Saturday, March 10, 2012

စာဖတ်ခြင်း စာမဖတ်ခြင်းနှင့် ယနေ့ခေတ်လူငယ်



''အရှေ့ကနေဝန်း ထွက်သည့်ပမာပ၊ တို့ခေတ်ကို ရောက်ရမည်မှာမလွဲပါ'' အထက်ပါ စာသားလေးကို ရွတ်မိ ဖတ်မိရလေတိုင်း စိတ်ထဲ၌ ကြက်သီးထမျှ တက်ကြွမှုကို ပေးစွမ်းလေ့ရှိပေသည်။ ထိုစာသားသည်ကား တေးရေးဆရာ ဝိုင်အမ်ဘီဆရာတင်၏ 'တို့ဗမာ'သီချင်းမှ စာသားပင်၊ တစ်နည်းအားဖြင့် သခင် ဘသောင်းတို့၏ ကြိုးပမ်းမှုမှထွက်ပေါ်လာသော ပြည်သူတို့၏ ငုပ်လျှိုးနေသည့် အမျိုးသားရေးစိတ်ဓာတ်ကို လှုပ်နှိုးစေခဲ့သော စာသားပင်။
သခင်ဘသောင်း၊ သခင်လေးမောင်၊ သခင်ဗဟိန်းအစရှိသော တက္ကသိုလ်ကျောင်းသားကြီးများ လက်ထက် (၂ဝ)ရာစုဆန်းတွင်မှ 'နယ်ချဲ့ကိုမဖြစ်မနေ တော်လှန်ဆန့်ကျင်ရမည်'ဟူသော အသိစိတ်များနိုးကြားလာခဲ့ကြသည်။ အရှေ့တောင် အာရှနိုင်ငံများ၏ အမျိုးသားရေးလှုပ်ရှားမှုကို ကြည့်လျှင် (၂ဝ)ရာစုဆန်း၊ ခေတ်ပညာတတ်များ ပေါ်ပေါက်လာချိန်မှ စတင်လာကြသည်ကိုတွေ့ရမည်။
ထိုအချိန်ထိုကာလတွင်မှ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများ တိုက်ဆိုင်စွာ ပေါ်ပေါက်လာရသည့် အကြောင်းရင်းကို အဖြေရှာကြည့်ပါလျှင် ခေတ်ပညာတတ်များ ပေါ်ပေါက်လာသောကြောင့် ဖြစ်ကြောင်းတွေ့ရပေမည်။ အဘယ်ကြောင့် ခေတ်ပညာတတ်များက နယ်ချဲ့ဆန့်ကျင်ရေးကို ဦးဆောင်ရပါသနည်းဟု ထပ်ဆင့်တွေးကြည့်သောအခါ ခေတ်ပညာတတ်များသည် အတွေးအခေါ် အသိပညာများ တိုးပွားလာ၍ နားမျက်စေ့ပွင့်လာသောကြောင့် ဖြစ်ကြောင်း၊ အသိပညာတိုးပွား၍ နားမျက်စေ့ပွင့်လာကြသော အကြောင်းရင်းမှာကား ထိုသခင် ကျောင်းသားများ ပညာတတ်လာကြသောကြောင့် စာပေဖတ်ရှုလာကြသောကြောင့် ဟူသည့် ရှင်းလင်းသော အဖြေကို ထင်ရှားစွာ သဘောပေါက်လာရပါသည်။
''ဗာဟုဿဉ္စ၊ သိပ္ပဉ္စ'' ဗဟုသုတ အကြားအမြင်များခြင်း၊ အတတ်ပညာတို့ရှိခြင်း၊ တတ်မြောက်ခြင်းသည် 'မင်္ဂလာ'မည်ကြောင်း မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့ သကဲ့သို့ပင် တိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုး ကျွန်ဘဝ ရောက်နေရာမှ ခေတ်နောက်ကျနေရာမှ သခင်မင်းသားစိတ်ကို သွတ်သွင်း၍ အထက်တန်းကျသော ဘဝသို့ အရောက်ပို့ပေးခြင်းမှာ ပညာ၊ ဗဟုသုတ၊ စာပေလေ့လာလိုက်စားခြင်းသည် အဓိကဟု ကျွန်တော်ထင်မြင် ယူဆပါသည်။
ဗဟုသုတ အကြားအမြင်ရှိသူ တစ်ယောက်က ဘာမှမသိသော 'အန္ဓ' တစ်ယောက်ကို လှည့်စား၍ရပါသည်။ ပညာတတ်ခြင်း၊ဗဟုသုတအကြားအမြင်များခြင်းဖြင့် အခြားသူအပေါ် လွှမ်းမိုးလူလည်ကျရန်ဆိုလိုခြင်းမဟုတ်ပါ။ အခြားသူ အခြားလူမျိုး၏ လှည့်စားလွှမ်းမိုးခြင်း မခံရရန် 'အန္ဓ' ဘဝမရောက်ရန်သာဆိုလိုပါသည်။
သည်တော့ လူငယ်တွေ ပညာရှာရပါမည်။ ဗဟုသုတ အကြားအမြင်များရန် စာဖတ်ရပါမည်။ ကျွန်တော့်အတွေ့ အကြုံအရပြောရလျှင် ယနေ့လူငယ် တော်တော်များများ စာဖတ်အင်မတန် နည်းပါးပါသည်။ ခြုံငုံပြောရလျှင် စာမဖတ်ကြတော့ပါ ဟုပင် ပြောလိုက်ချင်ပါသည်။ စာပေကိုမလိုက်စားဘဲကျောင်းစာကို အဓိကထား၍ ကြိုးပမ်းနေသည်ဟု ဆိုလျှင်လည်း မထောင်းတာလှသေးပါ။ ကျောင်းစာထဲမှ အသိအမြင် ဥာဏ်ပညာများ တိုးပွားလာနိုင်ပါသေးသည်။ ကျောင်းစာအပြင် ပြင်ပစာပေ ဖတ်ရှုလေ့လာ လိုက်စားသူများအဖို့မူ အလှတွင် အယဉ်ဆင့်၍ တင့်ချင်တိုင်း တင့်နေပေတော့သည်။
ယခုကာလရုပ်ဝတ္ထုများကား တိုးပွားများပြား လှစွာ၏။ အတွေ့အကြုံ နုနယ်သေးသော၊ အတွေးအခေါ် မရင့်ကျက်သေးသော လူငယ်လေးများအတွက် အန္တရာယ်ပေးနိုင်သည့် ပတ်ဝန်းကျင် ရုပ်ဝတ္ထု၊ အခြေအနေတွေက များလှသည်။ 'မိမိ ပညာ၊ သတိသာလျှင် မဟာသြသဓ၊ ဆေးမည်စွရှင့်' ဟူသကဲ့သို့ပင် မိမိ၏အသိပညာသာ အားကိုးရာ ပဲ့ကိုင်ရာဖြစ်ပေသည်။ ထိုအရေးကြီးလှစွာသော အသိပညာ၊ အတွေးအခေါ် တိုးပွားစေရန်မှာ စာဖတ်မှသာ ရပေမည်။
ကျွန်တော်တို့ ငယ်စဉ်ကဆိုလျှင် ဆရာကြီး ဦးတင်ဆောင်၊ ဆရာကြီး ဦးထွန်းမြင့်၊ ဆရာမကြီးဒေါ်မြင့်မူမူ စသော မြန်မာစာအသင်ကောင်း သည့်ကျေးဇူးရှင်ဆရာ ဆရာမကြီးများ၏ အားပေးမှု၊ လမ်းညွှန်မှုဖြင့် စာဖတ်ချင် စိတ်တွေတိုးပွားလာရသည်။ စာတွေဖတ်ရသည်။ ဖတ်ပြီးရင်း ဖတ်ချင်သိပြီးရင်းသိချင်လာကြသည်။
စာဆိုသည်မှာလည်း ဖတ်ပါများမှသာ စာပေ၏ကျေးဇူး၊ စာပေ၏ အရသာကိုသိပြီး မဖတ်ရမနေနိုင်ဖြစ်လာကာ စာပေသမားတစ်ယောက်၊ အသိပညာတိုးပွားသူတစ်ယောက်ဖြစ်လာပေမည်။ ယနေ့ကျောင်းသား ကျောင်းသူလူငယ် အတော်များများသည် မြန်မာစာကို ဝါသနာပါရန်ဝေးစွ၊ အထင်သေးကြသည်လျစ်လျူရှုကြသည်။
'ဒီဘာသာလောက်တော့ အောင်ပါတယ်' ဟူ၍ ခံယူထားကြသည်။ အောင်ရုံလောက်ကိုသာ အာရုံထားနေကြသည်။ ကိုယ့်လူမျိုး၏ဘာသာစကား၊ ကိုယ့်လူမျိုးစာပေ၏နက်ရှိုင်းမှု ကိုယ့်စာပေကပေးသော အသိပညာ၊ အတွေး အခေါ်တွေကို သူတို့မသိ၊ အလေးမထား၊ မခံစားတတ်၊ ဤသည်မှာလည်း ဆန်းတော့မဆန်းပါပေ။ တစ်ခါမျှမမြင်ဖူး၊ မစားဖူးသော မုန့်တစ်မျိုး၏ အကြောင်းကို မည်သို့ပင် ပြောပြသော်လည်း နားထောင်နေသူကလေး အဖို့ သွားရည်ယိုမိမည် မဟုတ်သကဲ့ သို့ပင်။ မစားဖူး၍ထိုမုန့်၏ ထူးကဲသော အရသာကို မသိနိုင်သကဲ့သို့ စာမဖတ်ဖူးသော လူငယ်များအနေနှင့်လည်း စာပေ၏ ကျေးဇူးတရား၊ စာပေ၏ အနှစ်သာရကို သိနိုင်မည်မဟုတ်ပါ။ မြတ်နိုးနှစ်သက်မည် မဟုတ်ပါ။
တစ်ခါက မှတ်သားခဲ့ဖူးသော ဆရာကြီးပီမိုးနင်း၏ အဆိုအမိန့်လေးတစ်ခုကိုသတိရမိသည်။ ဆရာကြီးက- '' လူကို 'စိတ်' အုပ်ချုပ်သည်၊ စိတ်ကို 'ပညာ' အုပ်ချုပ်သည်၊ ပညာကို 'ဗဟုသုတ' အုပ်ချုပ်သည်၊ သို့အတွက် 'ဗဟုသုတ' များအောင်၊ စာအုပ်မျိုးစုံကိုဖတ်ရှုကြကုန်လော့'' ဟူ၍ စာဖတ်ကြရန် တိုက်တွန်းနှိုးဆော်ထားပါသည်။ မြန်မာစာသင်ရင်းနှင့် ကြုံဆုံပတ်သက်လာသောအခါ မြန်မာစာပေကျေးဇူးရှင်ကြီးများဖြစ် ကြသောဆရာကြီး ဦးဖေမောင်တင်၊ ဆရာကြီးဇော်ဂျီ၊ ဆရာကြီးမင်းသုဝဏ်စသည့် ပုဂ္ဂိုလ်ကြီးများအကြောင်းပြောပြသောအခါ ကျောင်းသားက ကျောင်းသူလူငယ် အတော်များများသည် ထိုပုဂ္ဂိုလ်ကြီးများ အကြောင်းကို သူစိမ်းဆန်ဆန် နားထောင် နေကြလေသည်။
'ဆရာသိပ္ပံမောင်ဝ'ဟု ဆိုလိုက်သည်နှင့် ''မြန်မာပြည်ရဲ့ သိပ္ပံပညာရှင်ကြီးလား'' ဟုမေးသူကမရှား၊ 'လုဒ္ဒကဆိုတာ သောနုတ္တရမုဆိုးရဲ့ ငယ်နာမည်လားဆရာ''ဟုမေးသူလည်း ရှိရဲ့ သည့်ထက်သည့်ထက် ဆိုးသည်က ''ဆရာသခင်မြတို့က နယ်ချဲ့ကိုတော်လှန်ဖို့ မြေအောက်တော်လှန်ရေး လုပ်ရတယ်ဆိုတော့ တွင်းတွေ လိုဏ်ခေါင်းတွေ တူးရမှာပေါ့နော်''ဟု ဆိုလာသူ တပည့်နှင့် တွေ့ရလေသောအခါ ကျွန်တော်ကိုယ့်နဖူးကိုယ် ရိုက်လိုက်မိပါတော့သည်။
သည်တော့ ယနေ့ကျောင်းသားကျောင်းသူ လူငယ်များကို မေးလိုက်ချင်ပါသည်။
''ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး တိုးတက်ဖို့အတွက် တို့ခေတ်ရောက်မှ ညံ့ရတော့မှာလား'' ဟူ၍ မညံ့စေလိုလျှင် ဘာလုပ်ရမည်နည်း။
''ပညာကိုကြိုးစားပါ၊ အဓိက 'စာဖတ်ပါ၊ စာဖတ်ပါ စာကိုလေးလေး စားစားဖတ်ကြပါ'' ဟူ၍ ပြင်းပြင်းထန်ထန် တိုက်တွန်း လိုက်ချင်ပါသည်။

မြင့်ငွေ(မော်ကျွန်း)
 
 
ကျွန်တော်လည်း ဒီဆောင်းပါးလေးကို ဖတ်မိမှပဲ စာဖတ်ချင်စိတ်ပြန်ပေါ်လာတော့တယ်။  ကျွန်တော် အရင်ကတည်းက စာဖတ်တာ ၀ါသနာပါတယ်ဗျာ။ ဒါပေ့မယ့် ကွန်ပျူတာနဲ့ အနေနီးလာတဲ့အခါမှာ တော့ စာသိပ်မဖတ်ဖြစ်တော့ဘူး။ တကယ်ဆို ကွန်ပျူတာကြီးရှိနေတာ သူများထက်ပိုပြီးစာဖတ်ချိန်လည်းရတယ်။ လိုချင်တဲ့စာအုပ်တွေကို ဒေါင်းလော့ဆွဲလို့လည်းရတာပဲ။ တခြားသောအကြောင်းအရာတွေနဲ့  အချိန်ကုန်နေ မိတယ်။ ကျွန်တော် လည်း သုံး သပ်ကြည့်မိ ပါ တယ်။   ဆောင်းပါးရှင်ပြောသလိုတော့  ကျောင်းသူ၊ကျောင်းသားလေးတွေတော့ မပြောလိုပါ။ သူတို့အတွက်က ဒီအချိန်မှာ ပညာရေးပဲ အဓိကထားကြမှာပဲ။ မိဘတွေကလည်း စာကိုပဲ ကြိုးစားခိုင်းကြမှာပဲ။ ကျွန်တော်လည်း လူငယ်ဆိုတော့ လူငယ်နဲ့ပက်သက်တဲ့ ကျွန်တော့်အမြင်လေး ပြောချင်ပါတယ်။ ကျွန်တော်တို့ ယနေ့ခေတ် လူငယ်တွေ ကို အင်တာနက် ဘာလို့သုံးလဲလို့မေးရင်၊ စာလာရှာတာပါလို့ ပြောတဲ့ သူငယ်ချင်းက ခပ်ရှားရှားပဲ။ ချက်တင်တက်မယ် ၊ကျူမယ်ဆိုတဲ့သူက ခပ်များများပဲ။ ကျွန်တော်လည်း အွန်လိုင်းမတက်ဘူးမဟုတ်ပါဘူး။တက်ပါတယ်။ ဒါပေ့မယ့်။ စကားပြောတဲ့သူရှိရင် အလွန်ဆုံးတစ်နာရီလောက်ပဲ သုံးဖြစ်တယ်။ ကျွန်တော်သူငယ်ချင်းတွေကို ကျွန်တော်ဒီအကြောင်းအရာလေးဖတ်ကြည့်ပါလို့ ပြောလိုက်ရင်  မဖတ်ချင်တဲ့သူက ခပ်များများပဲ။ ကျွန်တော့်ပတ်ဝန်းကျင်မှာတောင် စာဖတ်ချင်တဲ့သူအဲဒီလောက်နည်းတာ။ အကုန်လုံးချုံကြည့်မယ်ဆိုရင် စာမဖတ်တဲ့ လူငယ်အရေအတွက်က တော်တော်များမယ်ထင်တယ်။ စာဖတ်တယ်ဆိုတာက ကျွန်တ်ာလည်းမြင်မိပါတယ်။ ကျောင်းစာမှမဟုတ်ပါဘူး ။ ဖတ်သင့်တာကတော့အကုန်ပေါ့။ နည်းပညာပိုင်း၊ နိုင်ငံရေးပိုင်း ၊သမိုင်းကြောင်း စသဖြင့်ပေါ့ အများကြီးပါ။ ကျွန်တော်ဖတ်ဖူးသေးတယ်။ စာရေးဆရာဖေမြင့်ရေးထားတာ။ အလုပ်တွေများနေလို့ စာမဖတ်နိုင်ဘူးဆိုတာ မဖြစ်နိုင်ပါဘူးတဲ့။ သူပြောထားသေးတယ် သင်အလုပ်တွေအရမ်းများနေတယ်ပဲထားပါတဲ့။ အိပ်ခါနီး ၁၅ မိနစ် ၊ မိနစ် ၂၀ လောက်တော့သင်အချိန်ပေးနိုင်မယ်ထင်ပါတယ်။ အဲဒီအချိန်လေးကို စာဖတ်ပါတဲ့။ စာဖတ်ခြင်းကြောင့် အကျိုးယုတ်တယ်ဆိုတာ မရှိပါဘူး။  တစ်နေ့ကို စာ ၁၅ မိနစ် ဖတ်တယ်ပဲထားပါ။ တစ်လဆိုရင်  စာအုပ်ထူထူ နှစ်အုပ်လောက်ကိုဖတ်ပြီး ဖြစ်နေပါလိမ့်မယ်တဲ့။ တစ်နှစ်ဆိုရင် ၂၅အုပ်လောက်တော့ ဖတ်ပြီးဖြစ်ပါလိမ့်မယ်။ တသက်တာအတွက်ဆိုရင် အုပ်ရေ ၁၀၀၀ လောက်ဖတ်ပြီး ဖြစ်ပါလိမ့်မယ်တဲ့။ စာဖတ်တဲ့နေရာမှာ တကယ်တန်ဖိုးရှိတဲ့ စာအုပ်ကောင်းတွေကို ရွေးချယ်ဖတ် ဖို့လိုပါတယ်လို့ ဆိုထားပါတယ်။ လူငယ်ဆိုတာက နောင်တစ်ချိန် လူကြီးဖြစ်မှာပဲ။ အဲဒီတော့ အခုချိန် စာများများဖတ်ထား ၊ သိထားမှ ၊ လူကြီးဖြစ်လာတဲ့အခါ လူငယ်တွေကို လမ်းမှားမရောက်အောင် သွန်သင်ဆုံးမနိုင်မှာပေါ့။ ကိုယ်တိုင်မှ စာဖတ် ဗဟုသုတမရှိ ၊ဘာမရှိနဲ့ တော့  သူများကို ဘယ်မှာ သွားပြီး သွန်သင်ဆုံးမလဲ။ ကျွန်တော်ကတော့စာဖတ်တယ်ဆိုတာ သူများကို ပြန်ပြောပြချင်တာရယ်၊ ကိုယ်ပိုင်အသိတစ်ခုရချင်တာအတွက်ကြောင့် ဖတ်ပါတယ်။ ဆရာလုပ်ချင်တာတော့မဟုတ်ဘူး။ မသိသူကို ကျွန်တော်သိတဲ့ အကြောင်း အရာလေး ပြောပြချင်တာ။ ကျွန်တော် ဒီဘလော့ရေးတာတောင် ဝေဖန်ခံရပါတယ်။ မင်းဘလော့က ကော်ပီများလိုက်တာတဲ့။ ဟုတ်တယ်များတယ်။ ကျွန်တော် ရေးတဲ့အသုံးနှုန်းကို သူတိုတွေ မသိကြဘူး။ ကျွန်တော် အကြောင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်တော် ဖြေရှင်းပြီး ဖြစ်ပါတယ်။ ကျွန်တော်သိတဲ့ ဗဟုသုတလေးတွေကို ပြန်လည်ဝေမျှတဲ့ သဘောပါ။ ကိုယ်တိုင်ရေးတာတွေလည်းပါ ပါတယ်။ ကျွန်တော်လည်း ထပ်ပြီးတော့ တိုက်တွန်းချင်ပါတယ်။ စာများများဖတ်ကြပါလို့။ စာဖတ်ခြင်းကိုခုံမင်ပြီး၊  မိမိအတွက်အသုံးဝင်သော အကြံဥာဏ်ကောင်းများ၊ ဘ၀အတွက်အရေးပါသော အတွေ့အကြုံများကို စာအုပ်စာပေများမှ ရရှိပြီး အသိပညာများတိုးပွားကြပါစေ..........။



အားလုံးကိုလေးစားလျက်.....
 
http://mhuthaw.blogspot.com/

No comments: