Sunday, December 18, 2011

သူတော်ကောင်းဥစ္စာ၇ပါး

ကျွန်တော်ဒီတစ်ခါ ပြောလိုတာက ဘာသာရေးနဲ့ နဲနဲ နွယ်နေပါတယ်။ သူတော်ကောင်းအကြောင်းပါ။ အဲဒီအထဲက ပညာအကြောင်း အလေးထားပြောချင်လို့ ပါ။ဘာသာမတူသူများပါ ဖတ်ကြည့်စေလိုပါတယ်။ ငါးဟင်းစားသလို အသားကိုစားပါ။ အရိုးကိုရှောင်ပါပေါ့လေ။
ကောင်းကွက်တွေ့ ရင်ယူလိုက်ပေါ့။သဘောမကိုက်ညီရင် ခွင့်လွှတ်နားလည်ပေးပါပေါ့လေ။

သူတော်ကောင်းဥစ္စာ၇ပါး

သံခိတ္တဓန သုတ်လာ သူတော်ကောင်းဥစ္စာ ၇ပါးကိုဒီလိုမှတ်သားရပါတယ်။
၁။ယုံကြည်ခြင်း........သဒ္ဓါ
၂။စောင့်ထိန်းမှု........သီလ
၃။ရှက်မှု.................ဟီရိ
၎။ကြောက်လန့် မှု.....သြတ္တပ္ပ
၅။အကြားအမြင်.......သုတ
၆။စွန့် ကြဲမှု..............စာဂ
၇။သိမှု...................ပညာ
သဒ္ဓါ (ယုံကြည်ခြင်း)
“သဒ္ဓါဆိုတာဟာ အရင်းအနှီး စီးပွားဥစ္စာနဲ့တူတယ်၊ ဘယ်လောက်ပဲ လုပ်ငန်းဆောင်တာ အချိန်ကျလို့ ကာလဒေသကောင်းပေမယ့်လို့ အရင်းအနှီး ဥစ္စာရှိတဲ့သူမှ၊ အရင်းအနှီးဥစ္စာမရှိလို့ရှိရင် ရှေ့ကိုတိုးတက်အောင် မလုပ်နိုင်ဘူး၊ အဲသလိုပဲ သူတော်ကောင်းတရားတွေ ဖြစ်ဖို့ရန် အခွင့်အရေး အင်မတန်ကြုံလာပေမယ့် မိမိက သဒ္ဓါမရှိလို့ ရှိရင် သူတော်ကောင်းတရားတွေ မဖြစ်နိုင်ဘူး”
(သဂါထာ ၀ဂ္ဂသံယုတ်၊ နှာ-၂၁၆)၊ (ကျေးဇူးရှင်မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး- အခြေပြု ပဋ္ဌာန်းတရားတော်)

သီလ..စောင့်ထိန်းမှု
သီလဟူသည်မှာ ကောင်းမွန်သော အကျင့်သိက္ခာကို ဆိုလိုသည် ထင်ပါသည်။ ကောင်းမွန်သောစိတ်ထားနဲ အကောင်းမြင်သဘောထားနဲ ပြုပြင်လိုက်နာပြီး၊ မိမိစိတ်ကို မကောင်းမှုမလုပ်မိရန် ထိန်းချုပ်ပြုပြင်ပြီး၊ ကောင်းမွန်စွာမောင်းနှင်တဲ့ သဘော၊ သူ့တစ်ပါးအတွက် ဂရုဏာစိတ်ထားခြင်း၊ မိမိအတွက်သူတစ်ပါးအခြားအား စိတ်မဆင်းရဲစေခြင်း၊ မိမိအတွက်သူတစ်ပါးအားအကျိုးများစေခြင်း၊ မကောင်းမှုဆိုတာကို ရှောင်လွဲပြီး ကျင့်ကြံနေထိုင်သောကြောင့် မကောင်းသောဆိုးကျိုးများမဖြစ်တော့သလို
မိမိအတွက်အကျင့်ကောင်း၊ စိတ်ထားကောင်းများနှင့် ကောင်းကျိုးများကိုပါ ချက်ချင်းလက်ငင်း ခံစားရသောကြောင့် သီလ ဟူသည် လိုက်နာကျင့်ခြင် စောင့်တည်ခြင်းငှာ ထိုက်ပါသည်။

ဟီရိ..ရှက်မှု
သူတော်ကောင်းမှမဟုတ်ပါဘူး..လူမှန်ရင်ရှက်တတ်ကြတာပါပဲ။ဘယ်လိုအခြေအနေကို ရှက်တတ်သလဲဆိုတာပဲ ကွဲပြားကြတာပါ။မကောင်းမှုလုပ်ရမှာကို ရှက်ကြတာ..သူတော်ကောင်း အကျင့်လက္ခဏာပါ။ဒုစရိုက် ၁၀ ပါးကို ပြုရမှာကိုရှက်ရမှာပါ။သီလဝိသုဒ္ဓိ မဖြစ်တာကို ရှက်ကြရ မှာပါ။
မိမိနေ့ စဉ် စားနေတဲ့ထမင်းကိုတောင် တရားသောအားဖြင့်ရှာဖွေ၍ရသော အစားအစာမဖြစ်ပါက ရှက်ဖို့ လိုပါတယ် ။ဒါပေမယ့်..အလုပ်မလုပ်လို့ ထမင်းငတ်သေတာဟာ..ရှက်စရာပါ။ထမင်းမငတ်အောင် ရိုးသားစွာ အောက်ခြေသိမ်းအလုပ် လုပ်တာရှက်စရာမဟုတ်ပါဘူး။

ကြောက်လန့် မှု..သြတ္တပ္ပ
ရှက်မှု နဲ့  အလားသဏ္ဌာန်တူတာကတော့ ကြောက်လန့် မှုပါ။မတရားသောနည်းဖြင့် လုပ်ကိုင်ခြင်း၊ရှာဖွေခြင်း၊
ပြုမူဆောင်ရွက်ခြင်းရဲ့ နောက်မှာ တူသောအကျိုးခံစားရခြင်း ကိုကြောက်တတ်တာမျိုးပါ။မိမိကြောင့် အများကို ငါးခုံးမတစ်ကောင်ကြာင့် တစ်လှေလုံးပုပ်တယ် ဆိုသလိုမျိုးအပြောခံရမှာကို ကြောက်ရပါလိမ့်မယ်။ သူတော်ကောင်းတို့ ပြစ်တင်ရှုံ့ ချတာခံရမှာကို ကြောက်သင့်ပါတယ်။

သုတ ..အကြားအမြင်ရှိမှု
ဗဟုသုတ မရှိရင်၊တုံးအ နေရင် သူတော်ကောင်းပဲဖြစ်ဖြစ်၊သူတော်မကောင်းပဲဖြစ်ဖြစ်..ဘာမှမခြားပါဘူး။
သင့်တင့်လျှောက်ပတ်တဲ့ အကြားအမြင်ရှိသင့်ပါတယ်။ဖတ်မှတ်လေ့လာ နေဖို့ လိုပါတယ်။ဘာစာကိုပဲဖြစ်ဖြစ်
သဘောထားကြီးစွာနဲ့ ဖတ်သင့်ပါတယ်။ကိုယ်မလိုလားတဲ့သူရေးလို့ ၊ပြောလို့ ..မဖတ်ဘူး၊နားမထောင်ဘူးလို့ 
မနေသင့်ပါဘူး။အနည်းဆုံးတော့ဖတ်ကြည့်လိုက်ပါ။နားထောင်ကြည့်လိုက်ပါ။

စာဂ...စွန့် ကြဲမှု
ပေးကမ်း စွန့် ကြဲတာမျိုး..ပေးဆပ်စွန့် လွှတ်တာမျိုးကိုပြောလိုရင်းဖြစ်ပါတယ်။ သူတစ်ပါးကိုပေးကမ်းနိုင်လောက်အောင်လည်း..ရှိနေဖို့  အရင်ကြိုးစားသင့်တယ်လို့ 
ကျွန်တော်ထင်ပါတယ်။သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းခိုနိုင်တယ် ဆိုတာမျိုး မဟုတ်တောင်
အနည်းနဲ့ အများဆိုသလို ခိုနိုင်အောင် ရပ်တည်နေသင့်ပါတယ်။ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေအပေါ် ကပ်ညိမနေတာ၊စွန့် ပယ်တာကိုလည်း စာဂလို့ ဆိုပါတယ်။

ပညာ..သိမှု
သိမှုရှိခြင်း ပညာ၊အပြားအားဖြင့်သိသော အခြင်းအရာရှိခြင်း ပညာ၊ မတွေဝေမှုရှိခြင်း ပညာ၊
စိစစ်ခြင်းသဘောရှိခြင်းပညာ၊ ကောင်းစွာသိမြင်ခြင်း ရှိခြင်းပညာစ သည်ဖြင့် အဓိပ္ပါယ်သတ်မှတ်ကြပါတယ်။
ဘယ်သို့ ဘယ်ပုံဖြစ်တတ်တယ်ဆိုတာသိရပါမယ်။ဘယ်လိုအမျိုးအစားတွေဆိုတာ ခွဲခြားသိရပါမယ်။ဟုတ်မှဟုတ်ပါမလား၊ဟုတ်များဟုတ်နေမလား ဆိုတာမျိုး တွေးတောနေစရာမလို တဲ့သဘောပါ။မှန်နေတာကိုတောင်..ဘယ်လို၊ဘယ်လောက်မှန်တယ်ဆိုတာသိသင့်ပါတယ်။ဘွဲ့  ရမှ၊ဘာမှဆိုတာမျိုးမဟုတ်ပါဘူး။ဒါပေမယ့် ဘွဲ့ တွေ၊ဒီကရီတွေရနေတဲ့ ပညာမျိုးဆိုတော့လည်း ပိုကောင်းတာပေါ့။ပညာမှမတတ်ရင် သူတော်ကောင်း ပါလို့ ပြောလို့ မရပါဘူး။ လုပ်သမျှ တွေကလည်း လွဲမှားနေမှာပါ။တစ်နည်းအားဖြင့်ပြောရရင် တည့်မတ်နေအောင်၊မှန်ကန်နေအောင် လုပ်ဆောင်တတ်ရင် ပညာ ရှိတာပါပဲ။ဒါဟာပညာတတ်ပါပဲ။သီလ ရှိတယ်၊စိတ်သဘောထားကောင်းတယ်ဆိုရုံနဲ့ သူတော်ကောင်း လို့  မဆိုနိုင်သေးပါဘူး..။
ကျွန်တော်ပြောလိုတာက ကျွန်တော်တို့  အားလုံး တတ်သမျှလေးနဲ့ ရပ်မနေပဲ ဆက်ကာ ဆင့်ကာ ပညာသင်ယူနေဖို့ တိုက်တွန်းချင်တာပါ။ကိုယ့်ဝန်းကျင်လေးမှာတင် သူတော်ကောင်းဖြစ်မနေပဲ ကမ္ဘာနှင့်ရင်ပေါင်တန်းပြီး သူတော်ကောင်းဖြစ်နေစေချင်တာပါ။ဆိုတော့ တစ်မျိုးသားလုံး ကမ္ဘာ့ အဆင့်မီပညာမျိုးတွေ တတ်နေစေချင်ပါတယ်။အားလုံးသူတော်ကောင်းတွေဖြစ်ပါစေလို့ ဆုတောင်းပါတယ်..

No comments: