Sunday, January 15, 2012

သူတို့ရဲ့ပုံပြင်





(၁)
Prussiaဘုရင်လို့တင်စားခံရတဲ့ Frederick II(ဂျာမန်)ဟာ သူတပ်သားတွေကို စစ်ဆေးမေးမြန်းတာ အရမ်းနှစ်သက်ခဲ့တယ်။ သူ့တပ်ထဲ တပ်သားသစ်တစ်ဦးတွေ့ရင် "မင်း အသက်ဘယ်လောက်လဲ?"၊ "မင်းဒီမှာ တာဝန်ထမ်းနေတာ ဘယ်လောက်ကြာပြီလဲ?"၊ "မင်းရဲ့ဝတ်စုံနဲ့ မင်းရဲ့လခအပေါ် ကျေနပ်မှုရှိရဲ့လား?" ဆိုတဲ့မေးခွန်း ၃ခုကို သူမေးမြန်းတတ်ခဲ့တယ်။

တစ်ခါက သူ့တပ်ထဲ ပိုလန်လူငယ်တစ်ဦးဝင်ရောက်လာခဲ့တယ်။ အဲဒီပိုလန်လူငယ်ဟာ ဂျာမန်လို လုံးဝမတတ်ခဲ့ဘူး။ ဒီလိုနဲ့ သူ့အရာရှိက သူ့ကို ဘုရင်ကြီးမေးတတ်တဲ့ မေးခွန်း၃ခုဖြေဖို့ ဂျာမန်လိုသင်ပေးလိုက်တယ်။ ပိုလန်လူငယ်က အရာရှိသင်ပေးတဲ့စကားကို သေသေချာချာ ကျက်မှတ်ထားလိုက်တယ်။

တစ်နေ့မှာ တပ်သားတွေကို ဘုရင်ကြီးလာစစ်ဆေးပြန်ပါပြီ။ တက်ကြွနေတဲ့ပိုလန်လူငယ်ကိုတွေ့တော့ ဘုရင်ကြီးက စိတ်ဝင်တစားနဲ့ မေးခွန်း ၃ခုကို မေးပြန်တယ်။ ဒါပေမဲ့ ဒီအခေါက်မေးတဲ့မေးခွန်းက အစဉ်လိုက်ဖြစ်မနေခဲ့ဘူး။

ဘုရင်ကြီး ---- "မင်းဒီမှာ တာဝန်ထမ်းနေတာ ဘယ်လောက်ကြာပြီလဲ?"

လူငယ် ---- "အနှစ် ၂ဝရှိပါပြီ အရှင်"

ဘုရင်ကြီး ---- "အိုး.. အနှစ်၂ဝ? ဒါ မဖြစ်နိုင်ပါဘူး။ မင်း အသက်ဘယ်လောက်ရှိပြီလဲ?"

လူငယ် ---- "တစ်နှစ်ပါ.. အရှင်"

ဘုရင်ကြီး ----- "အမလေး.. ဒါက ငါ့ရဲ့တပ်သားလား? မင်းပဲရူးနေသလား ငါကပဲ ရူးနေသလားကွာ?"

လူငယ်ကရိုးသားစွာနဲ့ ပြန်ဖြေပါတယ် ----- "နှစ်ခုစလုံးပါတယ် အရှင်"

(၂)
အမေရိကန်ရဲ့ ၄ဝယောက်မြောက်သမ္မတReaganဟာ တစ်ခါက အိမ်ဖြူတော်မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တယ်။ သတင်းစားရှင်းလင်းပွဲမှာ သတင်းထောက်တွေက မနားမနေ မေးမြန်းကြတော့ Reaganဟာ စိတ်မရှည်စွာနဲ့ သူ့ဘေးမှာထိုင်နေတဲ့ အရာရှိတစ်ဦးကို ညစ်ညစ်ညမ်းညမ်း ဆိုလိုက်မိတယ်။

သူပြောလိုက်တဲ့ "Sons of Bitches"ဆိုတဲ့စကားကို ကိုလံဘီယာသတင်းဌာနက အသံသွင်းမိသွားခဲ့တယ်။ အိမ်ဖြူတော်တာဝန်ရှိသူက သမ္မတပြောတဲ့စကားက "It’s Sunny,You're rich" (နေထွက်ပြီ.. မင်းပိုက်ဆံရှိတယ်)ဆိုတဲ့ အသံထွက်ခပ်ဆင်ဆင်စကားတွေနဲ့ ပြန်ဖာထေးခဲ့ပေမယ့် မရခဲ့ဘူး။ အဆဲခံခဲ့ရတဲ့ သတင်းထောက်တွေက "ဘယ်တစ်ယောက်ကို Sons of Bitchesလို့ သမ္မတထင်ပါသလဲ"လို့ အတင်းမေးမြန်းခဲ့တာကို သမ္မတကပြုံးပြုံးရယ်ရယ်နဲ့ "မင်းတို့ကပဲ ငါတို့ကိုထင်နေတာလို့ ငါထင်တယ်"လို့ ပြန်ပြောခဲ့တယ်။

ရက်အနည်းငယ်ကြာတော့ SOB (Sons of Bitchesရဲ့အတိုကောက်)စာလုံးပါတဲ့တီရှပ်ကို သမ္မတယူပြီး သတင်းထောက်တွေကို ပြခဲ့တယ်။ တီရှပ်ရဲ့နောက်မှာက Save Our Budget လို့ရေးထားခဲ့ပါတယ်။ ဒါဟာလည်း သူ့ရဲ့တောင်းပန်နည်းတစ်ခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

(၃)
တီထွင်ဆရာအက်ဒီဆင်ဟာ နားအနည်းငယ်ထိုင်းသူဖြစ်တယ်။ နားထောင်အားမကောင်းပေမယ့် ဒါဟာ သူ့ရဲ့ကျောင်းပညာ၊ အလုပ်၊ အချစ်ရေးမှာ အဟန့်အတားမဖြစ်ခဲ့တဲ့အပြင် အသုံးဝင်ခဲ့တာကို တွေ့ရတယ်။

သူဟာ ကြေးနန်းပညာကို သင်ယူခဲ့တယ်။ နားထိုင်းတာကြောင့် စိတ်အနှောက်အယှက်ဖြစ်စေတဲ့ ဆူညံသံတွေကို သူမကြားခဲ့ရဘူး။ ဒါကြောင့် သင်ခန်းစားကို စိတ်ပါလက်ပါ သူသင်ယူနိုင်ခဲ့တယ်။ ကြေးနန်းရိုက်၊ ကြေးနန်းပို့တာကို တခြားလူတွေထက်မြန်အောင် သူလုပ်နိုင်ခဲ့တယ်။

"အဆောင်မှာနေတုန်း၊ ထမင်းစားဆောင်မှာ ထမင်းစားနေတုန်း ဘေးခုံကလူတွေပြောတဲ့စကားကို ကျွန်တော်မကြားရဘူး။ ဒါကြောင့် အာရုံစိုက်ပြီး မေးခွန်းတွေကိုတွေးတောဖို့ ကျွန်တော်အခွင့်အရေးရခဲ့တယ်။ တကယ်လို့ အရေးမကြီးတဲ့၊ အရေးမပါတဲ့စကားတွေ၊ ကြောက်လန့်စေတဲ့စကားတွေ ကျွန်တော်နားထောင်ခဲ့မိရင် ကျွန်တော့်ရဲ့သတ္တိ၊ စိတ်ဓာတ်တွေ အခုလို ကြံ့ခိုင်သန်စွမ်းလိမ့်မယ် မထင်ဘူး"

နားထိုင်းတာက သူ့အတွက် အချစ်ရေးမှာလည်း အသုံးဝင်ခဲ့တယ်။ ကြေးနန်းကို သိနားလည်တဲ့အတွက် သူဟာချစ်သူဆီကို ကြေးနန်းအမြဲရိုက်ပို့ပြီး ချစ်ကြောင်းတွေပြောခဲ့တယ်။ သူ့ချစ်သူကလည်း ကြေးနန်းသင်္ကေတကို သိနားလည်တဲ့အတွက် လက်ချောင်းလေးနဲ့ ခလုတ်တွေကိုနှိပ်ပြီး နှလုံးသားထဲက နူးညံ့တဲ့အချစ်တွေကို အပြန်အလှန်ပေးပို့ခဲ့ကြတယ်။ တစ်နေ့မှာ သူကချစ်သူကို ကြေးနန်းသင်္ကေတနဲ့ "ငါနဲ့ယူဖို့ သဘောတူလား" လို့ မေးတော့ ချစ်သူကလည်း သင်္ကေတနဲ့ "သဘောတူတယ်"လို့ ဆိုခဲ့တယ်။

သူတို့နှစ်ယောက်ရဲ့ ဟန်းနီးမွန်းခရီးမှာ ချစ်ရေးချစ်ရာကို ကြေးနန်းသင်္ကေတတွေနဲ့ပဲ သူတို့ပြောခဲ့ကြတယ်။ ခရီးအတူသွားကြတဲ့လူတွေ နားမလည်ခဲ့ကြဘူးပေါ့။ နားထိုင်းတာက အက်ဒီဆင်ကို စိတ်အားငယ်အောင်၊ လဲပြိုအောင် မလုပ်နိုင်ခဲ့တဲ့အပြင် သူအောင်မြင်ဖို့ တစ်ဘက်ကနေ အထောက်အကူပြုသလို ဖြစ်နေခဲ့တယ်.. မဟုတ်ပါလား!


*** ဒီပုံပြင်တွေက တကယ်ရှိခဲ့ မရှိခဲ့ မသိပါဘူး။ ဖတ်မိတာလေး သဘောကျလို့ ဘာသာပြန်မျှဝေပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

No comments: