Thursday, December 22, 2011

ဘယ်လိုလူမျိုးကို “ပညာတတ်”ဟု ခေါ်ပါသလဲ?



ပညာတတ်၊ သို့မဟုတ် ပညာရှိဟု မိမိ ဖော်ညွန်းခဲ့သည့် အဓိပ္ပါယ်ကို လူသည် မျောက်မှ ဆင်းသက်သည် ဆိုသည့် အကြောင်းမှ စတင် ရှင်းလင်း တင်ပြလိုပါသည်။ မိမိတို့သည် တချိန်က လူသည် မျောက်မှ ဆင်းသက်လာသည်ဟု သိရှိ သင်ယူခဲ့ရသည်။ ယခုအခါတွင်မူ မျောက်တို့ မည်သည်မှာ လူ့အမျိုးအနွယ် မဟုတ်ကြောင်းကို သိပ္ပံပညာရှင်များက ဖော်ထုတ်လာကြသည်။ (Google တွင် “about monkey” ဟု ရှာဖွေလေ့လာ ကြည့်နိုင်ပါသည်။) မျောက်တို့၏ ဥာဏ်နှင့် လူတို့၏ ဥာဏ်မှာ မတူဘဲ ကွာခြားသည်။
မိမိ ကွန်ပျူတာ ပရိုဂရမ်သင်ခဲ့စဉ်က ဆရာသည် ဒီဟာကဖြင့် မျောက်လုပ်ရပ်၊ ဒီဟာကဖြင့် လူလုပ်ရပ်ဟု မကြာခဏ ခိုင်းနှိုင်း ဥပမာ ပြောခဲ့ဖူးသည်။ မျောက်နှင့် လူတို့၏ ဥာဏ် ကွာခြားချက်ကို ဥပမာ ရိုးရိုးနှင့် ပြရလျှင် – ၁ နှင့် ၂ ကို ပေါင်းသော် ၃ ရသည် ဟု သိတတ် နားလည်ခြင်းသည် မျောက်တို့၏ ဥာဏ်အဆင့်သာ ဖြစ်သည်။ တနည်းဆိုသော် ၁ နှင့် ၂ ကို ပေါင်းသော် ၃ ရသည်ဟု ပုံသေ နားလည် သိမှတ်တတ်ခြင်းသည် မျောက်တို့ အားလည်း စံနစ်တကျ သင်ပေးပါက သူတို့လည်း ထိုသို့ နားလည် သိမှတ် တတ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သို့ရာတွင် ၃ ရအောင် မည်သည့် ဂဏန်းများကို ပေါင်းရမည် ဆိုသည်မှာကား မျောက်တို့ မစဉ်းစား တတ်တော့ပေ။ လူတို့သည်ကား ၃ ရအောင် မည်သို့ ပေါင်းရမည်ကို ကြံဖန်တတ်သည်။ ထိုသို့ဖြင့် မျောက်တို့၏ ဥာဏ်ရည်နှင့် လူတို့၏ ဥာဏ်ရည် ကွာခြားခြင်း ဖြစ်ပေသည်။ မျောက်တို့နှင့် မတူသည့် လူတို့၏ ဥာဏ်ရည်သည်ကား တွေးတော ကြံဆ တတ်ခြင်း၊ တီထွင် ဖန်တီး တတ်ခြင်း၊ စသည့် စဉ်းစား တတ်သည့် ဥာဏ်မျိုး ရှိခြင်း ဖြစ်သည်။

ထိုဥပမာဖြင့် ဆက်လက် နှိုင်းယှဉ် ပြောရလျှင် မိမိတို့အား မူလတန်းမှ အထက်တန်း အထိ ပညာ သင်ပေးလိုက်သည့် အထက်တန်း ပညာတွင် ၁ ကို ၂ နှင့် ပေါင်းသော် ၃ ရသည်ဆိုသည့် အဆင့်အထိသာ ဖြစ်ပေသည်။ တက္ကသိုလ်သို့ တက်သည့် အခါတွင် ၃ ရအောင် မည်သို့ စဉ်းစား ရမည်ကို နည်းလမ်းပေး သင်ပေးလိုက်သည်။ လက်တွေ့ ဘဝတွင်မူ မိမိတို့သည် အခြား ကိန်းဂဏန်း များအား ဆက်လက်၍ မည်သို့ ပေါင်း၊ နှုတ်၊ မြှောက်၊ စားရမည်ကို ကိုယ်တိုင် ဆက်လက် လေ့လာပြီး၊ ကိုယ်တိုင် ကြံဆ ကြရတော့သည်။
ထို့ကြောင့် အထက်တန်း အောင်သည်ကို ပညာတတ်သည်ဟု ခေါ်ဆိုနိုင်မည် မဟုတ်သလို၊ တက္ကသိုလ် ဘွဲ့ရဖြစ်၍လည်း ပညာတတ်သည်ဟု မဆိုနိုင်ပေ။ ထိုအဆင့်များသည် အကယ်စင်စစ် စာတတ်ခြင်း၊ ဗဟုသုတ တစ်ခု ပြည့်စုံခြင်း အဆင့်မျှသာ ရှိသေးသည်ဟု ဆိုနိုင်ပေမည်။ သင်ယူ တတ်မြောက် ခဲ့သည့် စာပေ ဗဟုသုတများ အပေါ် အခြေခံပြီး လက်တွေ့ တွေးတော ကြံဆတတ်၍ ထို ဗဟုသုတများကို အကျိုးရှိရှိ ကောင်းစွာ အသုံးချတတ်ခြင်းသည် သာလျှင် ပညာတတ်ခြင်းဟု ဆိုလိုခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ပညာကို အင်္ဂလိပ်လို အဓိပ္ပါယ် ဖွင့်ဆိုရာတွင် – “Knowledge is the awareness and understanding of facts, truths or information gained. Wisdom is the ability to apply knowledge.” ဟုဆိုသည်။ ဤစကားရပ်ကို ဥပမာပြ ရှင်းရပါမူ- ရွှေကို ရွှေဟု မသိသူမှာ စာမတတ်သူ၊ ဗဟုသုတ မရှိသူဖြစ်သည်။ ရွှေကို ရွှေဟု သိပါက ထိုသူသည် ဗဟုသုတရှိသူ စာတတ်သူ ဖြစ်သည်။ ထို့အပြင်မှ ရွှေ၏ တန်ဖိုးကို နားလည်ပြီး ထိုရွှေကို အကျိုးရှိရှိ ကောင်းစွာ အသုံးချတတ်သူသည် ပညာတတ်သူ ဖြစ်တော့သည်။
သို့ရာတွင် လူတစ်ယောက်သည် ဗဟုသုတ တစ်ခုခု ပြည့်စုံ၍ သူ့ထံရှိသည့် ဗဟုသုတကို အကျိုးရှိရှိ ကောင်းစွာ အသုံးချတတ်သည် ဆိုသည်မှာ – ဥပမာ သေနတ်ကို ကိုင်ပြီး ပစ်မှတ်ကို တည့်တည့် ချိန်ပစ်တတ်သည့် အတတ်ကို တတ်မြောက် ကျွမ်းကျင်သည့် လူတစ်ယောက်သည် သားကောင်ကို ပစ်၍ အစားအသောက် အလို့ဌာ အမဲလိုက်ကောင်း လိုက်မည်၊ လူဆိုး ဓါးမြတို့ကို ပစ်၍ ကိုယ့်အိမ် ကိုယ့်ယာကို ကာကွယ်ကောင်း ကာကွယ်မည်၊ ဤသို့ဖြင့် တတ်ကျွမ်းသည့် အတတ်ဖြင့် အကျိုးရှိသည့် အလုပ် လုပ်သည်ကို ဆိုလို ခြင်းဖြစ်သည်။ သို့ရာတွင် သေနတ် တစ်လက်ရပြီး လမ်းပေါ်မြင်မြင် သမျှ ဘုန်းကြီးကိုလည်း ပစ်မည်၊ ကျောင်းသားကိုလည်း ပစ်မည်၊ လူအိုကိုလည်း ပစ်မည်၊ ကလေးငယ်ကိုလည်း ပစ်မည် ဆိုသည်ကား တတ်ကျွမ်းသော ဗဟုသုတကို အကျိုးရှိရှိ ကောင်းစွာ အသုံးချတတ်ခြင်း မဟုတ်ရကား သေနတ်ကို ကိုကိုင်ပြီး ပစ်မှတ်ကို တည့်တည့် ချိန်ပစ်တတ်သည့် မျောက်တစ်ကောင် အလားပင် ဖြစ်ချေတော့မည်။
ထို့ကြောင့် ပညာတတ်၊ ပညာရှိဟူသည်ကား ဗဟုသုတ ပြည့်စုံ၍ ထိုဗဟုသုတကို ဥာဏ်အမျှော်အမြင်ဖြင့် ချင့်ချိန်ပြီး အကျိုး ဖြစ်ထွန်းစေရန် အတွက် တန်ဖိုးရှိစွာ အသုံးချတတ်သူဟု ဆိုလိုခြင်း ဖြစ်ပါတော့သည်။



Aung Info မှ ကူးယူမျှဝေပါသည်။

စိုးမင်းဦး

No comments: