By Rozoner King
[By Soe Min ]
လူဦးရေ သန်းပေါင်းခြောက်ဆယ်ရှိတဲ့ ကျွန်တော်တို့ မြန်မာပြည်မှာ ပညာရှိ သူတော်ကောင်း အမျိုးကောင်းသားစစ်စစ်ကြီးပါလို့ ပြောနိုင်တဲ့သူ ဘယ်နှစ်ယောက်များ ရှိပါ့မလဲ သိရခက်ပါတယ်။ အကုန်လုံးကတော့ ကိုယ့်ကိုယ်ကိုယ် အဲသလိုပဲ ထင်နေကြတယ် မဟုတ်လား။ ကိုယ့်ဟာကိုယ် မဟုတ်မှန်းသိတောင် သူများတွေကတော့ အဲသလိုထင်လည်း နည်းသလားဆိုပြီး လူ့ရှေ့သူ့ရှေ့ကျရင် ဟန်ပန်ကြီးတခွဲသားနဲ့ ဟောက်စားလုပ်ချင်တဲ့သူတွေက ပိုများမလားပဲ။ ခက်တာက တကယ့်အစစ်ဆိုတာ ရဟန္တာဈာန်ပျံသလို ကိုယ်တိုင်မြင်ဖူးတဲ့သူ အလွန်ရှားသွားပြီမို့ သည်တခါတော့ အရုပ်ရေးပြတာမဟုတ်ပဲ လူပုဂ္ဂိုလ် အကောင်လိုက်ကြီးနဲ့ “သည်လိုလူမျိုးကိုခေါ်သကွ” ဆိုပြီး ဆွဲထုတ်ပြလိုက်ချင်ပါတယ်။ ငြင်းနိုင်ရင် ငြင်းရဲရင် ငြင်းကြည့်ကြပါဦး။ ဆရာကြီး ဦးဖေမောင်တင် လို့ ခေါ်ပါသဗျ။
သံသရာမှာ သတ္တ၀ါတွေ ကျင်လည်ရတဲ့အခါ ဘ၀ပေါင်းများစွာ ဆုံးစမထင် အတွင်တွင် မရပ်မနား တသွားတည်းသွားကြရပါသတဲ့။ အဲသလိုသွားနေရင်းက ထပ်ကာထပ်ကာ သွားမိတဲ့ခရီးကိုလိုက်ပြီး သတ္တ၀ါတွေမှာ စရိုက်ရယ်၊ အထုံရယ်၊ ပါရမီရယ်လို့ ပါလာကြရပါတယ်။ စရိုက်ဆိုတာကတော့ အကြိမ်ကြိမ် အဖန်ဖန် ပြုနေကျအပြုအမူကြောင့် ကာယကံရှင်ရဲ့ စိတ်နေစိတ်ထားမှာ ပြောင်းလဲဖြစ်ပေါ်လာတဲ့သဘောကို ခေါ်တာနေမှာပေါ့။ ဆိုက်ကားသမားမှာ ဆိုက်ကားသမားစရိုက်ရှိမယ်။ ဆရာဝန်မှာ ဆရာဝန်စရိုက်ရှိမယ်။ စစ်ဗိုလ်စစ်သားမှာ စစ်ဗိုလ်စစ်သားစရိုက်ရှိမယ်။ အကျင့်ပါနေတာကြီးတစ်ခု စိတ်ရောကိုယ်ပါ စွဲလာလို့ရှိရင် စရိုက်လို့ ခေါ်လိမ့်မယ်။ အထုံဆိုတာကတော့ အကျင့်စရိုက်တစ်ခုခုကို မသိစိတ်ကပါစွဲပြီး အလိုအလျောက် လုပ်မိလျက်သား၊ အားထုတ်မှုမလိုပဲ အသားတကျလုပ်မိလျက်သား ဖြစ်လာတာကို ပြောတာပါ။ သတ္တ၀ါတွေမှာ သူတို့ကျင်လည်ရာဘ၀ဟောင်းတွေကို လိုက်လို့ စရိုက်တွေ အထုံတွေက ခုဘ၀ နောက်ဘ၀တိုင်အောင် အရိပ်ပမာ လိုက်ပါလာတတ်ပါတယ်။ တချို့က လောဘစရိုက်ရှိမယ်။ တချို့က ဒေါသစရိုက်ရှိမယ်။ တချို့က မောဟစရိုက်ရှိမယ်။ အဲသလိုမျိုးပါ။ အကုသိုလ်နဲ့ အထုံပါလာသူများကျတော့ မုဆိုးအတတ် တံငါအတတ်တို့မှာ တဘက်ကမ်းခတ် ကျွမ်းကျင်လာတာမျိုး၊ လက်နက်၊ အဆိပ်၊ သေရည် အရောင်းအ၀ယ်တွေနဲ့ မီလျံနာဖြစ်လာတာမျိုးပေါ့။ ပါရမီဆိုတာကတော့ မိမိသွားလိုတဲ့ ဆိပ်ကမ်းတစ်ခုကိုရောက်အောင် အစဉ်မပြတ် ကူးခတ်သွားသလိုမျိုး ဦးတည်ရာတစ်ခုခုအတွက် လိုအပ်တဲ့ အကျင့်ကောင်း စရိုက်ကောင်းတွေကို ဘ၀ပေါင်းများစွာ ၀ီရိယစိုက်ထုတ်လို့ အထုံပါအောင် ဖြည့်ကျင့်ရင်း တစတစပြည့်စုံလာလေသမျှကို ခေါ်တာဖြစ်ပါလိမ့်မယ်။ ဒါက ကိုယ်ဥာဏ်မီသလောက် တွေးကြည့်တာလေ။ မဟုတ်ရင်လည်း ဘုန်းဘုန်းတို့က ၀င်ဆွေးနွေးပေးကြပါဦး။
အဲသည် စရိုက်၊ အထုံ၊ ပါရမီဆိုတာတွေဟာ ကုသိုလ် အကုသိုလ်အမှုများလိုပဲ ကျင်လည်ရာဘ၀တိုင်းကို “၀ါသနာဘာဂီ ဆက်တိုင်းမီ” ဆိုသလို စိုက်လိုက်မတ်တတ် လိုက်ပါလာတတ်လေတော့ “သူတော်ချင်းချင်း သတင်းလွေ့လွေ့” တို့၊ “သမဏေန သမဏော”တို့ ပြောလေ့ရှိကြတဲ့အတိုင်း ကိုယ်နဲ့တူရာတူရာ ပုဂ္ဂိုလ်သတ္တ၀ါကိုသာ အစေးကပ်ကပ် စုဝေးနှီးနှော အဖော်သဟဲပြုကြသလို လေးစားကြည်ညို ဆည်းကပ်ရာတွေမှာလည်း စရိုက်တူ၊ သဘာဝတူ၊ လမ်းစဉ်တူရာကိုသာ အထင်တကြီး ကိုးကွယ်ယုံကြည်ကြပါလိမ့်မယ်။ သည်သဘောကြောင့်မို့လို့ ပညာရှင်ဆိုတာ အာဏာရှင်၊ ဓနရှင်တွေအကြားမှာ တန်ဖိုးမရှိနိုင်ပါဘူး။ (ပညာရဲ့တန်ဖိုးဆိုတာ ပညာတတ်တဲ့သူတွေသာ သိနိုင်တာမျိုးလို့တော့ မပြောရဲကြောင်းပါ။) “ခင်ဗျားပညာရှိကြီးလုပ်နေပြီးတော့ ရေဗူးပေါက်တာ ကျုပ်လာမပြောနဲ့ဗျာ။” လို့ ငမိုးရိပ်မိကျောင်းလို ကြိမ်စကြာအရိုက်ခံနိုင်ပါ့မလား။ “နင့်လိုဘွဲ့နဲ့အကောင်မျိုး ဆယ့်ငါးယောက်လောက် ပိုက်ဆံပေးပြီး ခြေသလုံး နှိပ်ခိုင်းထားလို့ရတယ်။” လို့ပြောလာရင် ဆယ့်ငါးယောက်ပြည့်သွားမှာစိုးလို့ အလုအယက် တုံကင်ယူထားကြမလား။ ပညာရှိဆိုတာ ပညာရှိနေရုံသက်သက်တော့ မဟုတ်ပါဘူး။ သူ့မှာလည်း သူ့စရိုက် သူ့အထုံပါရမီနဲ့လာတာမဟုတ်လား။ ကေသရာဇာမှန်ရင် မြက်မစားဘူးဆိုတဲ့ စရိုက်သဘာဝတွေလည်း ရှိပါလိမ့်မယ်။ လျှာပေါ်မှာ မြက်ပေါက်စေဦးတော့ဆိုတဲ့ ပညာမာနလေးတွေလည်းရှိမယ်။ ပညာရှိတို့မည်သည် ဘာတွေကို လုပ်လေ့မရှိဘူး ဆိုတာတွေနဲ့ ဘာတွေကို လုပ်လေ့ရှိတယ် ဆိုတဲ့သဘောလေးတွေကို သဘောပေါက်စေချင်တဲ့အတွက် ပညာရှိဂုဏ်ရည်ဆိုတာကို လေ့လာကြည့်ကြရအာင်နော်။
ဆရာကြီးဦးဖေမောင်တင်ဟာ မြန်မာလူမျိုးတွေထဲက ပထမဦးဆုံးပါမောက္ခ ဖြစ်လာခဲ့ပြီး အသက်အားဖြင့်ဆိုရင် ၂၄နှစ်သာ ရှိပါသေးသတဲ့။ လူမျိုးခြားတွေချည့် ကြီးစိုးတဲ့ ကာလကတ္တားတက္ကသိုလ်ရဲ့ လက်အောက်ခံ ရန်ကုန်ကောလိပ်မှာ ဆရာကြီးအလုပ်လုပ်ရတဲ့ဌာနကတော့ အခု အရှေ့တိုင်းပညာဌာနလို့သိကြတဲ့ ပါဠိဘာသာဌာနမှာဖြစ်ပါတယ်။ မြန်မာလိုပြောရင် ဒဏ်တပ်တဲ့ ခရစ်ယာန်သာသနာပြုကျောင်းများကနေ အောင်လာပြီး “မြန်မာစကားတွေ မေ့ကုန်ပလားကွယ် မေ့ကုန်ပလားကွယ် ပြောစမ်းပါမောင်ရယ်” လို့ မကြည်အောင်သီချင်းထဲမှာပါတဲ့ အင်္ဂလိပ်ခေတ်ကောလိပ်ကျောင်းမှာ ပါဠိလိုဆရာတစ်ဆူဖြစ်အောင် တတ်ကျွမ်းတဲ့ဆရာကြီးဟာ ငယ်ငယ်က ဘုန်းကြီးကျောင်းမှာ “ပဋိသင်္ခါယောနိသော အပျိုမြင်ရင် ငါ့ကိုပြော” လို့ ကျက်ခဲ့မှတ်ခဲ့ရတဲ့ ကိုရင်ဘ၀ ကျောင်းသားဘ၀မျိုးက လာတာလည်း မဟုတ်ပါဘူး။ ခရစ်ယာန်ဘာသာဝင်မိဘနှစ်ပါးက ပေါက်ဖွားလာတဲ့ ကိုယ်တိုင်လည်း ခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်သူတစ်ဦးဖြစ်ပါတယ်။ ဘမျိုးဘိုးတူ မျိုးကောင်းရိုးကောင်းလို့ ပြောနိုင်တာကတော့ ၀န်ထောက်မင်းဦးတင်က မွေးဖွားလာခဲ့ပြီး ဦးလေးတော်သူက ကိုယ်တွေ ငယ်ငယ်က ခေါင်းအုံးအိပ်လို့ရပြီး အထူဆုံးစာအုပ်လို့ သိကြတဲ့ ဦးထွန်းငြိမ်း အင်္ဂလိပ်မြန်မာ အဘိဓါန်ကို ပြုစုသွားသူ ၀န်ထောက်မင်းကြီးဖြစ်ပါသတဲ့။ ဒါတောင်မှ ပါဠိဘာသာကို မြစ်ဖျားခံရာ အိန္ဒိယတိုင်းသားများအလယ် ကာလကတ္တားတက္ကသိုလ်မှာ တရားမင်းကြီးချုပ်ချီးမြှင့်တဲ့ “ဂျာဒင်းဆု” ကို ရခဲ့သလို ရနောင်းဘုရင်ခံက ချီးမြှင့်တဲ့ “ရနောင်းဆု” ရခဲ့ပါသတဲ့။ အဲသည်ရာထူးနေရာကို သူ့ကိုမှ မခန့်ရင် မိုးကြိုးကြီးပစ်သွားလိမ့်မယ်လို့ စိတ်ထဲမှာ စွဲနေကြလို့သာ ကိုလိုနီခေတ်ကြီးထဲ မြန်မာအမျိုးသားတစ်ယောက်အနေနဲ့ ပါမောက္ခရယ်လို့ မဖြစ်မနေ ခန့်အပ်သွားရပါသတဲ့။ (မြောက်ကိုရီးယားမှာ ကင်ဂျုံအီတော်သလို တော်တာမျိုး မဟုတ်ဘူးလို့ သိစေချင်ပါတယ်) ဒါက သူဘာလဲဆိုတာကို မသိမမီလိုက်သူတွေ သိရအောင် မိတ်ဆက်ပေးရုံ သက်သက်ပဲ ရှိသေးတာ။
သူဘာလုပ်ခဲ့သလဲဆိုတာတွေ သိရင်တော့ တခြားသူတွေမပြောပါနဲ့။ ကျွန်တော်တို့ ဘိုးတော်ဘတော် စာရေးဆရာကြီးများကိုယ်တိုင် လူချင်းတွေ့ရင် ထိုင်ကန်တော့လောက်အောင် ကြည်ညိုသွားကြတာ။ မြန်မာစာရေးဆရာထဲမှာ အင်္ဂလိပ်ဘာသာကို မွှတ်နေအောင်တတ်ကျွမ်းလို့ အသက်ငယ်ငယ်ကလေးနဲ့ အင်္ဂလိပ်စကောလားရှစ်တွေ အထပ်ထပ်ရခဲ့ပြီး ရှားလော့ဟုမ်းတွေကို ဦးစံရှားရယ်လို့ ဂန္တ၀င်မြောက်အောင် မြန်မာမှုပြုခဲ့သူ ဆရာကြီးရွှေဥဒေါင်းကတော့ ၀ိသုဒ္ဓိမဂ်ကျမ်း ကို အင်္ဂလိပ်ဘာသာပြန်သွားနိုင်တဲ့အတွက် ကြည်ညိုလွန်းလို့ ရှိခိုးပါသတဲ့။ မြန်မာစာပေလောကမှာ ခေတ်စမ်းစာပေရယ်လို့ ခေတ်တစ်ခေတ်ဆန်းလာအောင် ရှင်းလင်းတိကျပြောင်မြောက်တဲ့ အရေးအသားများနဲ့ လမ်းသစ်တီထွင်သွားသူ ဆရာကြီး သိပ္ပံမောင်ဝကတော့ နိုင်ငံရပ်ခြားမှာ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်သွားနိုင်သူ မြန်မာပုဂ္ဂိုလ်ထူးကြီးသုံးဦးရှိတာ လယ်တီဆရာတော်ဘုရားကြီး၊ ယစ်မျိုးမင်းကြီးဦးရွှေဇံအောင် နဲ့ ပါမောက္ခဦးဖေမောင်တင်ပါတဲ့။ ဗေဒါလမ်းကဗျာရယ်လို့ မြန်မာခေတ်စမ်းကဗျာလောကမှာ ပြိုင်ဘက်ကင်းအောင် ထင်ရှားခဲ့သူ ဆရာကြီးဇော်ဂျီကတော့ သူတွေ့ဖူးခဲ့တဲ့ လောဘနည်း၍ တင်းတိမ်ရောင့်ရဲတတ်သူနှစ်ဦးကတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ဆရာကြီးဦးဖေမောင်တင်ပါတဲ့။ ပညာတတ်ဆိုတာ တော်ရုံတန်ရုံ ပညာရှင်ကိုမြင်ရုံနဲ့ ကြည်ညိုခြောက်ခြားရိုးထုံးစံမရှိဘူးဗျ။ ဆရာ့ဆရာကြီးများ ကိုယ်တိုင်က ရှာမှရှားပါပေတယ်လို့ လေးလေးစားစား ရင်မှာထားကြတာဟာ ဘယ့်လောက်ပညာပြည့်သလဲ သိနိုင်လောက်ပါတယ်။ “အဲတော့ ဘာဖြစ်သလဲ။ ကားပါမစ်ကျမှာလား။ နေပြည်တော်မှာ မြေကွက်ပေးမှာလား။ ဘာမှလည်းလုပ်မရပဲနဲ့” ဆိုတဲ့သူတွေကတော့ နားလည်နိုင်မှာ မဟုတ်ပါဘူး။ သူတို့အတွက် ပညာဆိုတာ ရောင်းမရ ၀ယ်မရ၊ အမြတ်မရ၊ ဈေးကွက်မ၀င်။ ဘယ်နားသွား သုံးစားရမှာတုန်း။
ဆရာကြီးရဲ့ကျေးဇူးတွေက ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေးတင် မကသေးပါဘူး။ မြန်မာစာပေ တိုးတက်တွင်ကျယ်ရေး အတွက်လည်း ဦးဆောင်လမ်းပြသွားခဲ့တာ အထင်အရှားပါပဲ။ သင်ရိုးမြန်မာစာမှာ ဝေဿန္တရာဇာတ်တော်ကြီးကို ပြဌာန်းပေးခဲ့တဲ့အခါ ခရစ်ယာန်သာသနာပြုကျောင်းများက မြတ်စွာဘုရားရှင်ရဲ့ ပါရမီတော်ခန်းတွေမို့ ဗုဒ္ဓဘာသာတွေကို မသင်နိုင်ပါဘူးလို့ အပြင်းအထန် ကန့်ကွက်ကြပါတယ်။ ထူးခြားတာက ပြဌာန်းတဲ့သူကိုယ်တိုင်က ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်နေပြီး “ဗုဒ္ဓဘာသာနိုင်ငံမှာ ခရစ်ယာန်တွေက ဗုဒ္ဓဘာသာကိုသင်ခွင့်ရတာ ဘာဖြစ်သေးတုန်း။ ကျေးဇူးတောင်တင်ရဦးမှာ မဟုတ်လား။” တဲ့။ အဲဒီစကားဟာ ဗုဒ္ဓဘာသာဝင်အဖြစ် မပြောင်းပဲပြောနိုင်တာဖြစ်တဲ့အတွက် ပညာရပ်နဲ့ ပတ်သက်လာရင် ဘာသာတရားနဲ့တောင် ရောထွေးမသွားဘူးလို့ သိသာစေပါတယ်။ ကလေးဘ၀ကတည်းကစပြီး အထက်တန်း၊ တက္ကသိုလ်ပညာအထိ သင်ကြားလာခဲ့ရတဲ့ မြန်မာစာသင်ရိုး စကားပြေ ကဗျာများဟာ ဆရာကြီးရဲ့ ပြဌာန်းချက်တွေဖြစ်တဲ့အတွက် အခုကျွန်တော်တို့ ရေး ဖတ် ပြော သင်နေတဲ့ မြန်မာစာတွေအားလုံးဟာ ဆရာကြီးပုံသွင်းပေးလိုက်တဲ့ လက်ရာမွန်စစ်စစ်ဖြစ်ပါတယ်။ မြန်မာစာပေသမိုင်းကို ပြုစုခဲ့ရုံတင်မကဘူး။ မှန်နန်းရာဇ၀င်တော်ကြီးကို အင်္ဂလိပ်လိုပြန်ပြီး မြန်မာနိုင်ငံသမိုင်းကော်မရှင်ဥက္ကဋ္ဌတောင် လုပ်သွားသေးတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် မြန်မာလူမျိုးပါလို့ ပြောရင် ဆရာကြီးဦးဖေမောင်တင်ဆိုတာ ဘယ်သူလဲလို့တော့ ကြားဖူးသင့်တယ် ထင်ပါတယ်။ (ခုခေတ် လှယဉ်ကျေးမယ်ကလေးတွေက ဒေါ်ခင်ကြည်နံမယ် မကြားဖူးသလို စာရေးဆရာ တော်တော်များများကလည်း ဆရာကြီးနံမယ်ပြောပြရင် ဘူကြီးတုန်း လို့ ပြန်မေးမယ့်သူ များပါတယ်။)
ဆရာကြီးရဲ့ အံ့ချီးမကုန်နိုင်တဲ့ အမူအကျင့်တွေထဲမှာ မှန်မှန်ကန်ကန် ရပ်တည်ခြင်းဆိုတာလည်း ပါပါတယ်။ မင်းပေါက်စိုးပေါက်ဇာတိကနေ နိုင်ငံရပ်ခြားမှာအထိ ထွန်းထွန်းပေါက်ပေါက် ပညာရဲရင့် ပွဲလည်တင့်ခဲ့သော်ငြား မြန်မာမူ မြန်မာစိတ်ကတော့ တစ်ရွေးသားမျှ လျော့မသွားပါဘူး။ အောက်စဖို့တက္ကသိုလ်က ဘီလစ် လို့ခေါ်တဲ့ ကျမ်းပြုပညာပါရဂူဘွဲ့ ရလာခဲ့ပေမယ့် ကျောင်းမှာ စာသင်ရတဲ့အခါ သူများတွေလို အနောက်တိုင်းဝတ်စုံမ၀တ်ပဲ ရင်ဖုံးတိုက်ပုံ၊ တောင်ရှည်ပုဆိုး၊ မောင့်ကျက်သရေခေါင်းပေါင်းကြီးနဲ့ သင်ပါသတဲ့။ သူနေတဲ့ အင်းစိန်ပေါက်တောကနေ ရန်ကုန်ကောလိပ်ကို လာတဲ့အခါ မော်တော်ဆိုင်ကယ်ကြီးနဲ့ တောင်ရှည်ကို ခါးတောင်းကျိုက်ပြီးလာတာတဲ့။ ရွဲ့များရွဲ့နေသလား အောင့်မေ့ရတယ်။ အင်္ဂလိပ်ကခန့်လို့ ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခဖြစ်နေပေမယ့် အရေးကြုံရင် အမြဲတမ်း မြန်မာကျောင်းသားတွေဘက်ကသာ ရပ်တည်လေ့ရှိတယ်လို့ ဆိုကြပါတယ်။ သူ့မှမခန့်ရင် မိုးကြိုးပစ်မှာကြောက်လို့ မဖြစ်မနေ ခန့်လိုက်ရတဲ့အဖြစ်ဟာ ပါမောက္ခရာထူးမှာတင် မဟုတ်ပါဘူး။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသပိတ်ကြီး ဖြစ်လာတဲ့အခါမှာ ကျောင်းသားထုတစ်ရပ်လုံးကို ကျေနပ်စေဖို့ ဆရာကြီးကို ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး ရာထူးကိုလည်း မဖြစ်မနေ ခန့်အပ်လိုက်ရပါတယ်။ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုနုတို့ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဆန်းတို့လို လူငယ်ကျောင်းသားများကတဘက်၊ အာဏာလက်ရှိ နယ်ချဲ့ အင်္ဂလိပ်အစိုးရကတဘက်အကြားမှာ ပညာရှင်ပီသစွာ ဘယ်ဘက်ကိုမှ မယိမ်းပဲ သမာသမတ်ကျကျ ကိုယ့်တာဝန်ကိုယ်ကျေအောင်ထမ်းသွားခဲ့တာ သမိုင်းမှတ်တမ်းတစ်ခုပါပဲ။ “သည်သူငယ်တွေကို အခါပေးလိုက်ရင်ဖြင့် နောင်အခါ မင်းဆရာဖြစ်ရချေသေးရဲ့” ဆိုတဲ့အစားထဲကမဟုတ်တာ အင်မတန် အံ့သြချီးကျူးစရာပါ။ ၀န်ထမ်းတစ်ယောက်အနေနဲ့ ရပ်တည်ချက်မှန်သလို မြန်မာလူမျိုးတစ်ယောက် အနေနဲ့လည်း မှန်မှန်ကန်ကန် ရပ်တည်ပြန်တာပါပဲ။ တို့ဗမာအစည်းအရုံးတို့ တို့ဗမာသတင်းစဉ်တွေကို ထောက်ပံ့လေ့ရှိပါသတဲ့။ လှေနံနှစ်ဘက်နင်းတာမျိုး မဟုတ်ပဲ အလုပ်တာဝန်နဲ့ နိုင်ငံရေးရပ်တည်ချက်ကိုလည်း ရောထွေးမပစ်ဘူးဆိုတာ သတိပြုမိစေချင်ပါတယ်။ အလုပ်ထဲက လုပ်ပိုင်ခွင့်တွေသုံးပြီး မဲဆွယ်သူတွေကို မြင်ဖူးရင် ဘယ်လောက်ကြည်ညိုစရာကောင်းသလဲ သဘောပေါက်နိုင်ပါလိမ့်မယ်။
အစောကပြောခဲ့တဲ့အတိုင်း လူဆိုတာ ကိုယ်နဲ့တူရာတူရာကိုသာ ကြည်ညိုလေးစား အထင်ကြီးလေ့ ရှိကြတယ်ဆိုတော့ သည်ကနေ့ခေတ်အခါမှာတော့ ဆရာကြီးလို ပညာရှိစစ်စစ်ကြီးတွေကို လူမိုက်မှ လူမိုက် လို့်ပဲ ထောပနာပြုကြပါလိမ့်မယ်။ ပညာကို ငွေကြေးနဲ့ အလဲအလှယ်မပြုတတ်သေးပါဘူး။ ဆရာကြီးရဲ့ပညာကိုလေးစားလို့ ယိုးဒယားဘုရင်က ရွှေဒင်္ဂါးပေါင်တစ်ထောင် ချီးမြှင့်တဲ့အခါ ကိုယ်ကျိုးအတွက်မသုံးပဲ ပါဠိကျမ်းစာအသင်းကို လှူဒါန်းလိုက်ပါသတဲ့။ ဘီအေအောင်လို့ မြို့အုပ်လုပ်ရအောင် အိမ်တိုင်ရာရောက် ရာထူးခန့်တာကိုတောင် မလုပ်နိုင်ပါဘူးငြင်းပြီး အထက်တန်းပြဆရာအလုပ်ကိုပဲ ၀င်ပါသတဲ့။ ပညာရပ်ဆိုင်ရာ ပါရဂူဖြစ်အောင် ကျားကုတ်ကျားခဲ ကြိုးစားလာခဲ့တာဟာ “သည်လိုဘွဲ့မျိုးနဲ့ ဆရာဝန်တွေ နိုင်ငံခြားမှာသွားလုပ်ရင် တစ်နာရီ ဘယ်လောက်ရသလဲ သိရဲ့လား” လို့ ပြောနိုင်ဖို့ မဟုတ်ပါဘူး။ ရာထူးမမက်သော်ငြား သူတပါးအစားထိုးလို့မရတဲ့ ပညာရှင်နေရာကို ထိုက်ထိုက်တန်တန် ရရှိလာတဲ့အခါ တိုင်းတပါးသားတို့က မတရားသဖြင့် တင်စီးအနိုင်ယူလာတဲ့အခါမှာလည်း ခေါင်းငုံ့ခံလေ့မရှိပါဘူး။ လန်ဒန်မြို့ မြန်မာကျောင်းသားအသင်းဥက္ကဋ္ဌနေရာအတွက် ဆာဟာဗေးအင်ဒါဆင်နဲ့ ယှဉ်ပြိုင်အရွေးခံခဲ့တဲ့အခါ ဆာဘွဲ့ရ အင်္ဂလိပ်သူကောင်းမျိုးကြီးက မရှက်မကြောက် မဲလိမ်ပြီး အနိုင်ယူလိုက်ပါသတဲ့။ (ဖြစ်မှဖြစ်ရလေကွယ်။ အဟတ် အဟတ်) သူ့နိုင်ငံမှာလည်းဖြစ်ပြန်၊ လက်အောက်ခံ နိုင်ငံသားတစ်ယောက်နဲ့ နန်းတော်က သူကောင်းပြုထားသူတစ်ဦး အကြားမှာ ဖြစ်လာတဲ့ကိစ္စဖြစ်သော်ငြား ဆရာကြီးက အလျှော့မပေးပဲ လန်ဒန်တရားရုံးတော်ထိ တက်ရောက်တိုင်ကြားပြီး အဆုံးအဖြတ်ခံယူကာ အနိုင်ရခဲ့ပါသတဲ့။ (သည်တခါမှာတော့ အံ့သြမိတာ ဆရာကြီးတင်မကတော့ဘူး။ လန်ဒန်တရားရုံးတော်လည်း ပါသွားပြီ။ နှစ်ဘက်စလုံး ရူးများနေကြသလား မသိနော်။ ဟိ ဟိ)
နောင်လာနောက်သား မြန်မာများအတွက် ပညာမျိုးစေ့တွေချခဲ့တဲ့တာဝန်ကိုလည်း ဆရာကြီးက မလစ်ဟင်းခဲ့ပြန်ဘူးဗျား။ ဆရာကြီးသိပ္ပံမောင်ဝ၊ ဆရာမင်းသုဝဏ်၊ ဆရာဇော်ဂျီတို့ဟာ သူ့တပည့်တွေပါတဲ့။ “မီးသွေးခဲမို့ မဲသကို မြန်မာသွေးမို့ ရဲသကို” လို့ ဆိုရမလောက် ဆရာကောင်းတပည့် ပန်းကောင်းပန်ခဲ့ကြတဲ့သူတွေမှာ ပညာအမွေတင်မကပါဘူး။ ဆရာကြီးဆီက ပညာရှင်စိတ်ဓါတ်နဲ့ ရပ်တည်ချက်တွေကိုလည်း ဆက်ခံခဲ့ကြပါတယ်။ နယ်ပိုင်ဝန်ထောက်မောင်လူအေးဟာ အင်္ဂလိပ်လက်ပါးစေသက်သက်မဟုတ်ပဲ ခေတ်စမ်းစာပေအရေးအသားနဲ့ မြန်မာတွေကို နားမျက်စိဖွင့်ပေးခဲ့ရင်း တာဝန်ကျေပွန်သူဝန်ထမ်းတစ်ဦးပီပီ တရားဥပဒေစိုးမိုးရေးကိုလည်း မှန်မှန်ကန်ကန်ဆောင်ရွက်ခဲ့တဲ့အတွက် ခေတ်ပျက်ချိန်မှာ ဓါးပြသတ်လို့ဆုံးရှာပါတယ်။ (အငြိုးနဲ့သတ်တယ်လို့ ပြောကြတာကိုး။ စာမတတ်တဲ့သူတွေက ပညာရှိမှန်းလည်း ဘယ်သိမလဲ။ အလိုလိုကို မုန်းနေဦးမလားမသိ) တော်လှန်ရေးကောင်စီအစိုးရတက်လာတဲ့အခါမှာ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဦးသာလှအပါအ၀င် မြန်မာဘာသာ၊ မြန်မာစာပေပါမောက္ခတွေဖြစ်ကြတဲ့ ဆရာကြီးမင်းသုဝဏ်တို့ ဆရာကြီးဦးအေးမောင်တို့ အားလုံး အလုပ်ထွက်စာတင်သွားကြတာဟာ သူတို့က ကွန်မြူနစ်တွေမို့လို့၊ ဦးနေ၀င်းအစိုးရကို မယုံကြည်လို့ဆိုတာမျိုး နိုင်ငံရေးသဘောမပါပဲ ပညာရှင်ဆိုတာ မလုပ်သင့်မလုပ်ထိုက်တာကို အတင်းအကြပ်စေခိုင်းလာလို့ရှိရင် ရာထူးစည်းစိမ်ကို စွန့်လွှတ်ဖို့ ၀န်မလေးဘူးဆိုတာ သဘောပေါက်အောင် တွေးတတ်ပါ့မလား မသိပါဘူး။ ဆရာကြီးကတော့ ဆရာကြီးပါပဲခင်ဗျ။ ပြည်ထဲအရေး ပေါက်နဲ့ကျေးမှာ ပဲ့ပြားရွှေကြူ လေယူရာမယိမ်းပဲ ကိုယ့်ပညာနဲ့ကိုယ် ပညာရေး အမျိုးသားရေးကိုသာ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တဲ့အတွက် အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ဖဆပလခေတ်၊ မဆလခေတ် ဘယ်ခေတ်မှာမဆို သူ့ကိုမှမဆည်းကပ်ရင် မိုးကြိုးပစ်တော့မလောက် အစိုးရတိုင်းက တလေးတစားမေတ္တာရပ်ခံပြီး တာဝန်တွေပေးယူရတဲ့အထိ ပညာအရာမှာ ပြိုင်ဘက်ကင်းခဲ့ပါတယ်။ စာပေစာတမ်း၊ ကျမ်းကြီးကျမ်းခိုင်၊ သမိုင်းအထောက်အထား သုတေသနလုပ်ငန်းတို့ကိုလည်း ညွှန်းလို့ဖွဲ့လို့မကုန်အောင် ပြုစုသင်ကြားပို့ချပေးသွားပါတယ်။ မြန်မာတို့ရဲ့ သမားစဉ် သမားဆက် ဆရာကာပြန် အာခေါင်လှံစူးပုံပြင်နဲ့ ဆရာစားတစ်ကွက်ချန်တဲ့ဓလေ့ဟာ ဆရာကြီးလက်ထက်မှာ စကားတစ်ခွန်းတည်းနဲ့ အမြစ်ပြတ်သွားပါတယ်။ “တပည့်ဆိုတာ ဆရာထက် တော်ရမယ်။ တပည့်က ဆရာ့ထက်ညံ့နေရင် လောကကြီးက တဆင့်ပြီးတဆင့် ကျဆင်းသွားမှာပေါ့။ တပည့်က ဆရာ့ထက် မတော်ရင် ဆရာညံ့လို့ပဲ။” တဲ့။ ပညာရေးလောကဆိုတာ ဆရာတွေ တပည့်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ “ပညာသမာ အာဘာနတ္ထိ ပညာနှင့်တူသောအလင်းရောင်သည်မရှိ” လို့ ကြွေးကြော်ထားတဲ့ ပညာ့ရပ်ဝန်းထဲမှာ ဆရာကြီးရဲ့ အဆုံးအမတွေကို ဆရာမွေးတပည့်မွေး မွေးကြတဲ့ ခေတ်ဆရာ ခေတ်တပည့်တွေ သဘောပေါက်နိုင်ပါ့မလား။ ဆရာကြီးရဲ့တန်ဖိုးကို အသိအမှတ်ပြုနိုင်ပါ့မလား။ သည်တခါ ဆရာစိုးရေးတဲ့စာက ရယ်လည်းမရယ်ရဘူး။ ဘယ်သူမှမကြားဖူးတဲ့ လူကြီးတစ်ယောက်အကြောင်းကို အမွှန်းတင်ပြီးရေးထားတယ်။ ပျင်းစရာကြီး လို့ အောင့်မေ့ကြမယ်ထင်တယ်နော်။ ပညာရှင်ဆိုတာ အာဏာရှင်၊ ဓနရှင်တွေအကြားမှာ ပြည်တန်ပတ္တမြားကို ရက်တက်ရည်နဲ့ လဲစားကြမယ့်သူတွေလား။ တဆိတ်လောက် ဆက်စဉ်းစားစေချင်ပါတယ်။ ဘ၀ဘ၀က အထုံပါလာတဲ့ စရိုက်စိတ်ထားကိုမှီလို့ သည်ဘ၀မှာ ဓနရှင်ဖြစ်ချင်တာလား။ အာဏာရှင်ဖြစ်ချင်တာလား။ ပညာရှင်ဖြစ်ချင်တာလားဆိုတာ ကိုယ့်ဘာသာသိအောင် အရင်လုပ်ကြပါဦး။ သီလရှင်ပဲ လုပ်တော့မယ်ဆိုရင်တော့ သဘောကွယ်။ အဘိတ်နေ့ကျ အိမ်ကြွခဲ့။ စာမရသေးရင် အောက်ကဟာ ကျက်ထား။
“ဘေးဘယာခပင်း ဝေးကွာရှင်း လွတ်ကင်းကြပါစေ။
ကိုးဆယ့်ခြောက်သွယ် အန္တရာယ် ကာကွယ်နိုင်ပါစေ။
စိန်ရွှေပတ္တမြား ဒီရေအလား တိုးပွားကြပါစေ။
မိမိကောင်းမှု အကြောင်းပြု တောင်းဆုပြည့်ပါစေ။” တဲ့။
(မှတ်ချက်။ ဆွမ်းဆန်မရမချင်း တစ်လုံးချင်း အသံရှည်ရှည်ဆွဲ၍ဆိုကာ ဆွမ်းဆန်ရသည်နှင့် နောက်ကကျားလိုက်သလို ဆောင့်ကြီးအောင့်ကြီး ပြီးအောင်ဆက်ဆိုပါ။)