Showing posts with label မြန်မာ့သမိုင်း. Show all posts
Showing posts with label မြန်မာ့သမိုင်း. Show all posts

Saturday, January 21, 2012

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၁ +၂)




                                                                         မာတိကာ

  1. တပင်ရွှေထီးနှင့် ပတ်သက်၍ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ မှတ်ချက်မှ ကောက်နုတ်ချက်
  2. စာအုပ်ပြုစုသူ၏အမှာ
  3. ကေတုမတီတောင်ငူရာဇဝင်
  4. သမိုင်းထင်ရှား ဖြောင့်မတ်သည့် မင်းနှစ်ပါး
  5. တပင်ရွှေထီးကို ဖွားမြင်ခြင်း
  6. မြန်မာ့သမိုင်းတွင် ဘုရင့်နောင်အဖြစ်ကျော်ကြားလာမည့် ရှင်ရဲထွတ်
  7. ရှင်ရဲထွတ်နှင့် သခင်ကြီးတို့၏ အပြစ်မကင်းသောချစ်ခြင်း
  8. တပင်ရွှေထီး တောင်ငူထီးနန်းကို စိုးစံတော်မူခြင်း
  9. သမိုင်းတွင် သူရဲကောင်းရွေးခြယ်ပွဲ
  10. ရန်သူ့နယ်မြေပေါ်မှ နားထွင်းမင်္ဂလာပွဲ
  11. ဟံသာဝတီကို အစမ်းချီ၍ တိုက်ခိုက်တော်မူခြင်း
  12. ဟံသာဝတီကို အောင်မြင်တော်မူခြင်း
  13. နောင်ရိုးတိုက်ပွဲ ဖောင်ဖျက်နွှဲသည့် ကျော်ထင်နော်ရထာ
  14. တပင်ရွှေထီး ပြည်ကိုချီတက်လုပ်ကြံခြင်း
  15. နတ်သမီးနှင့်တွေ့သည့် သုရှင်တကာရွတ်ပိ၏ နိဂုံး
  16. တပင်ရွှေထီး မုတ္တမကို အောင်တော်မူခြင်း
  17. ပြည်တိုက်ပွဲ
  18. အင်းဝတွင် သိုဟန်ဘွားကို မင်းကြီးရန်နောင်လုပ်ကြံခြင်း
  19. ရာဇဘိသိက်ပွဲသဘင် ဆင်ယင်ခြင်းနှင့် ဂေါတမယ်အား သိမ်းပိုက်ခြင်း
  20. ရခိုင်သို့ချီတော်မူခြင်း
  21. ယိုးဒယားမှ ကျူးကျော်ထိပါးလာခြင်း
  22. တပင်ရွှေထီးလက်ထက် ယိုးဒယားမြန်မာစစ်ပွဲ
  23. မြန်မာတို့၏ စွမ်းရည်ကိုပြသလိုက်သည့် မြန်မာနှင့်ယိုးဒယားတို့၏ ပြင်းထန်သောတိုက်ပွဲ
  24. ပေါ်တူဂီတစ်ဦးကို မြှောက်စားမိသဖြင့် တပင်ရွှေထီး အကျင့်တော်ပျက်ရခြင်း
  25. မင်းရဲသီဟသူ နတ်ရွာစံခြင်း
  26. သမိန်ထောရာမ ပုန်ကန်ခြင်း
  27. တပင်ရွှေထီး နတ်ရွာစံတော်မူခြင်း
  28. ဘုရင့်နောင် နိုင်ငံတော်ရှေ့ရေးကို မြော်တွေးခြင်း
  29. တောင်ငူကိုချီ၍ သိမ်းယူတော်မူခြင်း







  • တပင်ရွှေထီးနှင့် ပတ်သက်၍ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ မှတ်ချက်မှ ကောက်နုတ်ချက်
တပင်ရွှေထီးသည် မွေးဖွားစဉ်အခါကပင်လျှင် မကြုံစဖူး ထူးဆန်းကြီးကျယ်သော နိမိတ်တွေကြုံကြိုက်ကာ ဖွားမြင်တော်မူလာသဖြင့် ဘုန်းသမ္ဘာနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ထူးဖြစ်ကြောင်း ထင်ရှားပေသည်။

ရုပ်ကြန်လက္ခဏာ ဘုန်းသမ္ဘာနှင့်ပြည့်စုံတော်မူသောအတိုင်း ရွယ်နုပျိုမျစ် သက်တော် (၁၅) နှစ် အရွယ်၌ပင်လျှင် ခမည်းတော်ဘုရား၏ အရိုက်အရာဖြစ်သော ထီးနန်းအမွေကိုဆက်ခံ၍ တောင်ငူရွှေနန်းကို စိုးစံတော်မူသည်။ စိုးစံတော်မူသည်ကစ၍ နတ်လူတို့၏ ကြည်ညိုမြတ်နိုးခြင်းကို ခံရပြီးလျှင် တိုင်းသူပြည်သားအပေါင်းတို့က အောင်စေကြောင်းဖြင့် ဆုတောင်းလျက်ရှိကြသည်။


နဖူးရေရှုံ့တွမှ မကိုဋ်ဆင်ရသဖြင့် ဘယ်အကျိုးရှိပါအံ့နည်းဟူ၍ ပညာရှင်တို့ပြဆိုအပ်သော စကားပုံအတိုင်း ဘုရင်တပင်ရွှေထီးသည် နဖူးရေရှုံ့တွ၍ အိုမင်းသောအခါမှ မကိုဋ်ဆင်၍ ဘုရင်ပြုလုပ်ရသော ပုဂ္ဂိုလ်မဟုတ်ချေ။ နဖူးရေတင်းတင်း၊ ပျိုမျစ်ခြင်းဂုဏ်နှင့် ပြည့်စုံသည့်အခိုက်တွင် မကိုဋ်ဆင်၍လာရသဖြင့် လောကီသမ္ပတ္တိအရာတွင် လွန်စွာအကျိုးပေးဖြောင့်မတ်သော ပုဂ္ဂိုလ်ဟူ၍ ချီးမွှမ်းထိုက်ပေသည်။


မိမိကိုယ်တော်တိုင် ဘုန်းပညာလက္ခာဏာနှင့် ပြည့်စုံခဲ့သည့်အတိုင်း နိုင်ငံချဲ့ထွင်ရေး၊ အုပ်စိုးရေးကိစ္စတွင် လက်ရုံးတစ်ဆူ အလေးမူလောက်သော ယောက်ဖတော်ရှင်ရဲထွတ်ကို အားကိုးတော်မူရသည်မှာ ရွှေဘုန်းတော်၏ အထောက်အပံ့ကြီး တစ်ခုပင် ဖြစ်လေသည်။ ရှင်ရဲထွတ်သည် ဘုရင့်အပေါ်၌ သစ္စာရှိရှိ၊ ကတိဖြောင့်ဖြောင့်နှင့် စိတ်ထောင့်ခြင်းမရှိဘဲ ဘုရင့်အကျိုးကို မိမိအကျိုးကဲ့သို့ ကျွတ်ကျွတ်လွတ်လွတ် ရွတ်ဆောင်လေသည်မှာ လွန်စွာချီးမွမ်းဖို့ ကောင်းသောအချက်ပင် ဖြစ်သည်။


တပင်ရွှေထိး သေရည်သေရက်သောက်စားခြင်း မကောင်းသောမိတ်ဆွေတို့နှင့် ပေါင်းသင်းခြင်း၊ ဤအမှားတော်များကို လိုက်စားခြင်းမပြုမှီအတွင်းမှာ တော်လှန်ပုန်ကန်ရေးများနှင့် တစ်စုံတစ်ရာမျှမတွေ့ရပဲ ချီတော်မူ၍ လုပ်ကြံတော်မူသောအရေးတို့၌ မအောင်မြင်သည်ဟူ၍ မရှိပဲ အောင်ပွဲကိုသာ ရရှိတော်မူလေသည်။


စစ်ရေးစစ်ရာ၌ လွန်စွာ ဝါသနာထုံ၍ ချီတော်မူရာတို့၌ ကိုယ်တော်တိုင်လိုက်ပါချီတော်မူလေ့ ရှိပေသည်။ ဘုရင့်နောင်ကျော်ထင်အနော်ရထာဘွဲ့ခံ ရှင်ရဲထွတ်ကိုလည်း စစ်ဘုရင်ချုပ်ကြီးခန့်ထားတော်မူပြီးလျှင် ကိုယ်နှင့်ထပ်တူထပ်မျှ သဘောထားတော်မူကာ မြှောက်စားတော်မူသည်။ မိမိက ရေကြောင်းချီလျှင် ရှင်ရဲထွတ်ကို ကုန်းကြောင်းချီစေသည်။


ပထမရှေးဦးစွာ ဟံသာဝတီကို အောင်မြင်တော်မူခြင်း၊ ထို့နောက် သရေခေတ္တရာ ပြည်မြို့ကို အောင်မြင်တော်မူခြင်း၊ မုတ္တမမြို့ကို အောင်မြင်တော်မူခြင်း၊ ရခိုင်ကို အောင်မြင်တော်မူခြင်း၊ ယိုးဒယားကို အောင်မြင်တော်မူခြင်း၊ ဤအောင်ပွဲများသည် လွန်စွာ ထင်ရှား၍ ကြီးကျယ်သော အောင်ပွဲများပင် ဖြစ်ပေသည်။


စစ်မှုရေးရာတို့၌ အမှုတော်ကို ထမ်းကြသော ဗိုလ်မှူး၊ စစ်ကဲမှစ၍ စစ်သည်တော်သားအမှုထမ်းများသို့ တိုင်အောင် အသက်ကိုစွန့်၍ အမှုတော်ကို ထမ်းကြလေသည်။ စစ်ရေးနှင့်စပ်၍ တစ်စုံတစ်ယောက်သောသူမျှ အာဏာတော်ကို ဖီဆန်၍ ကျင့်လေ့မရှိကြကုန်။ သို့ဖြစ်၍ အပွဲပွဲမှာ အောင်တော်မူခြင်းကို ရရှိလေသည်။


မြန်မာပြည်အောက်ပိုင်းနှင့် ယိုးဒယားပြည်ကိုသာ အရေးစိုက်တော်မူနေသောကြောင့် အထက်မြန်မာပြည်၌ရှိသော အဝမြို့တော်ကြီးကိုမူကား တိုက်ခိုက်ခြင်း ပြုတော်မမူရချေ။ ရခိုင်၊ ယိုးဒယားနှင့်တကွ အောက်ရာမညတိုင်းကို သေဝပ်ပိပြားစေပြီးမှ အဝနေပြည်တော်သို့ ချီတက်တိုက်ခိုက်ရပါလျှင် လွယ်ကူစွာနှင့်ပင် ရတော်မူမည်ဟူ၍ ရည်ရွယ်ရင်းရှိသည်နှင့် အဝနေပြည်တော်အတွက် အရေးမစိုက်ပဲနေတော်မူခဲ့သည်။ ထို့အတွက်ကြောင့် ၎င်းလက်ထက်တော်မှာ အဝနေပြည်တော်ကြီးကို သိမ်းပိုက်ရရှိတော်မမူပဲ ရှိရလေသည်။


(ထိုအဝနေပြည်တော်ကြီးနှင့်တကွ အထက်မြန်မာနိုင်ငံတော်အလုံးနှင့် ရှမ်းပြည်များကိုမူကာ ရှင်ရဲထွတ်၏လက်ထက်၌ လက်နက်နိုင်ငံအဖြစ်ဖြင့် သိမ်းပိုက်စိုးအုပ်တော်မူရလတ္တံ့။)















တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၂)

by Par Par Gyi on Saturday, January 21, 2012 at 9:50pm
  • စာအုပ်ပြုစုသူ၏ အမှာ
သမိုင်းနဲ့ပတ်သက်လို့ ဖြစ်ပါတယ်။

တစ်ခါတစ်ခါ ကြားလိုက်ရတာတွေက စိတ်ပျက်စရာ အလွန်ကောင်းပါတယ်။

“အနော်ရထာကို သိကြားမင်းဆက်လိုက်တဲ့လှံကတော့ စွပ်သလားမမေးနဲ့၊ မင်းမျက်သင့်လို့ ကျန်စစ်သားက အဲဒီလှံကို ယူပြီးထွက်ပြေးတယ်။ ပရိမ္မအရပ်ရောက်လို့ ရှောက်ပင်ကိုတွေ့တော့ စားမယ်ဆိုပြီး ရှောက်ချဉ်ကို ထိုးတာတောင် ရှောက်ချိုဖြစ်သွားသတဲ့”

“အလောင်းဘုရားက စစ်တိုက်တော်တာတော့ ပြောမနေနဲ့၊ ယိုးဒယားကိုသွားသိမ်းတာ ဝါးရင်းတုတ်နဲ့ သွားသိမ်းတာတဲ့” “မ, ဖျက်တော့ ပြည်ပျက်ဆိုတာ စုဖုရားလတ်လိုမိဖုရားမျိုးပေါ့၊ အာဏာအတွက် သတ်လိုက်တာ မင်းတုန်းမင်းရဲ့ သားတော်၊ သမီးတော်တွေ တစ်ရာကျော်ကိုလေ၊ တော်တော်ရက်စက်တဲ့မိဖုရား၊ အင်္ဂလိပ်နဲ့ စစ်တိုက်ပြီး ကျွန်ဖြစ်ရတာလဲ သူကြောင့်”


ဆက်စပ်မိကြလို့ မြန်မာသမိုင်းနဲ့ ပတ်သက်ပြီး ပြောကြတိုင်း မိမိကြားရတာတွေပဲ ဖြစ်ပါတယ်။ မဟုတ်ကဟုတ်က ရမ်းတုတ်နေကြတာတွေ စိတ်မကောင်းစရာလည်း ကောင်းလှပါတယ်။


ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဒေါက်တာသန်းထွန်း သမိုင်းကို မအ,အောင်ဖတ်ရမယ်လို့ ဆိုခဲ့ပါတယ်။ အခုလိုသာဆို ဘယ်လိုလုပ်ကြမလဲ။ ဆရာသာ သက်ရှိထင်ရှားရှိနေသေးလို့ ဒီလိုပြောတာတွေကြားရင် ဆရာလည်း စိတ်မကောင်းဖြစ်မိရှာမှာတော့ အမှန်ပါ။


တစ်ခုလည်း ရှိပါတယ်။ အဲဒါကတော့ မိမိတို့စာရေးသူတွေ၊ ကလောင်သမားတွေရဲ့ ဘက်ကပါ။ သူတို့ကိုသာ ပြောနေတယ်။ သမိုင်းနဲ့ပတ်သက်ပြီး သူတို့တွေ စိတ်ဝင်တစားနဲ့ ဖတ်နိုင်အောင် ရေးထားတဲ့စာအုပ်တွေ ဖတ်ဖို့၊ လေ့လာဖို့ စာအုပ်တွေကလည်း အလွန်နည်းသေးတယ်ဆိုတာပါပဲ။


မိမိတောင် သမိုင်းအကြောင်းရေးချင်လွန်းလို့ ကျမ်းကိုးတွေကို စိတ်တိုင်းကျရချင်ရင် တော်တော်ကြီးကို အချိန်ယူပြီးရှာဖွေရပါတယ်။ ဟိုတုန်းကထွက်ခဲ့တဲ့ စာအုပ်ကောင်းကြီးတွေ၊ စာအုပ်ဟောင်းတွေကို ရှာရတာပါ။ စာအုပ်ဟောင်းရောင်းတဲ့ ဆိုင်တွေအနှံ ကြိုးကြိုးစားစား လိုက်ရှာလို့ တွေ့ရပြန်တော့လည်း ဝယ်မယ်လို့ ဈေးကို မမေးလိုက်နဲ့ တစ်အုပ်ကို တစ်သောင်းခွဲ၊ နှစ်သောင်းတဲ့။ အဲဒီစာအုပ်တွေကလည်း ပြန်မထွက်နိုင်။ အဲဒီတော့ ဒီလိုဈေးတွေနဲ့ဆိုတော့ ဖတ်သူတွေဘက်က သမိုင်းကိုစိတ်ဝင်စားတဲ့၊ သမိုင်းကို လေ့လာနေတဲ့ သူတွေခမျာလည်း ဘယ်လိုဝယ်ဖတ်နိုင်မလဲ။


တစ်အုပ်လေးငါးထောင်ဆိုရင် ဖတ်ချင်ပါရဲ့နဲ့ စာဖတ်သူအများစုခမျာ ဝယ်မဖတ်နိုင်ကြတာ၊ ရေးရရင် ဒိလိုဖြစ်တာတွေဟာ အများဝယ်နိုင်လောက်တဲ့ဈေးနဲ့ စာအုပ်ကောင်းတွေ ထွက်မလာတာလဲ ပါပါတယ်။ အဲဒီလို ထွက်မလာနိုင်တော့ သမိုင်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေက ရှားပါးလာရတော့တယ်ပေါ့။


ပြီးတော့ ထွက်လာပြန်တော့လည်း ကြည့်ဦး။ မိမိအပါအဝင်ပေါ့။ မန္တလေးရတနာပုံ သီပေါနဲ့စုဖုရားလတ်ကကို မခွာနိုင်ကြတော့ဘူး။ တခါလာလည်း ရတနာပုံခေတ်နဲ့ ပတ်သက်တဲ့စာအုပ်တွေကပဲများနေတယ်။


မိမိကကျောင်းနေကတည်းက သမိုင်းကို အလွန်စိတ်ဝင်စားခဲ့သူဖြစ်တယ်။ လေးတန်းကျောင်းတန်းဘဝလောက်ကတည်းက အနော်ရထာတို့၊ ကျန်စစ်သားတို့၊ တပင်ရွှေထီးတို့ဆိုတဲ့ ပုံပြသမိုင်း စာအုပ်လေးတွေဖတ်ပြီး သမိုင်းနဲ့ပတ်သက်လို့ CRAZY ဖြစ်ခဲ့တာပါ။ မြို့မကျောင်း (ယခု-ဒဂုံ ၂) မှာ တက်တုန်းကလည်း ကျောင်းမှာ အသင်းလေးသင်းရှိတဲ့အနက် တပင်ရွှေထီးအသင်း ဝင်ဖြစ်ခဲ့တာ။ တပင်ရွှေထီးအသင်းကနေ ဘော်လုံးကန်ဖြစ်ခဲ့တာ။ အားကစားအနေနဲ့ ပြေးခဲ့ခုန်ခဲ့တာ၊ ကျောင်းနေစဉ် ငယ်ဘဝ အမှတ်ရစရာတွေပါ။


မြန်မာ့သမိုင်းမှာ မြန်မာတွေအတွက် ဂုဏ်ယူရမယ့် စံပြုရမယ့် ပုဂ္ဂိုလ်တွေက အများကြီးပါ။ မိမိက သူရဲကောင်းတွေကိုဆို အလွန်အားကျတယ်။ မင်းရဲကျော်စွာတို့၊ သမိန်ဗရမ်းတို့၊ တပင်ရွှေထီးတို့၊ ဘုရင့်နောင်တို့၊ အလောင်းဘုရားတို့၊ မဟာဗန္ဓုလတို့ကိုပေါ့။

ကိုယ်လည်း သူတို့လိုပဲ ဖြစ်ချင်တယ်။ အလွန်အားကျတယ်။ စံလည်းပြုတယ်။ သူတို့လိုပုဂ္ဂိုလ်တွေက မဟုတ်မခံ၊ ဘာမထီဇာနည်အာဂဖွားဆိုတဲ့ ယောက်ျားကောင်းတို့ရဲ့ စိတ်ဓာတ်နဲ့ ကျင့်စဉ်ကို ပေးတယ်။ ကျေးဇူးတင်ဖို့လည်း အလွန်ကောင်းပါတယ်။

အခု . . . မိမိပြုစုတဲ့ တပင်ရွှေထီးနဲ့ ဘုရင့်နောင်။ လူတွေက ဘုရင့်နောင်ဆိုရင် ဒီနေ့ခေတ်မှာ သိနေကြပါတယ်။

ဒါပေမယ့် . . . ဝမ်းနည်းစရာဖြစ်ရတာက မြန်မာဘုရင် အာဇာနည်သူရဲကောင်း မင်းကောင်းမင်းမြတ်၊ ပုဂံပျက်ပြီးတဲ့နောက် အစိပ်စိပ်အမွှာမွှာ ပြိုကွဲသွားတဲ့ နိုင်ငံတော်ကို ဒုတိယမြန်မာနိုင်ငံတော်အဖြစ် စတင် တည်ထောင်တော်မူတဲ့ မြန်မာ တို့ရဲ့ ကျေးဇူးရှင်ဖြစ်တဲ့ ဘုရင်တပင်ရွှေထီးအကြောင်းကိုပါ။ ဘုရင့်နောင်ကို သိနေကြပေမယ့် တပင်ရွှေထီးကျတော့ သိသူတွေက နည်းနေကြပါတယ်။ တပင်ရွှေထီးက မြှပ်နေပါတယ်။ သိပ်မသိကြ မပြောကြပါဘူး။ စာရေးဆရာအချို့တောင် တပင်ရွှေထီး အကြောင်းကို သိပ်မသိကြတဲ့အတွက် စိတ်မကောင်းစရာလို့ ပြောရပါမယ်။ ယိုးဒယားကို ဘုရင့်နောင်သိမ်းယူခဲ့တာ သိကြတယ်။ အလောင်းဘုရား ယိုးဒယားနဲ့ စစ်ဖြစ်တာ သိကြတယ်။ ဒါပေမယ့် . . . မြန်မာ့သမိုင်းမှာ ယိုးဒယားကို တပင်ရွှေထီး ပထမဆုံးအောင်ပွဲရခဲ့တာကြတော့ တချို့စာရေးဆရာတွေ မသိကြလို့ သူတို့ကို မိမိတော်တော်ရှင်းပြခဲ့ရတယ်။

အဲဒါကြောင့်ပဲ ဆိုရပါမယ်။ ရေးချင်စိတ်ဖြစ်ပေါ်လာလို့ ၂၀၀၇ ဒီဇင်ဘာမှာထုတ်တဲ့ သတင်းစာလွှာမဂ္ဂဇင်းမှာ “တပင်ရွှေထီးအောင်ပွဲရခဲ့သည့် ပထမဆုံး ယိုးဒယားမြန်မာစစ်ပွဲ” ဆိုတဲ့ ခေါင်းစဉ်နဲံ့ သမိုင်းဆောင်းပါး တစ်ပုဒ်ကို မိမိရေးခဲ့ပါတယ်။


ယခု “တပင်ရွှေထီး ဘုရင့်နောင်နှင့်  ဒုတိယမြန်မာနိုင်ငံတော်” ဆိုတဲ့ အမည်နဲ့ သမိုင်းစာအုပ်ကို မိမိရေးသားပြုစု ထုတ်ဝေလိုက်ပါပြီ။ ဒါက ပထမအုပ်ပဲဖြစ်ပါတယ်။ ဘုရင့်နောင်ခေတ်ကို ဆက်ဖို့ကျန်သေးတဲ့အတွက် ဒုတိယတစ်အုပ်ဆက်ပြီး ထွက်လာပါဦးမယ်။


ဒီစာအုပ်တွေအတွက် သမိုင်းဆိုင်ရာ ကျမ်းကိုးအထောက်အထားတွေကို ပြည့်ပြည့်စုံစုံရအောင်ရှာပြီး အချိန်ယူပြုစုထားပါတယ်။ စာအုပ်တွေကို ပြုစုချိန် သုံးနှစ်လောက်ကြာပါတယ်။ သမိုင်းအထောက်အထားဓာတ်ပုံတွေ မြေပုံတွေကိုလည်း စာအုပ်မှာ စုံစုံလင်လင်ဖော်ပြနိုင်အောင် ကြိုးစားအားထုတ်ခဲ့ရပါတယ်။ အထောက်အထားရဖို့အတွက် တောင်ငူကို နှစ်ခေါက်၊ ပဲခူးကို နှစ်ခေါက်သွားခဲ့ရပါတယ်။ စားဖို့တည်းခိုဖို့ကအစ သွားရေးလာရေး၊ လေ့လာရေးအထိ အစစအရာရာ လိုလေသေးမရှိအောင် စေတနာအပြည့်နဲ့ အကူအညီတွေပေးခဲ့ကြတဲ့ တောင်ငူသားစာပေသမားကဗျာဆရာတွေ ဖြစ်ကြတဲ့ ဆရာမောင်နီမွန် (ကေတု)၊ ဆရာကိုလွင် (နန်းမြေ) နဲ့ မောင်လှိုင်းမာန်တို့ကိုလည်း မိမိအနေနဲ့ ထာဝရကျေးဇူးတင်ရှိနေမှာ ဖြစ်ကြောင်း ဤနေရာမှ ရေးလိုပါတယ်။


ဟိန်းဇေ

Monday, January 9, 2012

ဗိုလ်ချုပ်အောင်ဆန်း၏ ပင်ကိုယ်သဘာဝစရိုက်



ဆောင်းပါးရှင် – ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း)
၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း သည် ဗြိတိသျှ ဘုရင်ခံထံမှ အစိုးရအဖွဲ့ အာဏာကို လွှဲပြောင်းလက်ခံ ယူပြီးနောက် ရန်ကုန်မြို့  ဗိုလ်အောင်ကျော်လမ်းရှိ အတွင်းဝန်ရုံး (ယခုဝန်ကြီးများရုံး) သို့ နေ့စဉ် ရုံးတက်ခဲ့ရပါသည်။


သူ၏ရာထူး (တရားဝင် အခေါ်အဝေါ်) မှာ ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယ ဥက္ကဌသာ ဖြစ်ပါသည်။ ဥက္ကဌက ဘုရင်ခံဖြစ်သော်လည်း အစည်းအဝေးလုပ်လျှင် ဘုရင်ခံ မတက်ပါ။ ဒုတိယ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကပင် သဘာပတိ အဖြစ် ဦးဆောင် စည်းဝေးရပါ သည်။ လွတ်လပ်ရေး မရသေးခင် ကာလဖြစ်၍ “ဘုရင်ခံ အမှုဆောင် ကောင်စီ” ဟု ခေါ်သော်လည်း စင်စစ်အားဖြင့် အစိုးရအဖွဲ့ (ကက်ဘိနက်)ပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်၏ တာဝန်က ၀န်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး အဖြစ် ၀န်ကြီးဌာနသုံးခုကို တာဝန်ယူရသဖြင့် အလွန် အလုပ်များလှပါသည်။

တစ်နေ့သ၌ ဗိုလ်ချုပ်သည် မွန်းလွဲ ၃ နာရီခန့်တွင် ကျွန်တော့်အား လျှပ်စစ်ခေါင်းလောင်း တီး၍ ကျွန်တော်လည်း ချက်ချင်းပင် သူ၏ရုံးခန်းသို့ လျှင်မြန်သွက်လက်စွာ ၀င်သွားလိုက်ပါသည်။ ထိုနေ့အဖို့ မျက်နှာဖြူ အတွင်းဝန်က သူ့ထံ တင်ပြဆုံးဖြတ်ချက် ရယူသည့် ဖိုင်တွဲများအားလုံး လေ့လာ၍ ဆုံးဖြတ်ချက် ချပေးပြီး သူ၏စားပွဲတွင် စာရွက်စာတမ်းများ ဖိုင်တွဲများ ရှင်းနေပြီ ဖြစ်သည်။

“ဘာများလည်း ဗိုလ်ချုပ်”

ကျွန်တော်ထုံးစံအတိုင် သတင်းပို့ရင်း မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀န်ကြီးတစ်ဦးက သူ့ ပီအေ (အပါးတော်မြဲ) ကို ပြောသည့် ဟန်မျိုးမဟုတ်ဘဲ ရင်းနှီးသော ကျောင်းနေဖက် သူငယ်ချင်းအား ရင်ဖွင့်ပြောသလို ဟန်ဖြင့် “ငါအခု ဗိုက်ဆာလို့ တစ်ခုခု စားချင်တယ် ကွာ” ဟုပြောပါသည်။ ဗိုလ်ချုပ်က ဘာကြောင့် ဤသို့ပြောသည်ကို ကျွန်တော်ချက်ချင်း ရိပ်မိလိုက်ပါပြီ။

ထို့နေ့ နံနက်က ရုံးသို့မလာမီ ကျွန်တော်တို့ ဆရာတပည့်နှစ်ဦးအား နံနက်စာထမင်း ကျွေးရာတွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က (ထိုအချိန်က ဈေးအပေါဆုံး ဟင်းလျာတစ်ခု ဖြစ်သည့်) ဘဲဥဟင်းနှင့် ကျွေးခဲ့ပါသည်။ ဗိုလ်ချုပ်သည် ဘဲဥဟင်းကို မကြိုက်လို့လားမသိ၊ ထမင်းမြိန်ပုံမရဘဲ တစ်ပန်းကန်သာစားပြီး စားပွဲမှ ထလိုက်သဖြင့် ကျွန်တော်လည်း ကပျာကယာ လက်ဆေး၍ ရုံးသွားရန် ပြင်ဆင်လိုက်ရပါသည်။ နံနက် ဆယ်နာရီခန့် အတွင်းဝန်ရုံးသို့ ရောက်ပြီးနောက် ဗိုလ်ချုပ်သည် တစ်နေကုန်နီးပါး ဆက်တိုက် အလုပ် လုပ်နေရချိန်တွင် ဘာမျှမစားမသောက် ရသောကြောင့် ဆာလောင်လာပြီး ကျွန်တော့် အား တစ်ခုခုစားချင်ကြောင်း ပြောခြင်းဖြစ်ပါသည်။ [မှတ်ချက်။ ဗိုလ်ချုပ်အောင်ဆန်း အနေဖြင့် ၀န်ကြီးလစာ ရသည်မှန်သော်လည်း ယင်းလ စာငွေကို ကိုင်ပြီး ၀င်ငွေထွက်ငွေ မျှတအောင် သို့မဟုတ် “ဘတ်ဂျက်” မအောက်အောင် စီစစ် သုံးစွဲ ရရှာသူ ဒေါ်ခင်ကြည်အဖို့ မလွယ်လှပါ။ နေ့စဉ်နှင့်အမျှ လာရောက်သော ဧည့်သည်များ၊ ရဲဘော်များအားလည်း ဧည့်ခံကျွေးမွေးရသောကြောင့် လကုန်ခါနီးရက်များဆိုလျှင် အထူး ခြိုးခြံချွေတာ ရရှာပါသည်။ ထို့ကြောင့် ကျွန်တော်တို့အား ဘဲဥဟင်း တမယ်တည်း ချက်ကျွေးသည်ကိုလည်း မည်သို့မျှ အပြစ်မဆိုသာပါချေ။

စာရေးသူ ကျွန်တော်သည် ဗိုလ်ချုပ်ကိုကြည့်ပြီး စိတ်ထဲမှ သနားသွားမိပါသည်။ သူ့ခမျာ တကယ်ပင် ဆာလောင်၍ ပြောမှန်းသိ၍လည်း တစ်ခုခု ၀ယ်ကျွေးချင်စိတ် ဖြစ်ပေါ်လာမိပါသည်။

“ဗိုလ်ချုပ် ဘာများ စားချင်လို့လဲ”

ကျွန်တော်က မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀မ်းသာသလို ဖြစ်သွားပြီးမှ တစ်စုံတစ်ခု စဉ်းစား မိဟန်ဖြင့် ပြန်မေးခွန်းထုတ်ပြန်ပါသည်။

“ဘာလဲ မင်းက ငါ့ကို ၀ယ်ကျွေးမလို့လား၊ ၀ယ်ကျွေးရအောင် မင်းမှာ ပိုက်ဆံကောရှိ လို့လား”

သာမန်အားဖြင့် ကျွန်တော်သည် ဗိုလ်ချုပ်အား လိမ်ပြောလေ့ မရှိပါ။ သူသည် လိမ်ပြော ခြင်းကို လုံးဝမကြိုက်။ မှန်ရာကိုသာပြောမှ သဘောကျသူ ဖြစ်၍ ကျွန်တော်တို့ လူငယ်တွေ ကလည်း သူ့အား လိမ်မပြောဝံ့ကြပါ။ သို့ရာတွင် ထိုကနေ့ သူဗိုက်ဆာ၍ တစ်ခုခု စားချင် ကြောင်းကို ကလေးငယ်တစ်ယောက်လို ပြောသဖြင့် ကျွန်တော်ဘာပဲဖြစ်ဖြစ် သည်တစ်ခါ တော့ အမှန်ကိုမပြောမှ ဖြစ်မယ်ဟု ဆုံးဖြတ်လိုက်ပါသည်။

“ကျွန်တော့်မှာ ပိုက်ဆံပါပါတယ်။ ဗိုလ်ချုပ်ဘာစားချင်တယ် ဆိုတာသာ ပြောပါ”

ကျွန်တော်သည် ခပ်တည်တည်ဖြင့် အင်္ကျီအိတ်ကို လက်ဖြင့် ပုတ်ပြရင်း ပြောလိုက်မိပါသည်။ အမှန်က ကျွန်တော့်၏ အင်္ကျီအိတ်ထဲတွင် ငွေငါးကျပ်တန်နှင့် ကျပ်တန်နှစ်ရွက်၊ စုစုပေါင်း ငွေခုနှစ်ကျပ်သာ ရှိပါသည်။ သို့သော် ကျွန်တော်မှင်သေသေဖြင့် ပြောလိုက်သောကြောင့် ဗိုလ်ချုပ် ယုံသွားပုံရသည်။

“ဟုတ်လား၊ မင်းတတ်နိုင်ရင်တော့ မဂိုလမ်း (ရွှေဘုံသာလမ်း)က ပလာတာနဲ့ ခပတ် စားချင်တယ်ကွာ ”

“ဟုတ်ကဲ့ ဒါဆိုရင်ရပါတယ်၊ ကျွန်တော့်မှာ ပါတဲ့ငွေနဲ့ လုံလောက်ပါတယ်၊ ရုံးကနေ မဂိုလ်လမ်း (ရွှေဘုံသာလမ်း) သွားစားပြီးမှ အိမ်ပြန်ကြတာပေါ့။ ကိုင်း လာပါ ဗိုလ်ချုပ်”

ပြောပြောဆိုဆို ကျွန်တော်သည် ဗိုလ်ချုပ်၏ ရုံးခန်းဝတွင် စောင့်နေသူ ရုံးလုလင်အား

“ဟေ့ ငါတို့ ရုံးဆင်းတော့မယ်၊ လေးနာရီထိုးရင် တံခါးတွေ ပိတ်လိုက်တော့”

ဟုညွှန်ကြားပြီး ဗိုလ်ချုပ်အားခေါ်၍ ရုံးခန်းအောက်သို့ ဆင်းခဲ့ပါသည်။
ထိုနေ့က ဗိုလ်ချုပ်ကားမောင်းသူ ရဲဘော်ကျော်စိန် နေမကောင်းသဖြင့် အိမ်မှ ရုံးသို့ အလာတွင် ကျွန်တော်ကပင် ကားမောင်းခဲ့ရပါသည်။ ထို့ကြောင့် အပြန်လည်း ကျွန်တော် ကပင် ဗိုလ်ချုပ်ကို ကားပေါ်တင်၍ မဂိုလမ်း (ရွှေဘုံသာလမ်း)၊ ဒါလဟိုဇီလမ်း (မဟာဗန္ဓုလလမ်း)ထိပ်အနီး ဗလီကြီးအောက်ရှိ ပလာတာဆိုင်သို့ တိုက်ရိုက်မောင်းသွား လိုက်ပါသည်။

ကျွန်တော်သည် ကားမောင်းသွားရင်း စိတ်ထဲမှာ ဗိုလ်ချုပ်အား သူစားချင်သော ပလာတာနှင့် ခပတ်ကိုကျွေးရန် မည်သို့မည်ပုံ ပရိယာယ် ဆင်ရမည်ကို ကြိုတင် အကွက်ချ ထားပြီးပြီ ဖြစ်သည်။ မဂိုလမ်း (ရွှေဘုံသာလမ်း) ဗလီကြီးအောက်ရှိ ပလာတာနှင့် ဒံပေါက်ဆိုင်မှာ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘ၀က မကြာခဏ ၀င်စားလေ့ရှိသော ဆိုင်များဖြစ်ပြီး ဆိုင်ရှင် များနှင့်လည်း သိကျွမ်းနေခဲ့ပါသည်။ ယင်းအချက်ကို အားကိုးပြီး ကျွန်တော်က ထိုဆိုင်သို့ ရဲဝံ့စွာ လာခဲ့ခြင်း ဖြစ်ပါသည်။

ထုံးစံအတိုင်း ဆိုင်ရှိ လူငယ်စားပွဲထိုးများသည် အလွန်ဖော်ရွေစွာဖြင့် ခရီးဦးကြိုပြုကာ နေရာထိုင်ခင်း ပေးကြရာ ကျွန်တော်တို့လည်း စားပွဲတစ်လုံးတွင် ၀င်ထိုင်ပြီး တစ်ယောက်လျှင် ပလာတာနှစ်ချပ်နှင့် ဆိတ်သားခပတ် တစ်ပွဲစီ နှစ်ယောက်အတွက် နှစ်ပွဲ မှာလိုက်သည်။ ပြီးတော့မှ ကျွန်တော်သည် ဆေးလိပ်မီးညှိဟန်ဖြင့် ငွေသိမ်းကောင်တာတွင် ထိုင်နေသူဆိုင်ရှင် အနီးသို့ ကပ်သွားပြီး ခပ်တိုးတိုးလေး ပြောလိုက်ပါသည်။

“ဒီမယ် ခင်ဗျားကျုပ်ကို သိတယ်မဟုတ်လား၊ ဒီဆိုင်မှာ စားနေကျ ဖောက်သည်တစ် ယောက်ပဲ၊ ဟိုမှာ ထိုင်နေတဲ့ လူက ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ခင်ဗျား သိမှာပေါ့၊ အခု သူက ပလာတာနဲ့ ခပတ် စားချင်တယ်ဆိုလို့ ခေါ်လာခဲ့တာ၊ ခက်တာက ကျုပ်ဆီမှာ ပိုက် ဆံအလုံအလောက် မပါဘူး၊ ဒါကြောင့် ကျုပ်တို့ အခု စားလို့ ကျသင့်ငွေကို နက်ဖြန်ကျမှ ကျုပ် လာပေးပါရစေ၊ နောက်ပြီး ကျုပ်တို့ ပြန်ခါနီး ဗိုလ်ချုပ်ကမေးရင် ပိုက်ဆံရှင်းပြီး ပါပြီလို့လည်း ပြောပေးပါ၊ ကျုပ်မှာ ပိုက်ဆံမပါတာကို သူ မသိစေချင်ဘူး”

ကျွန်တော်က ခပ်တိုးတိုး ပြောလိုက်ရာ ဆိုင်ရှင်ကုလားသည် ဗိုလ်ချုပ်အား တစ်ချက်မျှ လှမ်းကြည့်ပြီးနောက် နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြပါသည်။

“စိတ်ကျပါ ဆပ်၊ ကျသင့်တဲ့ ငွေကို ဆပ်တို့ ကြုံတော့မှ ၀င်ပေးပါ၊ ရပါတယ်၊ ဗိုလ်ချုပ် မေးရင်လည်း ငွေရှင်းပြီးပါပြီလို့ ဖြေပါ့မယ်။”

ဤသို့ပြောတော့မှ ကျွန်တော်လည်း သက်ပြင်းချနိုင်ပြီး ဗိုလ်ချုပ်ရှိရာသို့ ပြန်လာခဲ့ပါသည်။
ပလာတာနှင့် ခပတ်နှစ်ပွဲ ရောက်သောအခါ ဗိုလ်ချုပ်သည် ဆာလောင်နေဟန်ဖြင့် စကားတစ်ခွန်းမှ မပြောဘဲ အားရပါးရ စားပါတော့သည်။ ကျွန်တော်လည်း ကိုယ့်ပန်းကန်မှ နှိုက်စားရင်း ဗိုလ်ချုပ်ကို ကြည့်ပြီး ၀မ်းသာမိသည်နှင့်အမျှ မြန်မာ့လွတ်လပ်ရေးကို မရရအောင် ကြိုးပမ်းယူရန် အားမာန်အပြည့်နှင့် ဆုံးဖြတ်ထားသူ ကျွန်တော်တို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လူသားတစ်ယောက်အနေဖြင့် သနားစရာ ကောင်းလှသည်ပါ တကားဟု စိတ်ထဲမှ ကျိတ်၍ မှတ်ချက်ချမိပါသည်။

သူစားပြီးသွားသည်နှင့် ကျွန်တော်လည်း ခပ်မြန်မြန်ပင် စားလိုက်ရပါသည်။ ကျွန်တော် စားပြီးသည်ကို မြင်လျှင် ဗိုလ်ချုပ်သည်

“ဟေ့ကောင် ပိုက်ဆံ ရှင်းပေးလိုက်လေကွာ၊ ငါတို့ သွားကြမယ်” ဟု ပြောရာ ကျွန်တော်လည်း -

“ရှင်းပြီးပါပြီ ဗိုလ်ချုပ်၊ စောစောက စားစရာမှာရင်း တခါတည်း ငွေရှင်းပေးခဲ့ပါတယ်”

ဟု ပြောပြောဆိုဆို ဆိုင်ရှင်ကုလားနှင့် ကြိုတင် စီစဉ်ထားသည့်အတိုင်း အချက်ပြ ခေါ်လိုက်ရာ ဆိုင်ရှင်သည် ခပ်သွက်သွက်လျှောက်လာပြီး ဗိုလ်ချုပ်အား ရိုသေစွာ ဆလံပေး အလေးပြုရင်း -
“ပိုက်ဆံ ရှင်းပြီးပါပြီ”ဟု ပြုံး၍ ပြောပါသည်။

သည်တော့မှ ဗိုလ်ချုပ်သည် ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြီး ထိုင်ရာမှ ထလိုက်ပါသည်။

“ဘယ့်နှယ်လဲ ဗိုလ်ချုပ်၊ စားလို့ ကောင်းပါရဲ့ လား”

ကျွန်တော်က ဆိုင်ရှင်ရှေ့ တွင်ပင် မေးလိုက်သောအခါ ဗိုလ်ချုပ်က -

“အေးကွ၊ မစားရတာ ကြာလို့လား မသိဘူး၊ အလွန် စားလို့ကောင်းတယ်”

ဟု ပြုံး၍ ပြောသည်ကို ဆိုင်ရှင် ကုလားသည် သဘောကျသွားပုံ ရပါသည်။
ထို့နောက် ဆရာတပည့်နှစ်ဦး ကားပေါ်တက်ကြပြီး ကျွန်တော်သည် ဗဟန်း တာဝါလိန်းလမ်း (နတ်မောက်လမ်း) နေအိမ်သို့ မောင်းပြန်လာခဲ့ပါသည်။ နောက်တစ်နေ့ နံနက်ကျမှ ကျွန်တော်သည် ရုံးချိန်မတိုင်မီ မဂိုလမ်း (ရွှေဘုံသာလမ်း) ပလာတာဆိုင်သို့ အမြန်သွားပြီး ဗိုလ်ချုပ်နှင့် ကျွန်တော်တို့ စားခဲ့သော ပလာတာနှင့် ခပတ်ဖိုး ကျသင့်ငွေကို ရှင်းပေးလိုက်ရပါသည်။

ဒီအဖြစ်အပျက်လေးကို ကျွန်တော်ရေးရင်း သမိုင်းပညာရှင်ကြီး ပြောသလို အသေးအဖွဲ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကလည်း ကာယကံရှင်ပုဂ္ဂိုလ်ရဲ့  ပင်ကိုယ်စရိုက် သဘာဝ ကို ပေါ်လွင်စေတယ်ဆိုတဲ့ အဆိုအမိန့်ကို အလေးအနက် ထောက်ခံမိပါတော့သည်။

ဗိုလ်ထွန်းလှ (တက္ကသိုလ် နေ၀င်း)
Sunday, 13 February 2011 02:34
hyde group က ကူးထာတာပါ၊

Wednesday, October 5, 2011

လွတ်တော် အစ ပုဂံက

နာရပတိ စည်သူ မင်းသည် ဘိုးတော် အလောင်း စည်သူ။ ဘကြီး တော် မင်းရှင်စော။ ခမည်းတော် နရသူနှင့် နောင် တော် နရသိခ် တို့ ၏ ထီးနန်း စိုးစံ စဉ် ကြောက်မက်ဖွယ်ရာ ဖြစ်ပွားလာခဲ့သည့် အာဏာနှင့် စိတ်ဝမ်း ကွဲပြားမှု တို့ လုပ်ကြံသတ်ဖြတ်မှု များ ကို ကောင်းစွာ သုံးသပ်မိဟန်ရှိလေသည်။ နာရပတိစည်သူမင်း မကွယ် လွန်မီကပင် နိုင်ငံရေးအာဏာ ခွဲဝေမှုဖြင့် လွှတ်တော် သဖွယ် အုပ်ချုပ်ရေးကို စတင်လုပ်ဆောင်ခဲ့သည်။

နရပတိစည်သူတွင် သားတော်၅ဦး ရှိသည့်အနက် မိဖုရားငယ် တစ်ပါးမှ ဖွားမြင်သည့် သားတော် ဇေယျသိင်္ခ ကို ရွေးချယ်၍ ပုဂံထီးနန်းကို အမွေ ဆက်ခံခွင့်ပေးပြီး ဇေယျသိင်္ခ ကလည်း နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အာ ဏာ များ ကို တစ်ဦးတည်း သိမ်းပိုက် ချင်းမပြု ဘဲ နောင်တော်ကြီးလေးဦး နှင့် ခွဲဝေ ၍ အညီအညွတ် အုပ်ချုပ် ကြောင်း မြန်မာရာဇ၀င်များတွင် ဖွဲ့နွဲ့ရေးသားဖော်ပြကြသည်။

ပုဂံမင်းဆက် တစ်လျှောက်လုံး နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အာဏာ ကို ဘုရင်တစ်ဦးတည်း ကသာလျှင် အုပ်ချုပ် သည် ကို ဖျက်သိမ်း ၍ု ဘုရင်နှင့် လွှတ်တော်တို့ကို အာဏာခွဲဝေပေးလိုက်ခြင်းပင် ဖြစ်ကြောင်းတွေ့ရှိရသည်။ ဇေယျသိင်္ခ သည် ပုဂံထီးနန်းကိုသာ လျှင် ဆက်ခံရသော်လည်း နိုင်ငံရေး အုပ်ချုပ်ရေး ကာကွယ်ရေး အာ ဏာ များ ကိုမူ နောင်တော်ကြီးလေးဦး စုရုံးခြင်းပြုကြသော လွှတ်တော်တွင် သာရှိသည်။ နာရပတိစည်သူမင်း၏ အ စီ စဉ်မှာ အလွန်အမျှော်အမြင်နဲ့ ပြည့်စုံသော အစီစဉ်ဖြစ်သည်။

ထိုအချိန်မှစ၍ ကုန်းဘောင်ခေတ် သီပေါမင်း ပါတော်မူသည် အထိ မြန်မာရာဇ၀င် တစ်လျှောက်လုံး ဆက် လက် ထိမ်းသိမ်း ကြသည် ကို တွေ့ရှိရသည်။ လွှတ်တော်တွင် ၀န်ကြီးလေးပါး ခန့် ၍ု အုပ်ချုပ်သော ပုဂံခေတ် နာရပတိစည်သူမင်း လက်ထက်မှ အစပြု၍ု အုပ်မြစ်ချခဲ့သည် ဟု ဆိုရမည်ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်တော် အုပ်ချုပ်ရေး ရာဇ၀င်ကို ပြန်လည် လေ့လာ ကြည့်သောအခါ လွတ်တော်အားကောင်း သော အခါများ တွင် ဘုရင် ၏ တန်ခိုးအာဏာ ကိုပင် ထိမ်းသိမ်း ဟန့်တားခြင်း ပြုနိုင်ရုံမျှ မက ဘုရင် ကို ရွေး ချယ်နိုင်သည်အထိ လွှတ်တော် အာဏာရှိသည်ကိုတွေ့ရသည်။
တခါတရံ လွှတ်တော်အင်အားနည်းပါး သော အချိန်တွင် လွှတ်တော် သည် ဘုရင်၏ လက်ပါးစေကလေး သဖွယ် ဖြစ်လာခဲ့သည်။
မသက်ဇင်ဘလော့မှ ကူးယူဖော်ပြပါသည်။
ကျမ်းကိုး
ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်
အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)
မဟာမြန်မာရာဇ၀င် တော်ကြီး ( ဦးကုလား )မှန်နန်းရာဇ၀င် သုံးတွဲ

ယောမင်းကြီးဦးဖိုးလှိုင်

"မရတော့ဘူးမောင်ကောင်း...ဟိုကောင်ကင်မှာကြည့်လိုက်စမ်းဟသာင်္တာရာညာမျက်လုံးညှိးနေပြီ..
အဲတာမြန်မာပြည်အကျိုးနည်းမဲ့အဖြစ်မြန်မာပြည်သူ့ကျွန်ဖြစ်မယ့်နိမိတ်...ကယ်လို့မရတော့ဘူးမောင်ကောင်း...
.ငါကတော့ယောပြန်ပြီးမြေဆုပ်အိုးလုပ်စားတော့မယ်"'ဒီစကားတွေကတော့ရွှေပြည်ဝန်(ခ)ယောအတွင်းဝန်ဦးဘိုလိုင်ပြောခဲ့တဲ့စကားတွေပါ
ဦးဖိုးလိုင်ဟာငယ်စဉ်ပညာသင်ကြားရာမှာလဲကျောင်းထိုင်ဆရာတော်ဘုရားမှနောက်ပြောင်ကျီစယ်လိုသောသဘောဖြင့်
မောင်လိုင်မင်းတွက်ထားတဲ့သချာင်္အဖြေကမှားနေတယ်ပြောလိုက်ရာတွက်တာမှားရပါမလားဆိုပြီးကိုယ့်လက်ကိုယ်ဖြတ်မယ်လုပ်ခဲ့တဲ့
အဖြစ်အပျက်လေးကိုထောက်ရူ့ကြည့်မယ်ဆိုရင်ဦးဘိုးလိုင်စိတ်ဓါတ်ကိုအားလုံးခန့်မှန်းလို့ရမယ်ထင်ပါတယ်
မြန်မာသမိုင်းရဲ့ထင်ရှားတဲ့စာပေကျမ်းဂန်တွေကိုရေးသားခဲ့တဲမြန်မာစာဆိုရှင်ရွှေပြည်ဝန်ဝက်မစွတ်မြို့စားမင်းကြီးမင်းလှမဟာစည်သူ(ခ)
ယောအတွင်းဝန်ဦးဘိုးလိုင်အကြောင်းကိုတင်ပြပေးလိုက်ပါတယ်တင်ပြမူ့မှာ
လိုအပ်ချက်များအမှားအယွင်းများရှိရင်နားလည်ခွင့်လွတ်ပေးကျပါ

ဦးဖိုးလှိုင်၏ငယ်ဘဝ
မြန်မာ့သမိုင်းတွင်ထင်ရှားကျော်ကြားလှသော သမိုင်းဝင်ပညာရှင်ကြီး ဦးဖိုးလှိုင်၏ အဖိုးမှာစာရေးတော်ကြီးဦးတော ဖြစ်သည်။ ဦးတောသည် ယင်းတောရွာမှ ဖြစ်ကာ ဥာဏ်ပညာထက်မြက်သူတစ်ယောက်လည်းဖြစ်သည်။ သူသည် အမရပူရမင်းနေပြည်သို့ သွားရောက်ကာ မိမိ၏ ကြီးပွားရေးလမ်းစကိုရှာဖွေရာ ဥာဏ်ပညာထက်မြက်သောကြောင့် ရွှေပြည်ဝန်လက်ဝဲ၀င်းတော်မှုး ၏သမီးနှင့်ထိမ်းမြားနိုင်ခွင့်ရလေသည်။ (အကြောင်းပါခဲ့သည်)။ ရွှေပြည်ဝန်က ဦးတော၏ပညာဥာဏ်ကို သဘောကျသဖြင့် နန်းတွင်းတွင် အမှုထမ်းဆောင်ခွင့်ရအောင် စီမံပေးသောကြောင့် မင်းနေပြည်တော်တွင် စာရေးတော်ကြီး အဖြစ် အမှုထမ်းခွင့်ရခဲ့သည်။ စာရေးတော်ကြီးဦးတောနှင့် ရွှေပြည်ဝန်သမီးနှင့်တို့မှ သားတစ်ယောက်ထွန်းကားလေရာ ထိုသူငယ်ကို ကိုယ်လုံးကိုယ်ပေါက်တောင့်တင်းသောကြောင့် မောင်တုတ်ကြီးဟုခေါ်ဆိုကြသည်။ မောင်တုတ်ကြီးမှာ ငယ်စဉ်ကပင် ဓါးခုတ်၊ လှံထိုး ကျွမ်းကျွင်လှသည်။ အဖမှာလည်း နန်းတွင်းမှ ဖြစ်သောကြောင့် ဓားရေးလှံရေးကို စနစ်တကျ သင်ကြားခွင့်ရသည်။ မောင်တုတ်ကြီးအရွယ်ရောက်လာသောအခါ သူ၏ဖခင် ဦးတောက စစ်ဘက်တွင်အမှုထမ်းရန်လမ်းညွှန်တိုက်တွန်းသောကြောင့် စစ်ဘက်တွင် အမှုထမ်းခဲ့ပြီး ရဲစွမ်းရှိသောကြောင့် မကြာမီပင် စစ်သူကြီးအဆင့်ရောက်ရှိလာလေသည်။ ထိုအခါသူ့အားလေးစားသမှုဖြင့် ဦးရွှေတုတ်ဟု ခေါ်ဆိုကြလေသည်။ ဦးရွှေတုတ်သည် ယောမင်းကြီးဦးဖိုးလှိုင်၏ အဖပင်ဖြစ်လေသည်။

ဦးရွှေတုတ်တွင် ကတော်သုံးပါး ရှိလေရာ ၀န်ကတော်မယ်ငြိမ်းနှင့် ရသော သားသည် ယောမင်းကြီးအလောင်းလျာပင်ဖြစ်သည်။ ဦးဖိုးလှိုင်၏ မွေးနေ့မှာ မြန်မာသက္ကရာဇ် (၁၁၉၁) နှောင်းတန်ခူးလဆန်း (၁၀)ရက် မနက်(၃) နာရီကျော်တွင်ဖြစ်သည်။ ဦးဖိုးလှိုင် (၉) နှစ်သားအရွယ်တွင် ဦးရွှေတုတ်သည် ရေနံချောင်းမြို့စား၊ ယင်းတောဝန်ကြီးအထိရာထူးမြင့်တက်လာလေသည်။

သာယာဝတီမင်း သည် အောက်မြန်မာနိုင်ငံ ရွှေတိဂုံဘုရားဖူးပြီး ပြန်လာချိန်တွင် ကံကြမ္မာဆိုးသောကြောင့် စိတ်တော်မူမမှန် ဖောက်ပြန်စပြုလာလေသည်။ ထိုအခြေအနေတွင် မိဖုရားခေါင်ကြီးက မင်းကြီး၏ ဝေဒနာသည်းလာသည်ကိုအကြောင်းပြု၍ အိမ်ရှေ့စံနေရာတွင် ပုဂံမင်းသားအား မင်းကြီး၏အမိန့်ဟု ဆိုကာ တင်မြှောက်ပေးလိုက်လေသည်။

သာယာဝတီမင်း၏ စိတ္တဇရောဂါအခြေအနေပိုမိုဆိုးရွားလာသောကြောင့် မှုးမတ်အချို့နှင့် ၀န်ကြီးများမှာ (နေမကောင်းဟန်ဆောင်သူဆောင်ကာ)အကြောင်းအမျိုးမျိုးပြ၍ နန်းတွင်းသို့အခစားမ၀င်ဘဲ ရှောင်တိမ်းကြလေသည်။ သို့သော်ဦးဖိုးလှိုင်၏ အဘဖြစ်သူယင်းတောဝန်ကြီးမှာမူ ကျွန်သခင်အရင်း ချင်းမည်သို့မှ မလုပ်တန်ရာဟု ထင်မှတ်ကာ အခြေအနေကိုအကဲခတ်ရန် သွားလေသည်။ ထိုအခိုက်တွင် ရွှေဘိုမင်းမှ ဦးရွှေတုတ်အား လှံဖြင့်လိုက်လံထိုးလေသည်။ ဦးဖိုးလှိုင်၏ အမိဝန်ကတော်မယ်ငြိမ်းသည် ထိုအဖြစ်ကိုကြားသိရသောအခါ မင်းရာဇ၀တ်ဒဏ်သည် သားသမီးများအပေါ်သက်ရောက်နိုင်သည်ဟုယူဆကာ မင်းတုန်းမင်း၏ အိမ်တော်သို့ခိုလှုံခွင့်တောင်းသည်။ သို့ရာတွင် မင်းတုန်းမင်းသားက လက်မခံထားဝံပဲ စကြာဒေ၀ီမင်းသမီးကြီး၏ အိမ်တော်သို့တဆင့် ပို့လေသည်။ စကြာဒေ၀ီမင်းသမီးကြီးမှာ ဇီဝိတဒါန အခွင့်ထူးခံ မင်းသမီးကြီးဖြစ်သောကြောင့် အသက်ကိုချမ်းသာပေးရန် အခွင့်ရှိလေသည်။

ထိုသို့ဖြင့် ဦးဖိုးလှိုင်သည် စကြာဒေ၀ီမင်းသမီးကြီး၏ အိမ်တော်တွင် ခိုလှုံခွင့်ရရှိလေသည်။ ထိုသို့နန်းတွင်းရေးရှုပ်ထွေးချိန်တွင် ပြည်မင်းသားကြီးသည် ပုန်ကန်မှုကိုပြုလုပ်လေရာ ဘုရင့်တပ်မတော်က ပြန်လည်ဖမ်းမိသောကြောင့် ကွပ်မျက်လိုက်လေသည်။ ပြည်သူလူထုတစ်ရပ်လုံးက ၀မ်းနည်းမှုများ ဖြစ်ခဲ့ရသည်။ သို့ဖြင့် ပြည်သူတို့ စိတ်ကြိုက်မဟုတ်သော ပုဂံမင်းသား သည် နန်းတက်လာလေသည်။

ပုဂံမင်းသား ဘုရင်ဖြစ်သော်ပုဂံမင်းဟုပင် အမည်တွင်သည်။ မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့သည်လည်း လွှတ်တက်မင်းသားကြီးများ အဖြစ်ရောက်ရှိလာသည်။ ထိုအချိန်တွင် ဦးဖိုးလှိုင်သည် သည်ဗားကရာဆရာတော်ထံတွင် ပညာလေ့လာရှာမှီးနေပြီး မဲထီးဆရာတော်ထံ၌လည်း ပညာသင်ကြားခွင့်ရခဲ့လေသည်။ ထို့အပြင် ဗေဒင်ပညာကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သော စကြာဒေ၀ီမင်းသမီးကြီးထံ မှလည်း ပညာများဆည်းပူးခွင့် ရရှိခဲ့သည်။

ထိုကာလ၌ ပြည်သူလူထုတို့က မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့ကို ပုဂံမင်းထက်ပိုမိုကြိုက်နှစ်လို ကြလေသည်။ ထို့ကြောင့်ပုဂံမင်းက သူ၏ထီးနန်းတည်မြဲရန် ထိုညီနောင်ကို ရှင်းမှသာ ဖြစ်မည်ဟု မှတ်ယူလေသည်။ ထိုအချင်းအရာကို ကြိုတင်သိသော မင်းသားညီနောင်တို့က အကြံဦးကာ (၁၂၁၄)၊ ပြာသိုလဆန်းရှစ်ရက်တွင် ရွှေဘိုသို့ထွက်ခွာကာ ခြားနားကြလေသည်။ မဆွကပင် မင်းသားတို့အား စကြာဒေ၀ီမင်းသမီးကြီးက ဥာဏ်ပညာထက်မြက်သော မောင်ဖိုးလှိုင်ကို ခေါ်ဆောင်သွားသင့်ကြောင်းကို အကြံပေးပြောဖူးလေရာ မင်းသားညီနောင်တို့က မဲထီးကျောင်းတွင် ပညာသင်ကြားလျက်ရှိ သော ဦးဖိုးလှိုင်ကို ခေါ်ဆောင်သွားလေသည်။ ထိုအဖြစ်အပျက်မှာ ဦးဖိုးလှိုင်၏ ငယ်ဘ၀ အဆုံးသတ်ကာ မင်းမှုထမ်းဘ၀ ရောက်ရှိလာ ခြင်းပင်ဖြစ်လေတော့သည်။

အမှုထမ်းဘဝ
ဦးဖိုးလှိုင်သည် မင်းသားညီနောင်နှင့်လိုက်ပါကာ ၊ ရွှေဘိုမြို့အား သိမ်းပိုက်ပြီးချိန်တွင် ချီးမြှင့် မြှောက်စားထိုက်သူများကို ချီးမြှင့်လေသည်။ ဦးဖိုးလှိုင်ကို သားအဖြစ်မွေးစားကာ မင်းလှစည်သူဘွဲ့ အမည်ဖြင့် ယောမြို့ကို အပိုင်စားပေးသနားစေသည်။ ယောမြို့စားမင်းသားဟု ထင်ရှားလာလေသည်။ ထို့နောက်မင်းနေပြည်တော်ကိုရောက်ချိန်တွင် မင်းတုန်းမင်းတရားကြီးက ဦးဖိုးလှိုင်နှင့် မကွေးမြို့စား သတိုးမင်းကြီး မဟာမင်းလှစည်သူ ၏ သမီးအငယ်ဖြစ်သူ မခင်ဖြူနှင့် လက်ထပ်စေရန် အမိန့်ချမှတ်လိုက်လေသည်။ မင်းမှုထမ်းရင်းနှင့် ကြင်ရာပါရလေသည်။

ဦးဖိုးလှိုင် အသက် ၂၈ နှစ် အရွယ်တွင် ယောမြို့စား အရာမှ တိုးမြှင့် ၍ အတွင်းဝန်ယောမြို့စား အရာသို့ သူကောင်းပြုခြင်း ခံရသသည်။ ဘွဲ့မည်ကိုလည်း မင်းလှစည်သူမှ မင်းကြီးမင်းလှမဟာစည်သူ ဟု ပေးအပ်ချီးမြှင့်လေသည်။ ဦးဖိုးလှိုင်၏ မင်းမှုထမ်းသက် ၂၆ နှစ်တွင် ခြောက်ကြိမ် အရာမှ နုတ်သိမ်းခံရသည်။ ပထမအကြိမ် သည် ၁၂၂၇ ခုနှစ်တွင် ဖြစ်၍ ရာဇဓမ္မသင်္ဂဟကျမ်းကို ဆက်သပြီးချိန် ၁၂၄၀ ခုနှစ်တွင် နောက်ဆုံးဖြစ်လေသည်။ ၁၂၃၈ ခုနှစ် ကဆုန်လမှစ၍ မင်းတုန်းမင်းတရားကြီး၏ တောင်နန်းမတော်ကြီး(စကြာဒေ၀ီ) နာမကျန်းဖြစ်တော်မူသည်။ ထိုအချိန်တွင် ဦးဖိုးလှိုင်၏ ရာထူးမှာ ရွှေပြည်ဝန် ၀က်မစွတ်မြို့စား မင်းကြီး မင်းလှမဟာစည်သူ ဖြစ်လေသည်။ ဤသည်မှာ ဦးဖိုးလှိုင်၏ မင်းမှုထမ်းဘ၀ ဖြစ်ကာ သူ၏အရှင်သခင် အပေါ်တွင် များစွာအထောက်အကူ ပြုသော လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ခဲ့လေသည်။

စကြာဒေ၀ီမိဖုရားကြီး လွန်သော် မင်းတုန်းမင်းလည်း ပူဆွေးလှသဖြင့် မိဖုရားကြီးအလောင်းကို င်္သဂြိုဟ်ခွင့်လည်းမပေး၊ ညီလာခံလည်း မထွက်ပဲနေခဲ့သည်။ ထိုအခါ မှုးမတ်၊မင်းညီမင်းသားများလည်း မလျှောက်တင်ဝံ့သဖြင့် အရာကျနေသည့် ဦးဖိုးလှိုင်ကို အကူအညီတောင်းရာ ဦးဖိုးလှိုင်လည်း စာတစ်စောင်ကို မှုးမတ်များကိုယ်စား ရေးသားပြီး ဆက်သလေသည်။ မင်းတုန်းမင်းလည်း စာကိုဖတ်လျှင် ဦးဖိုးလှိုင်လက်ရာမှန်းသိသောကြောင့်တစ်ကြောင်း၊ စာပါအချက်များမှာ ညီညွှတ်သည်ကြောင့်တစ်ကြောင်း စိတ်လျော့ကာ မိဖုရားကြီး အလောင်းကို င်္သဂြိုဟ်ခွင့်ပေးလေသည်။ ဦးဖိုးလှိုင်ကိုလည်း ပြန်လည်ခေါ်ယူကာ ဆူပူကြိမ်းမောင်းဟန်ပြုပြီး အရာပြန်ပေးခဲ့သည်။ မင်းတုန်းမင်းတရားလက်ထက်မှနောက်ဆုံးသီပေါမင်းလက်ထက်ထိသက်တော်ရှည်အမတ်ကြီးအဖြစ်နိုင်ငံတာဝန်များကိုကျေပြွန်စွာထမ်းဆောင်ခဲ့ပါတယ်။

ဦးဖိုးလှိုင်သည် ၁၂၂၂ ခုနှစ်မှစ၍ ၁၂၄၂ ခုနှစ်အထိ နှစ်ပေါင်း ၂၀ ကျော်အတွင်းတွင် ကျမ်းစာပေါင်းများစွာ ပြုစုရေးသားခဲ့သည်။ ထိုကျမ်းစာများသည် မြန်မာ့စွယ်စုံကျမ်း အတွဲ (၈) တွင်ပါဝင်၍ အောက်ပါအတိုင်းဖြစ်သည်။

(၁)။ ၁၂၂၅ခုနှစ် လိလာဝတီဂဏန်းကျမ်း အိမ်ရှေ့စံကနောင်မင်းသားကြီး၏ အမိန့်တော်ကြောင့် ရေးသည်။

(၂)။ ၁၂၃၁ ခုနှစ် လောကဓါတ်ဆေးကျမ်း ဖန်ချက်ဝန်ထောက် မင်းထင်ပညာသိဒ္ဓိကျော် နှင့် အတူရေးသည်။

(၃)။ လိပိဒီကာ ကြေးနန်းရိုက်ကျမှ်းုထိုကျမ်းကို အင်္ဂလိပ်သံအရာရှိ မက်မာဟွန်က အင်္ဂလိပ်ဘာသာ သို့ပြန်ဆိုခဲ့သည်။

(၄)။ ၁၂၃၁ ခုနှစ် အဿဗေဒကျမ်း မြင်း၏ကြင်အင်လက္ခဏာပြကျမ်းဖြစ်၍ ဘုရင့်အမိန့်တော်အရရေးသည်။

(၅)။ ၁၂၃၃ ခုနှစ် ၀ိမုတ္တိရသကျမ်း

(၆)။ ၁၂၃၄ ခုနှစ် မဟာသမတကပ္ပ၀ိနစ္ဆရကျမ်း

(၇)။ ၁၂၃၅ ခုနှစ် သဒ္ဒသင်္ဂဟကျမ်း

(၈)။ ၁၂၃၇ ခုနှစ် ကာယနုပဿနာကျမ်း စလင်းမင်းသမီး၏တောင်းပန်ချက်အရရေးသည်။

(၉)။ ၁၂၄၀ ခုနှစ် ရာဇဓမ္မသင်္ဂဟကျမ်း

(၁၀)။ ၁၂၄၂ ခုနှစ် ဥတုဘောဇနကျမ်း

(၁၁)။ ၁၂၄၂ ခုနှစ် အလင်္ကာနိသျှကျမ်း

(၁၂)။ ၁၂၄၃ ခုနှစ် မဟာသုဇာတက ဗေဒင်ကျမ်း

(၁၃)။ န၀သိဒ္ဓန္တကျမ်း

(၁၄)။ အသုတသာဂရကျမ်း

(၁၅)။ နိဗ္ဗာန်ရောက်ကြောင်း စာတမ်း

(၁၆)။ ၀ိဇယသုတ်

(၁၇)။ သံဌသုတ်

(၁၈)။ သမသနဥာဏ်တော် ၁၀ ပါးအကျယ်

(၁၉)။ သဒ္ဒသင်္ဂဟကျမ်း စသဖြင့် ကျမ်းပေါင်း (၁၉) အုပ်ပါရှိသည်။

ထို့သို့ မြောက်မြားစွာရေးသားသည်မှာ သူတစ်ဦးတည်းနှင့်ပင် တက္ကသိုလ်ကျောင်းတစ်ကျောင်း ထူထောင်နိုင်လောက်အောင် တတ်ကျွမ်းသူတစ်ဦးဖြစ်လေသည်။

ကနောင်မင်းသား

 
ကနောင်မင်းပုံတော်
ကနောင်မင်းကို ကနောင်မင်းသား(သို့) ကနောင်မင်းသားကြီးဟု ခေါ်ဝေါ်သုံးနှုန်းကြသည်က များသည်။ စင်စစ်အားဖြင့် မြန်မာ့နန်းတွင်းအခေါ်အဝေါ်အရဆိုလျှင် အိမ်ရှေ့မင်းဖြစ်သော ကနောင်ကို ကနောင်မင်းဟုသာ ခေါ်ရမည်ဖြစ်သည်။ မင်းသား (သို့)မင်းသားကြီး ဆိုသည်မှာ အိမ်ရှေ့မင်းထက် အဆင့်နိမ့်သည်။

ကနောင်မင်းသား(မြန်မာ ၁၁၈၁-၁၂၈၁) သည်မြန်မာနိုင်ငံ ကိုယ့်မင်းကိုယ်ချင်းဘ၀နှင့်နေစဉ်ကပင် နိုင်ငံတော်ကို ခေတ်သစ်နိုင်ငံတခု ဖြစ်မြောက်အောင်ကိုယ်ထိလက်ရောက် ကြိုးပမ်းခဲ့သည့် မြန်မာမင်းသားကြီး တစ်ပါး ဖြစ်သည်။ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းစံနစ် ပြောင်းလဲခြင်းကို အကြောင်းပြု၍ လူ့သမိုင်းတွင် ခေတ်တစ်ခေတ်မှ အခြားခေတ်တစ်ခေတ်သို့ ပြောင်းလဲလာခဲ့ရသည်ဖြစ်ရာ မြန်မာနိုင်ငံတွင်လည်း ၁၉ ရာစု နှစ်များ အလယ်လောက်က ခေတ်ပြောင်းလဲခြင်းကို ဖန်တီးပေးသည့် အဖြစ် အပျက်များပေါ်ပေါက်ခဲ့လေသည်။

အောက်မြန်မာပြည်တွင်ဗြိတိသျှတို့ ရောက်ရှိ ကြီးစိုးလာခြင်း၊ ကိုယ့်မင်း ကိုယ်ချင်းနေသော မြန်မာနိုင်ငံ အထက်ပိုင်းသည် ထိုစဉ်အခါက တိုးတက်လျက်ရှိသော ဥရောပနိုင်ငံအချို့နှင့် ဆက်သွယ်မှုများ ရရှိလာခြင်း ကြောင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းစနစ်တို့၏ အခြေခံဖြစ်သောအသစ်အဆန်း ထွင်မှုပြောင်းလဲမှုတို့သည် အထက် မြန်မာပြည်သို့ ရောက်ရှိလာကာ ခေတ်ကိုပြောင်းလဲစေနိုင်မည့်အခွင့်အလမ်းများ ပေါ်ပေါက်ခဲ့လေသည်။ ထိုအခွင့်အလမ်းများကို အမြင်ကျယ်စွာနှင့် အသုံးပြုကြသော ထိုခေတ်မြန်မာခေါင်းဆောင်တို့တွင် အရေး ပိုမိုပါဝင်ခဲ့သူကို ရှာဖွေလျှင်ကနောင်မင်းသားကြီးကိုပင် တွေ့ရပေမည်။

အတ္ထုပ္ပတ္တိ အကျဉ်း
ကုန်းဘောင်ခေတ် အမပူရ ဒုတိယမြို့တည် သာယာဝတီမင်း (၁၈၃၇-၁၈၄၆)နှင့် `သီရိသုစန္ဒာမာလာမဟေ´ဘွဲ့အမည်ရှိ ရွှေဘိုမင်းတရားကြီး၏ တောင်ဆောင်တော်၊ ကျောက်မော်မြို့စား မိဖုရားတို့တွင် သားတော်နှစ်ပါးတို့ ထွန်းကားခဲ့ရာ သားအကြီးမှာ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်း ဖြစ်၍ အငယ်မှာ သတိုးမင်းရဲကျော်ထင် ဘွဲ့ခံ ကနောင်မင်းသား ဖြစ်လေသည်။ ကနောင်မင်းသားသည် သက္ကရာဇ် ၁၁၈၁ ခုတော်သလင်း လပြည့်ကျော်၂ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်၏။ ဖွားစဉ်က မီးနေဆောင်သို့မရောက်မီ တောင်ဆောင်၌ဖွားမြင်သဖြင့် ခမည်းတော်က မောင်တောင်မင်းဟု ကိုယ်တိုင်မှည့်ခေါ်ခဲ့၏။ ချစ်စနိုးခေါ်သော ငယ်မည်မှာ `ထိပ်တင်ကောက်´ ဖြစ်၍ မင်းသားလတ်အဆင့်တွင် မင်းတပ်မြို့ကိုစားခဲ့ရသည်။ နောင်တော်ပုဂံမင်း (၁၈၄၆-၁၈၅၃)ထီးနန်းဆက်ခံတော်မူသောအခါ `သီရိသုမဟာ ဓမ္မရာဇာ´ဟူသော ဘွဲ့တော်နှင့် ကနောင်မြို့ကို စားရသည်။ ထို့ကြောင့် ကနောင်မင်းဟု တွင်လေသည်။

သို့သော် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် ပုဂံမင်းအား နောင်တော် မင်းတုန်းမင်းကရွှေဘိုမှပုန်ကန်ရာတွင် အတူဦးဆောင်ပါဝင်ခဲ့သည်။ သက္ကရာဇ် ၁၂၁၄-ခုနှစ်၊ သက်တော် (၃၃)နှစ်တွင် ရွှေဘိုမင်းတရားကြီး၏ အနောက်နန်းတော် မိဖုရား (အနောက်နန်းမတော်မမြလေး)၏ သမီးတော် လှိုင်ထိပ်ခေါင်တင်နှင့် လက်ထပ်တော်မူပြီးလျှင် တပယင်း၊ တောင်တွင်းကြီး၊ ပဉ္စလငါးမြို့နှင့် စလေမြို့များကို စားရလေသည်။

ကနောင်မင်းသားသည် အိမ်ရှေ့စံမင်းသား (နန်းညွန့်နန်းလျာမင်းသား) လည်းဖြစ်ပြီး ထီးနန်းစည်းစိမ်နှင့် အချုပ်အခြာအာဏာကိုဆက်ခံရန်အခွင့်ရှိသူဖြစ်နေပေရာ ထိုအခွင့်အရေးကို မက်မောကြသော တူတော်များ (မြင်ကွန်းမင်းသားနှင့် မြင်းခုန်တိုင် မင်းသား) တို့၏လုပ်ကြံမှုကြောင့် ကံတော်ကုန်ခဲ့ရသည်။ ကနောင်မင်းသား ကံတော်ကုန်စဉ် သက်တော်မှာ (၄၇)နှစ်သာ ရှိသေးသည်။ ပဒေသရာဇ်ခေတ်ရှိ နန်းတွင်း အရေးအခင်းများမှာ သမိုင်းတင်ထားသည်ထက်လည်း ပိုမိုရှုပ်ထွေးနေတတ်သည်။

ကနောင်မင်းသားသည် သာယာဝတီမင်း၏ သားတော် ၊ မင်းတုန်းမင်း၏ ညီတော် ဖြစ်သည်။ ဒုတိယ အင်္ဂလိပ် - မြန်မာစစ် ပြီးဆုံးကာနီးတွင် မင်းတုန်းမင်းသားနှင့် ပူးပေါင်း၍ နောင်တော် ပုဂံမင်းကို ပုန်ကန် ခြားနားခဲ့ပြီး ၁၈၅၃ ၊ ဇူလိုင် (၁၁) တွင် မင်းတုန်းမင်း နန်းတက်ကာ ကနောင်မင်းသားက အိမ်ရှေ့မင်း ဖြစ်လာခဲ့သည်။ မင်းတုန်းမင်းကြီးသည် ဘာသာရေး ကိုင်းရှိုင်းသူ ဖြစ်ပြီး ကနောင် မင်းသားမှာမူ စီမံခန့်ခွဲရေးတွင် နိုင်နင်းသူ ဖြစ်သည်။ ကနောင်မင်းသားသည် အနောက်နိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်၍ ဗမာ့တပ်မတော်ကို ခေတ်မှီစေရန် ခေတ်မှီ လက်နက်များ တပ်ဆင်နိုင်ရန် ကြိုးပမ်းခဲ့သည်။ စစ်လက်နက်များ ထုတ်လုပ်သည့် စက်ရုံများလည်း တည်ဆောက်ခဲ့သည်။ ကနောင်မင်းသားသည် ဧရာဝတီမြစ်ရိုးအတိုင်း ဆန်တက်လာမည့် ဗြိတိသျှတို့၏ စစ်သင်္ဘောများကို တားဆီးနိုင်ရန် ရေမြှုပ်ဗုံးကို တီထွင်စမ်းသပ် အောင်မြင်ခဲ့သည်။ သို့သော် ဘာသာတရား ကိုင်းရှိုင်းသည့် နိုင်ငံတော် ဖြစ်သည့် အားလျှော်စွာ ဘုန်းတော်ကြီးများက ရေသတ္တဝါများ သေကြေပျက်စီးကြောင်း ပြောကြား ကန့်ကွက်သဖြင့် ရေမြှုပ်ဗုံး ထုတ်လုပ်မှု စီမံကိန်းကို ရပ်တန့်ခဲ့ရသည်။ ထိုနည်းတူပင် အခြားသော စက်မှုထူထောင်ရေး ကြိုးပမ်းမှုများမှာလည်း ၄င်းကွယ်လွန်ပြီးချိန်မှ တစ်စစနှင့် ရပ်ဆိုင်းသွားခဲ့ရသည်။ အချို့စက်ရုံများကိုမူ အင်္ဂလိပ်တို့ မန္တလေးကို သိမ်းယူအပြီးနောက်ပိုင်းတွင် ပြန်လည်ပြီး လည်ပတ်ခဲ့ကြသေးသည်။

ကနောင်မင်းသားကို တိုင်းသူပြည်သားများက ချစ်ကြည်လေးစားကြပြီး မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းတွင် မင်းသားကြီးသာ လုပ်ကြံ မခံခဲ့ရပါက မြန်မာပြည် သည်နယ်ချဲ့လက်အောက်သို့ ဤမျှလောက်လွယ်ကူစွာ၊ စောစီးစွာ မရောက်နိုင်ဟု ယုံကြည်ကြသည်။[2]

ထိုစဉ်က အင်္ဂလိပ်နှင့် ပြင်သစ်စသည့် နိုင်ငံတို့က ကိုလိုနီနယ်မြေများရရှိရန် အပြိုင်အဆိုင် လုံးပမ်းနေကြခြင်းဖြစ်ရာ အထွေထွေ ခေတ်နောက်ကျနေသော ပဒေသရာဇ်နိုင်ငံများအဖို့ အနှေးနှင့်အမြန်သာကွာခြားပြီး နယ်ချဲ့လက်တွင်းသက်ဆင်းကြရန် တာစူနေပေသည်။ ကနောင်မင်းသားမှာ အချုပ်အခြာအာဏာ ပိုင်စိုးသူမဟုတ်သဖြင့် ကြိုတင်ပြင်ဆင်ကာကွယ်မှုများကို ဆောင်ရွက်ရာတွင် ကန့်သတ်ချုပ်ခြယ်မှုများ မလွတ်ကင်းသေးချေ။

ကနောင်မင်းသားသည် မိဖုရားနှင့် ကိုယ်လုပ်တော်ပေါင်း ၅၂-ပါးရှိသည်။ အိမ်ရှေ့ မိဖုရား လှိုင်ထိပ်ခေါင်တင်တွင် မြင်သော သားတော် ၂ ပါး၊ ကိုယ်လုပ်တော် ၅ဝ တွင် မြင်သည့် သားသမီးပေါင်း ၁ဝ၂၊ စုစုပေါင်း သား ၅၃၊ သမီး ၅၂။ မြေးယောက်ျား ၁၈၊ မြေးမိန်းမ ၂၁၊ သားသမီးမြေး ယောက်ျား မိန်းမ စုစုပေါင်း ၁၄၄ ရှိသည်။
အိမ်ရှေ့စံ ကနောင်မင်းသားနှင့် မင်းတုန်းမင်းတို့ ဆုံသောအခါ သားတော်၊တူတော်များအား စိတ်မချကြောင်း လျှောက်တင်တင်သောအခါ မင်းတုန်းမင်းက `အေး...မောင်ပုရေ...နောင်တော်ဘုရားကလည်း သီလ၀တို့ကို စိတ်မချဘူး။ မောင်ပုကလည်း မောင်ညိုတို့ကို ဂရုမစိုက်၊ သူတို့ကလည်း ထနောင်းပင်က မီးတကျည်ဆိုသလို လာကြလိမ့်ဦးမည်´ဟု မိန့်တော်မူသည်။

* မောင်ညိုဆိုသူမှာ ပန်းထိမ်းမင်းသားကို ဆိုလိုသည်။
* သီလ၀ဆိုသည်မှာ မြင်ကွန်းမင်းသားကို ဆိုလိုသည်။
* မောင်ပုဆိုသည်မှာ ကနောင်မင်းကို မင်းတုန်းမင်းက ငယ်စဉ်အခါက ညီပုလေးဟု ချစ်စနိုးခေါ်တွင်ရာမှ အရွယ်ရောက်လာသောအခါ မောင်ပု ဟုခေါ်ဆိုလေသည်။

မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းတွင် ကနောင်မင်းသား လုပ်ကြံခံရပြီး မင်းတုန်းမင်းတရားကြီးမှာလည်း လက်မတင်လေး လွတ်မြောက်ခဲ့သည်။ ကနောင်မင်းသားနှင့်အတူ မလွန်မင်းသား၊ စကုမင်းသား၊ ပြင်စည်မင်းသား သုံးပါးလည်း အသက်ဆုံးပါးရသည်။ အိမ်ရှေ့မင်းနှင့် မင်းသားများ လုပ်ကြံခံရသည်မှာ သက္ကရာဇ်၁၂၂၈-ခုနှစ်၊ ဒုတိယ၀ါဆိုလပြည့်ကျော်(၇)ရက်နေ့၊ ခရစ်နှစ် ၁၈၆၆-ခုနှစ်၊ သြဂုတ်လ(၂)ရက်၊ ကြာသပတေးနေ့တွင် ဖြစ်သည်။ သင်္ဂြိုဟ်သည်မှာ သက္ကရာဇ်၁၂၂၉-ခုနှစ်၊ နယုန်လဆန်း(၅)ရက်နေ့တွင် ဖြစ်ရာ (၁၁)လကြာမှ သင်္ဂြိုဟ်ခြင်း ဖြစ်သည်။ ကြားတွင် မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းနှင့် ပန်းထိမ်းမင်းသား အရေးအခင်းတို့ ဖြစ်ပေါ်နေ၍ အလောင်းများကို ခေါင်းသွင်းပြီး နန်းမြေဘုံသာ စံနန်းတော် ဆောင်မဘုံတွင် ခင်းကျင်းထားပုံရသည်။

သက္ကရာဇ်၁၂၂၉-ခုနှစ်၊ နယုန်လဆန်း(၅)ရက်နေ့တွင် နန်းမြေဘုံသာ စံနန်းတော် ဆောင်တော်မကို ဖျက်သိမ်း၍ အိမ်ရှေ့မင်းသင်္ဂြိုဟ်ရန် အုတ်ဂူ၊ ၎င်းအနီးတွင် မလွန်မင်းသား၊ စကုမင်းသား၊ ပြင်စည်မင်းသားတို့ကို သင်္ဂြိုဟ်ရန် အသီးသီး တန်းစီ၍ အုတ်ဂူတည်ပြီးလျှင်၊ ၎င်းဂူအရှေ့နှစ်တောင်အကွာတွင် စန္ဒာမုနိ ရုပ်ပွားတော်မြတ် ကိန်းဝပ်ပူဇော်ရန် အုတ်ပြသာဒ် ပြုလုပ်ထားသည်။ အနောက်ဘက်မှ စေတီကြီးကိုလည်း စန္ဒာမုနိ ရုပ်ပွားတော် ကိုစွဲ၍ စန္ဒာမုနိ ဘုရားဟုခေါ်လေသည်။ စေတီနှင့် ရုပ်ပွားထားရာ အုတ်ပြသာဒ်အကြားကား အိမ်ရှေ့မင်းနှင့် မင်းသားများ၏ အလောင်းများကို အုတ်ခုံပေါ်တွင် မြုတ်နှံထားသည်။ အိမ်ရှေ့မင်း၏ အုတ်ဂူကို အုတ်ပြသာဒ်ငယ် လုပ်ထားသည်။ ၎င်းအုတ်ပြသာဒ်ငယ်ကို စေတီနှင့် စန္ဒာမုနိ ရုပ်ပွားတော်မြတ် ဂန္ဓကုဋိတိုက်နှင့် အုတ်ရိုးသွယ်ဆက်ထားသေးသည်။ [3]

ကနောင်မင်းသား ရုပ်ကလာပ်အား မန္တလေးတောင် ခြေရင်းရှိ ဂူသွင်းသဂြိုလ်ခဲ့သည်။ ၁၉၈၈ စစ်အစိုးရလက်ထက်တွင် ကနောင်မင်းသား၏ အုတ်ဂူကို စန္ဒာမုနိစေတီ ဘုရားဝင်းအတွင်း ရွေ့ပြီး အခု မန္တလေးတောင်
အသွား လမ်းဆုံမှာ အုတ်ဂူတည်ထားသည်။ [4]
 

ကိုးကား

1. ↑ ဒဂုန်ခင်ခင်လေး၏ မြင်ကွန်းညီအစ်ကိုနှင့် ပတိမ်းမင်းသားပုံကန်မှု (အဋ္ဌာရသ မဂ္ဂဇင်း၊ အမှတ်တစ်)
2. ↑ နေထွတ်၏ ‘မန္တလေးအဘိဓာန်’ စာအုပ်
3. ↑ ရွှေကိုင်းသား၏ နှစ်(၁၀၀)ပြည့် မန္တလေး
4. ↑ မောင်သန်းဆွေ(ထားဝယ်)၏ ကုန်းဘောင်ရှင်းတမ်း

ကုန်းဘောင်မင်း မိဖုရားများ

ကုန်းဘောင်ခေတ်မင်းများကို လေ့လာကြည့်လျှင် မင်းတုန်းမင်းသည် မိဖုရား အများဆုံး ယူခဲ့ ပြီး ဘိုးတော်ဘုရားသည် ဒုတိယ အများဆုံး ဖြစ်ကြောင်းတွေ့ ရသည်။
မိဖုရားကြီး (အသျှင်နန်းမတော်၊ တောင်နန်းမတော်၊ မိဖုရားခေါင်းကြီး)၊ နောက်နန်းမတော်၊ အလယ်နန်းမတော်၊ မြောက်နန်းမတော် ဟူရှ်ျ ရှိသည်။ အလယ် နန်းမတော်က မြောက် နန်းမတော်၊ မြောက် နန်းမတော် ထက် တောင် နန်းမတော်က အဆင့် မြင့် သည်။ နန်းမိဖု၇ားလေးပါး ဟူခေါ်သည်။
အဆောင်ရ မဖုရားလေးပါးလည်း ရှိသေးသည်။ တောင်ရွှေရေးမိဖုရားက မြောက်ရွှေရေးမိဖုရားထက် အဆင့် မြင့်သည်။ မြောက်ဆောင် တော်မိဖုရားက တောင် ရွှေရေးမိဖုရားထက် အဆင့် မြင့် သည်။တောင်ဆောင်တော် မိဖုရား ကမြောက်ဆောင်တော် မိဖုရားထက်အဆင့် ပိုး မြင့် သည်။
မိဖုရားအပြင် မှန်နန်းအပျိုတော်များစွာ ရှိသေသည်။မိဖုရားလောင်များ ဖြစ်ည်။အနတ်ရောင်သလွန်ဖြင့် အိပ်စက်ရသည်။မိဖုရားဘွှဲ့ ခံဘ၀ သို့ ရောက်လျှင် သလွန်ကို ရွှေပိန်းထည့်သည်။

ဒေ၀ီဘွှဲ့ ခံ မိဖုရားလက်၊ ဟေသီဘွှဲ့ ခံ မိဖုရားငယ် ၊၀တီဘွှဲ့ ခံ ကိုယ်လုပ်တော်ကြီး၊သီရီဘွှဲ့ ခံ ကိုယ်လုပ်တော်လတ်၊ မင်းတပ်ဘွှဲ့ ခံ ကိုယ်လုပ်တော်ငယ် စသည်တို့  အဆင့်အတန်းအမျိုးမျိုး ဇနီးများစွာလည်းရှိသည်။
စာရင်းချုပ်ကိုင်လျှင် အလောင်းဘုရားတွင် မိဖုရားကြီး တစ်ပါး၊ မြောက်နန်း မိဖုရားတစ်ပါး၊ကိုယ်လုပ်တော် သုံးပါး အခြားနှစ်ပါး စုစုပေါင်း မိဖုရား ခုနှစ်ပါးရှိသည်။
နောင်တော်ကြီးလည်း ထို့ အတူပင်။ ဆင်ဖြူရှင်တွင် မိဖုရားကြီးနှင့်  မြောက်နန်းတစ်ပါးစီရှိသော်လည်း အလယ်နန်းသုံးပါး ပိုးလာ သည်။ ကိုယ်လုပ်တော် ခြောက်ပါး၊အခြားနှစ်ဦး စုစုပေါင်း ၁၅ဦးအထိ ယူခဲ့ သည်။
စဥ့်ကူးမင်းတွင် နန်းမိဖုရား လေးပါး ၊ ကိုယ်လုပ်တော် ခြောက်ပါး ၊ စုစုပေါင်း မိဖုရား ဆယ်ပါး။ ဖောင်းကားစားတွင် မိဖုရားကြီးတစ်ပါး၊ အခြားအဆင့် တစ်ပါး ၊စုစုပေါင်း နှစ်ပါးသာ ရှိသည်။ဘိုးတော်ဘုရားတွင် နန်းရ- ၃၊ အဆောင်ရ - ၂၊ ကိုယ်လုပ်တော်- ၂၀၊ အခြား ၁၃ ပါး စုစုပေါင်း မိဖုရား၃၈ ပါးရှိသည်။ဘကြီးတော်တွင် နန်းရ- ၄၊ အခြား ၆ ပါး၊စုစုပေါင်း ၁၀ပါးသာ ရှိသည်။ ရွှေဘို(သာယာဝတီ) မင်းတွင် နန်းရ- ၄ အဆောင်ရ -၄ အခြား ဆယ်ပါး စုစုပေါင်း ၁၈ ပါးသာ ရှိသည်။ ပုဂံမင်းတွင် နန်းရ- ၄နှင့်  အဆောင်ရ- ၄ပါးသာ စာရင်းတွေ့ ရသည်။ မင်းတုန်းမင်းသည် နန်းရ -၄ ၊အဆောင်ရ - ၄၊ အခြား အဆင့် ၄၂ ပါးနှင့်  စုစုပေါင်း မိဖုရား အပါး ၅၀ ယူခဲ့ သည်။ ကုန်းပေါင်း နောက်ဆုံး သီပေါမင်းတွင်မူ နန်းရ - ၃ ပါး ကိုယ်လုပ်တော် -၃၊ စုစုပေါင်း မိဖုရား ၆ ပါးသာ ရှိခဲ့ ကြောင်း တွေ့ ရသည်။
မှတ်ချက်-မေးမှကူးယူထားခြင်းဖြစ်သည်