တစ်ခါက ဘဲအုပ်စုနှစ်စုရှိသတဲ့။ အုပ်စုတစ်စုက ဥအရမ်းဥတတ်ပြီး နေ့တိုင်းဥလုံးကြီးတွေ ဥတယ်။ ကျန်တဲ့အုပ်စုက ဥ ဥရမှာအရမ်းပျင်းပြီး ၃,၄ရက်နေမှာ ဥသေးသေးလေးတစ်လုံး ဥတယ်။ ဒီဘဲအုပ်စုနှစ်စုဟာ သီးသန့်နေကြပြီး ဘယ်သူကမှ ဘယ်သူ့ကို မနှောက်ယှက်ကြဘူး။ ကိုယ်ပိုင် သီးသန့်ရေကန်၊ မြက်ခင်းတွေနဲ့ ကိုယ့်ဥကို ဥကြတယ်။
ဒီလိုနဲ့ နေ့တစ်နေ့မှာ ပျင်းတဲ့အုပ်စုထဲက ဘဲတစ်ကောင်ဟာ ဥ,ဥတတ်တဲ့ ဘဲအုပ်စုထဲ မျက်စိလည်ရောက်လာခဲ့တယ်။ ဒီအုပ်စုထဲမှာ ဘဲငပျင်းအတွက်မြင်မြင်သမျှ ထူးဆန်းလို့နေတယ်။ ဘဲတွေဟာ သူ့ထက်ငါအလုအယက် ဥ,ဥကြတယ်။ ဥ,ဥဖို့ကို စိတ်အားထက်သန်ကြတယ်။ သွက်လက်နိုးကြားကြတယ်။ ဥတွေကြီးနိုင်သမျှကြီးအောင် ကြိုးစားဥကြသလို ဥအမွှာလေးတောင် ဥလိုက်ချင်ကြတယ်။ ဘဲငပျင်းအတွက် ဒါဟာအထူးအဆန်းဖြစ်လို့ နောက်ဆုံးမှာ ဒီအုပ်စုထဲ သူနေခဲ့ဖို့ ဆုံးဖြတ်လိုက်ပြီး တခြားဘဲတွေလို နေ့တိုင်းဥ,ဥဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ တစ်လအကြာမှာ သူလုပ်နိုင်ခဲ့ပါတယ်။ နေ့တိုင်း ဥလုံးကြီးတွေကို သူဥနိုင်ခဲ့တယ်။
နှစ်လရက်တွေ အလီလီပြောင်းခဲ့တယ်။ အလုပ်ကြိုးစားတဲ့ဘဲအုပ်စုနဲ့ ပျင်းတဲ့ဘဲအုပ်စုရဲ့ဘဝက မပြောင်းခဲ့ဘူး။ ဒီလိုနဲ့ တစ်နေ့မှာ အလုပ်ကြိုးစားတဲ့ဘဲအုပ်စုထဲက ဘဲတစ်ကောင်ဟာ လမ်းမှားပြီး ဘဲငပျင်းအုပ်စုနား ရောက်သွားခဲ့တယ်။ ဒီအုပ်စုရဲ့ဘဝဟာ ဘာတိုးတက်မှုမှမရှိခဲ့ဘူး။ အစာတွေ သွားမရှာချင်ခဲ့ဘူး။ ဥ,ဥဖို့ကိုလည်း သူတို့စိတ်မဝင်စားကြဘူး။ အစားကောင်းမစားရရင် ဒါမှမဟုတ် အစာရှာမရရင် သူတို့ဟာ ဥ မဥကြဘူး။ ပျင်းပျင်းရိရိနဲ့ ဥ,ဥချင်တဲ့အခါမှ ဥပြီး မဥချင်တဲ့အခါ ၃,၄ရက်နေတာတောင် တစ်လုံးမဥကြဘူး။ ဒါကြောင့် ဒီအုပ်စုရဲ့ ဥ,ဥနှုန်းက အရမ်းကျဆင်းခဲ့တယ်။ ဥ,ဥတတ်တဲ့ဘဲက ဒါတွေကိုကြည့်ပြီး အရမ်းတုန်လှုပ်သွားခဲ့တယ်။ ဒါပေမဲ့ သူ့အုပ်စုထဲ သူချက်ချင်းမပြန်နိုင်ခဲ့တော့ ဒီဘဲငပျင်းအုပ်စုထဲမှာပဲ ခဏတာနေဖို့ ဆုံးဖြတ်လိုက်တယ်။ ဘဲငပျင်းတွေနဲ့ နေရင်းနေရင်း အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့အကျင့်ဟာလည်း တဖြေးဖြေးပြောင်းလဲလာခဲ့တော့တယ်။ တစ်လအကြာမှာ နေ့တိုင်း ဥတစ်လုံးကျ ဥတတ်တဲ့သူဟာ နေ့တိုင်းဥမဥတတ်ခဲ့တော့ဘူး။
