ကိုငယ် (မန္တလေး)
သေခြင်း
တရားသည် သက်ရှိသတ္တ၀ါများ၏ သာမန်ဖြစ်ရိုး ဖြစ်စဉ်သည်။ အသေချာဆုံး
ဖြစ်စဉ်တစ်ခု ဖြစ်သည်။ မွေးဖွားလာသည်နှင့် သေဆုံးခြင်းသည် အတူတကွ
ပါလာခဲ့သည်။ သတ္တ၀ါဟူသမျှ ကိုယ်တိုင် အနှေးနှင့် အမြန် သေရမည်ကို သိကြလေသည်။
သို့သော် တကယ့် သေရမည်ဆိုလျှင် သေခြင်းတရားကို ရင်ဆိုင်နိုင်ရန် အသင့် မရှိသူ အများအပြားပင် ရှိနေတတ်သည်။ အသိမိတ်ဆွေများ မိသားစုရင်းချာများ သေဆုံးလျှင် ၀မ်းနည်း ကြေကွဲမဆုံး ဖြစ်နေတတ် ကြပေသည်။ လူတစ်ယောက် ကမ္ဘာမြေပေါ်သို့ ရောက်လာလျှင် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုသကဲ့သို့ ကမ္ဘာမြေမှ ပြန်လည် ထွက်ခွာသွားသော အခါတွင်လည်း ၀မ်းနည်းကြေကွဲတတ်သည်မှာ ဓမ္မတာပင် ဖြစ်သည်။
ကျွန်တော်နှင့် သေခြင်းတရားကို ပထမဆုံး သတိပြုမိသည်မှာ လွန်ခဲ့သော ၂၅ နှစ်လောက်စီမှ ဖြစ်လေသည်။ အဖေဘက်မှ အဖိုးဦးလှစိန် သေဆုံးစဉ်က ဖြစ်လေသည်။ မန္တလေးမြို့ ဈေးချို ၂၆လမ်းနှင့် ၈၆လမ်းထောင့် ရွှေတချောင်းဘေး ညဈေးတန်း အနီးတွင် အဖိုးတို့ ခေါက်ဆွဲဆိုင် ရှိသည်။ ခေါက်ဆွဲဆိုင်ဆိုသော်လည်း ကျွန်တော်တို့ ငယ်စဉ်ကတည်းက ပိတ်ထားလေပြီ။ အဘိုးနှင့် အဖွားတို့ နေထိုင်သည့် ထို၂၆ လမ်း အိမ်သည် အငှားဖြစ်သည်။ ၃၂လမ်းနှင့် ၈၆ လမ်းထောင့်ရှိ ကိုယ်ပိုင် အိမ်နေရာကို အငှားချကာ ၂၆ လမ်းတွင် ခေါက်ဆွဲဆိုင် လာဖွင့်ခြင်း ဖြစ်သည်။ အဖိုး အသုဘတွင် အမှတ်ရမိသည်က အဖိုး၏ ညီမဖြစ်သော ဆန်းနိုင်း ဆိုသည့် တရုတ်မကြီးသည် အသုဘ အခေါင်းကို ဖက်ကာ အော်ကြီးဟစ်ကျယ် ငိုခြင်းပင်ဖြစ်သည်။ သေခြင်းတရားကို သတိပြုမိသော်လည်း ကလေးဖြစ်နေ၍လား မသိ ရင်တွင်းသို့ ထိုးထိုးဖောက်ဖောက်တော့ မရောက်လှပေ။ သို့သော် သေသည်ဆိုတာကို မှတ်မှတ်ရရဖြစ်ခြင်းသည် ဤ အသုဘမှ အစပြုခဲ့သည်ဟု ထင်သည်။
သေခြင်းတရားသည် နေရာအတည်တကျ မရှိတတ်ပေ။ ကျွန်တော်၏ အမေဘက်မှ အဖိုးဦးကြည် သေဆုံးစဉ်က ရန်ကုန်တွင် ဖြစ်လေသည်။ ကျွန်တော်က ထိုအချိန်တွင် ဆယ်နှစ်သားလောက် ဖြစ်နေသောကြောင့် မှတ်မှတ်ရရရှိလေသည်။ ထိုနှစ်က ကျွန်တော်တို့ မိသားစု တစ်စုလုံး သာဿနာ့ဘောင်ကို ခေတ္တ၀င်ရောက်နေစဉ် ဖြစ်လေသည်။ အဖိုးသည် အမေရိကားမှ သူ့သမီးအလာကို သွားတွေ့စဉ် ရုတ်တရက် ဆုံးသွားခြင်းဖြစ်သည်။ အဖိုး ဦးကြည်နှင့် ကျွန်တော်က တော်တော်ရင်းနှီးသည်။ အိမ်သို့ လာလည်ရင် အရက်ဖြူ သွားဝယ်ပေးရသည်။ နွေရာသီ ကျောင်းပိတ်ရက်များတွင်လည်း မေမြို့ရှိ အဖိုးနှင့် အဖွားအမေတင် နေထိုင်ရာ အိမ်နီကြီးတွင် သွားရောက် နေထိုင်လေ့ရှိသောကြောင့် အဖိုးကြည် သေဆုံးချိန်တွင် ရင်ထဲသို့ စိတ်မကောင်းခြင်းက ၀င်ရောက် လာလေပြီ။ အဖိုးအလောင်းကို ရန်ကုန်မှ မန္တလေးသို့ ကားနှင့် သယ်လာကာ မန္တလေးတွင်ပင် အသုဘ ချခဲ့ရသည်။
သူငယ်ချင်းထဲမှ ပထမဆုံး သေခြင်းတရားနှင့် ရင်ဆိုင်သွားသူကား ၀င်းမြင့်ဦးဖြစ်သည်။ သူနှင့်က ကျွန်တော် ခြောက်တန်းတွင် ဆရာမ ဒေါ်ခင်သန်းမြင့် အခန်းတွင် အတူတူ တက်ခဲ့ရခြင်းဖြစ်သည်။ ထိုစာသင်နှစ်တွင် ၀င်းမြင့်ဦးက အသက်ကြီးမှ ဘာသာရေး လုပ်သင့်ကြောင်း ပြောသည်ကို အမှတ်ရမိသည်။ လောလောလတ်လတ် ကိုရင်လူထွက်လာသော ၊ ဆွမ်းဆန်စိမ်းလောင်းပွဲတို့ ဘုန်းကြီးကျောင်းပွဲတို့တွင် ပါဝင်နေသော ကျွန်တော်နှင့် အငြင်းအခုန် ဖြစ်ခဲ့လေသည်။ ထိုနှစ် နွေရာသီကျောင်းပိတ်ရက်တွင် သင်္ကြန်အကျနေ့တွင် ၀င်းမြင့်ဦး တစ်ယောက် ကားတိုက်ခံရကာ သေဆုံးသွားခဲ့သည်။ သင်္ကြန်ရက်တွင်း သေဆုံးလျှင် အသုဘကို ချက်ချင်းချရလေ့ ဓလေ့ရှိသောကြောင့် အမြန်ပင် အသုဘချလိုက်ရသည်။ သေခြင်းဟူသည် ကြီးငယ်မရွေး အချိန်မရွေးနှင့် သက်ဆိုင်သည်ဟူသော အသိ ကျွန်တော် ရရှိခဲ့သည်။ ရှစ်တန်းအောင်ပြီး နွေရာသီတွင် စိုင်းအောင်ဆိုသော သူငယ်ချင်းတစ်ယောက် ရေငုပ်ပြိုင်ရင်း ရေနစ် သေဆုံးခဲ့ရသည်။ ဆယ်တန်းပြီးချိန်တွင် ရင်းနှီးခဲ့သော ဧရာသည် ၂၀၀၂ တွင် ကင်ဆာရောဂါကြောင့် သေဆုံးခဲ့လေသည်။
၁၉၈၇ က အိမ်တွင် အလှူလုပ်လေသည်။ ရှင်ပြုနားသ မင်္ဂလာဖြစ်သည်။ ကျွန်တော်တို့တွေက မြင်းနှင့် စီးကာလှည့်ကြသည်။ ထိုစဉ်က ရိုက်ခဲ့သော ဗီဒီယိုအခွေကို ပြန်ကြည့်လျင် အဖေနှင့်အမေ က “ ဒီထဲမှာ ပါတဲ့သူ တော်တော်များများ မရှိတော့ဘူး ” လို့ တရားသံဝေဂ အသံဖြင့် ပြောလေ့ရှိသည်။ အချိန် ဇရာ၏ ၀ါးမြိုခြင်းကို တမြေ့မြေ့နှင့် ကျွန်တော်တို့တွေ ခံနေရသည်ကို သတိမပြုက မမြင်နိုင်ပေ။ ကျွန်တော် စင်္ကာပူသို့ ရောက်သောအခါ တီပီဆိုသော ကျောင်းတွင် သင်္ကြန်ပွဲများစွာကို ဆင်နွဲခဲ့သည်။ ပြီးခဲ့သည် သင်္ကြန်ပွဲအခွေများကို ပြန်ကြည့်သောအခါ မကေကြီး သီချင်းဆိုကာ မမြတ်ကသော ချမ်းတုံချမ်း သီချင်းလေးသို့ ရောက်လျှင် လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဆုံးသွားသော မကေကြီးကို သတိရမိပြန်သည်။ နောင်နှစ်ပေါင်း နှစ်ဆယ်လောက်ဆိုလျှင် တီပီမြန်မာ သင်္ကြန်ခွေ ပြန်ကြည့်ကာ “ဒီထဲမှာပါတဲ့သူ တော်တော်များများ မရှိတော့ဘူး”လို့ အဖေနှင့်အမေ ရေရွတ်သလို ကျွန်တော် ရေရွတ်ရမည်သာ ဖြစ်ပေလိမ့်သည်။
သေခြင်းတရားသည် တခါတရံတွင် အသိပေးကာ ရောက်လာလေ့ရှိသည်။ သူငယ်ချင်းတစ်ယောက် အေအိုင်ဒီအက် ဖြစ်သည်လို့ ကြားလိုက်ရသောအခါ မယုံကြည်နိုင်ခဲ့ပေ။ ထိုသူငယ်ချင်းရဲ့ မိန်းမကလည်း ကျွန်တော်၏ သူငယ်ချင်းပင်။ ကလေးလေး တစ်ယောက်လဲ ရှိသည်။ A ကိုက်သည်ဆိုလျှင် လူတွေက အလန့်တကြား ဖြစ်တတ်သည်။ ပတ်ဝန်းကျင်က ပစ်ပယ်တတ်ကြသည်။ မကောင်းမြင်တတ်ကြသည်။ အပျော်အပါး မလိုက်စားသည့်တိုင် ကူးစက်စရာ အခြေအနေတွေက ရှိနေသည်ကို သတိမပြုဘဲ A ပိုး ရှိသူကို အပြစ်လုပ်ထားသူ တစ်ယောက်လို ဆက်ဆံတတ်ကြသည်။ ဆရာဝန်ဖြစ်နေသော သူငယ်ချင်းတစ်ယောက်ကို ဆက်သွယ်ကာ အကျိုးအကြောင်း ပြောပြကာ လင်မယားနှစ်ယောက် အခက်အခဲတွေကို ရင်ဆိုင်လိုက်ကြသည်။ မိန်းမနှင့် ကလေးတွင် HIV ရှိမရှိ စစ်ဆေးလိုက်သည်။ မရှိပေ။ NGO တစ်ခုတွင် အလုပ်လုပ်နေသော သူငယ်ချင်းတစ်ယောက်ကလည်း နွေးထွေးစွာ အကူအညီပေးသည်။ ကျွန်တော်ကလည်း သူတို့ NGO က လုပ်ပေးထားသော အဖွဲ့လေးအတွက် အလှူငွေ ထည့်ဝင်ခဲ့သည်။ “ဆေးဖိုးက အရမ်း ဈေးကြီးတော့ အကူအညီတွေ ရပ်သွားမယ့် တစ်နေ့မှာ ငါတို့ ပေါ့စတစ် (+) တွေ ဘယ်လို ဆက်လက်ရပ်တည် သွားမလဲဆိုတာ အရေးကြီးတယ်” လို့ သူနဲ့ စကားပြောချိန်မှာ ပေါ့စတစ်(+) ဆိုတဲ့စကားလုံးလေးကို သတိပြုမိသည်။ အရာအားလုံးကို အကောင်းမြင်တတ်သူကို ပေါ့စတစ်(+)လို့ မြင်တတ်သူမို့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်(+) ဖြစ်တယ်လို့ ဂုဏ်ယူစွာပင် ရင့်ကျူးမိသည်။ သေခြင်းတရားက အသိပေးရောက် လာသည်ကို သတိရှိရှိနှင့် မယိမ်းမယိုင် ရင်ဆိုင်နိုင်ဖို့ရာ ပတ်ဝန်းကျင်၏ နွေးထွေး နားလည်မှုလည်း အဓိက လိုပေသည်။
ကျွန်တော် ဦးလေးတစ်ယောက်ဖြစ်သူ လေးလေးလှမြင့်သည် သေဆုံးသော အချိန်၌ ကျွန်တော်ကို အရေပြား တထောက်စာရှိသည့် ခန္ဓာကိုယ်အကြောင်းကို ပြသခဲ့သည်။ ကျွန်တော့် အဖေဘက်မှ မောင်နှမများတွင် တမိပေါက် တစ်ယောက်ထွန်း ထူးထူးခြားခြားဆိုသလို လေးလေးလှမြင့်သည် မျက်လှည့်ပညာရှင် ဖြစ်လေသည်။ အရက်ကို နေ့စဉ် သောက်တတ်သလို လာဘ်ရွှင်သည့် အချိန်များတွင် နံပါတ်ဖိုး ထိုးလေ့ရှိကြောင်း သိရသည်။ တစ်ရက်တွင် သူနေထိုင်ရာ အိမ်မှာ ပျောက်သွားလေသည်။ ပုံမှန် တစ်ရက်၊ နှစ်ရက် ပျောက်သွားကာ ပြန်ရောက်လာလေ့ရှိသော သူသည် ဤတစ်ကြိမ်တွင် တစ်ပတ်နှင့် ပြန်မလာတော့ အဖွားသည် စိတ်ပူတော့သည်။ ကျွန်တော်တို့ အားလုံး လူဖြန့်ကာ ရှာကြရသည်။ ရဲစခန်းကို အကြောင်းကြားရသည်။ သူ ကျက်စားရာနေရာတွေကို ရှာကြသည်။ မတွေ့ပေ။ နောက်ဆုံး ဆယ်ရက်လောက် အကြာတွင် ဆေးရုံကြီး ရင်ခွဲရုံတွင် ပြန်လည်တွေ့ရသည်။ ပြာနှမ်းနေပြီဖြစ်သော သူ၏ခန္ဓာကိုယ်တွင် အရည်များထွက်ကာ ပုပ်အဲ့အဲ့ အနံ့များ လွင့်ထွက်နေပြီ။ ပါးစပ်မေးရိုးတို့သည် သေဆုံးချိန်က မပြုမပြင် ဖြစ်ခဲ့သောကြောင့်လားမသိ စောင်းရွဲနေသည်။ အလောင်းကို အဖွားအိမ်သို့ ပြန်လည်ယူဆောင်ခြင်းမပြုပဲ သုသာန်သို့ တိုက်ရိုက် သယ်ဆောင်ခဲ့သည်။ အလောင်းကို မကြည့်ရန် ကျွန်တော်တို့ တားသည့်ကြားမှ အဖွားသည် သူ့သားကို ကြည့်ဖြစ်အောင် ကြည့်လိုက်သည်။ အခေါင်းကို ဖွင့်လိုက်သည်နှင့် ဇရပ်အတွင်းသို့ အပုပ်နံ့သည် ထောင်းခနဲ ထွက်ကျလာသည်။ အပုပ်ကောင် ရုပ်ဆောင်နေကြခြင်းကို ကျွန်တော် လက်တွေ့ သိခဲ့ရခြင်းပင်။
ကမ္ဘာအနှံ့တွင် သဘာဝဘေးအန္တရာယ်နှင့် လူသားအချင်းချင်း ခင်းသော စစ်ပွဲများကြောင့် သေကြသူ အများအပြား ရှိလေသည်။ ရုပ်မြင်သံကြား ဖန်သားပြင်တွင် လူသောင်းပေါင်းများစွာ သေကြေကြသော အဖြစ်အပျက်တွေကို တွေ့မြင်ရသောအခါ စိတ်မကောင်းကြီးစွာ ခံစားရသော ကျွန်တော်သည် ၂၀၀၈ မေလ ဧရာဝတီတိုင်းတွင် ဖြစ်ခဲ့သော နာဂစ်မုန်တိုင်းတွင် ရေပေါ်တွင် ပေါလောပေါ်နေသော အလောင်းပေါင်းများစွာကို ကိုယ်တိုင်တွေ့ခဲ့ရသည်။ ကြင်နာမှုတရားကင်းသော တိုင်းပြည်ခေါင်းဆောင်များ၏ အတ္တကြီးသော လုပ်ဆောင်မှုများကြောင့် အကူအညီများ ရသင့်သလောက်မရခဲ့ကြသော ဒုက္ခရောက်သူများစွာကိုလည်း စာနာမိသည်။ သေခြင်းတရားဟူသည်ကား လူမျိုးမရွေး ဘာသာမရွေး တို့ ရင်ဆိုင်ရသောအရာ အချိန်မရွေး တွေ့ဆုံရမည်ဖြစ်သော အရာပင်ဖြစ်သည်။ သေဆုံးချိန်တွင် ပုန်းကွယ်ကာ အသုဘချရသော နိုင်ငံခေါင်းဆောင်ကြီးများလည်း ရှိခဲ့သည်။ တချို့သည် လူသေဆုံးသွားသော်လည်း နာမည်ကားမသေဆုံး၊ တချို့ကား လူကားမသေဆုံးသေးသော်လည်း နာမည်ကား သေဆုံးနေလေပြီဖြစ်သည်။
“ကျွန်တော်သာ ယခု ရုတ်တရက် သေဆုံးသွားလျှင်” ဆိုသော အတွေးမျိုးကို မကြာခဏ တွေးမိပေသည်။ သေခြင်းကို သတိရှိရှိ ရင်ဆိုင်ဖို့ လိုအပ်သလို မသေခင် ကိုယ်ဘာတွေလုပ်ခဲ့မလဲ ဆိုတာလည်း အရေးကြီးပေသည်။ သေဆုံးခြင်း၏ တခြားတဖက်တွင် မည့်သည့်အရာရှိမည်ဆိုသည်ကာ မပြောနိုင်ပေ။ ယခုလက်ရှိအချိန်သည် အဖိုးထိုက်တန်လှသည်။ တန်ဖိုးရှိရန် အကျိုးရှိရန် လုပ်ဆောင်ရန်မှာ ဒီအချိန်သည် အရေးကြီးဆုံးဖြစ်သည်။ သေခြင်းတရားသည် ကျွန်တော့်ဆီကို အရှိန်အဟုန်ပြင်းစွာ ၀င်ရောက်လာသည်ဆိုပါစို့... အညင်သာဆုံး အအေးချမ်းဆုံးနှင့် ကျွန်တော်၏ အသိတရားတို့ လွင့်ပြယ်သွားမည့် အချိန်တခုအတွက် အဆင့်သင့် ဖြစ်နေရန် ကျွန်တော် ကြိုးစားနေမိသည်။
ကိုငယ် (မန္တလေး)
No comments:
Post a Comment