Saturday, December 17, 2011

လူငယ်နှင့် ထွေထွေရာရာများ

စာတစ်ပုဒ်ကို ဖတ်ပြီးရင် ဖတ်ပြီးရုံနဲ့ မရ တွေးလည်း တွေးခေါ်ရသည်။

ကိုယ်ဖတ်သည့်  စာအမျိုးအစားပေါ်မူတည်၍ ဖြစ်သင့်လား မဖြစ်သင့်ဘူးလား အမှန်လား အမှားလား ဆန်းစစ်သင့်သည်။

စာတစ်ပုဒ်က ပေးသော မက်ဆေ့ခ်ျ ထက် ကျော်လွန်ပြီး စာဖတ်သူတစ်ယော်ကအနေနှင့် ကိုယ့် ဥာဏ်ကို အားထုတ်၍ ဝေဖန် ဆန်းစစ်ရမည်။

ယနေ့ လူငယ် အများစု မှာ စာသိပ်မဖတ်ကြဟု လူကြီးတွေ တော်တော်များများက ပြောကြသည်။

အချို့ က ဖတ်စရာ စာမရှိသောကြောင့် လူငယ်တွေ စာဖတ် ကျဲသွားရခြင်း ဖြစ်သည်ဟု ဆိုကြသည်။

အချို့ က လူငယ်များအနေနှင့် ခေတ်ကို အမီလိုက်ရန် ဘ၀ကို ကြိုးစား မောင်းနှင်နေရသဖြင့် စာဖတ်ချိန်မရှိသောကြောင့် စာမဖတ်ကြခြင်း ဖြစ်သည်ဟု ဆန်းစစ်ကြသည်။

မည်သို့ ပင်ဖြစ်စေ လူငယ်တွေစာဖတ်နည်းသည်ဟု လူကြီးတွေ ယုံကြည်ကြသည်။

လူငယ်တွေ အနေနှင့်လည်း လျင်မြန်စွာ ရွေ့လျားနေသော ခေတ်ကို မီအောင်လိုက်ရင်း သင်တန်းတွေ တက်ရသည် နည်းပညာ တွေ လေ့လာရသည်။ ခေတ်က တောင်းဆိုသမျှကို တတ်နိုင်သမျှ ဖြည့်တင်းပေးနေရသည်။

ကိုယ်ပိုင် ဘ၀ ပျောက်ဆုံးလျက်ရှိသော လူငယ်တွေ မနည်း။

ဖျော်ဖြေရေးများ နည်းလမ်းမျိုးစုံနှင့် ပေါများလာသော ယနေ့ ခေတ်တွင် လူငယ်တွေ အနေဖြင့် မည်သည့် ဘက်ကို လိုက်ပြီး မည်သည်ကို စိတ်ဝင်စားမည်ကို ဝေခွဲမရဖြစ်လာကြသည်။

ယနေ့ လူငယ်များရင်ဆိုင်နေရသော အကျပ်အတည်းသည် ယခင် နှစ်ဆယ်ရာစု လူငယ်များ ရင်ဆိုင်ရသော အကျပ်အတည်းထက် ပို၍ ကြီးမာသည်။ ခက်ထန်သည်။ အကောင်အထည်ဖော်ပြလို့ မရနိုင်လောက်အောင် သိမ်မွေ့ ကြမ်းတမ်းသည်။

လူကြီးနှင့် လူငယ် အမြင်ကွာဟမှုများမှာလည်း တစ်နေ့ ထက်တစ်နေ့ ပို၍ ကြီးမားလာသည်။

ပို၍ ဆိုးနေသည်မှာ ယနေ့ မြန်မာနိုင်ငံ`၏ ဖျော်ဖြေရေး ဦးတည်ချက်မှာ လွန်စွာ လွဲမှားနေသည်။

ဟာသ ရယ်မောခြင်း ..။ နေ့ စဉ် ဘ၀အမောများကို ဖြေဖျောက်ဖို့  လူသားများအနေနှင့် ရယ်မောဖို့ လိုအပ်သည်။ ဘ၀မှာ ရယ်မောစရာ တွေ ရှားပါးလာသည်။ စိတ်ပျော်ရွှင်စရာတွေ မ၇ှိတော့ဟူတော့ စွဲချက်ဖြင့် ဟာသ စာအုပ်များ ရုပ်ရှင်များ ဗွီဒီယိုများ အတင်းကာရော ရိုက်ကူး ပုံနှိပ် ထုတ်ဝေလာကြသည်။

ဟာသများမှာ အဆင့် မမီ သောကြောင် ပေါချာသော အဆင့်သို့ ရောက်နေကြပြီ။

လူငယ်တွေ အတွက် မှန်ကန်သော အတွေးအခေါ်ကို မပေး။

ဘ၀ကို ရင်ဆိုင်ဖို့ မှန်ကန်သော ခွန်အားကို မပေး။

နောက် ဆိုးသော အချက်တစ်ချက် ရှိသေးသည်။ တက္ကသိုလ်ရောက် လူငယ် ကျောင်းသားအများစုသည် လေးပင်သော စာများကို မဖတ်ကြ။ ဖန်စီ ဟာသ အချစ်ဝတ္ထုများတွင်သာ ဘ၀ကို ပျော်ဝင် စေကြသည်။ ယနေ့ ကမ္ဘာ့အရေးအခင်း မြန်မာ့ အရေးအခင်း ဘာမှ မသိ။ သူတို့ ခေတ်ကို မီအောင်လိုက်ပုံ က တစ်မျိုး။ သူများ ဖုန်းကိုင်လျှင် ကိုင်ချင်သည်။ ဖုန်းကိုင်၍ ဖုန်းတစ်လုံး၏ အလုပ်လုပ်ပုံ ဖန်ရှင် လိုအပ်သော နည်းပညာအသိ တစ်ခုမှ မရှိကြ။ အ၀တ်အစား ဘက်တွင် ကျတော့လည်း သူများ အီမိုဆို အီမို သူများ ပန့်ခ်ဆို ပန်ခ့် ။ ကိုယ်ပိုင် အတွေးနှင့် ကိုယ်နှင့် လိုက်ဖက်သော မြန်မာ့ယဉ်ကျေးမှုနှင့် လျော်ညီသော ဖက်ရှင်ကို ချုပ်လုပ် ၀တ်ဆင်ခြင်း အလျဉ်းမရှိ။ ထိုသူတို့ တွင် ဘ၀ကို ရင်ဆိုင်ဖို့ ရာ ကိုယ်ပိုင် အတွေးအခေါ် ကိုယ်ပိုင် လမ်းစဉ် မရှိ။ စိုးရိမ်ဖွယ်ကောင်းလှသည်။ လူငယ်များ အနေနှင့် ဆင်ခြင်သင့်သည်။ ကိုယ်ကိုင်သော ဖုန်း တစ်ခုခုဖြစ်လို့ ကိုယ့်ဘာသာ ကောင်းအောင် ပြင်ဆင်နိုင်စွမ်းတော့ရှိသင့်သည် ထင်သည်။

သူများက အီမိုနှင့်လိုက်ဖက်သော်လည်း ကိုယ်က လိုက်ဖက်ချင်မှ လိုက်ဖက်မည်။ ကိုယ်နှင့် သင့်တော် လှပမည့် ဖက်၇ှင်ကို ကိုယ့်ဘာသာ တီထွင်သင့်သည်။ အင်တာနက်ကို သုံးသည်။ ဂျီတော့ ဘောက်စ်ကိုပဲ ဖွင့်သည်။ ကျန်သည့် အရာဘာမှမလုပ်။ ဂူးဂဲလ် ကို ဖွင့်၍ ကိုယ့် ဖုန်း ကို ကောင်းသထက်ကောင်းအောင်လုပ်ပေးနိုင်သည် နည်းပညာလမ်းညွှန်တွေ ကိုယ်နှင့် ကိုက်ညီမည့် ဖက်ရှင်ကို စဉ်းစားနိုင်မည့် ဖက်ရှင် ဆိုဒ်တွေ အများကြီးရှိပါသည်။

လူငယ်တွေ စာမဖတ်နိုင်ကြ။ ယနေ့ နည်းပညာကို အမီလိုက်နေရသည်။ စာဖတ်ဖို့ အချိန်မ၇ှိ။ သို့ သော် ယနေ့ နည်းပညာကိုလည်း အလျဉ်မီအောင်မသိ။ လူငယ်များ ဆင်ခြင်သင့်သည်။

Posted by တိတ်တဆိတ်

No comments: