Thursday, October 13, 2011

မြန်မာစကားပုံများဧ။်အဓိပ္ပာယ်နှင့်သုံးနည်းအပိုင်း(၁) ( က)စကားပုံများ

၁။ကျားသနားမှ နွားချမ်းသာ



ကျားလက်တွင်းသို့ရောက်သော နွားသည် ကျား၏ကိုက်သတ်ခြင်းကို မလွဲမသွေ ခံရတော့မည်ဖြစ်ရာ ကျားက သနား၍ လွှတ်ပါမှသာ နွားအဖို့ ချမ်းသာစရာလမ်းရှိတော့ သည်ဟု ဆိုလိုသည်။ ကျားဟူသည်မှာ နွားအပေါ်၌ သနားသည်ဟူ၍ မရှိလေရာ ချမ်းသာရဖို့လမ်းမှာ မျှော်လင့်ချက်ရှိမည်လိုနှင့် ဝေးလှသည်ဟု ဆိုလိုသည်။
လူတစ်ဦး၏ ကံကြမ္မာကို မဖန်တီးနိုင်ဘဲ အခြားသူတစ်ဦးက ချုပ်ကိုင်ချယ်လှယ်၍ ထိုသူ၏ စီမံဖန်တီးချက်အတိုင်း ဖြစ်တည်ရ သည့်အခါ တစ်ဖက်က အင်အားဖြင့် လွှမ်းမိုးချယ်လှယ်ခြင်းကို ခံနေ ရသည့်အခါမျိုးတွင် သုံးနှုန်းသည်။

၂။ကရိုးမကဘဲ ဆန်း က၍ နှပ်ပစ်ခံရသည်


ဇာတ်ခုံပေါ်တွင် ကရိုး ကစဉ် နေရာအ၀န်းအ၀ိုင်းအတွင်း ကရ မည်ဖြစ်လျက် ဇာတ်ခုံအစွန်းရောက်အောင် ပြေးလွှားခုန်ပျံကသဖြင့် ဇာတ်ခုံအစွန်ဘက်သို့ တစ်စုံ တစ်ယောက်က နှပ်ညှစ်၍ ပက်ပစ်သည်နှင့် မလွတ်ဘဲ စွန်းပေခံရ သည်ဟု ဆိုလိုသည်။
လုပ်ရိုးလုပ်စဉ်အတိုင်း ပြုလုပ်ခြင်းသည် လမ်းရိုးလမ်းဟောင်းဖြစ်၍ အောင်မြင်ပြီး မြောက်မှုအတွက် သေချာပြီး ဖြစ်သည်။ သို့ရာတွင် ကွန့်ဆန်း၍ တစ်မျိုးတစ်ဖုံ အသစ်ထွင် ပြုလုပ်သောအခါ အတွေ့အကြုံမရှိသေးဘဲ စမ်းသပ်ရသည်ဖြစ်၍ အောင်မြင်မှုအတွက် အသေအချာပဲ ဆုံးရှူံးနစ်နာမှုလည်း ရှိတတ်သည်။ အသစ်တီထွင်မှုတွင် စွန့်စားမှု ရှိမြဲဖြစ် သည်။ ထိုသို့ရှိရာတွင် အဆန်းတီထွင် ကွန့်ထွက်မိ၍ ထိခိုက်နစ်နာမှုမရှိသောအခါ လုပ်ရိုး လုပ်စဉ်မှ ကွန့်ထွက်၍သာ ထိခိုက်နစ်နာရသည်ဟု ယူဆလျက် ကရိုးကစဉ်နေရာက လွတ်အောင် ဆန်း၍ကသဖြင့် နှပ်အပစ်ခံရသည်နှင့် ခိုင်းနှိုင်းဆိုသည်။
စကားပုံများသည် အယူအဆနှစ်ဖက်လုံးအတွက် ရှိမြဲဖြစ်၍ လိုရာဘက်၌ ဆွဲ၍ သုံးစွဲ ကြသည်။ စကားပုံရှိတိုင်း သဘော သဘာဝတ္တသည် တစ်ထစ်ချ အမှန်ဧကန်ဟူ၍ မယူဆသာ ပေ။ နှစ်ဖက်အစွန်းအားဖြင့် အလျဉ်းသင့်ရာပုံပမာ နှိုင်းယှဉ်ကြသည်ဟုသာ မှတ်ယူရန် ရှိသည်။ “ပျက်အစဉ် ပြင်ခဏ” ဟူသော စကားပုံ၊  “ဒီလိုနေ ဒီလိုသေရမည်” ဟူသော စကားပုံမျိုးလည်း ရှိသည်။

၃။ကိုယ့်ထမင်းကိုယ်စား ကြီးတော် နွားကျောင်းသည်


အခကြေးငွေမရ၊ မိမိကုန်ကျစရိတ်နှင့် မိမိထမင်းကို စားပြီး ကြီးတော်နွားကို စေတနာ့ ၀န်ထမ်း ကျောင်းပေးသည်ဟု ဆိုလိုသည်။
အလုပ်လုပ်သူသည် မိမိအလုပ်အားနှင့်ညီမျှသော လုပ်အားတန်ဖိုးကို အဖိုးအခကြေး ငွေဖြင့်ဖြစ်စေ၊ လက်ဆောင်ပစ္စည်းဖြင့် ဖြစ်စေ၊ အလားအလာအခွင့်အရေးဖြင့် ဖြစ်စေ၊ ပေးချေ သည်ကို ခံယူကြရစမြဲ ဖြစ်လေသည်။ တစ်ခါတစ်ရံတွင် ထိုသို့အတုံ့အလှယ် အကျိုးကျေးဇူး၊ လုပ်အားတန်ဖိုးမရရှိဘဲ စေတနာ့ဝန်ထမ်းသက်သက် ဆောင်ရွက်ပေးရသောအခါတွင် ကျေးဇူး တင်ဖော်မှ မရသောကြောင့် ကိုယ့်ထမင်းကိုယ်စား၍ ကြီးတော်နွားကျောင်းပေးသည်ဟု ခိုင်းနှိုင်းဆိုကြသည်။ ကြီးတော်ဖြစ်သူသည် မိမိတူဖြစ်သောကြောင့် သူတစ်စိမ်းက ကူညီ ကျေးဇူးပြုသည်ကဲ့သို့ သိသိသာသာ အမှတ်မပြုဘဲ ဆွေမျိုးသားချင်းဝတ္တရားအရ ကူညီပေ သည်ဟု ကျေးဇူးမထူးမတင်ရှိတတ်ပေသည်။

၎။ကျားကြီးသော် ခြေရာကြီးသည်


ကျားအကောင်ကြီးလျှင် ကျားအရွယ်နှင့်လိုက်အောင် ခြေရာကလည်း ကြီးသည် ဟု ဆိုလိုသည်။
အရာအထူး၊ အခြေအနေ၊ ၀င်ငွေ စသည် တိုးတက်လာသောအခါ သက်သာ ချောင်ချိမည်ဟု ထင်မှတ်ရစေကာမူ တာဝန်၊ အကြပ်အတည်း၊ အသုံးစရိတ် စသည်တို့ မှာလည်း အချိုးကျ တိုးတက်လာသည်သာဖြစ်၍ အခွင့်အလမ်းနှင့် တာဝန်သည်လည်း ကောင်း၊ အရနှင့်အသုံးသည်လည်းကောင်း လိုက်ဖက်စွာ တိုးတက်လာတတ်သည့် သဘာဝကို ဖော်ပြသည်။

၅။ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို

မိမိပေါင်ကိုလူရှေ့တွင်လှန်၍ မိမိဖာသာနာကျင်အောင်မိမိတံတောင်ဖြင့် ထောင်းကြိတ် ပြသသကဲ့သို့ဖြစ်နေသည်ကို ဆိုလိုသည်။
ပေါင်ဟူသော ကိုယ်ခန္ဓာအစိတ်အပိုင်းမှာ မဖွင့်မပြအပ်သော အရှက်သိမ်းဆည်းရာ အစိတ်အပိုင်းပင်ဖြစ်သည်။ လူရှေ့တွင် ပေါင်ကိုလှန်ပြခြင်းသည် ကိုယ့်အရှက်ကိုယ် ခွဲသည် နှင့်တူသည်။ လှန်ရုံမျှမက မိမိတံတောင်ဖြင့် ထောင်းပြန်သော် မိမိပယောဂဖြင့် မိမိသာ နာကျင်ရပေမည်။ ထို့ကြောင့် ရှက်လည်းရှက်ရ၊ နာလည်းနာရအောင် မိမိအပြုအမူဖြင့် မိမိ ပြုလုပ်ခြင်းကို ပမာပြု၍ မိမိပယောဂအဖြစ် မိမိအရှက်ကို ကွဲစေ၍ မိမိ နစ်နာအောင် ပြုမိသောအခါမျိုးတွင်သုံးနှုန်းသည်။ မိမိသားသမီး၏ ဆိုးယုတ်မှုအကြောင်းကို ဖွင့်ဖော်ပြော ဆိုရန်ရှိသောအခါ မလွှဲသာ၍ ပြောရစေကာမူ မိမိအတွက် ရှက်ရွံ့နစ်နာဖွယ် ပြောရသည် ဖြစ်သောကြောင့် ကိုယ့်ပေါင်ကို လှန်၍ ထောင်းရာရောက်သည်။ သူတစ်ပါးက အရှက်ရစေ၊ နစ်နာစေအောင်ပြုသည်မဟုတ်ဘဲ မိမိဖာသာပြုမူပြောဆိုရသည်မှာ မပြုလို၊ မပြောလိုသော ကိစ္စဖြစ်သောကြောင့် မလိုလားဘဲရှိကြသည်။ အလားတူ အရှက်ပေါ်စေ၊ နစ်နာစေသော ကိစ္စ မျိုးကို ဖော်ထုတ်ရသောအခါ ပကတိထင်ရှားသော အပြုအမူဖြင့်တင်စား၍ သိမြင်သော သဘောပေါက်လွယ်အောင် ပြောဆိုသည်။


၆။ကိုယ့် ဂုဏ်ကိုယ်ဖော် မသူတော်ခုနစ်ပါး


မိမိဂုဏ်ပုဒ်ကို ထုတ်ဖော်ဝင့်ကြွားသူသည် မသူတော်များသာ ဖြစ်သည်ဟု ဆိုလိုသည်။
ကိုယ့်အမည်ကို ကိုယ်ဖော်ထုတ် မြည်တွန်တတ်သော တိရစ္ဆာန် သတ္တ၀ါများကား ခုနစ်ပါးရှိသည်။ ထိုခုနစ်ပါးမှာ …
၁။ တောက်တဲ့။
၂။ ဇီးကွက်။
၃။ ရွှေပြည်စိုး။
၎။ ယောက်ဖခွေးခေါ်ငှက်။
၅။ တစ်တီတူး (တီတီတွတ်)။
၆။ ဥသြငှက်။
၇။ ဘုတ်ငှက်။
စသည်တို့ဖြစ်သည်။ တိရစ္ဆာန် သတ္တ၀ါမှတစ်ပါး လူတို့သည် မိမိတို့၏ အမည်ဂုဏ်ပုဒ် ကို ကိုယ်တိုင်ထုတ်ဖော်ကြွားဝင့်ခြင်း၊ ကိုယ့်ဂုဏ်ကို ကိုယ်ဖော်ခြင်းတို့သည် လူတို့၏ကျင့်ဝတ် တွင် အကျုံးမ၀င်၊ လူကောင်းတို့ အပြုအမှုမဟုတ်။ တိရစ္ဆာန်တို့၏အလုပ်၊ တိရစ္ဆာန်တို့၏ အမူ အကျင့်သာ ဖြစ်သည် စသည်ဖြင့် ရှုတ်ချ၍ဆိုသည်။ ထောင်လွှားတက်ကြွခြင်းမာနသဘောသို့ ရောက်သောကြောင့် သူတော်ကောင်းတို့ စက်ဆုပ်ကြသည်။
အမည်ကိုစွဲ၍ ခေါ်တွင်ခြင်းဖြစ်သော်လည်း တင်စား၍ဆိုသည်။

၇။ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိဿာ

ကုသိုလ်လို၍ ပြုလုပ်သော်လည်း အကုသိုလ်သာ အဆပေါင်းများစွာ ပို၍ ရရှိနိုင်ကြသည်ဟု ဆိုလိုသည်။ ကုသိုလ်လို၍ ဆွမ်းကျွေးရာ၌ ကြက်၊ ၀က်တို့ကို သတ်ဖြတ်ပေးရန် ကြိုတင်မှာ ကြားခြင်း၊ မလောက်ငှမည်ကိုစိုး၍ ပိတ်ပင် ၀န်တိုခြင်း၊ ကုန်ကျစရိတ်အတွက် သမ္မာအာဇီဝ မဖြစ်သောနည်းဖြင့် စီးပွားရှာခြင်း စသည်အားဖြင့် မကောင်းမှုများကို အဆများစွာ ပိုမို ကျူးလွန်မိတတ်သဖြင့် ကုသိုလ်နည်း၍ ငရဲက အဆများသည်ကို ပုံခိုင်း၍ ဆိုသည်။
တစ်ပိဿာလျှင် ကျပ်တစ်ရာရှိသဖြင့် ဆယ်လီမူးနှင့် ပဲနှစ်ထောင်၊ ကျပ်သုံးပဲနှင့် တစ်ထောင့်ခြောက်ရာ၊ တစ်ဆနှင့် အဆတစ်ထောင့်ခြောက်ရာမှ နှစ်ထောင်အထိ အချိုးအဆ ကွာခြားပုံကို တင်စား၍ ဆိုသည်။
အကျိုးနည်း၍ အပြစ်များခြင်း၊ အမြတ်နည်း၍ အရှူံးများခြင်း စသည်တို့၌လည်း တင်စား၍ သုံးနိုင်သည်။




No comments: