိဒါန်း " . . .    ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်  သတိဖြင့်နေထိုင်ခြင်း  စာအုပ်မှ . . .  )
by Thaung Hein

No comments: