Sunday, December 25, 2011

ဝလွန်း ပိန်လွန်း သူများ


ဘဝတွင် အောင်မြင်မှုများရရှိရန် အောင်မြင်လိုသူတိုင်းကမိမိတို့၏ အချိန်များကိုအကျိုးရှိရှိအသုံးချကြသည်။ ဘဝတွင် အောင်မြင်မှုများ၊ ကြွယ်ဝမှုများသည် အရေးကြီးသည် မှန်သော်လည်းထိုအရာများကိုစံစားနိုင်ရန်  ကျန်းမာပျော်ရွှင်နေရန်လည်းအထူးလိုအပ်သည်။ ကျန်းမာရေးကောင်းမွန်ခြင်းဆိုသည်မှာအနာရောဂါ ကင်းရှင်းရုံ၊ ကိုယ်လက်အင်္ဂါ ပြည့်စုံရုံမဟုတ်ဘဲစိတ်ပိုင်းဆိုင်ရာချမ်းသာမှသာ ပြည့်စုံနိုင်ပြီးထိုကဲ့သို့ ကျန်းမာခြင်း၊ ကျန်းမာနေသည့် အချိန်တွင် ကျန်းမာခြင်းအကျိုးကိုအလေးထားမှု နည်းပါးကြောင်းသားဖွားမီးယပ် အထူးကုဆရာဝန်ကြီးတွဲဖက် ပါမောက္ခ ဒေါက်တာစိုးလွင်ကသုံးသပ်သည်။ လူအများစုသည် အလှအပအတွက် အာရုံစိုက်မှု များကြသော်လည်းကျန်းမာသောအခြေအနေတစ်ခု ဖြစ်ပေါ်ရန်ကိုမူအာရုံစူးစိုက်မှု နည်းပါးနေသေးသည်။ လူတစ်ဦးသည် ရှိသင့်သည့် ကိုယ်အလေးချိန် တစ်ခုအားမဖြစ်မနေထိန်းသိမ်းထားသင့်ပြီးဝလွန်းသော ခန္ဓာကိုယ် အလေးချိန်၊ ပိန်လွန်းသောအစွန်းရောက် အခြေအနေများကနောက်ဆက်တွဲ ကျန်းမာရေးအားထိခိုက်လာနိုင်စေကြောင်းသိရသည်။

ထိုဝခြင်း၊ ပိန်ခြင်းမှာလည်းနေ့စဉ်စားသုံးသည့် အစားအသောက်များ၏ စားသုံးမှုပုံစံ၊ ပါဝင်သောကယ်လိုရီများ၊ အခြားအခြေအနေများက ဖြစ်ပေါ်စေကြောင်းသိရသည်။ ဝလွန်းခြင်း၊ ပိန်လွန်းခြင်း၏ နောက်တွင် ရောဂါများလည်းကပ်ပြီးပါလာလေ့ ရှိကြသည်။ အလွန်ဝသည့် ခန္ဓာကိုယ်သည် ကင်ဆာရောဂါများအားဖိတ်ခေါ်နေပြီးရင်သားကင်ဆာ၊ သားအိမ် ကိုယ်ထည်ကင်ဆာ၊ အူမကြီးကင်ဆာ၊ သည်းခြေအိတ် ကင်ဆာများ ဖြစ်ပွားစေနိုင်သည့် အလားအလာလည်းများပြားကြောင်းသိရသည်။ “သိပ်ဝလာရင် လှုပ်ရှားမှုတွေ နှေးကွေးလာတယ်။ ခြေထောက်က ခန္ဓာကိုယ် အလေးချိန်ကိုသယ်ထားရတာ ဖြစ်တဲ့အတွက် ကြာရင် ဒဏ်ရာရလာတယ်။ ဒူးတွေ နာလာကြတယ်။ လှုပ်ရှားမှု နည်းပါးလာတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေလည်းနည်းပါးလာတယ်”ဟုဒေါက်တာစိုးလွင်ကပြောသည်။ ကိုယ်ဝန်ဆောင်ချိန်တွင်လည်း ပြဿနာများရင်ဆိုင်ရနိုင်ပြီးပေါင်မပြည့်သည့် ကလေးမွေးဖွားနိုင်ခြင်းစသည်များအပြင် ခွဲစိတ်ပြီးသည့် အခါတွင်လည်းအနာကျက်ခြင်း နှေးခြင်း၊ သွေးကြောများပိတ်ခြင်းစသည်များခံစားရနိုင်သည်။

ပိန်သည့် သူများတွင်လည်းအဆီနည်းပါးသဖြင့် အဆီမှတစ်ဆင့် ဖြစ်ပေါ်လာသည့် မဟော်မုန်းများနည်းပါး၍ ခန္ဓာကိုယ် အလှအပများမဖြစ်လာခြင်း၊ ထို့အပြင် ပုံမှန် ရာသီမလာခြင်း၊ ပုံမှန် ရာသီမလာသည့်အတွက် သားဥမကြွေခြင်းဖြစ်၍ ကလေးရနိုင်ရန် မလွယ်ကူခြင်း၊ ကလေးအလွယ်တကူပျက်ကျနိုင်ခြင်း၊ ပေါင်မပြည့်သည့် ကလေးများမွေးဖွားနိုင်ခြင်းစသည့် အခြေအနေများလည်း ဖြစ်ပေါ်စေနိုင်သည်။ “အလေးချိန်ကိုအမှန်ကန်ဆုံး ဖြစ်အောင် တွက်ချက်ထားတာတွေလည်းရှိတယ်။ အမျိုးသမီးတစ်ယောက်ဆိုအရပ် ၅ ပေဆိုရင် ပေါင် ၁၀၀ က ပုံမှန်ပဲ။ ၅ ပေထက် တစ်လက်မကျော်တိုင်း ၅ ပေါင် တက်သွားရမယ်။ ယောက်ျားလေးဆိုလည်း ၅ ပေမှာ ၁၀၆ ပေါင်ရှိရမယ်။ တစ်လက်မတက်လာတိုင်း ၆ ပေါင် တက်သွားတဲ့နှုန်းနဲ့ တွက်ချက်နိုင်တယ်။ အဲဒါရလာတဲ့ အလေးချိန်ကရှိသင့်ရှိထိုက်တဲ့ အလေးချိန်ပဲ” ဟုဒေါက်တာစိုးလွင်ကပြောကြားသည်။ အစာစားသုံးသည့် ပုံစံသည်လည်းကျန်းမာရေးအားကောင်းမွန်စေသင့်သော်လည်းစားလိုက်သည့် အစာသည် အာဟာရမဖြစ်ဘဲအဆိပ်ဖြစ်သွားစေသည့် အစားအသောက်များလည်းရှိသဖြင့် ဆင်ခြင်သင့်ကြောင်းသိရသည်။

အစာစားသုံးသည့် အခါတွင် စားလိုက်ပြီးဆိုးကျိုးများ ဖြစ်စေသည်များလည်းရှိရာအစာစားသည့်အခါ မဆာလျှင် မစားခြင်း၊ အလွန်အကျွံ ပြည့်တင်းစေရန် စားခြင်းမှ ရှောင်ကြဉ်ခြင်း၊ မိမိနှင့် မတည့်သည့် အစားအစာများအားဆင်ခြင်ခြင်း၊ အားနာ၍ စားခြင်းမှ ရှောင်ကြဉ်ခြင်း၊ နှမြော၍ စားခြင်းအားဆင်ခြင်ခြင်း၊ အလကားရသည့်အတွက် အများအပြားစားသုံးခြင်းများသည် မိမိအားဝေဒနာများသာ ဖြစ်စေနိုင်သည်အားသတိပြုသင့်ကြောင်းသိရသည်။ “အစာစားပြီးတဲ့အခါ စားပြီးရင် ကျေနပ်မှု ရှိရမယ်။ အစားအစာကလိုအပ်တဲ့ ဗီတာမင်ဓာတ်တွေနဲ့လည်းညီညွတ်မျှတရမယ်။ နည်းနည်းနဲ့ ခဏခဏစားရမယ်။ ပြီးတော့ ဖြည်းဖြည်းနဲ့ ကြေညက်အောင် စားသင့်တယ်”ဟုအဆိုပါ ဆရာဝန်ကပြောသည်။ အစားအစာများအား ဖြည်းဖြည်းစားသင့်သည့် အကြောင်းမှာဦးနှောက်အတွင်းရှိအစားအစာလိုအပ်မှုကိုထိန်းချုပ်သည့် အစိတ်အပိုင်းများသည် အစားအသောက် စားသည့်အခါ ဗိုက်ပြည့်၊ မပြည့် ဆုံးဖြတ်နိုင်ရန် အချိန် မိနစ် ၂၀ လိုအပ်သည့်အတွက် ထမင်းစားသည့်အခါ မိနစ် ၂၀ ခန့် ကြာအောင် စားသင့်ကြောင်းသိရသည်။ “အစားအသောက် စားတယ်ဆိုတာတစ်ရက်တည်းအတွက် စားတာမဟုတ်ပါဘူး။ တစ်သက်လုံးစားရမှာ ဖြစ်တဲ့အတွက် သတိထားပြီးအဆိပ်မဖြစ်သွားစေအောင် သတိထားသင့်တယ်” ဟုဒေါက်တာစိုးလွင်ကပြောကြားသည်။

မိမိတွင် ခံစားနေရသည့် ရောဂါဝေဒနာများမရှိသော်လည်းစိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်အားကျန်းမာသည်ဟုသတ်မှတ်၍ မရနိုင်ဘဲလူတစ်ယောက် အနေပေါင်းသင်းဆက်ဆံရေး၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေ ပြည့်စုံနေရန်လည်းလိုအပ်ကြောင်းဒေါက်တာစိုးလွင်ကဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ကျန်းမာရေးဟောပြောပွဲ၌ ပြောကြားခဲ့သည်။ အမျိုးသမီးများအနေဖြင့်လည်းမိမိ၏ အလှအပတရားတစ်ခုအတွက်သာမဟုတ်ဘဲကျန်းမာသည့် ခန္ဓာကိုယ်တစ်ခု ဖြစ်စေရန်အတွက် အစားအသောက်များဆင်ခြင်စားသုံးခြင်းအပြင် အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သည့် ကူးစက်ရောဂါများဖြစ်သောသားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာကဲ့သို့ ရောဂါများအား ကြိုတင်ကာကွယ်သည့် နည်းလမ်းများနှင့် မိမိကိုယ်အားကာကွယ်သင့်ကြောင်းသိရသည်။ နောက်ရာစုနှစ် ၂ ခုလောက်တွင်လည်းကူးစက်ရောဂါများမရှိသည့် အစားအသောက်ကြောင့် ဖြစ်ပွားသည့် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါများကြောင့်လည်းအသက်သေဆုံးမှု များပြားလာနိုင်ကြောင်း ကျွမ်းကျင်ဆရာဝန်များကအကြံပြု ပြောကြားထားသဖြင့် ဂရုစိုက်၍ စားသောက်သင့်ကြောင်းသိရှိရသည်။

ဟင်းလေးအိုးမှ ကူးယူဖောပြပါသည်။

No comments: