Showing posts with label စကားပုံ. Show all posts
Showing posts with label စကားပုံ. Show all posts

Saturday, January 7, 2012

ဒူးလောက်တင်မှ ရင်လောက်ကျ

ဒီတပါတ် အနေနဲ့ တင်ပြပေးမယ့် အကြောင်းအရားလေးကတော့ လူကြီးတွေအမြဲလိုလို ပြောပြောနေကြတဲ့ ဒူးလောက်တင်မှ ရင်လောက်ကျ ဆိုတဲ့ စကားပုံပဲ ဖြစ်ပါတယ်။

ဒီစကားပုံလေးကတော့ ကျနော်တို့ကို ကျောင်းက ဆရာကပဲဖြစ်ဖြစ် မိဘကပဲဖြစ်ဖြစ် စားမေးပွဲနီးလို့ စာကြိုးစားကြဖို့ ဆုံးမတဲ့အခါဆို
ကြိုးစားမှုဆိုတာ ပိုတယ်မရှိဘူး။ ဒီလောက်ပြင်ဆင်ထားတာတောင်မှ မှန်းသလောက် အမှတ်ရဖို့ လွယ်တာမဟုတ်ဘူး။
ဒူးလောက်တင်ထားမှ ရင်လောက်ကျ မှာ လို့ ပြောကြတာကို မကြာခဏ ကြားခဲ့ကြရပါတယ်။

ဒါပေမယ့် ခုနောက်ပိုင်း လူငယ်တွေက အကြောင်းအရာတခုဆိုရင် အဲဒါကို ဆန်းစစ်ကြတယ်။ စဉ်းစားကြတယ်။ ဘလိုင်းကြီး လက်ခံကြတာ မဟုတ်ဘူး။ ဒါက ခုနောက်ပိုင်း လူငယ်တွေရဲ့ ကောင်းတဲ့အလေ့အကျင့် ဖြစ်ပါတယ်။ အဲဒီမှာ သူတို့က ဘာကို စဉ်းစား ဆန်းစစ်ကြသလဲဆိုတော့ ...
ဒူးလောက်တင် မှ ရင်လောက်ကျ ဆိုတဲ့ စကားဟာ သဘာဝမကျဘူး။ ဒူးလောက်အမြင့်လေးကိုပဲ မှန်းတာတောင် ရင်လောက်မြင့်လာတယ် ဆိုတော့ အဓိပ္ပါယ်က ပြောင်းပြန်ကြီးဖြစ်နေတယ်။ အဲဒီတော့ ရင်လောက်တင်မှ ဒူးလောက်ကျ ဆိုမှ သဘာဝကျမယ်။ ရင်ဘတ်လောက် မှန်းထားတာတောင်မှ ဒူးလောက်အမြင့်ပဲ ရတယ်ဆိုမှ သဘာဝကျမယ်လို့ စဉ်းစားကြတယ်။ အဲဒါကြောင့် နောက်ပိုင်း လူငယ်တွေဟာ ဒီစကားစုကို ပြောဆိုသုံးနှုံးတယ်ဆိုရင် ရင်လောက်တင်မှ ဒူးလောက်ကျတယ် လို့ ပြောင်းပြီးပြောကြတာကို တွေ့ကြရတယ်။

သူတို့ စဉ်းစားကြတာ ပိုသဘာဝမကျဘူးလား။ လူငယ်တွေ စဉ်းစားတာမှန်ပါတယ်။ ဒါဆို ပထမ စကားပုံက မှားနေတာပေါ့ လို့ မေးရပြန်ရော။ မဟုတ်ဘူးဗျ... ဒီလို နားရှုပ်မသွားနဲ့ဦး။ လူကြီးတွေပြောတဲ့ ဒူးလောက်တင်မှ ရင်လောက်ကျ ဆိုတဲ့စကားပုံက အမှန်ပါ၊ လူငယ်တွေပြောတဲ့ ရင်လောက်တင်မှ ဒူးလောက်ကျ စကားပုံကမှားပါတယ်။ ဒါပေမယ့် လူငယ်တွေရဲ့ စဉ်းစားပုံ စဉ်းစားနည်းကတော့ သိပ်မှန်တယ်လို့ ပြောချင်တာပါ။

ဟုတ်တယ်လေ လူငယ်တွေက ဒူးလောက်တင်မှ ရင်လောက်ကျ စကားပုံရဲ့ အဓိပ္ပါယ်ကို မေးကြည့်တော့ လူကြီးတွေကလည်း မရှင်းပြတတ်ဘူး ငါတို့ကိုလည်း ငါတို့ဆရာတွေက အဲလိုပဲ ဆုံးမခဲ့တာတဲ့။ အဲလိုဆိုတော့ ကျနော်လည်း လူငယ်တွေ တွေးသလိုပဲ တွေးခဲ့တာပါပဲ။ ရင်လောက်ထိတင်မှ ဒူးလောက်ပဲကျတယ် ဆိုတာက သဘာဝကျတယ်လေ။ ဒါပေမယ့် ဒူးလောက်တင်မှ ရင်လောက်ကျ ဆိုတဲ့ အသုံးအနှုံးရဲ့ ဆိုလိုရင်း အရင်းအမြစ်ကို တင်ပြပေးလိုက်ပါတယ်။

တကယ်ကတော့ ဒူးလောက်တင်မှ ရင်လောက်ကျ ဆိုတဲ့ စကားပုံရဲ့ အဓိက ဆိုလိုရင်းဟာ ဒူးလောက်ကလေးကို မှန်းထားတာတောင် ရင်ဘတ်လောက်အမြင့်ကြီးရတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူးနော်။ ဒီလိုပါ ...

ဒါက ဟိုရှေးရှေးကတည်းက ပြောဆိုလာကြတဲ့စကားပုံဆိုတော့ မြန်မာ့ကျေးရွာ ယဉ်ကျေးမှုဓလေ့လေးတွေကို ပြန်ကြည့်ရပါလိမ့်မယ်။ ကျေးရွာတွေမှာဆိုရင် ညနေစောင်းတွေမှာ ပျိုမေတွေ ရေခတ်ဆင်းတဲ့ ဓလေ့ရှိပါတယ်။ အဲဒီလို ပျိုမေတွေ ရေခပ်ဆင်းတဲ့အခါမှာ ရေအိုးတွေကို ကိုယ်တိုင်ပဲ ပင့်ပြီး ခေါင်းပေါ်ကို ရွတ်တင်ကြတာပါ။ အဲဒီမှာ ရေအိုးဟာ မြေပေါ်မှာရှိတဲ့အတွက် ရေအိုးရဲ့အဝနှုတ်ခမ်းဟာ ရေခပ်သူ ပျိုမေတွေရဲ့ ဒူးလောက်မှာ ရှိနေပါတယ်။ အဲဒီရေအိုးကို ရေအိုးအဝနှုတ်ခမ်းကနေမပြီး ဆွဲတင်လိုက်တဲ့အခါမှာ ရေအိုးဟာ ခေါင်းပေါ်ကို တိုက်ရိုက်ရောက်တာမဟုတ်ပဲ ရင်ဘတ်ပေါ်မှာ တထောက်ကျပါတယ်။ အဲဒီကနေမှ တဆင့် ဆွဲမလိုက်တော့မှ ခေါင်းပေါ်ကို ရောက်တာဖြစ်ပါတယ်။ အဲဒါကို ညွှန်းပြီး ရှေးလူကြီးသူမတွေက ရေအိုးတောင် ဒူးလောက်က ဆွဲတင်လိုက်ရင် ရင်ဘတ်အထိပဲ ရောက်တယ်။ ခေါင်းပေါ်ကို တိုက်ရိုက်ရောက်တာ မဟုတ်ဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။

ကျနော်တို့ အလေးမတဲ့ အားကစားကို ကြည့်လိုက်မယ်ဆိုရင်လည်း အလေးမတဲ့အခါ အလေးဟာ တခါတည်း ခေါင်းပေါ်ကို တန်းရောက်သွားတာမျိုးမဟုတ်ပဲ ရင်ဘတ်ပေါ်မှာ တထောက်နားပြီးမှ နောက်တဆင့် လက်ဆန့်ပြီး မကြရတာပဲ မဟုတ်လားဗျ။ ကဲ... အဲဒါပြောတာပေါ့ဗျ၊ ဒူးလောက်တင်မှ ရင်လောက်ကျ ဆိုတာ ... ။

သူငယ်ချင်းများ ဗဟုသုတ တိုးပွားကြပါစေ။
ကြယ်ဖြူ- Strawberry Wineတဆင့်ကူးယူ ဖော်ပြကြသူတွေအနေနဲ့ strawberrywine.ning.com အမည်ကို အသိအမှတ်လေးတော့ ပြုပေးကြပါဗျာ။