လူတွေလည်း ဒီလိုပါပဲ။ ဒါပေမဲ့ ပတ်ဝန်းကျင်က လူတစ်ယောက်ရဲ့အကျိုးဖြစ်ထွန်းမှုကို ပြောင်းလဲနိုင်ပါတယ်။ တကယ်လို့ နှိုးကြားတက်ကြွတဲ့အုပ်စုထဲ သူနေရင် သူ့ဘေးပတ်ဝန်းကျင်ကလူတွေရဲ့ ကူးစက်မှုကြောင့် သူဟာ ကြိုးစားတက်ကြွစိတ်တွေ ဝင်လာတယ်။ ကိုယ့်အကောင်းဆုံးကို သူလုပ်လာနိုင်တယ်။ အောင်မြင်သူ ဒါမှမဟုတ် ဦးဆောင်သူ ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်းတွေကို သူတည်ထောင်လာနိုင်ပါတယ်။ တကယ်လို့ ပျင်းရိတဲ့အုပ်စုထဲ ရောက်သွားရင်တော့ တော်ထက်တဲ့လူတစ်ယောက်ကိုတောင် လူပျင်းတစ်ယောက် ဖြစ်သွားစေနိုင်ပါတယ်။ တကယ်လို့ ဒီအုပ်စုကို သူ မပြောင်းလဲနိုင်ရင် အုပ်စုနောက် သူလိုက်ပြောင်းသွားပါတယ်။ လူဆိုတာ ပျင်းရိတတ်တဲ့အမျိုးပါ။ ကိုယ့်ဘေးပတ်ဝန်းကျင်က တိုးတက်လိုစိတ်မရှိဘူး၊ အပျော်အပါးထဲမှာပဲ နစ်နေမယ်၊ အလုပ်လုပ်ရာမှာလည်း ပြီးရင်ပြီးရော သဘောထားမယ်။ ဘာစီမံကိန်းမှ မရှိဘူး။ အကောင်အထည်မရှိဘူး။ ဖွဲ့စည်းမှုတွေကလည်း လျော့ရဲနေတယ်ဆိုရင် ဒီလိုဝန်းကျင်ရဲ့ကူးစက်မှုအောက်မှာ အလုပ်ကြိုးစားတဲ့လူတစ်ယောက်ဟာလည်း ကြာလာတော့ သာမန်နဲ့ပဲ ပြီးသွားနိုင်ပါတယ်။
တကယ်လို့ လူတစ်ယောက်ဟာ ကိုယ်တိုင်တိုးတက်လိုစိတ်လဲ မရှိဘူးဆိုရင် ပတ်ဝန်းကျင်ကြောင့် အထူးသဖြင့် ပျင်းရိတဲ့ပတ်ဝန်းကျင်ရဲ့ကူးစက်ခြင်းကို အလွယ်တကူခံရတတ်ပါတယ်။ ကိုယ်တိုင်လည်းပြောင်းလဲဖို့ မကြိုးစားတော့ဘဲ ရေလိုက်ငါးလိုက်ပဲ နေလိုက်တတ်ကြတယ်။
လူတွေက ပတ်ဝန်းကျင်ကို မပြောင်းလဲနိုင်ဘူး။ ဒါပေမဲ့ ပတ်ဝန်းကျင်က လူကိုပြောင်းလဲနိုင်တယ်။ ပတ်ဝန်းကျင်ကို ကိုယ်မပြောင်းလဲနိုင်တဲ့အခါ ကိုယ်ကိုယ်တိုင် ပြောင်းလဲကြရတယ်။
လူတွေမှာ အဆုံးအစမဲ့ လုပ်နိုင်စွမ်းတွေရှိပါတယ်။ ကြိုးစားတိုးတက်လိုစိတ်ရှိသူတွေက တက်တက်ကြွကြွနဲ့ ကိုယ့်ဘေးပတ်လည်က ပတ်ဝန်းကျင်ကို အသုံးပြုပြီး အကျိုးဖြစ်ထွန်းစေမယ့် ကိုယ့်စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ကြတယ်။ ကိုယ့်လုပ်နိုင်စွမ်းကို တူးဆွကြတယ်။ တင့်သင့်တဲ့အခွင့်အရေးကြားမှာ လုပ်နိုင်စွမ်းကို တကယ့်ခွန်အားအဖြစ် ပြောင်းလဲကြတယ်။ တကယ်လို့ လူတစ်ယောက်ဟာ အလုပ်တစ်ခုမှာ သာမန်အဆင့်လောက်ပဲရှိတယ်။ အခြေအနေ တိုးတက်မှုမရှိဘူးဆိုရင် သူ့ကိုတခြားအလုပ်အတွက် အခွင့်အရေးတစ်ခု ပေးလိုက်ကြည့်ပါ။ အဲဒီအလုပ်မှာ သူ့ရဲ့လုပ်နိုင်စွမ်းတွေ တွေ့ကောင်းတွေ့နိုင်ပြီး အရင်ကထက် ပိုကောင်းမွန်အောင်၊ ပိုတိုးတက်အောင် သူလုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပါလိမ့်မယ်။
လူတိုင်းရဲ့ လုပ်နိုင်စွမ်းက အဆုံးအစမဲ့ပါတယ်။ တူးဆွနိုင်ဖို့ပဲ လိုပါတယ်။
မူရင်း-- http://www.rs66.com/a/1/87/huanjingduirendeyingxiang_78803.html
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
1 comment:
စာကောင်းလေးတွေတင်ပေးတာကျေးဇူးပါ
ဖတ်သွားပါတယ်ရင့်
Post a Comment