Pages

Thursday, December 1, 2011

ဘဝဆိုတာ သစ်ရွက်ပေါ်က ပျားရည်စက်

chaung na

     တစ်ခါက ခရီသည်တစ်ယောက်သည် လွင်ပြင်တစ်ခုကိုဖြတ်၍
ခရီးသွားရာ လမ်းတွင် သတ္တဝါကြီးတစ်ကောင်က ၄င်း၏ နောက်သို့အမီလိုက်လာ၏။
ခရီးသည်-သည် ထိုသတ္တာဝါကြီးဘေးမှလွတ်ရန် ရေမရှိသောရေတွင်းပျက်တစ်ခု
အတွင်းသို့ တွယ်ကပ်ဆင်းလိုက်၏။ သို့အရာတွင်မိမိအား စားမျိုရန်
ပါးစပ်ကြီးဟ၍ စောင်နေသော နဂါးကြီးတစ်ကောင်ကို ရေတွင်အောက်ခြေ၌ မြင်ရ၏။
ခရီးသည်-သည် သတ္တာဝါကြီးရန်ကိုကြောက်သောကြောင့်  ရေတွင်းပေါ်သို့လည်း
မတတ်ရဲ ၊ နဂါးကြီး၏  အစားမျိုခံရမည်စိုးသောကြောင့် ရေတွင်းအောက်သို့လည်း
မဆင်းဝံ့သောကြောင့် ရေတွင်းအုပ်ကြားတွင်ပေါက်နေသော
သစ်ပင်မှသစ်ကိုင်းတစ်ခုကို ဆွဲ၍ တွဲလောင်းခိုထား၏။ သူ၏လက်များသည်
အားအင်ဆုတ်ယုတ်လာကြသည်။ မကြာမီ သူသည်ရေတွင်းအောက်သို့ဆင်းရမည်၊ သို့မဟုတ်
ရေတွင်းပေါ်သို့ဖြစ်စေ တတ်ရမည် ဖြစ်သည်။ဆင်းသည်ဖြစ်စေ၊ တတ်သည်ဖြစ်စေ
မိမိဘဝ ဆုံးရှုံးရမည်ကို ခရီးသည်-သည် သိ၏။ သို့အရာတွင်ခရီးသည်-သည်
သစ်ကိုင်းကို အားခဲ၍ ဆွဲခို ထား၏။ ထိုအခိုက်ဆွဲခိုထားသော သစ်ကိုင်း
အပေါ်ဘက်ရှိ ပျားအုံမှ ပျားကောင်များသည် ပျံဝဲလာကာ မိမိအား ထိုးတုတ်ကြသည်။
ထိုအခိုက်၌ပင် ကြွက်မဲကြီးတစ်ကောင်နှင့် ကြွက်ဖြူကြီးတစ်ကောင်သည်
ဆွဲခိုထားသော သစ်ကိုင်းကို  ဝိုင်းပတ်၍ ကိုက်ဖြတ်နေသည်ကို မြင်ရ၏။
မကြာမီသစ်ကိုင်းသည် ကျိုးပြတ်၍ မိမိသည် နဂါးကြီးပါးစပ်တွင်းသို့
ရောက်တော့မည်ဖြစ်၏။ မိမိသည် မုချဆတ်ဆတ် ပျက်စီးဖြင်းသို့ ရောက်တော့မည်-ဟု
ခရီးသည်-သည် သိမြင်၏။
              ခရီးသည်-သည် သစ်ကိုင်းကို တွဲလောင်းခိုရင်းမှ
ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုလိုက်ရာ သစ်ကိုင်းရှိ သစ်ရွက်များပေါ်တွင်
ပျားရည်စက်လေးများတင်နေသည်ကို တွေ့မြင်ရ၏။ ခရီးသည်-သည်
ထိုပျားရည်စက်ကလေးများကို လျှာဖြင့်လှမ်း၍လျက်လိုက်သေး၏။  အကျွန်ုပ်သည်
ထိုခရီးသည်နှင့်တူလှဘိသည်။ ဘဝတည်းဟူသော သစ်ကိုင်းငယ်၌
အကျွန်ုပ်သည်ဆွဲခိုလျှက်ရှိသည်။  သေခြင်းတရားသည် ကျွနိုပ်ဘဝသို့
အစိတ်စိတ်အမြွာမြွာဖြစ်အောင် ဖျက်ဆီရန် အသင့်စောင့်ကြိုနေသည်ကိုသိပါသည်
နေ့နှင့် ညတည်းဟူသော ကြွက်မည်းကြီးနှင့် ကြွက်ဖြူကြီးနှစ်ကောင်သည်
ကျွန်ုပ်ဆွဲခိုထားသော ဘဝသစ်ကိုင်းငယ်ကို ကိုက်ဖြတ်ဝါးချေလျက်ရှိ၏။
သေခြင်းဟူသော နဂါးကြီးကိုလည်း အကျွန်ုပ် အသေအချာမြင်လျှက်ရှိ၏။ ဘဝအရသာ
ဘဝပျားရည်တို့သည် အကျွန်ုပ်အား အရသာမပေါ်စေနိုင်တော့ပြီ ဖြစ်သည်။
မလွှဲမရှောင်နိုင်သော သေခြင်းတရား သေရမည်ကို မြင်တွေ့နေပါလျှက်
အကျွန်ုပ်သည် မျက်စိ မလွှဲနိုင်ချေ။ ဤအဖြစ်က ဒဏ္ဍရီမဟုတ်။ သို့အရာတွင်
ဖြေရှင်းခြင်းငှာလည်း မတတ်နိုင်သော လူအားလုံးသည် သိမြင်နိုင်သော
အမှန်တရားတည်း - လို့ ရေးသားထားတာကို ဖတ်ရပါတယ်။ ဘဝအဓိပ္ပါယ်နှင့်တကွ
ဘဝအရသာကို ပေါ်လွင်ထင်ရှားအောင် တင်ပြနိုင်စွမ်းရှိလှပါတယ်။

                 ဒါက ဥပမာ ပါ။ အချို့လူကျတော့ ဥပမာနဲ့ ပြောမှ
အလွန်လေးနက်တဲ့ အဓိပ္ပါယ်ကို သိမြင်နိုင်ကြပါတယ်။ စာရေးသူတို့တစ်တွေဟာ
ထိုလူသားနဲ့ တူလှပါတယ်၊ ဇာတိဆိုတဲ့ဘေးရန် ၊ ဇရာဆိုတဲ့ ဘေးရန်လိုက်လို့
ပြေးရင်း လွှားရင်း ရုန်းကန်ရင်း ဘဝ-ဆိုတဲ့ သစ်ကိုင်းကို ဆွဲကိုင်
နေရတာပါ။ ကိုယ်ဆွဲကိုင်ထားတဲ့ ဘဝဆိုတဲ့ သစ်ကိုင်းကိုလည်းပဲ နေ့နှင့်ည-
ဆိုတဲ့ ကြွက်ဖြူနဲ့ ကြွက်မည်းကြီး နှစ်ကောင်က မနားမနေကိုက်ဖြတ်နေတော့
တစ်နေ့နေ့ တစ်ချိန်ချိန် ဘဝဆိုတဲ့ သစ်ကိုင်းကြီး ပျက်ကျပြီး
ပါးစပ်ဖြဲစောင့်နေတဲ့ နဂါးကြီးနဲ့တူတဲ့ သေမင်းဆီ ဧကန်မုချ ရောက်ရမှာပါ၊
ဘဝလွတ်မြောက်ရေး ကြိုးစာပါလျှက် သစ်ရွက်ပေါ်ကျနေတဲ့ ပျားရည်ကို
အရသာခံမေ့လျှော့နေသလိုမျိုး  လူသားအာလုံးလည်း လူ့ဘဝမှာ
မဖြစ်စလောက်အရသာကို တွယ်ကပ်ခံစားပြီး မေ့လျှော့နေကြတယ်ဆိုရင်
မှားမည်မထင်ပါ။ “ မျက်မြင်လောက ၊ ဤဘဝက ၊ ဒုက္ခစင်စစ် ချမ်းသာကင်း၏ ”
ဆိုသလို ဘေးရန်ပေါင်းစုံ ၊ ဒုက္ခပေါင်းစုံ ၊ သားရေး သမီးရေး
စီးပွားရေးတို့ဖြင့် အမြဲမပြတ် ဒလစပ်ပူလောင်စွာ လောင်ကျွမ်းခံနေရတဲ့
လူ့ဘဝမှာ သုခဆိုတာ သစ်ရွက်ပေါ်ကျတဲ့ ပျားရည်တစ်စက်မျှ လျှက်ရသလောက်
ရှိမယ်ထင်ပါတယ်။ ထိုအရသာကလေးခံစားရင်း ပတ်ပတ်လည် ဝိုင်းရံလျှက်ရှိသော
ဘေးရန်ကို အထူးသဖြင့် မလွဲ မသွေ တွေ့ကြုံ ဆုံဆည်းရမည့် သေခြင်းကို
မေ့လျှော့နေတတ်ကြပါသည်။
               သေခြင်းတရားကို ဆင်ခြင်နိုင်ကြပါစေ။
              သေရမှာကြောက်စရာလား  ဟူသော အရှင်ပဏ္ဍိတ ၏စာအုပ် မှ
ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

No comments:

Post a Comment