Friday, January 20, 2012

ပျောက်ကွယ်လုနီးပါး.. မြန်မာ့ရိုးရာ ကစားနည်းများ

ဆောင်းရာသီ လက်ကျန် ကာလတစ်လပဲ ကျန်တော့တဲ့အချိန်၊ နွေရာသီက လက်တစ်ကမ်း ရောက် လာတဲ့အချိန်။ ဒီအချိန်ဟာ ကျောင်း သားကျောင်းသူ ကလေးငယ်တွေ မျှော်လင့်စောင့်စားကြတဲ့ နွေကျောင်း ပိတ်ချိန်ကို နီးကပ်လာတဲ့ အချိန် လည်း ဖြစ်ပါတယ်။ နွေကျောင်း ပိတ်ချိန်ဆို ကလေးတို့သဘာဝအပူ အပင်ကင်းကင်းဆော့ကစားနိုင်ကြ တဲ့ ကာလတစ်ခုကနေနောက်တစ် နှစ်အတွက် စာကိုသာဆက်ပြီး သင် ယူကြရတဲ့ ခေတ်တစ်ခေတ်ရောက် လာတာကို သတိပြုမိရတဲ့အချိန်လို့ လည်း ဆိုနိုင်ပါတယ်။ တစ်ခေတ် တစ်ချိန်တုန်းကတော့ ဒီလိုပုံရိပ်တွေ မဟုတ်ခဲ့ပါဘူး။
“ရွှေစွန်ညို ဘာကိုလိုလို့ ၀ဲပါ တယ်......... မထွေးလိုလို့ ၀ဲပါတယ်။ မထွေးမပါတို့ချည်းသာ ........... ပါ ပါလျက်သားနောက်ကထား။”
ကလေးငယ်တွေ တစ်ယောက်ပြီး တစ်ယောက်စီတန်း၊ တစ်ယောက် ခါးကို တစ်ယောက်က လက်လှမ်း ချိတ်လို့။ ကလေးတန်းရှည်ရဲ့ မျက်နှာချင်းဆိုင်မှာတော့ ရွှေစွန်ညိုအဖြစ် အလှည့်ကျတဲ့ကလေးဟာ နောက်ဆုံး က မထွေးလေးကို ဖမ်းရဖို့အရေး ကဗျာလေးကို အပြန်အလှန်ဖြေတဲ့ အသံပါ။ တစ်နည်းအားဖြင့် ပြောရရင်တော့ တစ်ချိန်တုန်းက ကျေးလက်မှာရော မြို့ပြမှာပါ ကလေးတွေ မက်မက်မောမော ကစားခဲ့ကြတဲ့ ကစားနည်းလေးတွေထဲက ကစားနည်း တစ်ခုပါပဲ။ ရည်ရွယ်ချက်ကောင်းတွေပါဝင်တဲ့ ဒီကစားနည်းလေးတွေ ဟာ ကလေးတွေရဲ့ စိတ်ထဲကို အချင်း ချင်းကာကွယ်လိုစိတ်၊ စည်းစည်းလုံးလုံး လုပ်ကိုင်လိုစိတ်၊ အခက်အခဲ ကို ဇွဲရှိရှိရင်ဆိုင်လိုစိတ်တွေ ထည့်သွင်းပေးနိုင်ခဲ့ပါတယ်။
ကလေးတွေ ကစားကြတဲ့ အချိန်ဟာ ကျောင်းပိတ်ချိန်လည်း ဖြစ်ကောင်းဖြစ်နိုင်သလို ကျောင်းဆင်းချိန်လည်း ဖြစ်နိုင်ပါတယ်။ နေရာ ကျယ်ကျယ်လွင့်လွင့်မှာ ကလေး ပီပီသသ ဆော့ကစားကြီးပြင်းခွင့် ရခဲ့သူတွေကတော့ ဒီနေ့ဒီအချိန်အထိ ကစားနည်းလေးတွေကို မက်မော တသတုန်း။ ငယ်အိပ်မက်တွေကို သတိတရ ရှိရတုန်းပါ။
ဒါပေမယ့် တကယ့်တကယ် ပြင်ပမှာတော့ ကလေးတွေရဲ့ ဆော့ကစားသံတွေကို မကြားရတော့တာ ကြာပါပြီ။ မြို့ပြမှာသာမက ကျေးလက်ရဲ့လမ်းမကြီးတွေမှာ တစ်ယောက် နဲ့တစ်ယောက် စည်းစည်းလုံးလုံး ဆော့ကစားခဲ့ကြတဲ့ အစဉ်အလာတွေဟာ အခုအချိန်မှာတော့ နေလာရင်ပျောက် တဲ့ နှင်းလိုပဲ ပျောက်ကွယ်ခဲ့ပါပြီ။
ခေတ်တွေပြောင်းလဲလာတဲ့ အလျောက် ယဉ်ကျေးမှု အစဉ်အလာ၊ ရိုးရာဓလေ့တွေဟာ တဖြည်းဖြည်းနဲ့ မှေးမှိန်ခဲ့ရတယ်။ အသွင်ပြောင်းလဲခဲ့ ရပါတယ်။ ဒီအထဲမှာ မြန်မာ့ရိုးရာ ကစားနည်းတွေ ဆိုရင်လည်း ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရပါပြီ။
ဒီလိုအစဉ်အလာရှိခဲ့တဲ့ မြန်မာ့ရိုးရာ ကစားနည်းတွေ ပျောက်ကွယ်ခဲ့ရတဲ့ အကြောင်းရင်းတွေကတော့ ဒီနေ့ခေတ်ကလေးအများစုဟာ ရိုးရာကစားနည်းတွေကို ကစားဖို့အတွက် နေရာလုံလုံလောက်လောက် မရှိတာရယ် အားလပ်ချိန်နည်းပါး လာတာကြောင့် ရယ်ပါပဲ။  ကျောင်းနဲ့ အိမ်နဲ့ကျူရှင်နဲ့ အပြေးအလွှား ကူးလူး နေကြရတဲ့ ကလေးတွေမှာ ကစားချိန်ဆိုတာ မရှိနိုင်တော့ပါဘူး။ တစ်ဖက်မှာလည်း နိုင်ငံတကာက ၀င်ရောက် လာတဲ့ ကစားနည်းပစ္စည်းအသစ်အဆန်း များစွာကလည်းကလေးတွေအပေါ် မှာ လွှမ်းမိုးလာခဲ့ပါပြီ။
ရန်ကုန်မြို့လို မြို့ပြတွေမှာ တစ်ခါတရံ ကလေးတွေစုပြီးကစား နေတာမျိုးကိုတွေ့ရတတ်ပေမယ့် အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ရပြန်တာ ပါပဲ။ သူတို့တွေဆော့ဖို့နေရာ ကျယ်ကျယ်ဆိုတာမရှိပါဘူး။  လမ်းမပေါ် မှာ ကစားတဲ့အတွက် အန္တရာယ်တွေလည်း ကြုံတွေ့နိုင်ခြေတွေကလည်း ရှိနေပါသေးတယ်။
မြို့ပြမှာရှိတဲ့ စာသင်ကျောင်းတွေကတော့ အဆောက်အအုံအပြင် မြေနေရာ ကျယ်ကျယ်လွင့်လွင့်မရှိ တာကသာ အများစုမို့ ကျောင်းက ဘောလုံးကွင်းထဲ ဘောလုံးကန်ဖို့၊ ကွင်းပြင်ကျယ်ထဲ ထုပ်ဆီးထိုးဖို့၊ ပြေး တမ်းလိုက်တမ်းကစားဖို့ဆိုတာလည်း မဖြစ်နိုင်သလောက်ပါပဲ။ ကျေးလက် က ကလေးတွေကတော့ နေ့လယ်ခင်း ကျောင်းဆင်းချိန်မျိုးမှာ ခဏတာကစား နိုင်ကြပေမယ့် ကျောင်းဆင်းချိန်မှာ တော့သူတို့လည်းပဲမအားနိုင်တော့ပါဘူး။ သူတို့တွေမှာတော့ ကျူရှင်ဆိုတာ မရှိပေမယ့် ကိုယ်တတ်နိုင်သမျှ ထောင့်ကနေ မိဘကို ကူကြရပါတယ်။ ကလေးဘ၀ ကို ကလေးပီပီဖြတ်သန်းဖို့ဆိုတာ လည်း ကျေးလက်က ကလေးအများစု အတွက်တော့ အလှမ်းဝေးတုန်းပါပဲ။
အကြောင်းရင်းပေါင်းများစွာ ရှိလာတဲ့နောက်မှာတော့ မြန်မာနိုင်ငံ တစ်ဝန်း ရိုးရာကစားနည်းတွေဟာ ကလေးတွေနဲ့ တဖြည်းဖြည်းဝေးလာခဲ့ ပါတော့တယ်။ ရွှေစွန်ညို၊ ညောင်ပင် တစ္ဆေ၊လိပ်ဥ၀ှက်တမ်း၊ မစာဥ၊ညောင် ရေအိုးစင်၊ ကြက်ဖခွပ်၊ ဇယ်တောက်၊ ဇယ်ခုပ်၊ မဧခြင်ထောင်၊ တူတူပုန်း တမ်း၊ မြို့တံခါးကြီး၊ ဖန်ခုန်တမ်း၊ ခို၊ ဘီးရောင်းတမ်းကစားနည်းစတဲ့ မြန်မာ့ရိုးရာ ကစားနည်းတွေဟာ မတွေ့ ရသလောက် နည်းပါးခဲ့ပါပြီ။
“ဒီနေ့ ကလေးအများစုဟာ အိမ် ကနေကျောင်း၊ ကျောင်းကနေ ကျူရှင်၊ ဒီလိုနဲ့ပဲ တစ်နေကုန်အချိန် ကုန်သွားတာပါ။ ညဘက် အားလပ်ချိန် တွေမှာလည်း ဂိမ်းဆော့တာတို့၊ ကာတွန်းကားကြည့်တာတို့၊ တီဗီကြည့်တာ ဒါတွေနဲ့ပဲ တစ်နေ့တာအချိန် တွေကို ဖြတ်သန်း ကုန်ဆုံးနေကြပါ တယ်။ ကိုယ်လက်လှုပ်ရှား အားကစား လုပ်ဖို့ အချိန်လည်းမရှိဘူး။ ကျန်းမာ သန်စွမ်းမှုလည်း နည်းလာကြတယ်” လို့ ရန်ကုန်မြို့နေ မိဘတစ်ဦးက ပြောပြပါတယ်။
လက်ရှိ အချိန်မှာတော့ မြန်မာ့ ရိုးရာကစားနည်းတွေ ကစားတာကို လွတ်လပ်ရေးနေ့လို အထိမ်းအမှတ် နေ့မျိုးမှာသာ တချို့တလေ မြင်တွေ့ ရပါတယ်။ ချောတိုင်တက်၊ ထုပ်ဆီးတိုး၊ ခေါင်းအုံးရိုက်၊ ခြင်းလုံးခတ် ကစားနည်းတွေကို လူငယ်လူလတ်ပိုင်းတွေ ပါဝင်ကစားကြသလို ကလေး တွေအတွက် ကစားနည်းတွေ ထည့်သွင်းထားတာ ကိုလည်း တွေ့ကြရမှာပါ။ နေရာကျယ်ကျယ်မှာ ကစားခွင့်ရဖို့ အထိမ်းအမှတ် နေ့တွေကို မျှော်လင့် ကြရသလို ဖြစ်နေပါတယ်။
မြန်မာနိုင်ငံမှာ မြန်မာ့ရိုးရာ ကစားနည်းတွေ ပျောက်ကွယ်လုနီး ပါးဖြစ်ပေမယ့် ကမ္ဘာ့နိုင်ငံအသီးသီး မှာတော့ ရိုးရာကစားနည်းတွေကို   ပြိုင်ပွဲတွေအနေနဲ့ ကျင်းပကြတဲ့အပြင် မြန်မာ့ရိုးရာကစားနည်းတွေဖြစ်တဲ့  တိုင်လုတမ်းကစားနည်း၊ လွန်ဆွဲ ကစားနည်းတွေကို စည်းမျဉ်း၊ စည်း ကမ်းတွေ ချမှတ်ပြီးပြိုင်ပွဲတစ်ခုအနေနဲ့ ကစားနေကြတာလည်းရှိပါတယ်။
မြန်မာ့ရိုးရာ ကစားနည်းတစ်ခု ဖြစ်တဲ့ လွန်ဆွဲကစားနည်း ဆိုရင်လည်း ရှေးဘုရင်များလက်ထက် မိုးခေါင်ရေရှားဖြစ်ချိန်မှာ မိုးခေါ်ဖို့အတွက် ပြုလုပ်တဲ့ ကစားနည်းတစ်ခုဖြစ်ပြီး အခုတော့ နိုင်ငံတကာကိုပျံ့နှံ့နေတဲ့ ကစားနည်းတစ်ခု ဖြစ်နေပါတယ်။ ဂျပန်နိုင်ငံ က ဦးစီးပြီး အာဆီယံနိုင်ငံတွေ ပါဝင်တဲ့ အာရှလွန်ဆွဲ အဖွဲ့ချုပ်ကိုလည်း ဖွဲ့စည်းထားလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ကစားနည်းတွေကို တောင် အပြည့်အ၀ နားမလည်ကြတော့ တဲ့ သူတွေများလာခဲ့ပါပြီ။ တကယ်တော့ မြန်မာ့ရိုးရာ ကစားနည်းတိုင်း ဟာ ရည်ရွယ်ချက်တွေ အမျိုးမျိုးရှိကြပါတယ်။ မြန်မာ့ရိုးရာ ကစားနည်းတွေကို ကစားခြင်းအားဖြင့် အမောခံ နိုင်ခြင်း၊ ကျန်းမာသန်စွမ်းခြင်း၊ လူအများနဲ့ ကစားရတာကြောင့် ညီညွတ် ရင်းနှီးမှုပိုရရှိနိုင်ခြင်း၊ ဥာဏ်ရည်ဖွံ့ဖြိုးခြင်း၊ စိတ်ဓာတ်မျှတခြင်း၊ ပေါင်းသင်း ဆက်ဆံတတ်ခြင်း၊ ဆုံးဖြတ် ချက်ချနိုင်ခြင်း စတဲ့ အနှစ်သာရကိုလည်း ရနိုင်ပါသေးတယ်။
အရင်ကကျောင်းတွေမှာ  ရိုးရာကစားနည်းတွေကို ကျောင်းပေါင်းစုံ ဖိတ်ခေါ်ပြိုင်ပွဲတွေ နှစ်စဉ်ကျင်းပ ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ နည်းပါးလာတာကို တွေ့ရပါတယ်။ အထိမ်းအမှတ်နေ့မှာ လုပ်တတ်တဲ့ ကစားပွဲတွေလောက်သာ အဓိကကျန်ပါတော့တယ်။ ဒီလို အစဉ်အလာရှိခဲ့တဲ့ ရိုးရာကစားနည်းတွေ ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းမှုတွေ ရှိလာမယ်ဆိုရင် တစ်ချိန်မှာမြန်မာ့ရိုးရာ ကစားနည်းတွေ ဟာ တခြားနိုင်ငံတွေကို ပျံ့သွားရုံတင်မဟုတ်ဘဲ နိုင်ငံထဲမှာလည်း လူငယ်တိုင်း၊ ကလေးတိုင်းက တန်ဖိုးထားလာနိုင် မယ်လို့ မျှော်လင့်ရပါတယ်။
weeklyeleven  

No comments: