အမေရိကန် တွေးခေါ်ရှင် ဟင်နရီဒေးဗစ်သောရိုး
MONDAY, 08 AUGUST 2011 00:00 ခင်မောင်စိုး
လူ့ အခွင့်အရေးဆိုတဲ့ စကားလုံးဟာ သည်နေ့မှာဖြင့် လူတိုင်းသုံးတဲ့ စကားလုံး တလုံး ဖြစ်နေပါပြီ။ ဒါပေမယ့် သည်စကားလုံး ပေါ်လာတာဟာ ကာလအားဖြင့် သိပ်မကြာသေးပါဘူး။ လူ့အခွင့်အရေးနဲ့တူတဲ့ အခွင့်အရေးတွေ နှစ်ပေါင်း ထောင်နဲ့ချီပြီး ရှိခဲ့ပေမယ့် လူ့အခွင့်အရေးဆိုတဲ့ ဝေါဟာရကို စတင်သုံးစွဲတာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာလောက်ကမှ ဖြစ်ပါတယ်။ သည်စကားလုံးကို စတင်သုံးစွဲခဲ့သူအဖြစ် အသတ်မှတ်ခံရတဲ့ သူကတော့ အမေရိကန်တွေးခေါ်ရှင်ကြီး ဟင်နရီဒေးဗစ်သောရိုးပါ။
ဆရာကြီးသောရိုးရဲ့ အတွေးအခေါ်တွေဟာ အမေရိကန်ပြည်ထောင်စုမှာသာမက ကမ္ဘာမှာပါ ယခုထက်တိုင် ဩဇာလွှမ်းနေဆဲဖြစ်သလို နိုင်ငံရေး လှုပ်ရှားနေသူတွေအနေနဲ့လည်း လေ့လာနေရဆဲဖြစ်ပါတယ်။
မြန်မာ့ နိုင်ငံရေး လောကမှာဆိုရင်လည်း ဆရာကြီးသောရိုးရဲ့ အယူအဆတရပ်ကြောင့် စစ်အစိုးရနဲ့ အတိုက်အခံ ခေါင်းဆောင်တွေအကြား တင်းမာမှုတွေ ဖြစ်ပွားခဲ့ရပါတယ်။ ၁၉၈၉ ဝန်းကျင်မှာ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များဖြစ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းတင် စသူများက နိုင်ငံရေးဆောင်ပုဒ်တခုကို ကိုင်စွဲပြီး စစ်အစိုးရကို စိန်ခေါ်ခဲ့တဲ့ ဖြစ်ရပ်မှာ ဆရာကြီးသောရိုးရဲ့ ကမ္ဘာကျော် အယူအဆကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ “မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ ဆောင်ပုဒ် ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်ကို ကြားရတဲ့အခါမှာ စစ်အစိုးရဟာ အလွန်ကြောက်ရွံ့တုန်လှုပ်သွားပြီး အတိုက်အခံခေါင်းဆောင်များကို ထောင်သွင်း အကျဉ်းချခဲ့ပါတယ်။ ဒီလိုနဲ့ပဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ် အကြိမ်ကြိမ်ကျခဲ့ရသလို သတင်းစာဆရာကြီး ဦးဝင်းတင်ဟာလည်း အကျဉ်းထောင်အတွင်းမှာ အနှစ်နှစ်ဆယ် နေထိုင်ခဲ့ရပါတယ်။
မတရားတဲ့ အမိန့်အာဏာတွေကို မလိုက်နာဘဲ အာခံဆန့်ကျင်ရေးဟာ နိုင်ငံသားတိုင်းရဲ့တာဝန်ဖြစ်တယ်လို့ ရေးသားဟောပြောခဲ့သူ ဆရာကြီး ဟင်နရီဒေးဗစ်သောရိုးကို ၁၈၁၇ ခုနှစ် ဇူလိုင် ၁၂ ရက်မှာ မွေးပါတယ်။ အမေရိကန် ပြည်ထောင်စု နယူးအင်္ဂလန်ဒေသ မက်ဆာချူးဆက်ပြည်နယ်အတွင်းက ကွန်ကော့မြို့မှာ မွေးဖွားပါတယ်။ သူ့မိဘများက သာမန်လူတန်းစားဖြစ်ပါတယ်။ သောရိုးဟာ ဟားဗဒ်တက္ကသိုလ်မှာ အသက် ၂၀ အရွယ်အထိ ပညာသင်ကြားခဲ့ပါတယ်။ နောက်တော့ မွေးရာဇာတိကို ပြန်လာပြီး အစ်ကိုဖြစ်သူနဲ့ စာသင်ကျောင်းထောင်ပါတယ်။ သူတို့ကျောင်းမှာ တခြားကျောင်းတွေနဲ့ မတူတဲ့ သင်ရိုးတွေ ပါရှိခဲ့တယ်လို့ ဆိုတယ်။ ဥပမာ တောအုပ်အတွင်းမှာ လမ်းလျှောက်တာမျိုး၊ ဈေးဆိုင်တွေကို သွားရောက်တာမျိုးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အစ်ကိုဖြစ်သူ သေဆုံးသွားတဲ့အတွက် စာသင်ကျောင်းဟာ ခဏနဲ့ပဲ ရပ်ဆိုင်းသွားခဲ့ပါတယ်။
နောက်တော့ သောရိုးဟာ တွေးခေါ်ပညာရှင်စာရေးဆရာကြီး အီမာဆင်နဲ့ သိကျွမ်းပြီး စာပေများ စတင်ရေးသားခဲ့ပါတယ်။ သေဆုံးသွားတဲ့အထိ သောရိုးဟာ စာရေးခဲ့တာဖြစ်တဲ့အတွက် အခုဆိုရင် သောရိုးလက်ရွေးစင်ပေါင်းချုပ်စာပေဟာ အတွဲ ၂၀ ကျော်ရှိပါတယ်။
သောရိုးဟာ အီမာဆင်နဲ့ ခင်မင်သိကျွမ်းရင်း အကျင့်သီလစိတ်ကို ဦးစားပေးတဲ့ အတွေးအခေါ်ကို လက်ခံခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း အလွန်ရိုးစင်းပြီး သဘာဝလောကကြီးနဲ့လိုက်လျောညီထွေ နေထိုင်တတ်ပါတယ်။ သူ့ဘဝဟာ များသောအားဖြင့် တောရပ်ဒေသမှာ တကိုယ်တည်း နေထိုင်ရင်း ကုန်လွန်ခဲ့တာ ဖြစ်ပါတယ်။ သူက ရိုးစင်းစွာ နေထိုင်ခြင်းသည်ပင် သဘာဝကျကျ နေထိုင်ခြင်း၊ ငြိမ်းချမ်းစွာ နေထိုင်ခြင်းလို့ ခံယူထားသူ ဖြစ်ပါတယ်။
သောရိုး ဆိုတဲ့လူဟာ ဘာ စီးပွားရေးအလုပ်ကိုမှ လုပ်တဲ့သူ မဟုတ်ဘူး။ အိမ်ထောင်လည်းမပြု၊ ဘုရားကျောင်းလည်းမသွား၊ မဲလည်းမထည့်၊ အခွန်လည်းမဆောင်၊ နောက်ပြီး အသားလည်း မစားသလို အရက်တို့ ဆေးလိပ်တို့လည်း မသုံးစွဲ၊ အမဲလိုက်တဲ့ အလုပ်မျိုးလည်း မလုပ်၊ သဘာဝကို ချစ်မြတ်နိုးတယ်၊ ရိုးစင်းတဲ့အတွေးအခေါ်ကို လက်ခံကျင့်သုံးသူဖြစ်တယ် စသဖြင့် သူ့မိတ်ဆွေကြီး အီမာဆင်က သုံးသပ်ပြောဆိုပါတယ်။
ဒါပေမယ့် သောရိုးဟာ အတွေးအခေါ်ထဲမှာ နစ်မျောနေတဲ့ သူမျိုး မဟုတ်ပါဘူး။ လေးနက်တဲ့ အတွေးအခေါ်ထဲမှာ နစ်မွန်းပြီး ပတ်ဝန်းကျင်ကို လျစ်လျူရှုတတ်တဲ့ တောမှီရသေ့မျိုး မဟုတ်ပါဘူး။ တွေးခေါ်ရှင် စစ်စစ်ဖြစ်ဖို့အတွက် ကိုယ့်အတွေးအခေါ်အတိုင်း ကျင့်ကြံနေထိုင်ပြရမှာ ဖြစ်သလို ဘဝပြဿနာတွေကိုလည်း လက်တွေ့ဖြေရှင်းပေးရမယ်လို့ ဆရာကြီးသောရိုးက ဆိုပါတယ်။
သည်လို လက်တွေ့ကျတဲ့ အတွေးအခေါ်တွေကတဆင့် နိုင်ငံရေးအာခံမှု (Civil Disobedience) ဆိုတဲ့ ကမ္ဘာကျော် နိုင်ငံရေးစာတမ်းကြီး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ သည်စာတမ်းကြီး ဖြစ်ပေါ်လာပုံကတော့ သည်လိုပါ။
ဆရာကြီး သောရိုးဟာ အသက် ၂၅ နှစ်အရွယ်ရောက်တော့ သူ့ဇာတိမြို့ရဲ့ အစွန်အဖျား တောအုပ်ကလေးထဲမှာ တကိုယ်တည်း နေထိုင်နေပါတယ်။ သဘာဝကို ချစ်မြတ်နိုးသူဖြစ်တဲ့အတိုင်း တောအုပ်ကလေးထဲမှာ နေရတာကို ပျော်မွေ့တဲ့သူပါ။ ဒီလို အေးအေးလူလူနေထိုင်ရင်း နောက်တနှစ်အကြာမှာ သူ့ဆီကို အစိုးရရဲ့ အကောက်ခွန် အရာရှိတယောက် ရောက်လာပါတယ်။ ဒီအကောက်ခွန်အရာရှိက သောရိုးထံကနေပြီး ခြောက်နှစ်စာ အခွန်အတုပ်ကို တောင်းပါတယ်။ ဆရာကြီးသောရိုးဟာ စီးပွားရေးသမားလည်း မဟုတ်သလို ပိုင်ဆိုင်မှုလည်း ဘာမှ မရှိတဲ့အတွက် အမြတ်ခွန်ရယ်လို့ ပေးဆောင်စရာ မရှိပေမယ့် အဲဒီတုန်းက ပေးရတဲ့ လူခွန်တမျိုးကိုတော့ ပေးစရာ ရှိနေပါတယ်။ ဒီလူခွန်ကို Poll Tax လို့ ခေါ်ပါတယ်။ မဲထည့်ခွင့်အတွက် ပေးရတဲ့ အခွန် ဖြစ်ပါတယ်။ ဒီအခွန်ကို ပေးတဲ့သူမှ မဲထည့်ခွင့်ရပြီး သည်အခွန်မပေးရင် မဲထည့်ခွင့် မရပါဘူး။
ဆရာကြီး သောရိုးက အုပ်ချုပ်နေတဲ့ အစိုးရကို သဘောမကျတဲ့သူ ဖြစ်ပါတယ်။ အဲဒီအချိန်က အမေရိကန်အစိုးရဟာ မက္ကဆီကိုနဲ့ စစ်ဖြစ်နေသလို ကျွန်ရောင်းကျွန်ဝယ် စနစ်ကိုလည်း လက်ခံနေတဲ့ အစိုးရပါ။ ဒါကို သောရိုးက လုံးဝ ဆန့်ကျင်ပါတယ်။ ဒါကြောင့် ဒီလိုအစိုးရအသက်ရှည်ရေးကို အထောက်အပံ့ဖြစ်စေမယ့် အကောက်ခွန်ကို လုံးဝ မပေးချင်ပါဘူး။ ပေးရမယ့် အကောက်ခွန်က ပြောပလောက်တာ မဟုတ်ပေမယ့် သူက မပေးဘူးလို့ အကောက်ခွန်အရာရှိကို ပြောလိုက်ပါတယ်။ အကောက်ခွန်အရာရှိက ဒါဆိုရင် ထောင်ထဲမှာ နေရလိမ့်မယ်ဆိုတော့ ဆရာကြီးသောရိုးက မဆိုင်းမတွဘဲ ထောင်ထဲကို ပို့ဖို့ ပြောပါတယ်။ ဒီလိုနဲ့ ဆရာကြီးသောရိုးဟာ အစိုးရကို အာခံမှုနဲ့ ထောင်ထဲ ရောက်သွားတာပါ။
ဒါပေမယ့် သူ့ရဲ့ အဒေါ်တယောက်က သူပေးဆောင်စရာရှိတဲ့ အခွန်ကို ပေးလိုက်တဲ့အတွက် ထောင်ထဲမှာ တညပဲ အိပ်လိုက်ရပြီး ပြန်ထွက်လာရပါတယ်။ ဒီဖြစ်ရပ်အပေါ်မှာ သူ့မိတ်ဆွေ အီမာဆင်နဲ့ သူဟာ သဘောထားချင်း ကွဲလွဲခဲ့ပါတယ်။ ဒီလောက် ငွေကလေးနဲ့ ထောင်ထဲဝင်တာကို အီမာဆင်က သဘောမကျပါဘူး။ တကယ့်ပြဿနာကိုလည်း မပြေလည်စေနိုင်ဘူးလို့ အီမာဆင်က ယူဆပါတယ်။ ဒါပေမယ့် သောရိုးကတော့ အစိုးရရဲ့ မတရားမှုတွေနဲ့ မှားယွင်းမှုတွေကို ရဲရဲဝံ့ဝံ့အာခံဆန့်ကျင်ဖို့ အရေးဟာ နိုင်ငံသားကောင်း တယောက်ရဲ့ တာဝန်ပဲလို့ ခံယူပါတယ်။ ဒါကြောင့် အီမာဆင်က သူထောင်ကျတဲ့နေရာကိုလာပြီး သောရိုးရယ် မင်းဘာကြောင့် ထောင်ထဲဝင်ရတာတုန်းလို့ မေးတော့ သောရိုးကလည်း အီမာဆင် ခင်ဗျားကရော ဘာကြောင့် ထောင်ပြင်မှာ နေနေရတာတုန်းလို့ ပြန်ပြောခဲ့ပါတယ်။
ထောင်ထဲမှာ တညတာ နေလိုက်ရတာဟာ သောရိုးအတွက် နိုင်ငံရေးအယူအဆတရပ်ကို ဖော်ထုတ်ဖို့ တွန်းအားပေးလိုက်တာပါပဲ။ နောက် တနှစ်ကျော် နှစ်နှစ်နီးပါးအကြာမှာ အစိုးရနဲ့ ဆက်နွှယ်နေတဲ့ နိုင်ငံသားတို့ရဲ့ ရပိုင်ခွင့်နဲ့ တာဝန်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပွဲကို လုပ်ပါတယ်။ ဒီဟောပြောပွဲမှာ ပြောခဲ့တာတွေကို ပြင်ဆင်မွမ်းမံပြီး နိုင်ငံရေးအာခံမှု စာတမ်းကြီးကို ၁၈၄၉ ခုနှစ်မှာ ရေးသား ထုတ်ဝေခဲ့ပါတယ်။
ဒီစာတမ်းမှာ အစိုးရနဲ့ နိုင်ငံသားအကြားက ဆက်ဆံရေးအကြောင်း ရေးသားထားပါတယ်။ အကောင်းဆုံးအစိုးရဆိုသည်မှာ ထိန်းချုပ် ကွပ်ညှပ်မှု အနည်းဆုံး အစိုးရ ဖြစ်သည်လို့ သောရိုးက ဆိုပါတယ်။ အစိုးရက ထုတ်ပြန်တဲ့ အမိန့်တွေ ပြဋ္ဌာန်းတဲ့ ဥပဒေတွေဟာ အမှန်တရားကို ကိုယ်စားပြုတာ မဟုတ်ဘဲ အုပ်စိုးသူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့သာ အဓိက ဖြစ်တယ်။ ဒါကြောင့် အုပ်ချုပ်ခံ တိုင်းသူပြည်သားများအနေနဲ့ အစိုးရထုတ်ပြန်တဲ့ အမိန့်တိုင်း ဥပဒေတိုင်းကို လိုက်နာစရာမလိုဘူး။ လိုက်နာခြင်းဟာ ကိုယ့်ရဲ့ အကျင့်သီလစိတ်ကို အဆုံးရှုံးခံလိုက်ခြင်းဖြစ်တယ်။ အကျင့်သီလစိတ်ကို ဆုံးရှုံးသွားတာဟာ လူသား တယောက်အဖြစ်က ဆုံးရှုံးသွားခြင်းဖြစ်တယ်လို့ သောရိုးက ပြောပါတယ်။ ဒါကြောင့် အကျင့်သီလစိတ်ရှိတဲ့ လူသားတယောက်ဟာ မတရားတဲ့ ဥပဒေတွေကို ထုတ်ပြန်ပြီး သက်ဆိုးရှည်နေတဲ့ အစိုးရကို ရပ်တန့်သွားအောင် လုပ်ရမယ်။ အစိုးရဟာ စက်ယန္တရားတခုနဲ့ တူတယ်။ ဒီစက်ယန္တရားကို ရပ်တန့်အောင်လုပ်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်။ ဒီတာဝန်ဆိုတာက အစိုးရဆိုးများ ထုတ်ပြန်တဲ့ ဥပဒေတွေကို အာခံချိုးဖောက်ဖို့ပဲလို့ ပြောပါတယ်။
သောရိုးဟာ သူ့ဆီက အခွန်လာကောက်တဲ့ အစိုးရဝန်ထမ်းကိုလည်း အစိုးရကောင်းတရပ် ဖန်တီးဖို့ ဝန်ထမ်းများမှာ တာဝန်ရှိကြောင်း ရှင်းပြခဲ့ပါတယ်။ သူ့ဆီမှာ အခွန်လာကောက်တဲ့သူက သောရိုးဆီက အခွန်ကို မရတဲ့အခါ သူ ဘာဆက်လုပ်ရမလဲလို့ မေးပါတယ်။ သောရိုးက နိုင်ငံသားကောင်းတယောက်အနေနဲ့ အစိုးရဝန်ထမ်းအဖြစ်က နုတ်ထွက်ပစ်လိုက်ပါလို့ အကြံပေးလိုက်ပါတယ်။ အစိုးရ ဝန်ထမ်းအဖြစ်နဲ့ မတရားတဲ့ ဥပဒေတွေကို ပြည်သူတွေလိုက်နာအောင် လုပ်နေမယ့်အစား ဝန်ထမ်းဘဝက နုတ်ထွက် ပစ်လိုက်တာက လူသားရဲ့ ဂုဏ်သိက္ခာနဲ့ ပိုပြီးညီညွတ်တယ်လို့ ယူဆပါတယ်။
သောရိုး ကိုယ်တိုင် ထောင်ကျခံရဲခဲ့တာဟာ ဒီလို လူ့ဂုဏ်သိက္ခာကို ပဓာနထားတဲ့ အယူအဆကို ကိုင်စွဲပြီး ထောင်ကျခံခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ အယူအဆက သည်လိုပါ။ အစိုးရတွေဟာ ဘယ်လောက်အင်အားရှိတယ်ပြောပြော လူတယောက်ရဲ့ စိတ်ဓာတ်အင်အားကိုတော့ မယှဉ်နိုင်ဘူးတဲ့။ အစိုးရရဲ့ အင်အားဟာ ရုပ်ပိုင်းဆိုင်ရာ အင်အားသာဖြစ်ပြီး လူသားရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ စိတ်ဓာတ်အင်အားကို မထိပါးနိုင်ပါဘူးတဲ့။ လူသားတယောက်အနေနဲ့ အမှန်တရားကို ဦးစားပေးခြင်းအားဖြင့်သာ လွတ်လပ်မှုကို ရရှိမှာဖြစ်ပြီး အစိုးရကို ကြောက်လန့်တဲ့အတွက် မှားယွင်းတဲ့ ဥပဒေတွေကို လိုက်နာနေရင် လွတ်လပ်မှုက ဆုံးရှုံးသွားပြီး ကျေးကျွန်ဘဝသို့ ကျရောက်သွားပါ တယ်တဲ့။