Friday, January 13, 2012

ခံတွင်းနံ့ နံခြင်း



ခံတွင်းအနံ့ နံခြင်း ကို ဆေးပညာအရ halitosis လို့ ခေါ်ပါတယ်။ English လိုတော့ လွယ်လွယ်ကူကူ bad breath လို့ပဲခေါ်ကြပါတယ်။ Halitosis ဟာ လူတိုင်းမှာ တွေ့ရများတဲ့ အခြေအနေတစ်ခုဖြစ်ပြီး အဓိက ဖြစ်စေတဲ့ အကြောင်းအရင်းကတော့ ပါးစပ်ထဲမှာ စားကြွင်းစားကျန်တွေနဲ့ ဘက်တီးရီးယားပိုးတွေ ခိုအောင်းနေလို့ ဖြစ်ပါတယ်။

များသောအားဖြင့်ပါးစပ်နံတဲ့သူတွေဟာ သူတို့ ပါးစပ်နံတာကို သတိမထားမိကြပါဘူး။ အခြားသူတွေက သတိထားမိပေမယ့် အားနာလို့ဖြစ်စေ ရှက်လို့ဖြစ်စေ ဘာမှ မပြောဘဲ အောင့်အီးသည်းခံပြီး နေလေ့ရှိတတ်ကြပါတယ်။ အရမ်း ရင်းနှီးတဲ့ သူငယ်ချင်းက ဖြစ်စေ မိသားစုဝင်တစ်ယောက်ယောက်က ဖြစ်စေ ပြောလိုက်တဲ့အခါမှသာ သူတို့ သတိထားမိတတ်ကြပါတယ်။

ပညာရှင်တွေရဲ့ အဆိုအရတော့ ကျွန်တော်တို့ အားလုံးနီးပါးဟာ တစ်ချိန်ချိန်မှာတော့ ပါးစပ်နံတာ ဖြစ်ခဲ့ဖူးကြတာပါပဲတဲ့။ တခါတလေကျတော့လည်း ပင်ကိုယ်က ပါးစပ်မနံပေမယ့် အနံ့ပြင်းတဲ့ အစာတွေ (ဥပမာ။ ။ ကြက်သွန်ဖြူကဲ့သို့ သော အစာတွေ)ကို စားမိပြီး အနံ့ထွက်တာမျိုးလည်း ရှိတတ်ပါတယ်။ နံတယ်မနံဘူးဆိုတာက ဓလေ့ထုံးစံနဲ့လည်း ဆိုင်သေးတယ်။

တချို့ကျတော့ ဆေးလိပ်သောက်လို့ အနံ့နံတာမျိုး။ သူတို့အချင်းချင်းတော့ မနံဘူးပေါ့။ ဘေးက ဆေးလိပ်မသောက်သူတွေကသာ အနံ့မခံနိုင်ကြတာ။ ဆေးလိပ်သောက်ခြင်းဟာ ခံတွင်းနံ့ နံခြင်းရဲ့ တရားခံတခုလည်း ဖြစ်ပါတယ်။ သူ့ကြောင့် ခံတွင်းခြောက်ခြင်း၊ သွားဖုံးရောင်ခြင်း တို့ကို ဖြစ်စေနိုင်တာကြောင့် ဖြစ်ပါတယ်။

ခံတွင်း ကျန်းမာရေးနဲ့ သန့်ရှင်းရေးကို ဂရုစိုက်ခြင်းက ပါးစပ်နံ့ခြင်းအတွက် အကောင်းဆုံး ကာကွယ်နည်းပဲ ဖြစ်ပါတယ်။ ခံတွင်း သန့်ရှင်းရေးကို သေချာလုပ်ဆောင်ရင် အနံ့နံသူအများစုဟာ အဆိုပါ အခြေအနေမှ သက်သာသွားတာကို တွေ့ရပါတယ်။ အဲဒီလို လုပ်တာတောင်မှ အနံ့အသက် မပျောက်ဘူးဆိုရင် ခံတွင်းအတွင်းမှ ဖြစ်စေ ခန္ဓာကိုယ် အတွင်းမှ ဖြစ်စေ ရောဂါ တစ်ခုခုရှိနေလို့ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ခံတွင်းနံ့ ပျောက်ကင်းစေနိုင်တဲ့ နည်းလမ်းများကို ဖော်ပြပေးလိုက်ရပါတယ်။ ဒါတွေကို ဂရုတစိုက်လုပ်ဆောင်လို့မှ မပျောက်ကင်းဘူးဆိုရင်တော့ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ပြသင့်ပြီလို့ အကြံပေးပါရစေဗျာ။

ခံတွင်း အနံ့ဆိုးခြင်းဟာ ဘာ့ကြောင့် ဖြစ်ရတာလဲ။
ခံတွင်းအနံ့ဆိုးအောင် ဖြစ်စေတဲ့အကြောင်းအရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁-ခံတွင်း သန့်ရှင်းမှုအားနည်းခြင်း
သွားပညာရှင်တွေရဲ့ ပြောဆိုချက်အရ ခံတွင်းအနံ့ထွက်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ခံတွင်းသန့်ရှင်းမှု အားနည်းခြင်းကြောင့် ဖြစ်ပါတယ်တဲ့။ ကျွန်တော်တို့စားလိုက်တဲ့အစာတွေကို ပါးစပ်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေက ချေဖျက်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်သူမှ အစာတစ်လုပ်ကို ပါးစပ်ထဲမှာ စက္ကန့်ပိုင်းထက် ပိုပြီး ငုံမထားတဲ့အတွက် ဒါဟာ မသိသာပါဘူး။ ပါးစပ်ထဲမှာ စားကြွင်းစားကျန်တွေ ကျန်ခဲ့ရင်တော့ ဘက်တီးရီးယားတွေအတွက် ရိက္ခာတွေ ဖြစ်လာပါတော့တယ်။ အဲဒီ ဘက်တီးရီးယားတွေ အစာကို ချေလိုက်ရင် hydrogen sulphide ဆိုတဲ့ ဓာတ်ငွေ့တစ်မျိုးကို ထုတ်လွှတ်ပါတယ်။ သူကမှ အနံ့ နံစေတာပါ။ ၎င်းဓာတ်ငွေ့ကို ကြက်ဥပုပ်တွေမှာလည်း တွေ့ရတတ်ပြီး ပုပ်အက်အက်အနံ့ကို ဖြစ်ပေါ်စေပါတယ်။

နောက်တစ်ချက်က ဘက်တီးရီးယားတွေဟာ အစာဟောင်းတွေနဲ့ ပူးပေါင်းပြီး သွားတွေနဲ့ သွားဖုံးပေါ်မှာ သွားချေးလို့ ခေါ်တဲ့ အဖြူရောင် (သို့) အရောင်မရှိတဲ့ အဖတ်ကလေးတွေကို ဖြစ်စေပါတယ်။ ပမဏနည်းပါးရင် အရောင်မဲ့တတ်ပြီး များပြားလာပါက
အဖြူေ၇ာင် အဖတ်တွေအဖြစ် တွေ့မြင်ရတတ်ပါတယ်။ ဒီထက်ဆိုးလာရင်တော့ အဝါရောင် သွာချေးတွေပေါ့ဗျာ။ သွားကို နှံ့အောင် မတိုက်ပါက ၎င်းအဖတ်များဟာ သွားကြားနှင့် ပါးစောင်တို့မှာ တင်ကျန်နေတတ်ပါတယ်။ အဆိုပါ သွားချေးများသည် သွားဖုံးေ၇ာင်ခြင်းကို ဖြစ်ပေါ်စေပြီး အနံ့ဆိုးများကို ထုတ်လွှတ်နိုင်တဲ့အတွေက် ခံတွင်းနံ့နံစေတဲ့ အကြောင်းတခုဖြစ်ပါတယ်။

၂-သွားတုသန့်ရှင်းမှု အားနည်းခြင်း
သွားအတု၊ အံပုံအတု အသုံးပြုသူများသည် ၎င်းတို့ကို ပုံမှန်သန့်ရှင်းအောင် ဆေးကြောခြင်း မရှိပါက ဘက်တီးရီးယားများ ပေါက်ပွားပြီး အနံ့ဆိုးများ ထွက်နိုင်ပါသည်။

၃-ပါးစပ်ခြောက်ခြင်း
ကျွန်တော်တို့ရဲ့ ပါးစပ်တွေကို တံတွေးလို့ခေါ်တဲ့ saliva က အမြဲတမ်း စိုစွပ်ပြီး သန့်ရှင်းနေအောင် ပြုလုပ်ပေးနေကြပါတယ်။ အကယ်၍ အကြောင်းကြောင်းကြောင့် ပါးစပ်ခြောက်နေပြီဆိုပါက အရေပြားမျက်နှာပြင်ရှိ အညစ်အကြေးများနှင့် dead cell များကို မဖယ်ရှားနိုင်တော့ပေ။ ထိုအခါ ပါးစပ်နံတတ်ပါသည်။ ရေသောက်နည်းခြင်းကလည်း ပါးစပ်ခြောက်စေနိုင်တာကြောင့် ခံတွင်းနံ့ နံစေနိုင်တဲ့ အကြောင်းတချက်ဖြစ်စေပါတယ်။

၎-အစားအသောက်ကြောင့် ပါးစပ်နံခြင်း
ကြက်သွန်ဖြူ၊ ကြက်သွန်နီ နှင့် အချို့သော မဆလာမှုန့်များသည် စားလိုက်ပါက ပါးစပ်နံ ခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။ အရက်နှင့် ကော်ဖီဟာလည်း သောက်ပြီးတာနဲ့ ခံတွင်းကို အနံ့ဆိုးစေတတ်ပါသည်။ ပါးစပ်အတွင်းရှိ ဘက်တီးရီးယားတွေဟာ အသီးအရွက်တွေထက် အသားကို ချေဖျက်ပါက အနံ့ဆိုးသော ဓာတ်ငွေ့များကို ပိုမိုထုတ်ပေးပါတယ်။ ဒါကြောင့် သွားကြားမှာ အသားစများ ကျန်ခဲ့ခြင်းသည် အသီးအရွက်စများကျန်ခဲ့ခြင်းထက် အနံ့ဆိုးခြင်းကို ပိုမို ဖြစ်ပေါ်စေနိုင်ပါသည်။

၅-ဆေးများကြောင့် နံခြင်း
အချို့သော ကြာရှည်စွဲသောက်ရသည့် ဆေးများဟာလည်း ခံတွင်း ခြောက်ခြင်း နှင့် တံတွေးအထွက်နည်းခြင်းကို ဖြစ်စေတတ်ပါတယ်။ အဲဒီအခါမျိုးမှာလည်း ပါးစပ်နံစေနိုင်ပါတယ်။

၆-ဆေးလိပ်သောက်ခြင်း
ဆေးလိပ်အငွေ့သက်သက်ကြောင့် တော့ ပါးစပ်မနံတတ်ပါ။ ဒါပေမယ့် ဆေးလိပ်ဟာ ပါးစပ်ခြောက်ခြင်းကို အားပေးသလို သွားနှင့် ခံတွင်း ကျန်းမာရေးကိုလည်း အားနည်းစေပါတယ်။ ဒါကြောင့် တိုက်ရိုက်မဟုတ်ပေမယ့်လည်း သွယ်ဝိုက်တဲ့နည်းနဲ့ ခံတွင်းနံ့နံခြင်းကို ဖြစ်စေနိုင်ပါသည်။

ခံတွင်းအနံ့နံစေနိုင်သောရောဂါနှင့် ကျန်းမာရေး
  • အာသီးရောင်ခြင်း
  • ဆီးချို (uncontrolled)
  • အဆုပ်ပွ ရောဂါ၊ လေပြွန်ရောင်ရောဂါနှင့် နာတာရှည်အဆုပ်ရောဂါများ
  • ထိပ်ခပ်နာ
  • အစာအိမ်ရောင်ခြင်း
  • အမျှင်ဓာတ်နှင့် ကဆီဓာတ်အစားနည်းပြီး အသား အစားများခြင်း
  • နာတာရှည် အသည်းရောဂါသည်များ
  • နာတာရှည် ကျောက်ကပ်ရောဂါသည်များ
  • အချို့သောကင်ဆာများ ဥပမာ။ ။ လျှာကင်ဆာ၊ လည်ချောင်းကင်ဆာ နှင့် အစာရေမျိုကင်ဆာ

ခံတွင်း အနံ့နံခြင်းကို ဘယ်လိုပျောက်အောင် လုပ်မလဲ။

၁-ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ပါ
ပါးစပ်နံတယ်ဆိုတာ ဆေးခန်းသွားပြီး ကုသလို့ရတဲ့ အခြေအနေမျိုး မဟုတ်ပါ။ ဆေးဆိုင်မှ ဆေးဝယ်သောက်လို့လည်း ပျောက်မည်မဟုတ်ပါ။ ဆေးဆိုင်များမှာလည်း ခံတွင်းအနံ့ပျောက်ဆေးဆိုပြီး ကြော်ငြာထားသော ငုံဆေး ၊ ပလုပ်ကျင်းဆေးနှင့် သောက်ဆေးများကို တွေ့ဖူးပါလိမ့်မယ်။ အဆိုပါဆေးများသည် ခံတွင်းအနံ့ကို ယာယီသာ ကောင်းအောင် ပြုလုပ်ပေးနိုင်တာဖြစ်ပါတယ်။ အကယ်၍ သင့်အနေဖြင့် ပုံမှန်သွားတိုက်မယ် သွားကြားထိုးမယ်ဆိုပါက ခံတွင်းအနံ့ထွက်ဖို့ အခြေအနေနည်းသွားပါမယ်။ သွားတိုက်ရာမှာလည်း တစ်နေ့ကို အနည်းဆုံး ၂ကြိမ်တော့တိုက်ဖို့လိုပါတယ်။ သွားတိုက်ဆေးကလည်း ချိုရဲရဲ သွားတိုက်ဆေးများ မဟုတ်ဘဲ floride ပါဝင်တဲ့ အရသာမရှိတဲ့ သွားတိုက်ဆေးများကသာ အကောင်းဆုံးဖြစ်ပါတယ်။

သွားတိုက်တံမှာ ပျော့ပျောင်းသည့် အမွှေးလေးများပါဝင်ရမည်ဖြစ်ပြီး အတိုအရှည်မတူညီပါက ပိုကောင်းတယ်လို့ ဆိုပါတယ်။ သွားတိုက်တံတစ်ချောင်းကို တိုက်လာလိုက်တာ လူမှန်းသိကတည်းကနေ ဘွဲ့ရသည်အထိ ဆိုတာမျိုးလည်း ရှောင်ကြဉ်ရပါမယ်။ ၃-လတန်သည် ၄-လတန်သည် သွားတိုက်တံအသစ်တစ်ချောင်း ဖြင့် လဲလှယ်ပေးသင့်ပါတယ်။ သွားတစ်ခါတိုက်ပါက အနည်းဆုံး ၂ မိနစ်ခန့်ကြာရမည် ဖြစ်ပါတယ်။

သွားတိုက်ပြီးပါက သွားပွတ်တံဖြင့် ဖြစ်စေ၊ လျှာပွတ်တံဖြင့် ဖြစ်စေ လျှာကို ရွရွကလေး ပွတ်၍ လျှာသန့်ရှင်းရေး လုပ်ပေးပါ။ စနစ်တကျသွားတိုက်နည်း နှင့် သွားကြားထိုးနည်းကို အောက်ပါပုံများမှတဆင့် ကြည့်ရှုနိုင်ပါသည်။

၂-အခြားသောနည်းလမ်းတွေကတော့....
  • အစာစားပြီးတိုင်း ပလုပ်ကျင်းပါ။ ထိုအခါ စားကြွင်းစာကျန်များ သွားများအတွင်း၌ တင်ကျန်ခြင်းကို ကာကွယ်ပေးပါသည်။
  • အကယ်၍ ပလုပ်ကျင်း၍ အဆင်မပြေပါက ပီကေ၀ါးပါ။ ပီကေကို ပါးစပ်အတွင်းနှံ့အောင် ၀ါးပါက ပါးစပ်အတွင်းမှ တံတွေးများပါထွက်လာပြီး ခံတွင်း သန့်ရှင်းခြင်းကို အားပေးပါသည်။
  • မိမိစားမည့်အစာကို သတိထားပါ။ အရေးကြီးပုဂ္ဂိုလ်များနှင့် တွေ့ရမည့်အချိန်မျိုးတွင် ခံတွင်းနံစေနိုင်သော အစားအစာများကို ရှောင်ကြဉ်ပါ။
  • ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။ မရှောင်နိုင်ဘူးဆိုပါက သွားဆရာဝန်နှင့် ပုံမှန်ပြသကာ သွားနှင့် သွားဖုံးကျန်းမာရေးကို ဂရုစိုက်ပါ။
Referance
medicalnewstoday .com/ articles/ 166636.php

No comments: