တစ်ခါတုန်းက
တိုင်းပြည်တစ်ခုမှာရှိတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ဒိသာပါမောက္ခဆီမှာ
ပညာရပ်တွေ ကိုသင်ကြားကြတယ်။
လူငယ်တစ်ယောက်က အလွန်ဥာဏ်ကောင်းတယ်။
ဒီတော့ သင်ကြားပေးလိုက်တဲ့ပညာရပ်တွေ အားလုံးကို သင်ကြားတတ်မြောက်သွားပါတယ်။
ကျန်တဲ့လူငယ်တစ်ယောက်ကတော့ အလွန်ဥာဏ်ထုံပါတယ်။
ဘာပဲသင်ပေး၊သင်ပေး လွယ်လွယ်နဲ့ မတတ်မြောက်နိုင်ပါဘူး။
ဒါကြောင့် ဒုတိယလူငယ်ကို ဒိသာပါမောက္ခက ပညာရပ်တစ်ခုကိုသာ
တတ်မြောက်အောင် သင်ကြားဖို့တိုက်တွန်းတယ်။
သေသေချာချာ သင်ပေးလိုက်တယ်။
ဒုတိယ လူငယ်ကလည်း တစ်ခုတည်းသော ပညာကိုသာ ဂရုတစိုက်သင်ယူပါတယ်။
သင်ကြားမှု ကာလကုန်ဆုံးသွားတော့ သူငယ်ချင်းနှစ်ယောက်ဟာ
ကိုယ့်တိုင်းပြည်ကို ပြန်သွားကြပါတယ်။
ပထမလူငယ်က ဘာပဲလုပ်လုပ် အစဉ်မပြေပါဘူး။
အစဉ်မပြေတိုင်းလည်း အလုပ်တစ်ခုပြီးတစ်ခုပြောင်းလုပ်ပါတယ်။
ဒါလည်း အစဉ်မပြေပါဘူး။
ဒုတိယလူငယ်က အလုပ်တစ်ခုမှာပဲ အောင်မြင်ပြီးချမ်းသာလာပါတယ်။
တိုင်းပြည်မှာ အချမ်းသာဆုံးလူတစ်ယောက်ဖြစ်လာပါတယ်။
ဒီတော့ ပထမလူငယ်ကတွေးပါတယ်။
"ဆရာက ငါ့ကိုတော့ ပညာစုံအောင် သင်မပေးလိုက်ဘူးထင်တယ်။
ဟိုကောင်ကိုတော့ ပညာကုန်အောင်သင်ပေးလိုက်လို့သာ ဒီကောင်ချမ်းသာလာတာပဲ။
ဆရာ မမျှတဘူး"လို့ တွေးပြီး ဒိသာပါမောက္ခဆီကို သွားပါတယ်။
သူတွေးတဲ့အတိုင်းလည်း ဆရာကိုပြောပြပါတယ်။
ဆရာက ဘာမှမပြောပဲ ပထမလူငယ်ကို ဝါးရုံတောထဲခေါ်လာခဲ့ပါတယ်။
ပြီးတော့ ဝါးပင်ပေါ်တက်ခိုင်းလိုက်ပါတယ်။
ပြီးတော့ ဆရာက အောက်နေ၊ ဝါးပင်တွေကိုလှုပ်ခါပါတယ်။
လှုပ်ခါလိုက်တိုင်း ပထမလူငယ်က နောက်ဝါးပင်ဆီကို ကူးပြောင်းသွားပါတယ်။
နောက်ဝါးပင်ကို လှုပ်ခါပြန်ပါတယ်။
ဒီလိုနဲ့အကြိမ်ကြိမ် ကူးပြောင်းနေရတော့ လက်၊ခြေတွေ ညောင်းလာပါတယ်။
ပြုတ်မကျအောင်လည်း ကြိုးစားနေရပါတယ်။
နောက်ဆုံးတော့ ဘယ်ဝါးပင်မှ မကူးတော့ပဲ ဝါးပင်တစ်ပင်ကိုပဲ
ခိုင်ခိုင်မြဲမြဲ ဖက်တွယ်ထားတော့ ဘယ်လိုပဲ လှုပ်လှုပ်
ပြုတ်မကျတော့ပါဘူး။
ဒီတော့မှ ဆရာက တပည့်ကို အောက်ကို ဆင်းလာဖို့ပြောပါတယ်။
ပြီတော့ ဆရာက...
"မင်းက ဥာဏ်ကောင်းတော့ ပညာတွေအများကြီးသင်ဖြစ်သွားတယ်။
ပညာတွေ အများကြီးတတ်တော့ အလုပ်တွေလုပ်ဖို့အခွင့်အရေးရတာပေါ့။
ဒါပေမယ့် ဘယ်အလုပ်ကိုမှ ဇွဲနဲ့လုပ်တာ မရှိတော့ဘူး။
အလုပ်မှာ မစွဲတော့ ဘယ်အလုပ်မှ ထိပ်တန်းရောက်အောင်
မအောင်မြင်တော့ဘူး။
မင်းရဲ့သူငယ်ချင်းကျတော့ ဥာဏ်မကောင်းတော့ ပညာတစ်ခုကိုသာ
သင်ဖြစ်တယ်။
သူ့အတွက် အားကိုးစရာကလည်း ဒီတစ်ခုပဲဆိုတော့ စွဲစွဲမြဲမြဲ လုပ်ဖြစ်တယ်။
ဇွဲနဲ့လုပ်တော့ ထိပ်တန်းရောက်လာတာ ဘာမှ မဆန်းပါဘူး။
မင်းကို ဆရာမှာ လိုတာက အောင်မြင်ချင်ရင် ဇွဲနဲ့စွဲစွဲမြဲမြဲလုပ်ပါ"လို့
ပြောလိုက်ပါတယ်။
+++++++++++++++++++++++++++++
ကျနော်နေတဲ့အိမ်မှာ အထက်တန်းကျောင်းသားတစ်ယောက်ရှိတယ်။
အဖိုးအဖွားတွေကလည်း အလွန်ချစ်ကြတယ်။
တစ်ဦးတည်းသော မြေးဆိုတော့ အလွန်အလိုလိုက်ကြပါတယ်။
မိဘကလည်း တစ်ဦးတည်းသားဖြစ်တဲ့အတွက် အလွန်ချစ်ကြပါတယ်။
လူငယ်ဆိုတော့ လုပ်ချင်ရာ အားလုံးလုပ်ခွင့်ရနေပါတယ်။
စန္ဒယားလည်း တီးလိုက်တာပါပဲ။
ဂေါက်ဆိုလည်း ရိုက်လိုက်တာပဲ။
ရေကူးလည်း သင်လိုက်တာပဲ။
ဘောလုံးလည်း ကန်လိုက်တာပဲ။
ဂိမ်းဆိုလည်း ဆော့လိုက်တာပဲ။
သူလုပ်နေတဲ့ခေါင်းစဉ်က များလွန်းလှတယ်။
လေးလေးနက်နက်လုပ်တာ တစ်ခုမှတော့ မတွေ့မိဘူး။
အဖိုးအဖွားရဲ့ဖြစ်စေချင်တဲ့ဆန္ဒကိုလိုက်လျောရတာနဲ့
မိဘရဲ့ဆန္ဒ္ဒကိုလိုက်လျောရတာနဲ့
လူငယ်လေးရဲ့အချိန်တွေကုန်ပြီး ဘာမှမဖြစ်မြောက်တော့မှာကို မြင်မိတဲ့အတွက်
ဒီပုံပြင်ကို ပြောပြလိုက်မိပါတယ်။

No comments:
Post a Comment