Wednesday, January 18, 2012

ကံ၊ ဥာဏ်၊ ၀ီရိယ ဘာအရေးကြီးဆုံးလဲ?


ဝိရိယဂုဏ်တင် ထိုပုံပြင်
ရှေးအခါက ကံ၊ ဥာဏ်၊ ၀ိရိယ သုံးပါးကို အသီးသီးတစ်ခုစီ ယုံကြည်ကြသော မိတ်ဆွေသုံးယောက်တို့သည် ခရီးအတူသွားလျက်ရှိကြရာ မြို့တစ်မြို့ အရောက်တွင် အောက်ပါမောင်းကြေးနင်းခတ်သံကို အတူတကွကြားလိုက်ကြရသည်။
“တိုင်းသူပြည်သား လူအများတို့လေ…..ချမ်းမြသီတာဂူကြီးအတွင်း၌ တစ်ညနေနိုင်သူအားဆုတော်ငွေတစ်ထောင်ချီးမြှင့်မည်ဖြစ်ကြောင်း အမိန့်တော် မှတ်လိုက်သည်။ ဘုရင်ထီးဘုရား အမိန့်တော်……”
အမိန့်တော် ပြန်သူများထံတွင် သုံးယောက်သားစာရင်းပေးလိုက်ကြသည်။ အမိန့်တော်ပြန်သူများက
“စဉ်းစားပြီးမှစာရင်းပေးကြပါ …ဤဂူကြီးထဲဝင်ပြီးသူမှန်သမျှ တစ်ယောက်မှ အသက်ရှင်လျက်မတွေ့ရပါ အေးလွန်းအားကြီးသောကြောင့် သွေးခဲလျက်သေကြရသည်ကိုသာ တွေ့ကြရသည်” ဟုသတိပေးကြသော်လည်း သုံးယောက်သား နောက်မဆုတ်ပဲ ဂူကြီးထဲတစ်ည၀င်ကြရမည်ဖြစ်ရာ ပထမဆုံးကံသမားကစတင်ဝင်ရောက်လေသည်။ ရှေးကံတစ်ခုတည်းကိုသာလက်ခံ ယုံကြည်သူဖြစ်သည့်အတိုင်း ကံစီမံရာ ဖြစ်လိမ့်မည်ဟူသော ယုံကြည်ချက်ဖြင့် ဘာမှကြိုတင်ပြင်ဆင်မှု မရှိပဲ ဂူကြီးထဲဝင်ရောက်သွားလေသည်။ နောက်တစ်နေ့တွင်ပိတ်ထားသော ဂူပေါက်ကြီးကို ပရိတ်သတ်စုံညီရှေ့တွင်ဖွင့်လိုက်ရာ သွေးခဲပြီးသေနေသော ကံသမားကို တွေ့ကြရလေသည်…………
နောက်တစ်ညတွင် ဥာဏ်သမား ၀င်ရောက်ရလေသည်။ ဥာဏ်သမားဖြစ်သည့်အတိုင်း လောင်စာဆီအချို့နှင့် မီးခတ်ကျောက်နှစ်လုံးကို စောင့်များမသိအောင် ခိုးသွင်းနိုင်ခဲ့သည်။ သို့သော်နောက်တစ်နေ့မနက် ဂူပေါက်ကြီး ဖွင့်သောအခါတွင်ကား သွေးခဲသေနေသော ဥာဏ်သမားကိုတွေ့ကြရပြန်လေသည်။ သူမဖြစ်စလောက် မီးဖိုလေးသည်လည်း ဂူကြီး၏အအေးဒဏ်ကို မတွန်းလှန်နိုင်ခဲ့ပါချေ။ နောက်ဆုံးဝီရိယသမားအလှည့်ကား တိုင်းသူပြည်သားများက စိတ်မ၀င်စားကြတော့။ သေရမည်ဟုသာ တွက်ထားလိုက်ကြသည်………၀ီရိယသမား ကားကိုယ်အထက်ပိုင်းဗလာဖြင့် ခါးတောင်းမြှောင်အောင်ကျိုက်ကာ ဂူကြီးအတွင်းသို့ ၀င်သွားလေတော့သည်။ နောက်တစ်နေ့မနက် ဂူကြီးကိုဖွင့်လိုက်သော အခါတွင်ကား ချွေးသံတရွှဲရွှဲဖြင့် အလေးချိန်များသောကျောက်တုံးကြီးများကို တစ်တုံးပြီးတစ်တုံးမနေသော ၀ီရိယသမားကိုတွေ့ကြရလေသည်. နောက်ဆုံးတွင်စစ်သူကြီးရာထူးနှင့် ငွေတစ်ထောင်ကို ၀ီရိယသမားကဆွတ်ခူး သွားခြင်းဖြင့်ပုံပြင်ကိုအဆုံးသတ်ထားပါသည်။
ပုံပြင်အပေါ်သုံးသပ်ချက်
ဝီရိယသမားကို အမွှန်းတင်ထားသောပုံပြင်ဖြစ်သော်လည်း တကယ်ကျတော့ အအေးဒဏ်ကြောင့် မသေနိုင်သောကံ၊ အလေးချိန်များကို အဆက်မပြတ်မနေပါက အသွေး အသား အကြောများနိုးကြားပြီး အအေးဒဏ်ကိုခံနိုင်မည်ဟုသိသောဥာဏ်၊ မပျင်းမရိ အားစိုက်၍မသော ၀ီရိယတို့ကြောင့်သာ အောင်ပန်းဆွတ်ခူးနိုင်ခြင်း ဖြစ်ကြောင်းတွေ့မြင်ကြရပေမည်။
ဥာဏ်ကိုဂုဏ်တင် ထိုပုံပြင်
တစ်ခါက ကံ၊ ဥာဏ်၊ ၀ီရိယ အသီးသီးကိုယုံကြည်ကြသော ငါးသုံးကောင်ရှိလေသည်။ တစ်နေ့တွင် တံငါသည် တစ်ဦး၏ ပိုက်ကွန်တွင်မိကာ လှေဝမ်းထဲပုံထားသော ငါးပုံကြီးထဲတွင်သုံးကောင်စလုံးရှိနေကြသည်။ တံငါသည် ကားချောင်းထဲရှိငါးများကို ဆက်ဖမ်းနေတုန်းပင်ရှိသေးသည်။ ထိုအချိန်တွင် ၀ီရိယသမားကား လွတ်မြောက်မှု အတွက်အကြိမ်ကြိမ် အဖန်ဖန် လှေဝမ်းထဲမှ အားစိုက်ကာခုန်သော်လည်း လှေဝမ်းကနက်ပြီး စောက်ကမြင့်နေ သောကြောင့်နောက်ဆုံးမလွတ်မြောက်နိုင်ပဲ ဖြစ်နေလေသည်။ နောက်ဆုံးတွင်မျက်စိနောက်လာသော လှေသမားက လှော်တက်နှင့်ခုတ်လိုက်သောကြောင့်ဝိရိယသမားငါးမှာ တစ်ဘ၀ဇာတ်သိမ်းသွားရလေသည်။ ဥာဏ်သမားကား ဒီအတိုင်းခုန်နေလို့ကတော့ လှေစောက်ကမြင့်နေသောကြောင့်မလွတ်မြောက်နိုင်….လှိုင်းဒဏ် ဖြင့်လှေလူးသောအခါစောင်းသွားလိမ့်မည်  ထိုအခါကျမှ ခုန်လျှင်သာ လွတ်မြောက်နိုင်လိမ့်မည်ဟု ဥာဏ်ဖြင့် တွေးကာ လှေလူးချိန်ကိုစောင့်ပြီးမှ တစ်ချက်တည်းခုန်လိုက်သောကြောင့် သေဘေးမှလွတ်မြောက်သွားခဲ့သည်. ကံသမားငါးကား ကံကိုသာယုံကြည်စွာစောင့်မျှော်ရင်း ဟင်းအိုးထဲရောက်ကာ တစ်ဘ၀ဇာတ်သိမ်းလေသည်….
ပုံပြင်အပေါ်သုံးသပ်ချက်
ဤပုံပြင်အပေါ်သုံးသပ်ကြည့်လျှင် ဥာဏ်သမားငါး၏လွတ်မြောက်သွားမှုတွင် လွတ်မည့်အချိန်ကိုရွေးတတ်သော ဥာဏ်၊ အားစိုက်၍ခုန်ရသောဝီရိယ၊ လွတ်မြောက်ရမည့်ကံ…ဤသုံးမျိုးလုံးပြည့်စုံသောကြောင့်သာ လွတ်မြောက်ရခြင်းဖြစ်ကြောင်းတွေ့ရပါလိမ့်မည်………………..။
ကံကိုဂုဏ်တင် ထိုပုံပြင်
တစ်ခါက ကံ၊ ဥာဏ်၊ ၀ီရိယ သုံးပါးတို့တွင် မည်သည်ကပို၍ အရေးကြီးကြောင်းကို လူသုံးဦးသည် အမြဲတမ်း အကိုးအကားများစွာဖြင့်ငြင်းခုန်လေ့ရှိကြသည်………..တစ်နေ့တွင်ထိုအကြောင်းကို ဘုရင်ကြီးသိသွားသဖြင့် သုံးဦးလုံးကိုခေါ်ယူကာ လူသူမနီးသော တောနက်ကြီးထဲတွင် သုံးဦးစလုံးကိုပို့ထားလိုက်လေသည်။ တောနက်ကြီးထဲရောက်သောအခါတွင်ကား သုံးဦးလုံး မိတ်ဆွေဖွဲ့ပြီး အတူတကွ သွားလာနေကြလေသည်…… တစ်နေရာရောက်သောအခါ မောပန်းလာသဖြင့် သုံးယောက်သား နားနေကြလေသည်။ အစာမစားရသဖြင့် သုံးယောက်စလုံး ဆာလောင်မွတ်သိပ် နေကြလေသည်။ ကံသမားကား စားရကံရှိလျှင် စားစရာတွေ့မည်ဟူ သောယုံကြည်ချက်ဖြင့် စိတ်ချလက်ချ အိပ်ပျော်သွားလေသည်။ ဥာဏ်သမားကား စားစရာမည်သို့ရနိုင်မည်ကို စဉ်းစားနေရင်းဖြင့် တောကျီးတစ်အုပ် အရှေ့စူးစူးသို့ အုပ်စုဖွဲ့ပျံသန်းသွားကြသည်ကိုတွေ့လိုက်ရလေသည်။
သို့ဖြင့် အနားမှာရှိသော ၀ီရိယသမားအား အရှေ့စူးစူးကို ရောက်အောင်သွားနိုင်လျှင် စားစရာတွေ့နိုင်ကြောင်း ကိုပြောပြလေရာ ၀ီရိယသမားက ဥာဏ်သမားကိုခေါ်ပြီး ချက်ချင်းသွားကြလေသည်……ကံသမားကား အိပ်ပျော်လျက် ကျန်ရစ်ခဲ့သည်။ ဥာဏ်သမားတွေးသည့်အတိုင်းပင် တစ်နေရာတွင် တောစောင့်နတ်ကိုတင် ထားသော စားဖွယ် သောက်ဖွယ်များကို တွေ့ရလေသည်။ နှစ်ဦးသား ၀အောင်စားသောက်ပြီးနောက် ကံသမား အတွက်လည်း ဖက်ရွက်နှင့်ထုတ်ကာ ယူခဲ့ကြလေသည် ။ ထိုထမင်းထုပ်ကို ကံသမားကဖြေစားသောက်သော အခါတွင်ကား ဘုရင်မင်းတရားကိုယ်တိုင် ထည့်ထားသော န၀ရတ်ကိုးသွယ် စီခြယ်ထားသော နန်းစဉ်လက်စွပ် ကို အိပ်ပျော်ကျန်နေရစ်သော ကံသမားကရရှိသွားလေတော့သည်………….ထိုအချိန်မှာပင်ဘုရင်လွတ်လိုက် သော အထောက်တော်များ ရောက်ရှိလာကာ သုံးဦးစလုံးကို ဘုရင်ရှေ့တော်မှောက်ခေါ်သွားကြလေသည်။ ဘုရင့်ရှေ့တော်မှောက်ရောက်သောအခါ နန်းစဉ်လက်စွပ်ကြီးကိုရရှိသွားသော ကံသမားကို အိမ်ရှေ့အရာပေး၍ စဉ်းစားဥာဏ်ရှိသော ဥာဏ်သမားကိုပညာရှိအမတ်ရာထူးပေးကာ လုံ့လအားကိုးသောဝီရိယသမားကို စစ်သူကြီးရာထူးပေးလိုက်လေတော့သည်…………….။
ပုံပြင်အပေါ်သုံးသပ်ချက်
ဤပုံပြင်ကိုပြန်၍သုံးသပ်ကြည့်လျှင် အမြင့်ဆုံးအိမ်ရှေ့ရာထူးကို ရသွားသောကံသမားသည် ကံတစ်ခုတည်းနဲ့ ရသွားသည်ဟု ရုတ်တရက်ထင်နိုင်သော်လည်း အမှန်တော့ထိုသို့မဟုတ် ဥာဏ်နှင့်ဝီရိယသမားနောက်ကို တကောက်ကောက်လိုက်ရသော ၀ီရိယ၊ ထိုနှစ်ယောက်ကိုမိတ်ဆွေဖြစ်အောင်ပေါင်းထားမှ မိမိအပေါ်စောင့်ရှောက်လိမ့်မည်ဟု သိသောဥာဏ်၊ အိမ်ရှေ့မင်းဖြစ်ထိုက်သောကံ ဤသုံးပါးပေါင်းစုံကာ ကြိုးစားခဲ့သောကြောင့်သာလျှင် အိမ်ရှေ့ရာထူးကို ရရှိခြင်းဖြစ်ကြောင်းတွေ့နိုင်ပါသည်။ သုံးမျိုးလုံးဘက်စုံလိုအပ် သည်ဖြစ်သော်လည်း အဓိကအကျဆုံးအရာကို ဖော်ပြပါဟုဆိုလျှင်ကား ကံကိုပင်ဖော်ပြနိုင်အောင်လည်း ပညာရှိအမတ်ကြီး ကာလီဒါသက အသက်နှင့်အလဲအလှယ်ပြုကာ သက်သေပြုခဲ့သောကြောင့်ဖြစ်သည်။
အသက်နှင့်လဲ ကံသက်သေပွဲ
တစ်နေ့တွင် ဘောဇဘုရင်နှင့်ကာလီဒါသတို့ မြစ်ကမ်းပါးတစ်ခုတွင် လမ်းလျှောက်နေကြသည်။ အရင်ရက်များကတည်းက ဘ၀င်မကျခဲ့သော ကံ၊ ဥာဏ်၊ ၀ီရိယ အကြောင်းကို ဘောဇဘုရင်ကစကား စလိုက်သည်။ “အချင်း ကာလီဒါသ၊ လူတစ်ယောက်၏ ကြီးပွားတိုးတက်မှုတွင် ဥာဏ်နှင့်ဝီရိယတစ်ခုခုသာ အဓိကကျသည်…….ကံကားနောက်လိုက်မျှသာဖြစ်ရမည်ဟု ငါသည်ယခုတိုင်ယုံကြည်လျက်ရှိသည်….ကံက
အဓိကကျသည်ဟူသော သင့်အယူအဆကိုရော မပြောင်းသေးဘူးလား”
“မပြောင်းနိုင်ပါ အရှင်မင်းမြတ်၊ သတ္တ၀ါတို့၏ အယုတ်အမြတ် အနိမ့်အမြင့်ကို ကံသာလျှင် အဓိကဖန်တီး ပါသည်၊ ဥာဏ်နှင့်ဝီရိယကားနောက်လိုက်သာဖြစ်ပါသည်”
ထိုအခါအကြောင်းပြဿနာပေါ်တိုင်း မိမိအလိုကို တစ်ကြိမ်မျှ မလိုက်ခဲ့သည့်အတွက် ချုပ်တည်းလာခဲ့ရသမျှ သောဒေါသတို့သည် ဤတစ်ကြိမ်တွင်ကား အပြင်းအထန်ပေါက်ကွဲလေပြီ။ ဘောဇဘုရင်သည် ရုတ်တရက် ပတ္တမြားလက်စွပ်ကိုချွတ်ကာ နက်လှစွာသောမြစ်ထဲသို့အားကုန်ပစ်ချလိုက်လေသည်။ ပြီးသည်နှင့်…..
“အချင်း ကာလီဒါသ….ဤမြစ်ထဲမှလက်စွပ်ကို (၇)ရက်အတွင်း သင်ယုံကြည်သောကံအစွမ်းဖြင့် ရအောင် ယူလော့။ (၇) ရက်ပြည့်မှရအောင်မယူနိုင်လျှင် သင့်အားသေဒဏ်ပေးမည်။ အကယ်၍ (၇)ရက်အတွင်း ဥာဏ်နှင့်ဝီရိယ တစ်ခုခုသာ အဓိကကျသည်ဟု သင်၏အယူအဆကို ပြောင်းလျှင်လည်းချမ်းသာပေးမည်”
ထိုသို့မိန့်တော်မူပြီးသည်နှင့် လက်စွပ်ပစ်ချသောနေရာတစ်ဝိုက်ကို မည်သူမျှမလာစေရန် အစောင့်များတင်းကျပ် စွာချထားလိုက်သည်။ ကာလီဒါသကား ပညာရှိပီပီ အနည်းငယ်မျှ တုန်လှုပ်ခြင်းမရှိဘဲ အိမ်ပြန်ရောက်သည်နှင့် ရသေ့ယောဂီများအား လှူဒါန်းခြင်း၊ သီလဆောက်တည်ခြင်း ၊ တရားရှုမှတ်ခြင်း ဘာဝနာတို့ကိုသာ (၇)ရက်ပတ် လုံးပြုလုပ်လျက်ရှိသည်….ဤကားပစ္စုပန်ကံသစ်များပြုနေခြင်းပင်ဖြစ်သည်…….
ဘောဇဘုရင်ကား (၇)ရက်မပြည့်မချင်း ကာလီဒါသ အယူဝါဒပြောင်းလာမည့် အချိန်ကိုသာ စောင့်မျှော်နေသည်။ ကာလီဒါသကား အယူဝါဒလည်းမပြောင်း၊ လာလည်းမလာသောအခါ ဘောဇဘုရင်မှာ အမျက်ထွက်သထက်ထွက်နေတော့သည်။ကာလီဒါသကား မိမိအသက်တစ်ချောင်းအတွက်နှင့် နှောင်းလူများ တစ်သက်လုံး အယူမှားမည့်အဖြစ်ကို အရောက်မခံပါချေ………(၇)ရက်ပြည့်သောရက်ရောက်သည်နှင့် အာဏာ
ပါးကွက်သားတို့က ကာလီဒါသအား လက်ပြန်ကြိုးတုပ်ကာ သုဿန်သို့ခေါ်သွားကြလေသည်။ ကာလီဒါသကို
သတ်တော့မည်ဟု သတင်းကြားသည်နှင့် တိုင်းသူပြည်သားအားလုံး လာမကြည့်သူဟူ၍ တစ်ယောက်မှမရှိ
သလို မျက်ရည်မကျသူဟူ၍လည်း တစ်ယောက်မှမရှိပေ။ သတ်မှတ်ချိန်နီးလာသည်နှင့်အမျှ ပရိတ်သတ်များ
မှာလည်း များသတဲ့များလာခဲ့သည်။
ထိုအချိန်မှာပင် တောတွင်းတရားအားထုတ်နေသောယောဂီတစ်ယောက် ကာလီဒါသရှေ့ တိုးဝှေ့ဝင်ရောက်
လာကာ “ကာလီဒါသ သင့်အားနောက်ဆုံးအနေနဲ့ ကုသိုလ်ပေးလိုပါသည်။ ငါ့အား ငါးဟင်းဖြင့်ဆွမ်း
ကပ်ပါလော့”… ထိုအခိုက်မှာပင် ပရိတ်သတ်ထဲတွင်ပါသော ငါးသည်တစ်ယောက်သည် ကာလီဒါသ
အတွက် ငါးတစ်ဗန်းလုံးကို ပေးလှူလိုက်လေသည်။ ကာလီဒါသ၏ အိမ်ရှင်မက ငါးများကိုချတ်ပြုတ်ရန်
ခုတ်ထစ်စဉ်မှာပငါ ဘောဇနဘုရင်၏ ပတ္တမြားလက်စွပ်ကို ငါးဝမ်းထဲမှ ရလိုက်ပေပြီ။ ကာလီဒါသ၏
အသက်ကို ငါးဝမ်းထဲမှ ရလိုက်ပေသည်။ ကာလီဒါသ၏အသက်ကို အတိတ်ကံနှင့် ပစ္စုပန်ကံ
ပေါင်းကာ ကယ်လိုက်လေပြီတည်း။ ထိုအချိန်မှစ၍ ဘောဇနဘုရင်မှာ ကံသာလျှင်အရေးကြီးဆုံး
ဖြစ်ကြောင်းကို လက်ခံသွားလေတော့သည်။
အနောဓိသ၊ သြဓိသမေတ္တာဖြင့်............

No comments: