Tuesday, October 11, 2011

"ပညာရေး- ကံ၊ ဉာဏ်၊ ၀ီရိယ အသုံးချမှု အနုပညာ (Education)"

လူဆိုတာ မွေးဖွား လာပြီးကတည်းက ဘ၀ တစ်လျှောက်လုံး မရပ်မနား သင်လိုက် ကြရတဲ့ ပညာ။ ကုန်ခန်း နိုင်သည်လည်း မရှိ။ အစဉ်အမြဲ ပိုလို့ လျှံလို့၊ တိုးလို့ ပွားလို့သာပင်။

Life is short, but art is long လို့တောင် ဆိုထားတယ် မဟုတ်ပါလား။ ဦးစွာ ပထမ ပညာရဲ့ အမိုးအောက်က ပညာရေး (Education ) ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုပုံကို လေ့လာ ကြည့်ကြမယ်လေ။ Oxford Advanced Learner’s Dictionary မှာ ပညာရေးကို အနက် ဖွင့်ထားပုံက ဒီလို-
Educationis a Process of training and instruction,especially of Children and young people in schools, colleges, etc., Which is designed to give knowledge and develop skills.

ပညာရေး ဆိုတာ အသိသုတ ပေးဖို့နဲ့ စွမ်းရည်တွေ ဖွံ့ဖြိုး လာစေဖို့ စီစဉ်ထားပြီး ကျောင်းတွေ၊ ကောလိပ်တွေမှာ အထူးသဖြင့် ကလေးတွေနဲ့ လူငယ်တွေကို လေ့ကျင့်၊ လမ်းညွှန်ပေးတဲ့ လုပ်ငန်းစဉ် တစ်ရပ်ပဲ ဖြစ်ပါတယ်။

လူ့ယဉ်ကျေးမှု သမိုင်းကြီးကို အမှန်တကယ် ဖွံ့ဖြိုး တိုးတက်စေခဲ့တာကတော့ ပညာရေး ကဏ္ဍကြီး (Education Sector) ပါပဲ။ ပညာရေးသာ မရှိခဲ့ရင် ကမ္ဘာကြီးရဲ့လူမျိုးနွယ်တွေဟာ ဘယ်ခေတ် ဘယ်ကာလ မှာများ ရပ်တန့် အိပ်စက်နေမလဲ ဆိုတာ မတွေးဝံ့စရာပါ။ လူ့သမိုင်းကြီးထဲမှာ လူတွေ ရရှိခဲ့သမျှ အကောင်းဆုံး အမွေကတော့ ပညာ အမွေပဲလေ။ ပညာနဲ့ တူတဲ့ အလင်းရောင်ဟူသည် မရှိလို့ “ပညာသမ္မံ အာဘံနတ္ထိ” စကားက ဆိုပါတယ်။ ပညာက ပေးစွမ်းတဲ့ အလင်းရောင်ဟာ မျက်စိကို လင်းစေတယ်။ နားကို လင်းစေတယ်။ ဉာဏ်ကို လင်းစေတယ်။ အာရုံ ခြောက်ပါးကို လင်းစေတယ်။ ဘ၀ကို လင်းစေတယ်။ လောကကို လင်းစေတယ်။ တစ်နည်းအားဖြင့် အမှောင်ကို ခွင်းပြီး အလင်းကို ဆောင်နိုင်စွမ်းတာပါပဲ။

ပညာရေးနဲ့ စပ်လျဉ်းပြီး ဝေါဟာရ မှော်ရုံတောကို လှစ်ဟ ကြည့်မယ်ဆိုရင် ခေတ်သစ် ကမ္ဘာမှာ ပညာရေးကို လေးမျိုးလေးစား ခွဲခြားနိုင်ပါတယ်။ အဲဒါတွေကတော့ အခြေခံ ပညာရေး (Basic Education)အဆင့်မြင့် ပညာရေး (Higher Education)ယ တတိယ အဆင့် တက္ကသိုလ်၊ ကောလိပ် ပညာရေး (Tertiary Education) နဲ့ ထပ်ဖြည့် ပညာရေး (Further Education) တို့ ဖြစ်ပါတယ်။

အခြေခံ ပညာရေး ဆိုတာက ကလေးထိန်းကျောင်း (Nursery/ Day-care School) မူကြိုကျောင်း (Pre School) မူလတန်းကျောင်း သူငယ်တန်း (Kinder Garten) ကနေ အလယ်တန်း၊ အထက်တန်း တက္ကသိုလ်ဝင်တန်း (ဆယ်တန်း)အထိ ဖြစ်ပါတယ်။ အဆင့်မြင့် ပညာရေး ဆိုတာကတော့ အတတ် သင်သိပံ္ပတွေ (Institutes)၊ ကောလိပ်တွေ (Colleges)၊ တက္ကသိုလ်တွေ (Universities) တွေမှာ ရိုးရိုးဘွဲ့ (Bachelor), မဟာဘွဲ့ (Master) နဲ့ ပါရဂူဘွဲ့ (Ph.D) စတဲ့ ဒီဂရီ (Degree) တွေ ရယူနိုင်တဲ့ သင်ကြားရေး အဆင့် ဖြစ်ပါတယ်။ ဒီနေရာမှာ ဒီလိုမျိုး ကောလိပ်၊ တက္ကသိုလ် အဆင့် ပညာသင်ကြားရေးကိုပဲ Tertiary Education  လို့ ခေါ်ပါတယ်။ တတိယ အဆင့်ပညာရေးပဲပေါ့။ နောက်ပြီး ထပ်ဖြည့် ပညာရေးလို့ ခေါ်တဲ့ Futher Education ကတော့ ကျောင်းနေ အရွယ် လွန်သွားသူတွေ အတွက် အထူး စီစဉ်ပေးထားတဲ့ လက်တွေ့သင် ပညာရေး တစ်မျိုးပါပဲ။ လုပ်ငန်းခွင် လေ့ကျင့်ရေး သင်တန်းတွေဖြစ်တဲ့ Vocational Course တို့၊ Vocational Training တို့လို ဖြစ်ပါတယ်။

ပညာရေးကို နောက်တစ်မျိုး ခွဲခြား သတ်မှတ်မယ် ဆိုရင် Formal Education နဲ့ Informal Education  လို့ ရပါတယ်။ Formal Education  ဆိုတာ နိုင်ငံတော်က တရားဝင် သတ်မှတ်ဖွင့်လှစ် ပေးထားတဲ့ ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်တွေမှာ တန်းစဉ်အလိုက် တက်ရောက် သင်ယူ ဆည်းပူးတဲ့ ပညာရေး ဖြစ်ပါတယ်။ ဒီပညာရေးမှာ ကျောင်းရှိတယ်။ ဆရာရှိတယ်။ ကျောင်းသား ရှိတယ်။ သင်ရိုး ရှိတယ်။ ပြဋ္ဌာန်း စာအုပ်တွေ ရှိတယ်။ အရည်အချင်းစစ် စာမေးပွဲတွေ ရှိတတ်ပါတယ်။ ပြီးတော့ တရားဝင် သတ်မှတ် ချီးမြှင့်တဲ့ အောင်လက်မှတ် Certificate တွေ၊ ဒီပလိုမာတွေ၊ ဘွဲ့ဒီဂရီတွေ ရှိပါတယ်။ နိုင်ငံတော် နဲ့ ပညာရေး အသိုင်းအ၀ိုင်းကလည်း တရားဝင် အသိအမှတ် ပြုကြပါတယ်။

Informal Education ကတော့ ကျောင်းတက်မှ၊ ကောလိပ်၊ တက္ကသိုလ် တက်မှ သင်ယူ နိုင်တဲ့ ပညာရေးမျိုး မဟုတ်ပါဘူး။ ပြင်ပမှာ သင်ပေးနိုင်တဲ့ သူကဖြစ်စေ၊ ကိုယ်တိုင် လေ့လာ ဆည်းပူး (Self Study) ၍ဖြစ်စေ တတ်မြောက် လာနိုင်တဲ့ ပညာရေး အမျိုးအစားပဲ ဖြစ်ပါတယ်။ နိုင်ငံတော်က ပညာရေး အသိုင်းအ၀ိုင်းက လက်ခံသည် ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ တကယ် တတ်မြောက် ကျွမ်းကျင်အောင် ကြိုးစားအားထုတ် သင်ယူရတဲ့ ပညာရေးမျိုးပဲ ဖြစ်ပါတယ်။ ကမ္ဘာကျော် တီထွင်ပညာရှင် သောမတ်အယ်ဗာ အက်ဒီဆင် တက်လှမ်း၊ လျှောက်နင်းခဲ့ရတဲ့ ပညာရေး မျိုးပါပဲ။ ကိုယ်တိုင် သင်ယူဆည်းပူးတဲ့ နည်းလမ်း ဖြစ်ပါတယ်။

တကယ်တော့ လူတွေ ပညာကို ဘာကြောင့် သင်ယူရသလဲ ဆိုတဲ့ အကြောင်းရင်းမှန် ကို ရှင်းရှင်းလင်းလင်း သိဖို့ လိုပါတယ်။ လူတစ်ယောက်ရဲ့ဘ၀မှာ အားကိုးယူ ကလေးဘ၀မှ အားကိုးခံ လူကြီး ဘ၀သို့ ကူးပြောင်းရတဲ့ ဖြစ်စဉ် ရှိပါတယ်။ ပုံမှန်ဖြစ်စဉ် အရကတော့ ငါးနှစ်မှာ ကျောင်းစတက်၊ ဆယ်နှစ်မှာ လေးတန်း။ ၁၅ နှစ်မှာ ကိုးတန်း၊ ၁၆ နှစ်မှာ တက္ကသိုလ် ၀င်တန်း အောင်။ အသက် ၂၀ ၀န်းကျင်မှာ ရိုးရိုးဘွဲ့ တစ်ခု ခုရ။ ဒါက တန်းစဉ် အကျအရှုံး မရှိဘဲ ဆက်တိုက် အောင်မြင်တဲ့ စံနှုန်းပါ။ ခေတ်မီ မြန်ဆန်ပြီး သွားရေးလာရေး လွယ်ကူလာတဲ့ ဒီကနေ့ အချိန် မှာတော့ ဒီဖြစ်စဉ်ဟာ တောရောမြို့ပါ၊ မြေပြန့် ရောတောင် ပေါ်ပါမကျန် တစ်ပြေးညီ ဖြစ်ပါတယ်။

ဒီပညာရေး ဖြစ်စဉ်ဟာ တစ်ကမ္ဘာလုံးမှာလည်း ဖြစ်ပျက် နေတာပါ။ အမှန်တော့ အရွယ် ရောက်လာချိန်မှာ မိဘ လက်လွှတ်ရပြီး ပညာနဲ့ အသက်မွေး ၀မ်းကျောင်း ပြုနိုင် ဖို့ပါပဲ။ တချို့က ဖြောင့်ဖြောင့်ဖြူးဖြူး လျှောက်လှမ်း နိုင်ခဲ့ကြပြီး တချို့ကတော့ လမ်းချော်၊ လမ်းလွဲ၊ လမ်းပျောက်သွား ကြတာတွေလည်း ရှိကြပါတယ်။ ကြားဖူးကြမယ် ထင်ပါတယ်။ ကျောင်းသွားတိုင်း ရိုက်မောင်း ပုတ်မောင်းလုပ်ပြီး အော်ငေါက် လွှတ်ရတဲ့ ကလေးတစ်ယောက် အကြောင်း-
ကလေး။ ။ ဟင်း- ကျောင်းမသွားချင်ဘူး။

အဖေ။ ။ မသွားလို့ ရမလားကွ။ လူဆိုတာ ပညာ သင်ရတယ်။

ကလေး။ ။ ဟား- မသွားချင်ဘူး ဆိုနေမှ။

အဖေ။ ။ မင်းပညာမတတ်ရင် ဒုက္ခ ရောက်မှာပေါ့။ ခွေးဖြစ်လိမ့်မယ်။ ပညာတတ်ရင် မင်း ကောင်းစားမယ်။ ကြီးပွားချမ်းသာမယ်။ နားလည်လား။ ပညာ သင်ခိုင်းနေတာ မင်းအတွက်ကွ။ မင်းအတွက်။

ကလေး။ ။ ဟင်- ဒီလိုလား။ သားက ကျောင်းသွားပြီး ပညာ သင်နေရတာ ဖေဖေ့ အတွက်လို့ ထင်နေတာ။ သားအတွက် ဆိုရင် နေပါစေ။ ကိစ္စ မရှိပါဘူး ဖေဖေ။

အဖေ။ ။  ကောင်းရောကွာ။ ခွေးမသားလေး။ သွားဆိုသွား။ ငါ ရိုက်လိုက်ရ။

သြော် ကလေးကိုယ်တိုင် ပညာ သင်ရခြင်းရဲ့ အဓိက အချက်ကို သိရှိ နားလည်လာဖို့ ဆိုတာ လူကြီးတွေမှာ အတော် တာဝန် ရှိတာပဲနော်။
ဥပမာ ဆိုပါစို့။ ကလေးတစ်ယောက် ကျောင်းသွားပါပြီ။ ကျောင်း (School), ဆရာ (Teacher), ကျောင်းသား (Student) နဲ့ သင်ရိုး (Syllabus) ဆုံကြပြီပေါ့။ ဒါဟာ ပညာရေး စနစ်(Education System) တစ်ခုရဲ့ ဘောင်ထဲမှာ လှုပ်ရှား ဆောင်ရွက်ကြရတာပါ။ နိုင်ငံတော်မှာ ပညာရေး မူဝါဒ (State Education Policy) ရှိရမယ်လေ။ စနစ်က မှန်ရမယ့် အပြင် လူကလည်း ကောင်းရမှာဖြစ်တာပေါ့။ ရှင်းရှင်း ပြောရရင် ဆရာတော်ရင် တပည့် (Pupil) တော်မယ်။ ဆရာ ညံ့ပြီ ဆိုရင်တော့ ငါးပါးမက သံဃာစင်ပါ မှောက်လိမ့်မယ်။ ဒါကြောင့် ဆရာတွေ တော်အောင် အရင် ကြိုးစားရမှာပေါ့။ ဆရာ ဖြစ်ထိုက်တဲ့ အရည်အချင်းတွေ ရှိရမယ်။ ပညာရေးရဲ့ အခြေခံမူတွေ (Education Fundamental) သိထားရမယ်။ သင်ကြား နည်းစနစ်(Methodology) တွေ ကျွမ်းကျင် ထားရမယ်။ ကလေးတွေရဲ့ စိတ်နေ သဘာဝ (Child Psychology) တွေ နားလည် ထားရမယ်။ သင်ထောက်ကူ ပစ္စည်း (Teaching aid) တွေ ဖန်တီး တတ်ရမယ်။ ဆရာတွေရဲ့ သင်ကြားမှုကို အကဲဖြတ် စောင့်ကြည့် ထောက်ကူပေးတဲ့ ဘုတ်အဖွဲ့ (Teaching assessment board) တွေနဲ့ ကြီးကြပ်ပြီး ဆရာဖြစ် သင်တန်း (Teacher training) တွေ လုပ်ပေး နေရမယ်။

ဆရာတွေကို ခေတ်နဲ့အညီ လုံလောက်တဲ့၊ တင့်တယ်တဲ့ ဘ၀ (Decent Life) မှာ နေထိုင်နိုင်ဖို့ လစာငွေနဲ့ အပို ထောက်ပံ့ကြေး(Salary and fringe benefi) တွေ ဖြည့်ဆည်း ပေးရမယ်။ အာစရိယလို့ ဆိုတဲ့ ဂုဏ်သိက္ခာ ကြီးမြတ်တဲ့ အသက်မွေး ၀မ်းကျောင်း (Prestigious profession) ကို တန်ဖိုးထား ထိမ်းသိမ်းနေရမယ်။ နောက်ဆုံး ဆရာကိုယ်တိုင် နာသုံးနာနဲ့ အတူ မိမိရဲ့အလုပ်ကို ကျေနပ်မှု (Job satisfaction) ဖြစ်နေရမယ်ဆိုတဲ့ အချက်တွေဟာ ပညာရေး ဗိမာန်မုခ်ဦးရဲ့ အခြေခံ အုတ်မြစ်တွေပဲ ဖြစ်ပါတယ်။ ဒါတွေကို ဦးစွာ စဉ်းစားရမှာပါ။ တပည့် ကျောင်းသားရဲ့ ပညာ တတ်မြောက်ဖို့ ဆိုတာနဲ့ ထူးချွန်ဖို့ ဆိုတာက နောက်ပိုင်းမှ ထွက် ပေါ်လာမယ့် ရလဒ် အသီးအပွင့်တွေလေ။

တကယ်တမ်း ပြန်ပြီး စိစစ်ကြည့်လိုက်ရင် အခြေခံ ပညာရေး ဆိုတာ ကလေးတွေကို “အ” သုံးလုံး (3R’s) တတ်အောင် သင်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ အရေး (wRiting) အဖတ် (Reading) နဲ့အတွက် (aRithrmatics) တွေပေါ့။ “အ” သုံးလုံးတတ်လာတော့ ဘာဖြစ်သလဲ။ နိုင်ငံသားကောင်း (Good Citizen) တွေ ဖြစ်လာဖို့ အခြေခံ ကောင်းတွေ ရလာတယ်လေ။ မလုပ်ဖို့ တားမြစ်ချက်တွေကို ရှောင်ရှားနိုင်ပြီး၊ လုပ်ဖို့ တိုက်တွန်းချက်တွေကို လိုက်နာ လုပ်ဆောင်နိုင်တာပေါ့။ တစ်နည်းအားဖြင့် ရှောင်ရန် ဆောင်ရန်တွေကို သိနားလည်လာတယ်။ ဒါဆိုရင် နိုင်ငံအတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်တော့ဘူးလေ။ ဒါပေမဲ့ နိုင်ငံ အတွက် ပံ့ပိုး ထောက်ကူမှုတော့ မရနိုင်သေးပါ ဘူး။ အားကိုးသမှု မပြုနိုင်သေးပါဘူး။ ဒီအဆင့် ကတကယ်တော့ မှတ်ဉာဏ် (Memory) အားကိုး ပြီး ထူးချွန် အောင်မြင်အောင် ကြိုးစားခဲ့တဲ့ ကာလပါ။ ပြဋ္ဌာန်းပုံနှိပ် စာအုပ်တွေထဲက မထွက်ရဘဲ ဘောင်ကျဉ်းကျဉ်းလေးနဲ့ ၀ါးလုံး ခေါင်းထဲမှာ လသာ ရရှာတဲ့ ဘ၀ပါ။ ဘာပဲဖြစ်ဖြစ် တက္ကသိုလ် ၀င်တန်းဆိုတာ “ဘ၀လမ်းဆုံ၊ ပညာ လမ်းခွဲ” ဘ၀သမိုင်း မှတ်တိုင်တစ်ခုပဲ ဖြစ်ပါတယ်။

ကဲ- တစ်ဆင့်တက် အဆင့်မြင့် ပညာရေး ခရီးလမ်းမှာတော့ မှတ်ဉာဏ်ကိုချည်း အားကိုး တာထက် အဓိက အားပြုရတဲ့ အချက်ကြီး နှစ်ခု ရှိပါတယ်။ အဲဒါက စိတ်ဝင်စားမှု (Interest) နဲ့ ၀ီရိယ(Diligence) တွေပါ။ ကိုယ်အထူးပြု (Specialize) လိုက်စားချင်တဲ့၊ ပညာရပ်(Subject) ကို ပြင်းပြတဲ့ စိတ်ပါဝင်စားမှုနဲ့ ၀ီရိယစိုက်ပြီး လေ့လာ ဆည်းပူးရပါတယ်။ စိုက်လိုက်မတ်တတ် ဇွဲနပဲ ထားရပါတယ်။ သိလိုစိတ်(Curiosity) ကို အရင်းတည်ပြီး အပတ်တကုတ် ကြိုးစားရင် ထူးချွန် ထက်မြတ်တဲ့ ပညာရှင် (Scholar) တွေ ဖြစ်လာ နိုင်ပါတယ်။ ပညာရှင်နဲ့ သုတေသန (Research) ဆိုတာ ခွဲခြားမရ၊ တစ်သားတည်း ဖြစ်ပါတယ်။ ဆယ်ကျော်သက်တို့ စိတ်ကူး ယဉ်တတ်တဲ့ အိပ်မက်ကမ္ဘာ(Utopia) ထဲမှာ အလှအပနဲ့ အချစ်ရေး ကြိုက်ရေးတွေ အပြင် သုတေသီပညာရှင် (Researher) ဖြစ်လာဖို့ကိုလည်း ထည့်မက်သင့်တယ် မဟုတ်လား။

တစ်ချိန်က သက်ဦးဆံပိုင် ခေတ်တစ် လျှောက်လုံးမှာ ပြည်သူလူထု အများစုဟာဘာ လောကီပညာ၊ လောကဓာတ် ပညာတွေကိုများ ကျကျနန သင်ခွင့် ရခဲ့လို့လဲ။ ပြန်ဆန်းစစ်ကြည့်ပါ။ မြန်မာနိုင်ငံမှာ ကျောင်းတွေ၊ ကောလိပ်တွေ၊ တက္ကသိုလ်တွေ ရှိခဲ့လို့လား။ မင်းညီမင်းသား၊ သူဌေး သူကြွယ်သားတွေသာ အဋ္ဌာရသပညာ တစ်ဆယ့်ရှစ်ရပ် သင်ခွင့် ရတယ်လို့ ကြားဖူးပါတယ်။ ဒါက အများပြည်သူနဲ့ မဆိုင်ပါဘူး။ ရွာတွေမှာတော့ ယောက်ျားလေးတွေ အဖို့ ဘုန်းတော်ကြီးကျောင်းတွေမှာ ကိုရင်ဝတ်စဉ် သဒ္ဒါ၊ သင်္ဂြိုဟ်၊ မင်္ဂလသုတ်လောက် သင်ခွင့် ကြုံခဲ့ကြတယ်လေ။ ဒီကနေ့ ကမ္ဘာနဲ့ ယှဉ်တဲ့ လောဓာတ်ပညာတွေကို မြန်မာပြည်သားတွေ သင်ခွင့်ရတာ သမိုင်းနဲ့ ချီရင် ဘယ်လောက်များ ကြာသေးလို့လဲ။ ပြီးတော့ ဒါဟာ ဘယ်သူ့ကျေးဇူး မကင်းဖူးလဲ။ အခု မြန်မာနိုင်ငံမှာ သက်တမ်း အရင့်ဆုံး တည်ရှိနေတာ ဘယ်တက္ကသိုလ်လဲ။ ဘယ်သူ တည်ထောင်ပေးခဲ့တာ လဲ။

အမှန်တကယ်တော့ တက္ကသိုလ် ၀င်တန်း (Matriculation) အောင်မြင်ပြီး သူတွေ အဆင့်မြင့် ပညာရေး၊ ကောလိပ်၊ တက္ကသိုလ်တွေ တက် ရောက်ကာ ဘွဲ့တွေ၊ ဒီဂရီတွေ ရရှိပြီးမှသာ တိုင်းပြည်ရဲ့တည်ဆောက်ရေး၊ ပြုပြင်ရေး၊ ဖွံ့ဖြိုးရေး၊ ထုတ်လုပ်ရေး၊ ကုန်သွယ်ရေးနဲ့ ၀န်ဆောင်မှု ကဏ္ဍ အသီးသီးမှာ အသက်မွေး ၀မ်းကျောင်းပြုရင်း နိုင်ငံတော်ကို အလုပ်အကျွေး ပြုနိုင်ကြတာပါ။ ဒီအဆင့်မြင့် တက္ကသိုလ် ပညာရေးရဲ့ အပိုင်းက အလွန်ပင် အရေး ပါလှပါတယ်။ ပညာရေးနဲ့ နိုင်ငံ တည်ဆောက်ရေး အလုပ်အကိုင်တွေ အချိတ် အဆက်မိဖို့ အထူး လိုအပ်ပါတယ်။ မျှော်လင့်ချက်မဲ့ ဘွဲ့ရ (Hopeless graduate) တွေ များလာရင် တိုင်းပြည်အဖို့ ၀န်ထုပ်ဝန်ပိုး (Burden) ပါပဲ။ ပညာ အားမာန်နဲ့ ရှင်သန် တိုးတက်ချင်လှတဲ့ လူငယ်တွေ အဖို့လည်း အနာဂတ်ပျောက် ဘ၀မလှ ဖြစ်သွားရပါတယ်။

တစ်ဆက်တည်းမှာ အောင်ချက်နည်းလို့ တက္ကသိုလ် ၀င်တန်း စာမေး ပွဲတောင်ကြီးကို မကျော်လွှားနိုင်ဘဲ ပြုတ်ကျ ကျန်ရစ်ခဲ့ကြတဲ့ လူငယ်တွေရဲ့ ဘ၀ အမောတွေ ကိုလည်း ဖြေသိမ့်ပေးမယ့် နည်းလမ်းကောင်း၊ အခွင့်အလမ်း ကောင်းတွေ ရှာဖွေ ဖန်တီး ပေးသင့်တယ် မဟုတ်လား။

ဒီနေရာမှာ ဆယ်ကျော်သက် ဖူးငုံတို့ကို မေတ္တာရပ်ခံ တိုက်တွန်းချင်တာလေး တစ်ခု ရှိပါတယ်။ စာသင်ကြားရာမှာ Rote-Learning လို့ခေါ်တဲ့ စွတ်ဆက် အလွတ်ကျက်တဲ့ နည်းကိုချည်း အမြဲ အားမကိုးကြဖို့ပါ။ တကယ် နားလည် သဘော ပေါက်အောင်လည်း အားထုတ်ကြဖို့ လို ပါတယ်။ ပြီးတော့ စာတွေ့၊ လက်တွေ့ (Theory and Practice) ကိုလည်း ပေါင်းစပ် လေ့ကျင့်နိုင်ဖို့ သတိ ပြုကြစေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကနေ့ခေတ် အလုပ်အကိုင်အခွင့်အလမ်း (Job opportunity) ပုံစံက အောင်လက်မှတ်၊ ဘွဲ့လက်မှတ် ပြနိုင်ရုံသက်သက်နဲ့ မရတော့ပါဘူး။ ယှဉ်ပြိုင်ဘက်(Competitor) များစွာထဲမှာ ကိုယ်က အမှန်တကယ် တတ်ကျွမ်းကြောင်း အရည် အချင်း (Qualification) ပြသနိုင်မှသာ ဟန်ကျနိုင်မယ့် အခြေအနေပါ။ ဒီပုံစံကတစ် ကမ္ဘာလုံးမှာ တကယ် ဖြစ်နေပါပြီ။

နောက်ပြီး ဒီကနေ့ ခေတ်သစ် ကမ္ဘာကြီးက လူသားတွေရဲ့မှတ်ဉာဏ်စွမ်းအား (Memory Power) ကို ကွန်ပျူတာ (Computer), စက်ရုပ် (Robot), အီလက်ထရွန်းနစ် (Electronics) နည်းပညာတွေနဲ့ အစားထိုး အသုံးချနိုင်နေပါပြီ။ လူသားတွေဆီက မက်မက်စက်စက် လိုလိုလားလား တောင်းဆိုနေတာက ဖန်တီးနိုင် စွမ်းအား (Creative Power) ပဲဖြစ်ပါတယ်။ ဒါကြောင့် အစွမ်းထက်မြက် ပါရမီ ထူးတဲ့ လူငယ်လူရွယ်တွေ ကမ္ဘာ့ နေရာ အနှံ့အပြားမှာ ပေါ်ထွက်လာ၊ နေရာ ရလာ၊ အောင်မြင်ကျော်ကြား လာနေကြပါပြီ။ မြန်မာ လူငယ်တွေရဲ့အလှည့်ကော ဘယ်တော့လဲ။

ဟိုးအရင်က ကမ္ဘာ့ သမိုင်းကြီးကို ခေတ်ငါး ခေတ်ပိုင်းခြား သတ်မှတ်ခဲ့ကြပါတယ်။ သမိုင်းဦး ဘုံမြေခေတ်၊ ကျေးပိုင် ကျွန်ပိုင်ခေတ်၊ မြေရှင် ပဒေသရာဇ်ခေတ်၊ အရင်းရှင်ခေတ်၊ ဆိုရှယ်လစ် ခေတ်တွေ ဖြစ်ပါတယ်။ ဒီလို သတ်မှတ်နည်းက အခုတော့ ပြတိုက်ထဲ ရောက်သွားပါပြီ။ အခု တော့ ခေတ်သစ် ပညာရှင် အယ်ဗင်တော့ဖလာရဲ့ ခေတ် သမိုင်းခွဲပုံ ခွဲနည်းလေးက ပိုပြီး စိတ်ဝင် စားဖို့ ကောင်းပါတယ်။ သူ့ရဲ့ခွဲခြားပုံက ဒီလိုပါ။

၁။ ချွေးခေတ် (Sweat Age)
၂။ စက်ခေတ် (Machine Age)
၃။ ပညာခေတ် (Wisdom Age)
ဒီနည်းအရ မြန်မာပြည်ဟာ အခုဘယ် ခေတ်ထဲမှာ ရောက်နေပါသလဲ။ အနုလုံ ပဋိလုံ စဉ်းစား ကြည့်လိုက်ပါဦး။

နှစ်ဆယ်ရာစု အစပိုင်းလောက်မှာ တိုင်းပြည် တစ်ပြည်ရဲ့ ကြီးပွား တိုးတက်မှုကို တိုင်းတာတဲ့ စံနှုန်း ပေတံက အဲဒီတိုင်းပြည်မှာ ကျောက် မီးသွေး (Coal) ဘယ်လောက် ပမာဏ သုံးစွဲပြီး ကုန်ထုတ် လုပ်သလဲ။ ဒီလို တိုင်းတာ ခဲ့တယ်။ နှစ်ဆယ်ရာစု အလယ်ပိုင်းကျော်ကျော်မှာတော့ နိုင်ငံတစ်ခုရဲ့ ချမ်းသာ ကြွယ်ဝမှုကို လျှပ်စစ်စွမ်းအား (Electrical power) ဘယ်လောက် အသုံး ပြုနိုင်သလဲ ဆိုတာနဲ့ တိုင်းတာပါတယ်။ အခုနှစ်ဆယ့် တစ်ရာစု ခေတ်သစ်မှာတော့ နိုင်ငံ တစ်နိုင်ငံရဲ့ အောင်မြင် ဖွံ့ဖြိုးမှုကို လူ့စွမ်းအား အရင်းအမြစ် (Human resources) အပေါ် အခြေခံပြီး အဲဒီ နိုင်ငံမှာ အရည်အချင်း ပြည့်ဝတဲ့ ဘွဲ့ရ ပညာတတ် (Qualified graduate) ဘယ်နှယောက် ရှိနေပြီလဲ ဆိုတဲ့ စံသတ်မှတ်ချက် (Norm) နဲ့ ယှဉ်ထိုး တိုင်းတာလို့ နေပါပြီ။ ဒါဆိုရင် မြန်မာနိုင်ငံမှာ အဘယ်သို့ ရှိပါစ။

ဖူးငုံလေးတို့ရေ၊ ဂရိခေတ်က လူငယ်တစ်ယောက် အကြောင်း ပြောပြဦး မယ်နော်။ အဲဒီ လူငယ်ဟာ သူတို့နိုင်ငံမှာ ထင်ပေါ်ကျော်ကြား လူသိ များလှတဲ့ ပညာရှိကြီး တစ်ဦးဆီကို တစ်နယ် တစ်ကျေးကနေ မိုင်ပေါင်းများစွာ ခရီးနှင်ပြီး ရောက်ရှိ လာပါသတဲ့။ ပညာရှိကြီးရဲ့ နေအိမ်မှာ အကြံဉာဏ် လာတောင်း၊ ဆွေးနွေး တိုင်ပင်ကြတဲ့ ဧည့်သည်တွေက များလွန်းလှလို့ သူဟာ တည်းခိုခန်းမှာ တစ်ပတ်လောက် တည်းခို နေထိုင်ပြီးမှ သူ့အလှည့် ရောက်ခဲ့တယ်။ ၀မ်းသာအားရနဲ့ ပညာရှိ ဆရာကြီးရဲ့ ရှေ့တည့်တည့်မှာ ထိုင်ချပြီး သူ သိလို လှတာကို အငမ်းမရ မေးမြန်းတော့တာပါပဲ။

“ဆရာကြီး ခင်ဗျား။ ဆရာကြီးဟာ လူတကာကို အကြံကောင်း၊ ဉာဏ်ကောင်းတွေ ပေးနိုင်စွမ်း ရှိတယ်ဆိုတာ ကြားသိရလို့ ကျွန်တော် ဟိုးအဝေးကြီးကနေ ခက်ခက်ခဲခဲနဲ့ အရောက် လှမ်းလာခဲ့ရတာပါ။ အခုကျွန်တော် အရမ်း သိချင်နေတဲ့ မေးခွန်း တစ်ခုကို ဆရာကြီး သေသေချာချာ ဖြေဆိုပေးပြီး ကျွန်တော့်ကို အကြံကောင်း တစ်ခု ပေးပါခင်ဗျာ”

“အေး-မောင်ရင့်ရဲ့ မေးခွန်းက ဘာများလဲ”

“ဒီလိုပါ ဆရာကြီး။ ကျွန်တော်က ဆရာကြီးလို ပညာရှိကြီး တစ်ဦး ဖြစ်လာအောင် ဘယ်ပုံ ဘယ်နည်းနဲ့ ကြိုးစားအားထုတ် ရမယ်ဆိုတဲ့ နည်းလမ်းကို သိချင်လို့ပါ ခင်ဗျား”
“သြော် ဒါလား၊ အေး- ဒါဆိုရင် ငါ့နောက်ကို လိုက်ခဲ့”

အဲဒီလို ပြောပြီး ပညာရှိကြီးက လူငယ်ကို သူ့အိမ်ရှေ့ ခပ်လှမ်းလှမ်းက မြစ်တစ်ခုဆီကို ခေါ်သွားခဲ့တယ်။ လူငယ်ဟာ မယောင်မလည်နဲ့ ပညာရှိ ကြီးရဲ့နောက်ကို လိုက်သွားတယ်။ မြစ်စပ်ကို ရောက်တော့ ပညာရှိကြီးက လှည့်ကြည့်တယ်။

“လာကွာ မြစ်ထဲ ဆင်းရအောင်” လို့ပြောပြီး သူက ရှေ့က၊ လူငယ်က နောက်ကနေ မြစ်ရေထဲ ဆင်းပြီး လျှောက်လိုက်တာ ပညာရှိကြီးရဲ့ ရင်ခေါင်း လောက်အထိ ရေက ရောက်လာတယ်။ လှည့်ကြည့်လိုက်တော့ သူ့ထက် အရပ်ပုတဲ့ လူငယ်က မေးစေ့လောက်အထိ ရေက ရောက်နေပါပြီ။ အဲဒီမှာ တင် ပညာရှိကြီးက လူငယ်ရဲ့ခေါင်းကို လက်နှစ်ဖက်နဲ့ ချုပ်ကိုင်ပြီး ရေထဲ နှစ် တော့တာပါပဲ။ လူငယ်က အတင်းရုန်းကန်ပါတယ်။ ပညာရှိကြီးက သူ့ထက် အရပ်မြင့်ပြီး ဗလ တောင့်တင်းနေတာမို့ ဘယ်လိုမှ ရုန်းထွက်လို့ မရဘူး။ ခဏကြာမှ ပညာရှိကြီးက ပြန်လွှတ် ပေးလိုက်ပါတယ်။ အဲဒီတော့မှလူငယ်ဟာ ရေထဲကနေ ကုန်းပေါ်ကို အတင်း ပြေးတက်တော့တာပါပဲ။ ကုန်းပေါ်ရောက်မှ ရပ်ပြီး နှာခေါင်းထဲ၊ နားရွက်ထဲ၊ ပါးစပ်ထဲက ရေတွေကို ထွေးထုတ် ခါထုတ်နေရပါတယ်။ အဲဒီအခါမှာ ကုန်းပေါ် ပြန်တက်လာတဲ့ ပညာ ရှိကြီးက လူငယ့်ဘေးမှာ လာရပ်တော့ လူငယ်က ပျာပျာသလဲ မေးလိုက်တယ်။

“ဆရာကြီး၊ ဘယ်လို လုပ်လိုက်တာလဲ။ ကျွန်တော် သိချင်နေတဲ့ မေးခွန်းကို မဖြေဘဲ ကျွန်တော့်ကို ရေနှစ် သတ်မလို့လားဗျာ”

“အေး- ငါ မေးတာကို ဖြေစမ်းကွာ။ မင်း ရေနစ် နေစဉ်တုန်းက အလိုချင်ဆုံး အရာကဘာလဲ”

“ကျွန်တော် ရေမွန်း နေတုန်းက အလိုချင်ဆုံးက လေပဲပေါ့ ဆရာကြီးရယ်”

“အေး- ဒါဆို မင်းသဘော ပေါက်သွားပြီ။ မင်း တကယ်ကို ပညာ တတ်ချင်တယ်ဆိုရင် ရေ နစ်နေတုန်းကလို လေကို အငမ်းမရ အလို အရှိဆုံး တစ်နေ့မှာ မင်းပညာရှိ ဖြစ်ဖို့ အမှန်တကယ် ပညာ ရှာလိမ့်မယ်။ ဆည်းပူး လိုက်စားလိမ့်မယ်။ ဒါ ကြောင့် ငါ့ကို မေးခွန်းတွေ အလကား အာချောင်ပြီး အပျော်တမ်း သဘောနဲ့ နောက်ထပ်လာပြီး မမေးနဲ့တော့။ မင်းသွားနိုင်ပြီ”

ဇာတ်လမ်းက ဤတွင်နိဋ္ဌိတံလေ၏။ ထိုဂရိ လူငယ်ရဲ့ နောက်ပိုင်း ဇာတ်သိမ်းကတော့ ဘယ်လို ဖြစ်သွားမှန်း မသိရှိရတော့ပါ။ ဒါပေမဲ့လည်း ယနေ့ခေတ် မြန်မာ လူငယ်တွေရဲ့ ပညာရေး ခရီး လမ်းကြောင်းရဲ့ဇာတ်သိမ်းပိုင်းလေးက ပိုပြီး စိတ် လှုပ်ရှားစရာ ကောင်းလှပါတယ်။

ကဲ- ဘယ်လိုလဲ။ မောင်တို့ မယ်တို့၊ ဆယ်ကျော်သက်တို့၊ ဖူးငုံတို့ရေ။ စိတ်အလှထက် ရုပ်အလှကို ဖွေရှာနေကြသလား။ ပညာ ရဖို့ထက် ဥစ္စာရဖို့ အားထုတ် နေကြသလား။ အမျိုးသမီးတွေရဲ့ ရူပါကတော့ အပျို ဘ၀တုန်းက ၃၆-၂၄-၃၆။ ဂစ်တာရှိတ် ကလေးပေါ့။ အိမ်ထောင်ကျပြီး ကလေး သုံးယောက်လောက်လည်း မွေးပြီးရော ဟော ၄၀-၄၀-၄၀။ ပီပါရှိတ်ကြီး ဖြစ်သွားတော့တာပဲ။ ရူပါအလှက မမြဲဘူးလေ။ အမျိုးသားတွေ အဖို့ကတော့ ရုပ်ခန္ဓာကိုယ် ကြီးထွားအောင် လုပ်ရင် ဘောဒီဂတ် (Bodyguard) ဖြစ်မယ်။ ဉာဏ်ပညာ ကြီးထွားအောင် ကြိုးစားရင်တော့ ပညာရှင် ဖြစ်မယ်။ သမ္မတ လုပ်ရမယ်။ ၀န်ကြီးချုပ် အရွေးခံရမယ်။ ဒီတော့ ဘယ်ဟာကို ရွေးမှာလဲ။ ပညာရွှေအိုး လူမခိုး။ ဥစ္စာဟူသည် မျက်လှည့်မျိုး။ ပညာရင့်မှ ပွဲလယ် တင့်မည်ဆိုတဲ့ အတိုင်း...။

အပျော်တကာ့ အပျော်ထဲမှာ ပညာနဲ့ ပျော်ရတာဟာ အန္တရာယ် အကင်းဆုံး၊ အကျိုးအရှိဆုံး ဖြစ်တာကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း ပညာတတ် ဖြစ်အောင် လုပ်၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို လည်း အသိအလိမ္မာ လွှမ်မိုးစေဖို့ အားထုတ်ရင်း ရွှေပြည်တော် မျှော်တိုင်းဝေး မဖြစ်စေဘဲ ရွှေပြည် သစ်ဆီ ကိုယ်တိုင်ချီပြီး မွေးရာပါအမွေအနှစ် ဖြစ်တဲ့ “ကံ၊ ဉာဏ်၊ ၀ီရိယ”တွေကို သုံးကာ အောင်မြင်မှုပန်းတိုင်ဆီ အရောက်လှမ်းချီဖို့ပဲ ဖြစ်ပါတယ်။

တစ်ဆက်တည်း ကမ္ဘာ့ နိုင်ငံအသီးသီးရဲ့ ပညာရေး သမိုင်းတွေကို တစေ့တစောင်း ငဲ့လှည့် ကာ ကြည့်ရှုလိုက်ရင် သင်ခန်းစာ ယူစရာ၊ အားကျ အတုခိုးစရာတွေ တစ်ပုံတစ်ပင်ပါပဲ။ တစ်ချိန် က ဥရောပ တိုက်မှာ ဘေးပတ်ဝန်းကျင် နိုင်ငံတွေရဲ့ ဗိုလ်ကျ စိုးမိုးမှုကို အမြဲတမ်း လံခဲ့ရတဲ့ ပရပ်ရှား နိုင်ငံဆိုတာ ရှိပါတယ်။ အကြောင်းရင်းကို စစ် လိုက်တော့ ပြည်သူလူထု ပညာကောင်းကောင်း မတတ်လို့ဆိုတာ သိရှိ လိုက်ကြပါတယ်။ဒါကြောင့် နှစ်ပေါင်း ခုနစ်ဆယ်လုံးလုံး စနစ်တကျ စီမံကိန်း ချပြီး ပြည်သူလူထုကို ပညာမြှင့်တင် ပေးခဲ့ရပါတယ်။ နောင်မှာတော့ အောင်မြင် ကျော်ကြားတဲ့ ဂျာမနီ နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ နောက်ပြီး ကူလီရယ်၊ တံငါရယ်၊ ဘိန်းစားတွေကို ပေါင်းစည်းကာ မနေ့တစ်နေ့ကမှ ပေါ်ပေါက် လာခဲ့တဲ့ အနီးအနားက ပိစိကွေး နိုင်ငံလေးတစ်ခု ရှိပါတယ်။ ခေါင်းဆောင်တွေ ကောင်းလို့၊ ပညာ အမြော်အမြင်ရှိလို့၊ ပြည်သူတွေ ညီညွတ်လို့၊ ဘာသဘာဝ သယံဇာတမှ မရှိပါဘဲနဲ့ နည်းပညာ မြင့်မားပြီး လူ့စွမ်းအား အရင်းအမြစ်ကို ကောင်းကောင်း အသုံးချနိုင်ခဲ့လို့ ချမှတ်တဲ့ စီမံကိန်းတိုင်း အောင်မြင်ကာ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံဖြစ်လာ ခဲ့ပါတယ်။ တခြားတော့ မဟုတ်ပါ။ စင်ကာပူ နိုင်ငံလေးပါပဲ။ အလားတူ ဂျပန်နိုင်ငံလည်း ပါဝင်ပါတယ်။

ထုံးစံအတိုင်း ကမ္ဘာပေါ်မှာ နိုင်ငံ တစ်နိုင်ငံဟာ မဟာ အင်အားကြီး နိုင်ငံ(Super power) ဖြစ် လာပြီဆိုရင် သြဇာ ချဲ့ထွင်တော့တာပါပဲ။ နယ်ချဲ့ တော့တာပါပဲ။ သူဆက်လက် အင်အားကြီးထွား နိုင်ဖို့ သြဇာခံနိုင်ငံ ငယ်တွေကို ကုပ်သွေးစုပ်တာ ဓမ္မတာပဲလေ။

‘Big fish eat small fish’ ဆိုတဲ့ စကားရှိပါ တယ်။ ငါးကြီးက ငါးကလေးကို စားတယ်ပေါ့။ ဒါဟာ လောက ထုံးတမ်းပါ။ အင်အားကြီးသူ အနိုင်ယူ စတမ်းပဲလေ။ ဒီလိုပါပဲ။ အစွယ်ကြီး သူက အစွယ်နဲ့ အနိုင်ယူ။ ဦးချိုကြီးသူက ဦးချိုနဲ့ ဗိုလ်ကျ။ အဆိပ်ပြင်းသူက အဆိပ်နဲ့ သတ်ဖြတ်။ ဗလကြီးသူက ဗလနဲ့စိုးမိုး။ အုပ်စုကြီးသူက အုပ်စုနဲ့ လွှမ်းမိုးလုပ်လာကြပါတယ်။ ထို့အတူ ပညာကြီးသူ ဉာဏ်ကြီးသူတွေကလည်း ဉာဏ် ပညာနဲ့ ကြီးစိုး အနိုင်ယူကြမှာ သေချာပါတယ်။ ဒါကြောင့် မဟာ အင်အားကြီး နိုင်ငံကြီးတွေနဲ့ ဘေးချင်း ကပ်နေတဲ့ မြန်မာနိုင်ငံအဖို့ ကိုယ့်ကိုယ် ကိုယ် ခုခံ ကာကွယ်နိုင်စွမ်းတွေ၊ အင်အားတွေ၊ နည်းပညာတွေ စုဆောင်း မွေးမြူမထားရင် ဘယ်လောက်တောင် အန္တရာယ်ကြီးမလဲဆိုတာ စဉ်းစားသာ ကြည့်ကြပါ ဖူးငုံတို့ရေ။

ဒါကြောင့်မို့ မြန်မာ လူငယ်တွေ ကျန်းမာ အောင်နေထိုင်ပြီး ပညာတကယ် တတ်ကျွမ်းအောင် ကြိုးစား ထားကြပေတော့။ အမှန်တော့ သဘာဝ သယံဇာတ ထိုက်သင့်သလောက် ကြွယ်ဝတဲ့ မြန်မာနိုင်ငံလို တိုင်းပြည်မျိုးမှာ လူ့စွမ်းအား အရင်းအမြစ် (Human Resource) ကို လူမှန် မူမှန်နဲ့ သာ ကြိုးစား ထူထောင်လိုက်မယ် ဆိုရင် မကြာလှပါဘူး။ အေးချမ်းဖွံ့ဖြိုး တိုးတက်လာမှာ မြေ ကြီးလက်ခတ် မလွဲပါဘဲ။ Investment in education pays the most. ပညာရေးမှာ ရင်းနှီးမြှုပ် နှံခြင်းဟာ အကျိုးအများဆုံး ပေးစွမ်းတယ်တဲ့။ ဒါကြောင့် ဦးနှောက် စွမ်းအားမှာ ရင်းနှီးမြှုပ်နှံ လိုက်ပါတော့။ Invest in brainpower!

ပညာရေးကြောင့် လူတစ်ယောက်ရဲ့ဘ၀မှာ တိုးတက် ဖြစ်ထွန်းမှုတွေက အနမတဂ္ဂပါပဲ။ လောကီ ချမ်းသာမျိုးစုံ ရရှိနိုင်ပါတယ်။ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ အတွေး အခေါ်၊ တီထွင်ဖန်တီးမှု၊ ပြည်သူ့ နီတိနဲ့ အကျင့် သီလပါ မကျန် အကျိုးကျေးဇူးတွေက အနန္တပဲလေ။ အ၀တ်အစား၊ အဆောင်အယောင် မတောက်ပြောင်ပေမယ့် ပညာကြောင့် ဂုဏ်ရောင် ဉာဏ်ရောင် ထိန်ထိန် လင်းနိုင်ပါတယ်။

အဆို အမိန့်လေးတွေကို လေ့လာကြည့်ဦး မယ်ဆိုရင် Victor Hugo (၁၈၀၂-၁၈၈၅) က He who opens a school door, closes a prison. လို့ဆိုပါတယ်။ ကျောင်းတံခါးကို ဖွင့်လိုက်တာဟာ အကျဉ်းထောင်ကို ပိတ်ပစ်လိုက်တာပါပဲ။ Education is what remains after one has forgotten everything he learned in school. လို့ Albert Einstein (၁၈၇၉-၁၉၅၅)က မိန့်ပါတယ်။ ပညာရေးဆိုတာ ကျောင်းမှာ သင်ခဲ့သမျှ အရာရာကို မေ့ပစ်ပြီးနောက် ကျန်ရစ်ခဲ့တဲ့ဟာပါပဲတဲ့လေ။ Leonardo da Vinci က Poor is the pupil who does not surpass his master. လို့ မိန့်ဆိုပါတယ်။ ဆရာ့ ထက်လက်စောင်း မထက်တဲ့ တပည့်ဟာ ညံ့ဖျင်းတာပေါ့တဲ့။ A child miseducated is a child lost. လို့ John F. Kennedy က ပြောပါတယ်။ လွဲမှားစွာ ပညာသင် ခံရတဲ့ ကလေးဟာ ဆုံးရှုံးသွားတဲ့ ကလေးပါပဲတဲ့။ Diogenes Laertius ကတော့ ဒီလို ဆိုပါတယ်။ The foundation of every state is the education of its youth. တိုင်းနိုင်ငံတိုင်းရဲ့အခြေခံ အုတ်မြစ်ဟာ သူ့တိုင်းပြည်က လူငယ်တွေရဲ့ပညာရေးပါပဲတဲ့လေ။ The roots of education are bitter, but the fruit is sweet. ဒီစကားက Aristotle ပြောတာပါ။ ပညာရေး ရဲ့အမြစ်များကား ခါးသီးလှ၏ သို့သော် အသီး တွေက ချိုမြိန်လှပါ၏တဲ့။

နောက်ဆုံး အနေနဲ့ ပညာရှိ တစ်ဦးရဲ့ အဆို အမိန့် တစ်ခုနဲ့ နိဂုံး ချုပ်လိုက်ပါတော့မယ်။ ‘Tell me what the youths of your country are doing. I will predict the future of your country.’  “သင်တို့နိုင်ငံက လူငယ်တွေ ဘာတွေ လုပ်နေကြ တယ်ဆိုတာ ကျွန်ုပ်ကို ပြောပြစမ်းပါ။ ခင်ဗျားတို့ နိုင်ငံရဲ့အနာဂတ်ကို ကြိုတင်ဟောကိန်း ထုတ်လိုက် ပါ့မယ်”တဲ့ဗျာ။ သေချာ နားလည်သဘောပေါက် ပါတယ်နော်။ ရွှေဖူးငုံတို့ရေ- သင်တို့လည်း ဘာ တွေများ လေးလေးနက်နက် ပီပီပြင်ပြင် အားကြိုး မာန်တက် စွမ်းစွမ်းတမံ ဇောက်ချလုပ်ကိုင် နေကြပါပြီလဲ။ ဖြေကြည့်စမ်းပါလို့။
ဆယ်ကျော်သက် ထက်မြက်ပါစေ။    


Written by ဦးအေးချစ်(EEAC)