Tuesday, January 31, 2012

“စာရေးစာဖတ် ဘာလုပ်ဖို့”





by Soe Min on Monday, January 30, 2012 at 9:32am
 
          ကလေးတွေ မူကြိုကျောင်းပို့လို့ ၀လုံးရေးဖို့ ညီလေးထိုင်ဆိုတဲ့ အရွယ်ရောက်ရင် ကိုယ်တွေခေတ်တုန်းကတော့ ဆရာကြီးမင်းသုဝဏ်တို့ ဆရာပျဉ်းမနားမောင်နီသင်းတို့ ကဗျာလေးတွေနဲ့ ကြီးပြင်းခဲ့ကြရပါတယ်။ ခုခေတ်ကလေးတွေကတော့ ဆွမ်းအုပ်နီနီ အမေရွက်တာ ငါတို့ကျောင်းတက်တာနဲ့ ဘာဆိုင်လို့လဲ လို့ နားလည်ကြမှာ မဟုတ်ပါဘူး။ မနီကလေး ဘယ်ကိုသွားလို့ စာသင်ကျောင်းက ဘာတွေ သင်ဆိုတာကိုလည်း မဆိုတတ်ကြတော့ပါဘူး။
ဘာဘာသိုးမည်း သိုးမွှေးရှိသလား တို့၊ မက်ဒေါ်နယ် အဖိုးကြီးမှာ ယာခင်းကလေးတစ်ခုရှိသတဲ့တို့ဆိုတာလောက်ပဲ ဘိုလို အသံထွက်မှန်ဖို့ ဂရုစိုက်ကြတော့တာ။ ခေတ်ရေစီးကြောင်းလို့ ပြောရင်ရတာပေါ့။ သို့သော်လည်း အဲဒီကလေးလေးတွေရဲ့ ဖေဖေ၊ မေမေ၊ ဖိုးဖိုး၊ ဖွားဖွားကြီးတွေ အရွယ်ရောက်နေကြသည့်တိုင်အောင် စာရေးစာဖတ် ဘာလုပ်ဖို့ဆိုတာကို သဘောမပေါက်ကြသေးတဲ့သူတွေ မရေနိုင်မတွက်နိုင်အောင် တအားကြီး တိုးပွားလာတဲ့ အခါမှာတော့ “ဟဲ့ အဲဒါ မနီတစ်ယောက်တည်း လိမ်မာဖို့ မဟုတ်ဘူး။ မနီအိမ်က လူကြီးတွေလည်း လိမ်မာဖို့ ပါတယ်” လို့ ခပ်ငေါ့ငေါ့ကလေး ပြောချင်လာပါတယ်။ ပြောချင်လည်း ကိုယ့်ဘာသာ တစ်ယောက်တည်းပဲ သစ်ခေါင်းထဲ သွားအော်ရမယ့်ပုံပါ။ စာမရေး စာမဖတ်ပါဘူး လို့ဆိုနေမှ ကိုယ်ရေးတာတွေ အားအားယားယား ဘယ်သူက အရေးလုပ်ပြီး ဖတ်နေရမှာတုန်း နော့။ အရင်တုန်းက စာမတတ်သူပပျောက်ရေးဆိုပြီး အင်တိုက်အားတိုက် လုပ်ခဲ့ကြသလို အခုလည်းပဲ စာမဖတ်သူ ပပျောက်ရေးဆို လုပ်ရတော့မယ် ထင်ပါရဲ့။
          ပညာရေးကို အရေးမပေးတော့တာ၊ ပညာတတ်ဖြစ်ဖို့ မကြိုးစားချင်ကြတော့တာတော့ မဟုတ်ပါဘူး။ ပညာတန်ဖိုးဘယ်လောက်ကြီးသလဲဆိုတာ အလွတ်ပညာသင်ကျောင်းတွေ သင်တန်းတွေ ဖွင့်စားနေသူတွေနဲ့၊ အဲဒီသင်တန်းတွေ တစ်ခုပြီးတစ်ခု မပြီးနိုင်မစီးနိုင် တက်နေကြရတဲ့ သူတွေသာ အသိဆုံးဖြစ်ပေလိမ့်မယ်။ သားသမီး ပညာသင်စားရိတ်နဲ့ ခါးချိနေကြတဲ့ မိဘတွေလည်း သိမှာပဲ။ သူတို့ သေချာမသိတာကတော့ ပညာဆိုတာ ပိုက်ဆံပေး၊ အချိန်ပေးပြီး ၀ယ်ယူလို့လို့ ရလာတဲ့ အောင်လက်မှတ်ပေါ်မှာ ရှိမနေဘူးဆိုတာပါ။ နောက်တစ်ခုက အဲဒီတတ်ကျွမ်းလာတဲ့ ပညာရပ်ကို အလုပ်အဖြစ်နဲ့ အသုံးမချမခြင်း အသက်ဝင်လာမှာ မဟုတ်ဘူး ဆိုတာလည်း ပါပါတယ်။ နှုတ်အာရွရွ ရွတ်ဆိုကြလို့ ကြောင်ပုဇွန်စား ကြွပ်ကြွပ်ဝါးသလို ကျေညက်နေစေရမယ်ဆိုတဲ့ သင်ခန်းစာများတောင်မှပဲ ကိုယ်ပိုင် အသိဥာဏ်နဲ့ ဆင်ခြင်သုံးသပ်တဲ့ အပိုင်း၊ လက်တွေ့ သဘောပေါက် ကျွမ်းကျင်မှု အပိုင်း မပါရင် သညာ လို့ခေါ်တဲ့ မှတ်ဥာဏ်အဆင့်မှာပဲ ရှိပါလိမ့်ဦးမယ်။ ပညာလို့ခေါ်တဲ့ အသိဥာဏ်အလင်းပိုင်း၊ ၀ိဇ္ဇာလို့ခေါ်တဲ့ တဘက်ကမ်းခတ် အတတ်ပိုင်းမျိုးကို ရောက်မလာနိုင်ပါဘူး။ ကျောင်းပြီးတာနဲ့ စာတွေကို စာအုပ်အဟောင်းများနဲ့အတူ ကျောင်းမှာပဲ ထားခဲ့တာ၊ ဘွဲ့ဓါတ်ပုံကလေးနဲ့အတူ အယ်လဘမ်ထဲမှာတင် ကျေနပ်နေလိုက်တာဟာ နိုင်ငံရပ်ခြားမှာ ပညာနဲ့အသက်မွေးနေတဲ့သူတွေထက် ပိုဆိုးတဲ့ ဦးဏှောက်ပြုန်းတီးမှုပါပဲ။ ယိုစီးနေတာကမှ ကိုယ့်ဆီမှာ အသုံးမတည့်လည်း တနေရာရာမှာတော့ အသုံးကျနေသေးတယ်။ ပြုန်းတီးနေတာကတော့ အလဟဿဖြစ်နေတာ မဟုတ်လား။ တကယ်လို့များ အဲဒီဖုန်တက်နေတဲ့၊ အသက်ကင်းမဲ့နေတဲ့ ပညာတတ်တွေကိုသာ အကျိုးရှိရှိ အသုံးချနိုင်မယ်ဆိုရင်တော့ ဘာအရင်းမှ စိုက်စရာမလိုပဲ တိုင်းပြည်တိုးတက်ဖို့ အများကြီး အထောက်အကူဖြစ်လိမ့်မယ် ထင်ပါတယ်။
          ပထမဦးဆုံး သဘောပေါက်နားလည်ထားဖို့ လိုတဲ့အချက်ကတော့ ပညာတတ်တွေရဲ့ တန်ဖိုး၊ ပညာအရင်းအနှီးရဲ့ အင်အားကို အထင်မသေးသင့်ဘူး ဆိုတဲ့အချက်ပါ။ ဒါကလည်း ကိုယ်ကိုယ်တိုင် အထိုက်အလျောက် ပညာတတ်ထားမှ နားလည်နိုင်မှာပါလေ။ ပိုက်ဆံရှိရင် အာဏာရှိရင် ပညာတတ်ပေ့ ဆိုတာတွေခေါ်ပြီး အနားမှာ မတ်တတ်ကလေး လက်အုပ်ချီခိုင်းထားလို့ ရတယ်လို့ တွက်ကြမှာပေါ့။ မဟော်သထာသုခမိန်လည်း ၀ိဒေဟရာဇ်မင်းကြီးကိုတော့ ခစားရတာပဲ မဟုတ်လား။ သို့သော်လည်း ပညာရှိတို့ရဲ့ မင်းခစားစရိုက်ဟာ မင်းပါးကပ်မြှောင် အဆံချောင်တို့ရဲ့ ခစားခြင်းပုံစံနဲ့ မတူနိုင်ဘူးလို့ ပြောရင် လက်ခံနိုင်ကြပါလိမ့်မယ်။ ဘာဖြစ်လို့ဆိုတော့ ပညာနဲ့ ခစားရတာလေ။ ပျပ်ဝပ်ကျုးနွံမှုနဲ့ ခစားတာမှ မဟုတ်ပဲကိုး။ ဒီအခါမှာ ၀ိဒေဟရာဇ်မင်းကြီးဘက်ကလည်း မဟော်သထာသုခမိန်ရဲ့တန်ဘိုးကို မသိပဲ သေနက ဒေ၀န္ဒ၊ ကာမိန္ဒ၊ ပဂုတ္တတို့လို အမတ်တွေနဲ့ချည့် ညီလာခံခေါ်တိုင်ပင်ရင် ဘာတွေဖြစ်လာသလဲ သိပြီးသားနော်။
          ရန်ကုန်မြို့ကြီးကို စကာင်္ပူလို ဖြစ်အောင်လုပ်မယ်ဆိုလို့ ကိုယ်က စလုံးပုတ်လောက်ရေးပြတောင် မမြင်ဖူးတဲ့အစားဆိုတော့ အခါအခွင့်သင့်တုန်း သွားလည်ကြည့်မိပါတယ်။ မဖြစ်နိုင်ဘူးဆိုတာ ဘာမှ မရှိဘူးဆိုတော့ ဘာလို့မဖြစ်နိုင်ရမှာလဲနော့။ (ပါးစပ်ကြီးနဲ့ ပြောရတာပဲဥစ္စာ) ဘယ်လိုနည်းနဲ့ ဖြစ်အောင်လုပ်မလဲဆိုတာကတော့ အပြောထက်စာရင် လက်တွေ့ဘက် နည်းနည်းနီးလာပြီလေ။ တွေးကြည့်မိသလောက်တော့ ပညာတတ်တွေ မပါရင် ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတာကိုပါ။ တောသားမြို့ရောက် ကျီးကန်းတောင်းမှောက် မြင်ခဲ့ရသလောက်တော့ (အရှက်မရှိ ယှဉ်ပြောလိုက်ဦးမယ်) ရန်ကုန်နဲ့စင်္ကာပူဆိုတာ စီဒိုးနားဟော်တယ်နဲ့ ကံထရိုက်တိုက်လောက်ပဲ ကွာတာပါ။ အဲဒါမြို့အခွံချည့်ပဲ ယှဉ်ကြည့်တာ။ လူမပါသေးဘူး။ သူတို့မြို့တော်တစ်ခုလုံးဟာ ပညာတတ်တဲ့ အသိဥာဏ်ရှိတဲ့ အုပ်ချုပ်သူချမှတ်ထားတဲ့ စည်းစံနစ်အောက်မှာ မခိုမကပ် မခိုးမ၀ှက်တတ်တဲ့ ကျွမ်းကျင် အင်ဂျင်နီယာများ ဦးဆောင်ပြီး တည်ဆောက်ထားတာဆိုတာ လေယာဉ်ပေါ်က လှမ်းမြင်ရရုံနဲ့ သိသာပါတယ်။ ကျွန်တော်တို့ဆီမှာ ကံထရိုက်တိုက်တွေ ဘယ်လိုဆောက်သလဲဆိုတာတော့ မမြင်ဖူးတဲ့သူ ရှိပါသေးလားဗျာ။ ဘီအီး၊ အင်ဂျင်နီယာမပြောနဲ့ အေဂျီတီအိုင်လောက် ပါရင်တောင် ကံကောင်း။
           တခါက ကျွန်တော်နေတဲ့အိမ်ဘေးမှာ ကံထရိုက်တိုက် အသစ်ဆောက်တဲ့အခါ ကိုယ့်အိမ်နံဘေး အုတ်နံရံကနေ အောက်ကို တည့်တည့်ကြီး မြေတူးပါတယ်။ မြေခိုးချင်တာ တစ်ခုတည်းကိုပဲ လောဘတက်တဲ့ ကံထရိုက်ဟာ သူ့လိုပဲ ဘာပညာမှ မတတ်ပဲ တိုက်ဆောက်သွားတဲ့ ကိုယ့်ဘက်က ကံထရိုက်ရဲ့ လက်ရာကို လျှော့မတွက်မိပါဘူး။ နံရံထောင်လိုက်ကြီး နိမ့်ဆင်းသွားလို့ အိမ်ကြမ်းပြင် သံမံတလင်းကြီးပါ ထက်ပိုင်းကျိုး အက်စောင်းသွားတဲ့အခါ “ခင်ဗျားတို့အိမ်က သူ့ဘာသာ မခိုင်လို့ဖြစ်ရတာ။ မကျေနပ်ရင် ကြိုက်တဲ့ဆီသွားတိုင်” လို့ လူမိုက်စကားပြောပါတယ်။ ဘာလို့ ဒီလို ပြောအားရှိသလဲဆိုတာကတော့ နောက်တော့ ကိုယ်တွေ့သိရတာပေါ့။ သက်ဆိုင်ရာ ဌာနအကြီးအကဲကြီးတွေကိုယ်တိုင် စစ်ဆေးရေးအဖွဲ့ကြီးတွေဖွဲ့လို့ ကိုယ်တိုင်လာစစ်ဆေးပြီးတဲ့နောက်မှာ “ဒါဟာ ဘာမှ မဖြစ်လောက်တဲ့ အသေးစား ထိခိုက်မှုကလေးပါ။” လို့ဆိုပြီး ကိုယ်က အလကားနေ ပြဿနာရှာ လျှော်ကြေးတောင်းချင်နေတဲ့သဘောမျိုးနဲ့ နာချင်လို့လား အကြည့်နဲ့ အကြည့်ခံရပါတယ်။ (ငါ့နှယ် သီဟတင်စိုးကားထဲက ဂျပန်တွေ အိမ်ထဲဝင်စစ်တာ ကျနေတာပဲ) ရုံးချိန်း ရက်ချိန်းတွေ အလုပ်ပျက် အကိုင်ပျက်သွားလိုက်ရတာများလည်း သေချင်စော်ကိုနံပြီး မွေးသမိခင်ကို “တော်ပါတော့။ နောက်ကို ပိုက်ဆံကလေး စုဆောင်းပြီးမှ ကိုယ့်ဘာသာပဲ ပြင်လိုက်ကြတာပေါ့” လို့ ပြောမိပါတယ်။ အဖေတို့ အဖွားတို့လက်ထက်က “ရုံးပြင်ကန္နား မသွားချင် မပတ်သက်ချင်ပါနဲ့” ပြောတာကိုလည်း သွေးထွက်အောင်မှန်မှန်း သိလိုက်ရပါတယ်။ “ငါ့သား နံနိမ့်မှာစိုးလို့” တဲ့။ အမှုလက်စသတ်လို့ ကိုယ့်အိမ်ကိုယ်ပြင်လို့ပြီး သိပ်မကြာပါဘူး။ ဒီအဆောက်အဦဟာ လူနေထိုင်ရန် မသင့်တော့လို့ အသစ်ပြန်ဖျက်ဆောက်ရပါမယ်ဆိုပြီး အမိန့်ထွက်လာပြန်ပါလေရော။ ဘာမှမဖြစ်ဘူး ပြောခဲ့တာလည်း အဲဒီပါးစပ်ကြီးတွေပဲ။ ပြိုတော့မဟဲ့ လို့ ဆင်းခိုင်းတာလည်း သူတို့ပဲ။ လူလည်းမပြောင်း၊ အချိန်တောင် မကွာဘူး။ အမှုတစ်ခုပြီးတာနဲ့ နောက်တစ်ခုကိုဆက်ဖို့ စီထားသလား မဆိုနိုင်။ မကျေနပ်ချက်တွေကို ဖွင့်အံထုတ်နေတာတော့ မဟုတ်ပေါင်။ မေ့တောင်ပစ်လိုက်တာ ကြာပေါ့။ အဲဒီလို ဦးဆောင်ကြီးကြပ်သူများနဲ့ ကံထရိုက်များက တည်ဆောက်မယ့် မြို့တော်ကြီးကို စင်္ကာပူလိုဖြစ်အောင် လုပ်မလို့တဲ့ဆိုတော့ အင်ဂျင်နီယာ အရင် ရှာပါဦးလို့ ဆိုချင်တာပါ။
          သူများတကာ မြို့တည်ရွာတည်ထားတာက  ကိုယ့်ဆီမှာလို ပိုက်ဆံရှိ၊ ကြိုက်တဲ့သူနဲ့ ထင်သလိုဆောက်၊ အမြတ်များများကျန်ဖို့ အရေးကြီးတယ်ဆိုတဲ့ ဝေစားမျှစား ရိုက်စား တစ်နပ်စား လုပ်မထားပါဘူး။ ပညာရှင်တွေကိုယ်တိုင် စဉ်းစဉ်းစားစား တိုင်းတာတွက်ချက်ပြီး အရမ်းကို စံနစ်တကျ တည်ထားရတာပါ။ အစက စကားဦးသန်းထားတဲ့ ပညာရှင်တွေရဲ့ တန်ဖိုးဆိုတာ အဲဒါကို သိစေချင်တာပါ။ ဒီ့ထက်မြင်သာအောင် ပြောရရင် ရွာက အရပ်ပန်းတိမ်သည် လက်ရာနဲ့ ကာတီးယားစိန်တိုက်က လက်ရာဟာ ရွှေချိန်ချင်း စိန်ရတီချင်း အတူတူဖြစ်ဦးတော့ ဘာမှ မဆိုင်ဘူး မဟုတ်လား။ (ကြော်ငြာထဲမှာ မြင်ဖူးတာ ပြောတာနော်) “အင်ဂျင်နီယာကို မလို ရသေ့ကိုယ်တိုင် ကြံစည်ပါသည်။ ရာဇ၀င်များမှာ ထင်ရှား မြန်မာ့ဂုဏ်ရည်” ဆိုတာ ဦးခန္တီ မန္တလေးတောင် ပြုပြင်တုန်းက ခေတ်အခါပါ။ သူတို့ကတော့ အင်ဂျင်နီယာတွေ လိုလွန်းလို့ မြန်မာပြည်က ကျောင်းပြီးထားသမျှ အကုန် သူတို့ဆီခေါ်ထားတာ။ မြင်ခဲ့သမှ အထင်ကရ အဆောက်အဦတွေ အားလုံး မြန်မာအင်ဂျင်နီယာ မပါတာ မရှိသလောက်ပဲ။ ရေဘယ်လိုစီးလို့ မီးဘယ်လိုဆင်၊ ငလျင်လှုပ်ရင် ဘယ်ဘက်ကထွက်၊ မီးရေးထင်းရေး ဘယ်ဘက်ကိုပြေး၊ အစစအရာရာ ထောင့်စေ့အောင် စီမံထားပါတယ်။
           လှိုင်သာယာက ပန်းရံခေါ်ပြီး ဒီလိုပုံမျိုးထွက်အောင်လုပ်လို့ပြောရင် ဖြစ်ဖြစ် မဖြစ်ဖြစ် သူတတ်သမျှ မှတ်သမျှနဲ့တော့ လုပ်မှာပဲ။ ဘုန်းကြီးပျံ ပြဿာဒ်ဆောက်သလောက်တော့ ဖြစ်နိုင်ပါလိမ့်မယ်။ ပုံတော့ ထွက်လာမှာ အမှန်။ ရှေ့ကြောင်းနောက်ကြောင်းတော့ ဘာမှ မသိနိုင်ဘူးလေ။ ကိုယ့်ဆီက ပညာရှင်တွေက တတ်တဲ့ပညာတွေကို ကိုယ့်တိုင်းပြည်အတွက် အသုံးမချပဲ ပိုက်ဆံရလို့ သူများနိုင်ငံမှာ ကျွန်ခံကြတာကိုး လို့ ပြောတာကတော့ ကိုယ်တိုင်ပညာမတတ်၊ အလုပ်မလုပ်ဖူးတဲ့သူတွေပါ။ ပညာရှင်တွေကို အထက်က စီမံခန့်ခွဲတဲ့အခါမှာ အင်ဂျင်နီယာအတတ် မပါဘူးဆိုရင်တောင် စီမံခန့်ခွဲမှုပညာကလေးတော့ ပါမှ အဆင်ပြေပါလိမ့်မယ်။ ကင်ဂျုံအီးကြီးက သူ့သားကို မြောက်ကိုရီးယား တစ်ပြည်လုံးအပ်ထားခဲ့လို့ ရချင်ရလိမ့်မယ်။ ကံထရိုက်တိုက်တစ်လုံးအပ်ပြီး ပြီးအောင် ဆက်ဆောက်လိုက် လို့ အပ်ရင်တော့ ငါးပါးမှောက်မှာပဲ။ ပညာရပ်တိုင်းမှာ ကျွမ်းကျင်ရာ လိမ်မာတဲ့သဘောတွေကို နားလည်မှဖြစ်မှာလေ။ အဲဒီထက် ရှုပ်ထွေးနက်နဲတဲ့ သပွတ်အူဇာတ်လမ်းတွေကတော့ လူတိုင်းသိပြီးသားတွေကို ညောင်မြစ်ပြန်မတူးချင်လို့ ဆက်မရေးတော့ပါဘူး။ အင်ဂျင်နီယာတွေ ဘာလို့ ပြည်တွင်းမှာ အလုပ်မလုပ်ချင်သလဲ။ ဘယ်လိုလူတွေ ပြည်တွင်းမှာ ဘယ်လိုပုံစံနဲ့ အလုပ်လုပ်နေကြသလဲဆိုတာကတော့ သူတို့ ကိုယ်တိုင် အသိဆုံး။ အဲဒီအထုံးတွေ မဖြေပဲနဲ့ လေထဲတိုက်အိမ်ဆောက်တာ ဖြစ်နိုင်စရာလား။
           ဘယ်အရာမဆို အကောင်းမြင်စိတ် မရှိပဲနဲ့ ဘေးထိုင် ဘိုင်ကျ ဘုပြောတဲ့ အထဲမှာ ကိုယ်လည်း ပါနေပါရော့လား။ အဲဒီသဘောမျိုးတော့ မရှိပါဘူး။ တိုင်းပြည်ကို တိုးတက်အောင်ပြုပြင်ချင်ရင် ခြစားနေတဲ့ စိတ်ဓါတ်နဲ့ စာရိတ္တကို အရင် ကျားကန်ဖို့လိုတယ်ဆိုတာ ရယ်။ တတ်ကျွမ်းတဲ့ ပညာရှင်တွေကို နေရာတကျ အသုံးချတတ်မှ ဖြစ်မယ်ဆိုတာရယ်ကို တွေးမိလို့ပါ။ နင်တို့ဟာနင်တို့ တိုးတက်ချင်တိုးတက် မတိုးတက်ချင်နေ။ ဒီဇာတ်တော်မှာ ငါရှင်ဘုရင်လုပ်ရမှ ဆိုမှ ခွကျနေဦးမယ်။ ရှေးရှေး ပဝေသဏီ မြန်မာဘုရင်တွေ နန်းတည် ဘုရားတည် လုပ်ခဲ့တာတောင် ပန်းပဲဝန်၊ ပန်းတည်းဝန်၊ ပန်းတိမ်ဝန်၊ ပန်းပုဝန် ကျွမ်းကျင်သူတွေနဲ့သာ တည်ဆောက်ကြပါတယ်။ ဒီကနေ့ခေတ်ကျကာမှ မိုးကျရွှေကိုယ်တွေ ကွပ်ကဲမယ်ဆိုရင် နံမည်တူဝက်ဘ်ဆိုက်လောက်တောင် သပ်သပ်ရပ်ရပ်ရှိမယ် မထင်ပေါင်။ သူတို့တွေက မွေးကတည်းက ဂျီးနီးယပ်စ်တွေပါလို့ ပြောရင် စောစောကပြောတဲ့ သွားလေသူကြီး ပထမဆုံးဂေါက်ရိုက်တာ တိုက်ဂါးဝုဒ် စံချိန်ကျိုးသွားသတဲ့ ဆိုတဲ့ သတင်းဆောင်းပါး ဖတ်ရသလိုနေမှာပဲ။ မြန်မာတွေလည်း ငိုမယ်ဆို ငိုတတ်ကြပါတယ်။ ဘုန်းကြီးပျံတွေတောင် လိုက် ဧယျာဉ့်ကျူးနေကြတဲ့ဥစ္စာ။ ကိုယ်တော်တို့သာ သေချာပစေ။ ဒီက ရေမီးအစုံနဲ့ ငိုပြမယ်။ ဒီအတိုင်းဆက်သွားရင်တော့ ပြုံယမ်းနဲ့ တူလာတော့မှာပဲ။
            မြန်မာပြည်မှာ ပညာတတ်တွေအတွက် နေရာမရှိဘူးဆိုတဲ့ အမြင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပညာတတ်လူငယ်တွေ ရင်ထဲမှာ စွဲနေခဲ့တာ ကြာပါပြီ။ ဟုတ်သည် မဟုတ်သည်ကတော့ ကာယကံရှင်တစ်ဦးချင်းစီရဲ့ ကိုယ်တွေ့ဘ၀ အတွေ့အကြုံနဲ့ ဆိုင်ပါလိမ့်မယ်။ ဒါပေမယ့် ပုဂ္ဂလဒိဌာန်ကနေ ဓမ္မဒိဋ္ဌာန် ဖြစ်မလာဖို့ကတော့ အုပ်ချုပ်သူတွေမှာ တာဝန်ရှိမလားပဲ။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်တိုးတက်အောင် ထူထောင်မယ်ဆိုရင် သူတို့အတွက် နေရာတစ်နေရာ ဖန်တီးပေးနိုင်မှ ဖြစ်မယ် မဟုတ်ဘူးလား။ ပြည်တွင်းမှာ ရှိနေတဲ့ ပညာတတ်တွေကတော့ အားမကိုးလောက်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ (ကိုယ်လည်း အဲဒီဇာတ်ထဲကပါ) ဒါပေမယ့် ခုတစ်မျိုး၊ တော်ကြာတစ်မျိုး မဟုတ်တဲ့၊ အတင်းအလျော့ စိတ်ကြိုက်ကစားလို့မရတဲ့ စည်းမျဉ်းစည်းကမ်းထိန်းသိမ်းမှု တစ်ရပ် လိုအပ်နေသလားလို့ပါ။ စာရိတ္တမဏ္ဍိုင်ဆိုတာကို ကိုယ့်ရေချိန်နဲ့ကိုယ် စံထားပြီး အများလုပ်သလိုလုပ်တာသာ အမှန်ဆိုတဲ့ အယူအဆကို ဘယ်လို တိုက်ဖျက်ကြမှာတုန်း။
            တနေ့တနေ့ ဖေ့စ်ဘုတ်ပေါ်ကနေ လူတတ်ကြီးလုပ်ပြီး ဟိုလို ဆရာလုပ်၊ ဒီလိုဆရာလုပ်နဲ့ တော်တော် မုန်းစရာချဉ်စရာ ကောင်းနေလောက်ပါပြီ။ ဒါပေသိ သိပ်ဘ၀င်မြင့်လို့ မရဘူးဗျ။ ဘယ်သူဖတ်တာလိုက်လို့။ “သြော်.. စာတွေရေးထားသလား။ ဟုတ်လား။ စာရေးဆရာလုပ်မလို့လား။ ဟတ်လား။ ဆရာဝန်အလုပ်က မကိုက်လို့လား။ တွေ့တော့တွေ့မိပါတယ်။ အရှည်ကြီးတွေမို့ အချိန်မရတာနဲ့ ဖတ်မကြည့်မိဘူး” ဆိုတဲ့သူတွေ ပုံလို့ ပုံလို့။ ဆရာမလေးတစ်ယောက် ပြောဖူးတာကတော့ ဖေ့စ်ဘုတ်ဆိုတာ ဈေးအိမ်သာနဲ့ တူပါသတဲ့။ ဟိုလူလျှောက်ရေး၊ ဒီလူလျှောက်ရေး၊ ပွစာကျဲနေတာပဲဟာ။ မျက်စိထဲ တန်းကနဲမြင်နေရလို့ ဖတ်မိတယ်ဆိုဦးတော့ အဲဒါ ဈေးထဲလာ အိမ်သာတက်တဲ့သူတွေသာ ဖတ်ကြတာလေ။ ဒါကြောင့်လည်း ရေအိမ်တော်နံရံက စာဆိုတော်များက အဘက်မလုပ်ကြတာနေမှာ။ ပေါက်တတ်ကရ ရယ်စရာကလေးတွေ ရေးမိတော့လည်း ရှူရှူးဖလားဝါးရလွယ်တာပေါ့။ ဒေါသထွက်စရာ အံကြိတ်စရာတွေ ရေးမိတော့လည်း ညှစ်အားလေး ပိုကောင်းတာပေါ့။ တို့စာတွေကို အဲဒီအရပ်ကနေ “နမ်းမှာလား မောင်ရဲ့ မွှေးတယ်ရှင်” လို့တော့ မဆိုလိုပါဘူး။ မဆိုရက်ပါဘူး။ နန်းတော်ထဲက အိမ်သာမှာပဲ တက်တက်၊ ဈေးအိမ်သာမှာပဲ တက်တက်၊ အိမ်သာက ထွက်လာရင်တော့ ပေါ့ပါးသွားရစမြဲပဲ မဟုတ်လား။ အောင့်အည်းသိုမှီးထားသမျှတွေ စိတ်တိုင်းကျ လွှတ်ထုတ်လိုက်ဖို့ပဲ မဟုတ်လား။ အမြဲနေပါနော် လို့ ခေါ်ထားလို့မရပေမယ့် နောက်တစ်ခါ အသုံးလိုလာရင်တော့ လိုက်ရှာကြဦးမှာပါ။ တို့အတွက်ကတော့ စာရေးစာဖတ် ဘာလုပ်ဖို့ဆိုရင် တင်းနေတာတွေ အားလုံး လျော့သွားဖို့ပဲပေါ့။ အေသင်ချိုဆွေနဲ့ သိမ်းလိုက်ကြစို့။
“ဒီမှာ တင်းတယ်။ တင်းတယ်။ တင်းတယ် တင်းတယ် ဟေ့…” (နောက်ကဟာတော့ ဆက်မဆိုရဲဘူးဗျ)

No comments: