တစ်ခါတုန်းက ဆရာနဲ့တပည့်နှစ်ဦးရှိကြတယ်။
သူတို့တွေဟာ ရွာစဉ်လှည့်ပြီး ဆပ်ကပ်ပညာနဲ့
အသက်မွေးဝမ်းကြောင်းကြသူများလည်းဖြစ်ကြတယ်။
အတောင် ခြောက်ဆယ်ရှည်တဲ့ဝါးလုံးရှည်တစ်လုံးရဲ့အောက်ဖက်မှာ
ဆရာက ပခုံးပေါ်မှာ ထောင်ထားတဲ့ဝါးလုံးရှည်ကို ထမ်းထားပြီး
ဟန်ချက်ညီအောင် ထိန်းထားရတယ်။
ထောင်ထားတဲ့ဝါးလုံးရှည်ရဲ့ အပေါ်ဆုံးအပိုင်းထိပ်ဖျားမှာ တပည့်က
ဟန်ချက်ညီအောင်ထိန်းပြီး ပြကွက်အမျိုးမျိုးကို ပရိသတ်အကြိုက်
တစ်မျိုးပြီး တစ်မျိုး ကပြအသုံးတော်ခံရပါတယ်။
တစ်နေ့တော့ ပြကွက်ပြခါနီးမှာ ဆရာက တပည့်ကိုပြောတယ်။
“တပည့်…မင်းက ငါ့ကိုစောင့်ရှောက်ပါ။
ငါကလည်း မင်းကိုစောင့်ရှောက်ပါ့မယ်”
ဒီတော့ တပည့်က
“ဆရာက ဆရာ့ကိုယ်ဆရာ စောင့်ရှောက်ပါ။
ကျနော်ကလည်း ကျနော့်ကိုယ့်ကျနော် စောင့်ရှောက်ပါ့မယ်”လို့
ဆရာကို ပြန်ပြောပါတယ်။
++++++++++++++++++++++++++++++++++++++++++
ဆရာနဲ့တပည့်နှစ်ဦးအနက် ဘယ်သူရဲ့စကားက ပိုမှန်ပါသလဲ။
ဆရာပြောတဲ့စကားက
“မင်းက ငါ့ကို ဂရုစိုက်ပါ။ ငါကလည်း မင်းကို ဂရုစိုက်ပါ့မယ်”လို့ဆိုလိုရာရောက်ပါတယ်။
ဆရာရဲ့သဘောထားက သူများကို ဂရုစိုက်ခြင်းအားဖြင့် ကိုယ့်အလုပ်ကို ပိုကောင်းအောင်
လုပ်နိုင်တယ်လို့ဆိုလိုရာ ရောက်ပါတယ်။
ဆရာ့စကားနဲ့သဘောထားအားဖြင့် အလုပ်ဟာ အကောင်းဆုံး မဖြစ်နိုင်ပါ။
တပည့်ပြောတဲ့စကားက “ဆရာက ဆရာ့ကိုယ်ကိုဆရာ ဂရုစိုက်ပါ။
ကျနော်ကလည်း ကျနော့်ကိုယ်ကို ကျနော် ဂရုစိုက်ပါ့မယ်” ဖြစ်ပါတယ်။
ကိုယ့်အလုပ်ကို ကိုယ်ဂရုစိုက်ခြင်းအားဖြင့်သာ လုပ်တဲ့အလုပ်ဟာ
အကောင်းဆုံးလုပ်ရာရောက်ပါတယ်။
ဒါကြောင့် တပည့်ရဲ့စကားက ပိုမှန်ပါတယ်။
ဘယ်သူမဆို ကိုယ့်အလုပ်ကိုပိုကောင်းအောင်လုပ်ချင်ပါက
ကိုယ့်အလုပ်ကို ကိုယ်ဂရုစိုက်ပြီးလုပ်ရမှာဖြစ်တယ်။
သူများကို ဂရုစိုက်နေရုံနဲ့အကောင်းဆုံးမဖြစ်နိုင်ပါ။
+++++++++++++++++++++++++++++++++++++++
လူကြီးမင်းကရော ဘယ်လိုထင်မြင်ယူဆပါသလဲ….
သိပါရစေခင်ဗျာ…...
စိတ်ဝင်တစားတုန့်ပြန်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
No comments:
Post a Comment