Wednesday, February 1, 2012

"ကိုယ်ကိုယ်တိုင် ဖတ်ဖို့..."






အချို့စာအုပ်များသည် မြည်းရန်အတွက်သာ၊
အချို့စာအုပ်များသည်မျိုချရန်၊
အချို့သော( အနည်းငယ်မျှသော) စာအုပ်များသည် ညက်ညက်ဝါးကာ အစာကြေအောင် ချေရန်ဖြစ်တယ်။


++++++++++++++++++
ညက်ညက်စားကာ အစာကြေအောင်ချေရမယ့် စာအုပ်ထဲတွင်...
စိတ်ချမ်းသာဖို့လိုရင်းပါ...(ဆရာတော်ဦးဇောတိက) စာအုပ်ပါဝင်တယ်။
အကြောင်းကား လက်တွေ့လုပ်ဆောင်ဖို့ အထပ်ထပ်ဖတ်ဖို့လိုအပ်ပါတယ်။
++++++++++++++++++
ကျနော် အမေရိကန်နိုင်ငံသို့ထွက်လာတဲ့အခါမှာ မှတ်စုစာအုပ်အားလုံးနီးပါးချန်ထားခဲ့ရပါတယ်။
ဆေးပညာဆိုင်ရာစာအုပ်များကိုမူ မယူမဖြစ်ယူလာခဲ့ပါတယ်။
ဖတ်စရာ မြန်မာစာအုပ်ကတော့နှစ်အုပ်သာယူလာဖြစ်ပါတယ်။
ထိုစာအုပ်ထဲတွင် စိတ်ချမ်းသာဖို့လိုရင်းပါ စာအုပ်ပါလာပါတယ်။
အဲဒီစာအုပ်ကို အစဉ်မပြေတိုင်း ဖတ်ဖြစ်ပါတယ်။
စိတ်မချမ်းမသာဖြစ်တိုင်းဖတ်ဖြစ်ပါတယ်။
စိတ်ထဲတွင်တစ်ခုခုလိုအပ်တိုင်း၊ ချာချင်သွင်းဖို့လိုအပ်တိုင်းဖတ်ဖြစ်ပါတယ်။
ဖတ်ခဲ့တဲ့အကြိမ်ပေါင်းမရေမတွက်နိုင်အောင်ရှိနေခဲ့ပါတယ်။
ဖတ်လိုက်တိုင်းလည်း အားဖြစ်ခဲ့ပါတယ်။

++++++++++++++++++

အဲဒီစာအုပ်ပါ အကြောင်းအရာအချို့ကတော့...

ကိုယ့်စိတ်ထဲမှာ စိတ်ချမ်းသာမှုကို ရှာတွေ့ဖို့မလွယ်ဘူးဆိုပေမယ့်
တခြားနေရာမှာ ရှာတွေ့ဖို့ကတော့ မဖြစ်နိုင်ပါဘူး။

+++++++++++++++++++

ကိုယ့်ဘဝမှာ ဘာအခက်အခဲ၊ ဘာပြဿနာမှ မရှိရင် ကောင်းမှာပဲလို့ မျှော်လင့်နေရင်
ဘယ်တော့မှ စိတ်ချမ်းသာမှာ မဟုတ်တော့ဘူး။
အရေးကြီးတာက ပြဿနာမရှိဖို့မဟုတ်ဘူး။
ပြဿနာကို အကောင်းဆုံးနည်းနဲ့ဖြေရှင်းဖို့။

++++++++++++++++++++

အမြဲတမ်းစိတ်ချမ်းသာချင်ရင် အခုစိတ်ချမ်းသာအောင်နေပါ။
အခုဆိုတဲ့အချိန်ဟာ ဘယ်တော့မှ ပျောက်မသွားဘူး။
သူ့နေရာမှာ သူအမြဲရှိနေတယ်။ ဒါကြောင့် အခုစိတ်ချမ်းသာအောင်နေနိုင်မှ
အမြဲစိတ်ချမ်းသာမယ်။

++++++++++++++++++++

စိတ်ချမ်းသာမှုဟာ ဘဝခရီးလမ်းဆုံးမဟုတ်ပါဘူး။
စိတ်ချမ်းသာမှုဟာ ဘဝခရီး သို့မဟုတ် ဘဝနေနည်းပါ။

++++++++++++++++++++

စိတ်ချမ်းသာမှုဟာ လှပတဲ့အရာ၊ မြင့်မြတ်တဲ့အရာ ဖြစ်တယ်။

++++++++++++++++++++

စိတ်ချမ်းသာအောင် နေချင်ရင် စိတ်ဆင်းရဲစရာကို ရှာပြီးမပြောနဲ့။
စိတ်ချမ်းသာစရာကို ရှာတွေးပါ။
စိတ်ချမ်းသာစရာကို ပြောပါ။

++++++++++++++++++++

ကိုယ်ဖြစ်ချင်တာနဲ့ ကိုက်ညီတဲ့စကားကိုပဲ တစ်နေ့လုံးပြောပါ။
ကိုယ်လိုချင်တာကို ရချင်ရင် ကိုယ်ဘာကို လိုချင်တယ်ဆိုတာကိုပြောပါ။
စိတ်ချမ်းသာချင်ရင် စိတ်ချမ်းသာမယ့်စကားကို ပြောပါ။

++++++++++++++++++++

ပျော်ရွှင်မှုဟာ သိမ်မွေ့နက်နဲတဲ့ အနုပညာတစ်မျိုးဖြစ်ပါတယ်။
လေ့ကျင့်နေဖို့လိုပါတယ်။
စာရေးသလိုပဲ။
စိတ်ကူးပေါ်ရာကို ရေးနေပါ။
ကြာရင် စာရေးဆရာ ဖြစ်လာမယ်။
ပျော်ရွှင်မှုဟာလည်း ဒီလိုပဲ။
စိတ်ကူးပေါ်သလို ပျော်ပါ။
ကြာရင် ပျော်ပျော်နေတတ်တဲ့သူ ဖြစ်လာမယ်။

++++++++++++++++++++++
ကိုယ့်ဘဝကို ကိုယ် အဓိပ္ပာယ်ရှိတယ်လို့ ခံစားရရင် စိတ်ချမ်းသာတယ်။
ကိုယ့်မှာ ကောင်းမွန်တဲ့ရေရှည်ဦးတည်ချက်ရှိရင် စိတ်ချမ်းသာတယ်။
ကိုယ့်အတွက် စိတ်ချမ်းသာမှုကို ဘယ်သူကမှ ပေးမှာ မဟုတ်ဘူး။
ကိုယ့်ဟာကိုယ် ရှာမှဖြစ်မယ်။

++++++++++++++++++++++

ကိုယ့်စိတ်ချမ်းသာမှုကို ကိုယ်တာဝန်ယူတာဟာ လွတ်လပ်မှုပဲ။

++++++++++++++++++++++

ငွေကြေးချမ်းသာရင် ပစ္စည်းတွေ အများကြီးစုမိလိမ့်မယ်။ ဒါပေမယ့်
စိတ်ထားကောင်းမှ အဲဒီပစ္စည်းတွေကို စိတ်ချမ်းချမ်းသာသာနဲ့သုံးနိုင်တယ်။

++++++++++++++++++++++

ပျော်ရွှင်မှုအတွက် ကျန်းမာရေးအထိခိုက်ခံတာဟာ မိုက်မဲမှုပဲ။

++++++++++++++++++++++

တစ်နေ့ပြီးတစ်နေ့ စိတ်ချမ်းသာအောင် နေနိုင်ရင် အမြဲ စိတ်ချမ်းသာမယ်။

++++++++++++++++++++++

လူချစ်လူခင် များတဲ့သူဟာ ဘယ်လိုလူလဲ?
စိတ်ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့သူ၊
စိတ်ချမ်းသာစရာကို ပြောတတ်တဲ့သူ၊
သေသေချာချာ နားထောင်ပေးတတ်တဲ့သူ၊
သတ္တိရှိတဲ့သူ၊
ကိုယ်ချင်းစာတတ်တဲ့သူပါပဲ။

+++++++++++++++++++++++

ကိုယ်ကပျော်ချင်ရင် တခြားတစ်ယောက်ကို ပျော်အောင်လုပ်လိုက်ပါ။
အဲဒါ အကောင်းဆုံးနည်းပဲ။

+++++++++++++++++++++++

"Whoever is happy will make others happy, too."
(Mark Twain).
ပျော်နေတဲ့သူဟာ သူများကိုလည်း ပျော်အောင်လုပ်မှာပဲ။

+++++++++++++++++++++++

ချစ်တတ်တဲ့သူဟာ ချစ်စရာကောင်းတဲ့လောကထဲမှာ နေရတယ်။
မုန်းတတ်တဲ့သူဟာ မုန်းစရာကောင်းတဲ့လောကထဲမှာ နေရတယ်။
လောကကြီးဟာ ကိုယ့်ကို ရောင်ပြန်ဟပ်ပေးတယ်။

+++++++++++++++++++++++

လူတွေမှာ ဒုက္ခအစစ်တွေ အလုံအလောက်ရှိပါတယ်။
သင့်စိတ်က ဒုက္ခအတုတွေ ဖန်တီးတာကို ခွင့်မပြုပါနဲ့။

++++++++++++++++++++++


No comments: