Saturday, January 21, 2012

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၁ +၂)




                                                                         မာတိကာ

  1. တပင်ရွှေထီးနှင့် ပတ်သက်၍ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ မှတ်ချက်မှ ကောက်နုတ်ချက်
  2. စာအုပ်ပြုစုသူ၏အမှာ
  3. ကေတုမတီတောင်ငူရာဇဝင်
  4. သမိုင်းထင်ရှား ဖြောင့်မတ်သည့် မင်းနှစ်ပါး
  5. တပင်ရွှေထီးကို ဖွားမြင်ခြင်း
  6. မြန်မာ့သမိုင်းတွင် ဘုရင့်နောင်အဖြစ်ကျော်ကြားလာမည့် ရှင်ရဲထွတ်
  7. ရှင်ရဲထွတ်နှင့် သခင်ကြီးတို့၏ အပြစ်မကင်းသောချစ်ခြင်း
  8. တပင်ရွှေထီး တောင်ငူထီးနန်းကို စိုးစံတော်မူခြင်း
  9. သမိုင်းတွင် သူရဲကောင်းရွေးခြယ်ပွဲ
  10. ရန်သူ့နယ်မြေပေါ်မှ နားထွင်းမင်္ဂလာပွဲ
  11. ဟံသာဝတီကို အစမ်းချီ၍ တိုက်ခိုက်တော်မူခြင်း
  12. ဟံသာဝတီကို အောင်မြင်တော်မူခြင်း
  13. နောင်ရိုးတိုက်ပွဲ ဖောင်ဖျက်နွှဲသည့် ကျော်ထင်နော်ရထာ
  14. တပင်ရွှေထီး ပြည်ကိုချီတက်လုပ်ကြံခြင်း
  15. နတ်သမီးနှင့်တွေ့သည့် သုရှင်တကာရွတ်ပိ၏ နိဂုံး
  16. တပင်ရွှေထီး မုတ္တမကို အောင်တော်မူခြင်း
  17. ပြည်တိုက်ပွဲ
  18. အင်းဝတွင် သိုဟန်ဘွားကို မင်းကြီးရန်နောင်လုပ်ကြံခြင်း
  19. ရာဇဘိသိက်ပွဲသဘင် ဆင်ယင်ခြင်းနှင့် ဂေါတမယ်အား သိမ်းပိုက်ခြင်း
  20. ရခိုင်သို့ချီတော်မူခြင်း
  21. ယိုးဒယားမှ ကျူးကျော်ထိပါးလာခြင်း
  22. တပင်ရွှေထီးလက်ထက် ယိုးဒယားမြန်မာစစ်ပွဲ
  23. မြန်မာတို့၏ စွမ်းရည်ကိုပြသလိုက်သည့် မြန်မာနှင့်ယိုးဒယားတို့၏ ပြင်းထန်သောတိုက်ပွဲ
  24. ပေါ်တူဂီတစ်ဦးကို မြှောက်စားမိသဖြင့် တပင်ရွှေထီး အကျင့်တော်ပျက်ရခြင်း
  25. မင်းရဲသီဟသူ နတ်ရွာစံခြင်း
  26. သမိန်ထောရာမ ပုန်ကန်ခြင်း
  27. တပင်ရွှေထီး နတ်ရွာစံတော်မူခြင်း
  28. ဘုရင့်နောင် နိုင်ငံတော်ရှေ့ရေးကို မြော်တွေးခြင်း
  29. တောင်ငူကိုချီ၍ သိမ်းယူတော်မူခြင်း







  • တပင်ရွှေထီးနှင့် ပတ်သက်၍ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ မှတ်ချက်မှ ကောက်နုတ်ချက်
တပင်ရွှေထီးသည် မွေးဖွားစဉ်အခါကပင်လျှင် မကြုံစဖူး ထူးဆန်းကြီးကျယ်သော နိမိတ်တွေကြုံကြိုက်ကာ ဖွားမြင်တော်မူလာသဖြင့် ဘုန်းသမ္ဘာနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ထူးဖြစ်ကြောင်း ထင်ရှားပေသည်။

ရုပ်ကြန်လက္ခဏာ ဘုန်းသမ္ဘာနှင့်ပြည့်စုံတော်မူသောအတိုင်း ရွယ်နုပျိုမျစ် သက်တော် (၁၅) နှစ် အရွယ်၌ပင်လျှင် ခမည်းတော်ဘုရား၏ အရိုက်အရာဖြစ်သော ထီးနန်းအမွေကိုဆက်ခံ၍ တောင်ငူရွှေနန်းကို စိုးစံတော်မူသည်။ စိုးစံတော်မူသည်ကစ၍ နတ်လူတို့၏ ကြည်ညိုမြတ်နိုးခြင်းကို ခံရပြီးလျှင် တိုင်းသူပြည်သားအပေါင်းတို့က အောင်စေကြောင်းဖြင့် ဆုတောင်းလျက်ရှိကြသည်။


နဖူးရေရှုံ့တွမှ မကိုဋ်ဆင်ရသဖြင့် ဘယ်အကျိုးရှိပါအံ့နည်းဟူ၍ ပညာရှင်တို့ပြဆိုအပ်သော စကားပုံအတိုင်း ဘုရင်တပင်ရွှေထီးသည် နဖူးရေရှုံ့တွ၍ အိုမင်းသောအခါမှ မကိုဋ်ဆင်၍ ဘုရင်ပြုလုပ်ရသော ပုဂ္ဂိုလ်မဟုတ်ချေ။ နဖူးရေတင်းတင်း၊ ပျိုမျစ်ခြင်းဂုဏ်နှင့် ပြည့်စုံသည့်အခိုက်တွင် မကိုဋ်ဆင်၍လာရသဖြင့် လောကီသမ္ပတ္တိအရာတွင် လွန်စွာအကျိုးပေးဖြောင့်မတ်သော ပုဂ္ဂိုလ်ဟူ၍ ချီးမွှမ်းထိုက်ပေသည်။


မိမိကိုယ်တော်တိုင် ဘုန်းပညာလက္ခာဏာနှင့် ပြည့်စုံခဲ့သည့်အတိုင်း နိုင်ငံချဲ့ထွင်ရေး၊ အုပ်စိုးရေးကိစ္စတွင် လက်ရုံးတစ်ဆူ အလေးမူလောက်သော ယောက်ဖတော်ရှင်ရဲထွတ်ကို အားကိုးတော်မူရသည်မှာ ရွှေဘုန်းတော်၏ အထောက်အပံ့ကြီး တစ်ခုပင် ဖြစ်လေသည်။ ရှင်ရဲထွတ်သည် ဘုရင့်အပေါ်၌ သစ္စာရှိရှိ၊ ကတိဖြောင့်ဖြောင့်နှင့် စိတ်ထောင့်ခြင်းမရှိဘဲ ဘုရင့်အကျိုးကို မိမိအကျိုးကဲ့သို့ ကျွတ်ကျွတ်လွတ်လွတ် ရွတ်ဆောင်လေသည်မှာ လွန်စွာချီးမွမ်းဖို့ ကောင်းသောအချက်ပင် ဖြစ်သည်။


တပင်ရွှေထိး သေရည်သေရက်သောက်စားခြင်း မကောင်းသောမိတ်ဆွေတို့နှင့် ပေါင်းသင်းခြင်း၊ ဤအမှားတော်များကို လိုက်စားခြင်းမပြုမှီအတွင်းမှာ တော်လှန်ပုန်ကန်ရေးများနှင့် တစ်စုံတစ်ရာမျှမတွေ့ရပဲ ချီတော်မူ၍ လုပ်ကြံတော်မူသောအရေးတို့၌ မအောင်မြင်သည်ဟူ၍ မရှိပဲ အောင်ပွဲကိုသာ ရရှိတော်မူလေသည်။


စစ်ရေးစစ်ရာ၌ လွန်စွာ ဝါသနာထုံ၍ ချီတော်မူရာတို့၌ ကိုယ်တော်တိုင်လိုက်ပါချီတော်မူလေ့ ရှိပေသည်။ ဘုရင့်နောင်ကျော်ထင်အနော်ရထာဘွဲ့ခံ ရှင်ရဲထွတ်ကိုလည်း စစ်ဘုရင်ချုပ်ကြီးခန့်ထားတော်မူပြီးလျှင် ကိုယ်နှင့်ထပ်တူထပ်မျှ သဘောထားတော်မူကာ မြှောက်စားတော်မူသည်။ မိမိက ရေကြောင်းချီလျှင် ရှင်ရဲထွတ်ကို ကုန်းကြောင်းချီစေသည်။


ပထမရှေးဦးစွာ ဟံသာဝတီကို အောင်မြင်တော်မူခြင်း၊ ထို့နောက် သရေခေတ္တရာ ပြည်မြို့ကို အောင်မြင်တော်မူခြင်း၊ မုတ္တမမြို့ကို အောင်မြင်တော်မူခြင်း၊ ရခိုင်ကို အောင်မြင်တော်မူခြင်း၊ ယိုးဒယားကို အောင်မြင်တော်မူခြင်း၊ ဤအောင်ပွဲများသည် လွန်စွာ ထင်ရှား၍ ကြီးကျယ်သော အောင်ပွဲများပင် ဖြစ်ပေသည်။


စစ်မှုရေးရာတို့၌ အမှုတော်ကို ထမ်းကြသော ဗိုလ်မှူး၊ စစ်ကဲမှစ၍ စစ်သည်တော်သားအမှုထမ်းများသို့ တိုင်အောင် အသက်ကိုစွန့်၍ အမှုတော်ကို ထမ်းကြလေသည်။ စစ်ရေးနှင့်စပ်၍ တစ်စုံတစ်ယောက်သောသူမျှ အာဏာတော်ကို ဖီဆန်၍ ကျင့်လေ့မရှိကြကုန်။ သို့ဖြစ်၍ အပွဲပွဲမှာ အောင်တော်မူခြင်းကို ရရှိလေသည်။


မြန်မာပြည်အောက်ပိုင်းနှင့် ယိုးဒယားပြည်ကိုသာ အရေးစိုက်တော်မူနေသောကြောင့် အထက်မြန်မာပြည်၌ရှိသော အဝမြို့တော်ကြီးကိုမူကား တိုက်ခိုက်ခြင်း ပြုတော်မမူရချေ။ ရခိုင်၊ ယိုးဒယားနှင့်တကွ အောက်ရာမညတိုင်းကို သေဝပ်ပိပြားစေပြီးမှ အဝနေပြည်တော်သို့ ချီတက်တိုက်ခိုက်ရပါလျှင် လွယ်ကူစွာနှင့်ပင် ရတော်မူမည်ဟူ၍ ရည်ရွယ်ရင်းရှိသည်နှင့် အဝနေပြည်တော်အတွက် အရေးမစိုက်ပဲနေတော်မူခဲ့သည်။ ထို့အတွက်ကြောင့် ၎င်းလက်ထက်တော်မှာ အဝနေပြည်တော်ကြီးကို သိမ်းပိုက်ရရှိတော်မမူပဲ ရှိရလေသည်။


(ထိုအဝနေပြည်တော်ကြီးနှင့်တကွ အထက်မြန်မာနိုင်ငံတော်အလုံးနှင့် ရှမ်းပြည်များကိုမူကာ ရှင်ရဲထွတ်၏လက်ထက်၌ လက်နက်နိုင်ငံအဖြစ်ဖြင့် သိမ်းပိုက်စိုးအုပ်တော်မူရလတ္တံ့။)















တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၂)

by Par Par Gyi on Saturday, January 21, 2012 at 9:50pm
  • စာအုပ်ပြုစုသူ၏ အမှာ
သမိုင်းနဲ့ပတ်သက်လို့ ဖြစ်ပါတယ်။

တစ်ခါတစ်ခါ ကြားလိုက်ရတာတွေက စိတ်ပျက်စရာ အလွန်ကောင်းပါတယ်။

“အနော်ရထာကို သိကြားမင်းဆက်လိုက်တဲ့လှံကတော့ စွပ်သလားမမေးနဲ့၊ မင်းမျက်သင့်လို့ ကျန်စစ်သားက အဲဒီလှံကို ယူပြီးထွက်ပြေးတယ်။ ပရိမ္မအရပ်ရောက်လို့ ရှောက်ပင်ကိုတွေ့တော့ စားမယ်ဆိုပြီး ရှောက်ချဉ်ကို ထိုးတာတောင် ရှောက်ချိုဖြစ်သွားသတဲ့”

“အလောင်းဘုရားက စစ်တိုက်တော်တာတော့ ပြောမနေနဲ့၊ ယိုးဒယားကိုသွားသိမ်းတာ ဝါးရင်းတုတ်နဲ့ သွားသိမ်းတာတဲ့” “မ, ဖျက်တော့ ပြည်ပျက်ဆိုတာ စုဖုရားလတ်လိုမိဖုရားမျိုးပေါ့၊ အာဏာအတွက် သတ်လိုက်တာ မင်းတုန်းမင်းရဲ့ သားတော်၊ သမီးတော်တွေ တစ်ရာကျော်ကိုလေ၊ တော်တော်ရက်စက်တဲ့မိဖုရား၊ အင်္ဂလိပ်နဲ့ စစ်တိုက်ပြီး ကျွန်ဖြစ်ရတာလဲ သူကြောင့်”


ဆက်စပ်မိကြလို့ မြန်မာသမိုင်းနဲ့ ပတ်သက်ပြီး ပြောကြတိုင်း မိမိကြားရတာတွေပဲ ဖြစ်ပါတယ်။ မဟုတ်ကဟုတ်က ရမ်းတုတ်နေကြတာတွေ စိတ်မကောင်းစရာလည်း ကောင်းလှပါတယ်။


ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဒေါက်တာသန်းထွန်း သမိုင်းကို မအ,အောင်ဖတ်ရမယ်လို့ ဆိုခဲ့ပါတယ်။ အခုလိုသာဆို ဘယ်လိုလုပ်ကြမလဲ။ ဆရာသာ သက်ရှိထင်ရှားရှိနေသေးလို့ ဒီလိုပြောတာတွေကြားရင် ဆရာလည်း စိတ်မကောင်းဖြစ်မိရှာမှာတော့ အမှန်ပါ။


တစ်ခုလည်း ရှိပါတယ်။ အဲဒါကတော့ မိမိတို့စာရေးသူတွေ၊ ကလောင်သမားတွေရဲ့ ဘက်ကပါ။ သူတို့ကိုသာ ပြောနေတယ်။ သမိုင်းနဲ့ပတ်သက်ပြီး သူတို့တွေ စိတ်ဝင်တစားနဲ့ ဖတ်နိုင်အောင် ရေးထားတဲ့စာအုပ်တွေ ဖတ်ဖို့၊ လေ့လာဖို့ စာအုပ်တွေကလည်း အလွန်နည်းသေးတယ်ဆိုတာပါပဲ။


မိမိတောင် သမိုင်းအကြောင်းရေးချင်လွန်းလို့ ကျမ်းကိုးတွေကို စိတ်တိုင်းကျရချင်ရင် တော်တော်ကြီးကို အချိန်ယူပြီးရှာဖွေရပါတယ်။ ဟိုတုန်းကထွက်ခဲ့တဲ့ စာအုပ်ကောင်းကြီးတွေ၊ စာအုပ်ဟောင်းတွေကို ရှာရတာပါ။ စာအုပ်ဟောင်းရောင်းတဲ့ ဆိုင်တွေအနှံ ကြိုးကြိုးစားစား လိုက်ရှာလို့ တွေ့ရပြန်တော့လည်း ဝယ်မယ်လို့ ဈေးကို မမေးလိုက်နဲ့ တစ်အုပ်ကို တစ်သောင်းခွဲ၊ နှစ်သောင်းတဲ့။ အဲဒီစာအုပ်တွေကလည်း ပြန်မထွက်နိုင်။ အဲဒီတော့ ဒီလိုဈေးတွေနဲ့ဆိုတော့ ဖတ်သူတွေဘက်က သမိုင်းကိုစိတ်ဝင်စားတဲ့၊ သမိုင်းကို လေ့လာနေတဲ့ သူတွေခမျာလည်း ဘယ်လိုဝယ်ဖတ်နိုင်မလဲ။


တစ်အုပ်လေးငါးထောင်ဆိုရင် ဖတ်ချင်ပါရဲ့နဲ့ စာဖတ်သူအများစုခမျာ ဝယ်မဖတ်နိုင်ကြတာ၊ ရေးရရင် ဒိလိုဖြစ်တာတွေဟာ အများဝယ်နိုင်လောက်တဲ့ဈေးနဲ့ စာအုပ်ကောင်းတွေ ထွက်မလာတာလဲ ပါပါတယ်။ အဲဒီလို ထွက်မလာနိုင်တော့ သမိုင်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေက ရှားပါးလာရတော့တယ်ပေါ့။


ပြီးတော့ ထွက်လာပြန်တော့လည်း ကြည့်ဦး။ မိမိအပါအဝင်ပေါ့။ မန္တလေးရတနာပုံ သီပေါနဲ့စုဖုရားလတ်ကကို မခွာနိုင်ကြတော့ဘူး။ တခါလာလည်း ရတနာပုံခေတ်နဲ့ ပတ်သက်တဲ့စာအုပ်တွေကပဲများနေတယ်။


မိမိကကျောင်းနေကတည်းက သမိုင်းကို အလွန်စိတ်ဝင်စားခဲ့သူဖြစ်တယ်။ လေးတန်းကျောင်းတန်းဘဝလောက်ကတည်းက အနော်ရထာတို့၊ ကျန်စစ်သားတို့၊ တပင်ရွှေထီးတို့ဆိုတဲ့ ပုံပြသမိုင်း စာအုပ်လေးတွေဖတ်ပြီး သမိုင်းနဲ့ပတ်သက်လို့ CRAZY ဖြစ်ခဲ့တာပါ။ မြို့မကျောင်း (ယခု-ဒဂုံ ၂) မှာ တက်တုန်းကလည်း ကျောင်းမှာ အသင်းလေးသင်းရှိတဲ့အနက် တပင်ရွှေထီးအသင်း ဝင်ဖြစ်ခဲ့တာ။ တပင်ရွှေထီးအသင်းကနေ ဘော်လုံးကန်ဖြစ်ခဲ့တာ။ အားကစားအနေနဲ့ ပြေးခဲ့ခုန်ခဲ့တာ၊ ကျောင်းနေစဉ် ငယ်ဘဝ အမှတ်ရစရာတွေပါ။


မြန်မာ့သမိုင်းမှာ မြန်မာတွေအတွက် ဂုဏ်ယူရမယ့် စံပြုရမယ့် ပုဂ္ဂိုလ်တွေက အများကြီးပါ။ မိမိက သူရဲကောင်းတွေကိုဆို အလွန်အားကျတယ်။ မင်းရဲကျော်စွာတို့၊ သမိန်ဗရမ်းတို့၊ တပင်ရွှေထီးတို့၊ ဘုရင့်နောင်တို့၊ အလောင်းဘုရားတို့၊ မဟာဗန္ဓုလတို့ကိုပေါ့။

ကိုယ်လည်း သူတို့လိုပဲ ဖြစ်ချင်တယ်။ အလွန်အားကျတယ်။ စံလည်းပြုတယ်။ သူတို့လိုပုဂ္ဂိုလ်တွေက မဟုတ်မခံ၊ ဘာမထီဇာနည်အာဂဖွားဆိုတဲ့ ယောက်ျားကောင်းတို့ရဲ့ စိတ်ဓာတ်နဲ့ ကျင့်စဉ်ကို ပေးတယ်။ ကျေးဇူးတင်ဖို့လည်း အလွန်ကောင်းပါတယ်။

အခု . . . မိမိပြုစုတဲ့ တပင်ရွှေထီးနဲ့ ဘုရင့်နောင်။ လူတွေက ဘုရင့်နောင်ဆိုရင် ဒီနေ့ခေတ်မှာ သိနေကြပါတယ်။

ဒါပေမယ့် . . . ဝမ်းနည်းစရာဖြစ်ရတာက မြန်မာဘုရင် အာဇာနည်သူရဲကောင်း မင်းကောင်းမင်းမြတ်၊ ပုဂံပျက်ပြီးတဲ့နောက် အစိပ်စိပ်အမွှာမွှာ ပြိုကွဲသွားတဲ့ နိုင်ငံတော်ကို ဒုတိယမြန်မာနိုင်ငံတော်အဖြစ် စတင် တည်ထောင်တော်မူတဲ့ မြန်မာ တို့ရဲ့ ကျေးဇူးရှင်ဖြစ်တဲ့ ဘုရင်တပင်ရွှေထီးအကြောင်းကိုပါ။ ဘုရင့်နောင်ကို သိနေကြပေမယ့် တပင်ရွှေထီးကျတော့ သိသူတွေက နည်းနေကြပါတယ်။ တပင်ရွှေထီးက မြှပ်နေပါတယ်။ သိပ်မသိကြ မပြောကြပါဘူး။ စာရေးဆရာအချို့တောင် တပင်ရွှေထီး အကြောင်းကို သိပ်မသိကြတဲ့အတွက် စိတ်မကောင်းစရာလို့ ပြောရပါမယ်။ ယိုးဒယားကို ဘုရင့်နောင်သိမ်းယူခဲ့တာ သိကြတယ်။ အလောင်းဘုရား ယိုးဒယားနဲ့ စစ်ဖြစ်တာ သိကြတယ်။ ဒါပေမယ့် . . . မြန်မာ့သမိုင်းမှာ ယိုးဒယားကို တပင်ရွှေထီး ပထမဆုံးအောင်ပွဲရခဲ့တာကြတော့ တချို့စာရေးဆရာတွေ မသိကြလို့ သူတို့ကို မိမိတော်တော်ရှင်းပြခဲ့ရတယ်။

အဲဒါကြောင့်ပဲ ဆိုရပါမယ်။ ရေးချင်စိတ်ဖြစ်ပေါ်လာလို့ ၂၀၀၇ ဒီဇင်ဘာမှာထုတ်တဲ့ သတင်းစာလွှာမဂ္ဂဇင်းမှာ “တပင်ရွှေထီးအောင်ပွဲရခဲ့သည့် ပထမဆုံး ယိုးဒယားမြန်မာစစ်ပွဲ” ဆိုတဲ့ ခေါင်းစဉ်နဲံ့ သမိုင်းဆောင်းပါး တစ်ပုဒ်ကို မိမိရေးခဲ့ပါတယ်။


ယခု “တပင်ရွှေထီး ဘုရင့်နောင်နှင့်  ဒုတိယမြန်မာနိုင်ငံတော်” ဆိုတဲ့ အမည်နဲ့ သမိုင်းစာအုပ်ကို မိမိရေးသားပြုစု ထုတ်ဝေလိုက်ပါပြီ။ ဒါက ပထမအုပ်ပဲဖြစ်ပါတယ်။ ဘုရင့်နောင်ခေတ်ကို ဆက်ဖို့ကျန်သေးတဲ့အတွက် ဒုတိယတစ်အုပ်ဆက်ပြီး ထွက်လာပါဦးမယ်။


ဒီစာအုပ်တွေအတွက် သမိုင်းဆိုင်ရာ ကျမ်းကိုးအထောက်အထားတွေကို ပြည့်ပြည့်စုံစုံရအောင်ရှာပြီး အချိန်ယူပြုစုထားပါတယ်။ စာအုပ်တွေကို ပြုစုချိန် သုံးနှစ်လောက်ကြာပါတယ်။ သမိုင်းအထောက်အထားဓာတ်ပုံတွေ မြေပုံတွေကိုလည်း စာအုပ်မှာ စုံစုံလင်လင်ဖော်ပြနိုင်အောင် ကြိုးစားအားထုတ်ခဲ့ရပါတယ်။ အထောက်အထားရဖို့အတွက် တောင်ငူကို နှစ်ခေါက်၊ ပဲခူးကို နှစ်ခေါက်သွားခဲ့ရပါတယ်။ စားဖို့တည်းခိုဖို့ကအစ သွားရေးလာရေး၊ လေ့လာရေးအထိ အစစအရာရာ လိုလေသေးမရှိအောင် စေတနာအပြည့်နဲ့ အကူအညီတွေပေးခဲ့ကြတဲ့ တောင်ငူသားစာပေသမားကဗျာဆရာတွေ ဖြစ်ကြတဲ့ ဆရာမောင်နီမွန် (ကေတု)၊ ဆရာကိုလွင် (နန်းမြေ) နဲ့ မောင်လှိုင်းမာန်တို့ကိုလည်း မိမိအနေနဲ့ ထာဝရကျေးဇူးတင်ရှိနေမှာ ဖြစ်ကြောင်း ဤနေရာမှ ရေးလိုပါတယ်။


ဟိန်းဇေ

No comments: