Saturday, October 8, 2011

ချင်းပြည်နယ်မှ နတ်မတောင် အမျိုးသား ဘေးမဲ့ဥယျာဉ်သို့



ဧရာဝတီ အနောက်ဘက်မြစ်ကမ်းရဲ့ အတော်အလှမ်းဝေးရာမှာတိမ် တွေပေါ်ထီးထီးမြင့်တက်နေတဲ့ တောင်ထွတ် တခုရှိတယ်။ အဲဒီ တောင်ကတော့ တောင်ပိုင်းချင်းတောင်တန်းတွေထဲမှာ အမြင့်ဆုံး တောင်တစ်ခုပါ။ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးက နတ်မတောင်လို့ အသိများကြပါတယ်။ ပင်လယ်ရေ မျက်နှာပြင်ထက် ပေ(၁၀၀၀၀)ကျော်မြင့်တဲ့ နတ်မတောင်ဟာ အဲဒီ ဧရိယာတစ်ခွင်မှာ အမြင့်ဆုံးဖြစ်ပါတယ်။ ဗြိတိသျှကိုလိုနီနယ်ချဲ့တွေ အာဏာကြီးတဲ့ အချိန်က သူတို့ရဲ့ အင်္ဂလန်ဘုရင်မကြီးကို ဂုဏ်ပြုပြီး Mt.Victoria လို့ ခေါ်ခဲ့ကြတယ်။ ဒါပေမယ့် ချင်းဘာသာစကားနဲ့ ခေါ(န်)နုသွန် (မြေကမ္ဘာမိခင်နတ်သမီး)လို့ခေါ်ကြပါတယ်။ နတ်မတောင်အရိပ်ထဲ မှာ သေးငယ်ပေမယ့် စိတ်ဝင်စားဖို့ ကောင်းတဲ့ တောင်ပိုင်းချင်းပြည်နယ်ရဲ့ မြို့တော်မင်းတပ် ရှိပါတယ်။

မင်းတပ်ကို ပုဂံကတဆင့် ဖြတ်သွားလို့ရပါတယ်။ ပုဂံဧရာ ဆိပ်ကမ်း ကနေပြီး ဇက်နဲ့ ဖြတ်ကူးရင် တဖက်ကမ်းက ထောက်ရှာပင် ရောက်ပြီး မင်းတပ်ကို ကားနဲ့ ဆက်သွားရပါတယ်။ မြစ်ခြေကိုကျော် ဖြတ်ပြီးတာနဲ့ လမ်းဘေး တစ်လျှောက်မြင်ကွင်းတွေ ပြောင်းလဲသွား ပါပြီ။
 အပူပိုင်းခြောက်သွေ့ဇုန်ပတ်ဝန်းကျင်မှာ သစ်ရွက်ချွန်ချွန် လေးတွေနဲ့ ထနောင်းပင်တွေ။ ခြုံပုတ်သေးသေးလေးတွေ၊ ရှားစောင်း အပင်လေးတွေနဲ့၊ လေကပူပြီးခြောက်သွေ့လာတယ်။ ဒါပေမယ့် တောင်တက်လမ်းကို ဖြည်းဖြည်းချင်းပတ်တက်ပြီး ကျောက်တုကို ရောက်တာနဲ့ လေကအေးလာတယ်။ လမ်းဘေး တစ်လျှောက်မှာ မြေနိမ့် ဟင်းသီးဟင်းရွက်စိုက်ခင်းတွေနဲ့ တခြားသစ်ပင်စိမ်းစိမ်းလေးတွေ တွေ့ လာရပါတယ်။ နောက်ပြီး ခေါင်းပေါ်က အသံတစာစာနဲ့ဖြတ်သွား တဲ့ ကြက်တူရွေး မြီးရှည်လေးတွေရဲ့ အသံကိုကြားရတယ်။အဲဒီတော့ အခုမင်းတပ်ကို ရောက်ဖို့(၁၈)မိုင်ဘဲ လိုတော့တယ်။မင်းတပ်ကို ၀င်တာနဲ့ မြင်ကွင်းတွေကြည့်ရတာ မြေနိမ့်ဒေသနဲ့ မတူဘဲသိသိသာသာ ပြောင်းလဲ သွားတယ်။ တောင်စောင်းမှာ ကြပ်ညပ်နေအောင် ဆောက်ထားတဲ့ တဲအိမ် လေးတွေက တောင်ကမ်းပါးကို ကျောပေးထားပြီး မျက်နှာစာပိုင်းက လမ်းပေါ်ကို အစွန်းထွက်နေတယ်။
အဲဒီမှာ လူတွေမျိုးစုံ ရောက်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ မနက်ဖြန်က ချင်းပြည်နယ်နေ့ကို ဖေဖော်ဝါရီ (၂၀)ရက်နေ့မှာ နှစ်စဉ် ကျင်းပကြလေ့ရှိပါတယ်။ တကယ်ကို ထူးခြားတဲ့ ပွဲတစ်ပွဲပါ။ မင်းတပ်နဲ့ မတူပီ ပတ်ဝန်းကျင်မှာနေကြတဲ့ ချင်းမျိုးနယ်စု တွေ အားလုံးနီးပါး ဒီနေရာမှာ စုဝေးပြီး ချင်းပြည်နယ်နေ့ အခမ်းအနားကို ကျင်းပကြတယ်။ ဒီနေ့ အခမ်းအနားမှာ ချင်းရိုးရာကပွဲတွေ ၊ ချင်းယဉ်ကျေးမှု အနုပညာပြခန်းတွေ၊ ချင်းရိုးရာပန်းပုတွေ၊ ချင်းရိုးရာနပန်းပြိုင်ပွဲ၊ ဘောလုံးပွဲ အပါအ၀င် ကစားပွဲတွေ ကျင်းပလေ့ရှိပါတယ်။ ဒီနေ့မှာ အ ကောင်းဆုံး အခွင့်အရေးတစ်ခုကတော့ ချင်းတိုင်းရင်းသူတွေရဲ့ ရိုးရာပါးရဲ ဆေးမင်ကြောင်မျိုးစုံကို လေ့လာခွင့်ရခဲ့တာပါပဲ။ ဒီချင်းပြည်နယ်နေ့ ပွဲတော်ဟာ စဖွင့်လိုက်ပြီဆိုတာနဲ့ အကုန်လုံး လွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲခွင့်ရတဲ့ ပွဲတော် တစ်ခုပါ။

ချင်းတိုင်းရင်းသူတွေ သူတို့ရဲ့မျက်နှာမှာ ဘာကြောင့် ပါးရဲဆေးမင်ကြောင်ကို ထိုးရတာလဲဆိုတော့ အကြောင်းတွေက အမျိုးမျိုး ပြောနေကြတာပါပဲ။ တစ်ယောက်ကပြောတော့ ရှေးတုန်းက မိန်းမတွေကို ဓါးစာခံအဖြစ် ရန်သူတွေက ဖမ်းဆီးသွားတဲ့ အချိန်မှာ ကွဲကွဲ ပြားပြား မှတ်မိအောင်လို့တဲ့။ တချို့ရဲ့ အပြောအရ ရုပ်ဖျက်ထားကြတာဖြစ်ပြီး ပြန်ပေးဆွဲမခံရအောင် ရှောင်လွှဲနိုင်ဖို့ ဖြစ်သတဲ့။ ဒါပေမယ့် ဘယ်လိုပဲ ပြောကြပြောကြ ချင်းမျိုးနွယ်စု အမျိုးသမီးတွေကတော့ အဲဒီအလေ့အထ ရှိတုန်းပါပဲ။

မြန်မာနိုင်ငံနေရာအနှံ့အပြားက အမျိုးသမီးတွေ ရဲ့ ကြားမှာချင်းစောင် တွေက လူကြိုက်များပါတယ်။ အဲဒီစောင်တွေဟာ လက်ယက် ကန်းစင်တွေ နဲ့ရက်ထားပြီး ထူးခြားကွဲပြားတဲ့ချင်း ရိုးရာလက္ခဏာ အဆင်ဒီဇိုင်း ပုံစံတွေကို ပုံဖော်ထားပါတယ်။ ရှေးတုန်းကတော့ ကျေးလက်ချင်းအမျိုးသမီးတွေဟာ သစ်ပင်တွေကရတဲ့ သဘာဝ ဆိုးဆေးရောင်တွေကို အသုံးပြုပြီး ကိုယ်တိုင် ဗိုင်းငင်ထားတဲ့ ချည်ထည်တွေကို ၀တ်ဆင်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို ချင်းတောင်တန်းတွေက ရှာဖွေတွေ့ရှိခဲ့ပါ တယ်။ ဒါပေမယ့် အခုတော့ အဲဒီအလေ့အထနေရာမှာ အဆင်သင့် တင်သွင်းလာတဲ့ ဓာတုဗေဒ ဆိုးဆေးတွေနဲ့ ချည်ငင်စက်တွေက အစားထိုး နေရာယူလိုက်ပါပြီ။ ဘာပဲဖြစ်ဖြစ် မြန်မာလူမျိုးစု တော်တော်များများ ချင်းရိုးရာစောင်တွေကို အသုံးပြုနေကြပါတယ်။ တချို့ဆိုရင် နိုင်ငံရပ်ခြားထိ ထုတ်ကုန်အဖြစ်ဖြန့်ချိနေကြပါတယ်။ ဂျပန်နဲ့ ဥရောပတိုက်ကို အဓိကထား ပြီး ဖြန့်ချိတယ်လို့သိခဲ့ရပါတယ်။

နတ်မတောင်အမျိုးသားဥယျာဉ်ကလည်း မင်းတပ်အနီးမှာရှိပြီး သွား လည် သင့်တဲ့နေရာတစ်ခုပါ။ အဲဒီ ဥယျာဉ်ကို (၁၉၉၄)ခုနစ်ကတည်းက သစ်တောဌာနရဲ့ ဦးစီးမှုနဲ့ တည်ထောင်ခဲ့ပါတယ်။ စတုရန်းမိုင် (၂၇၉)မိုင်ကျယ်ဝန်းပါတယ်။ ဒါပေမယ့် အဲဒီအချိန်မတိုင်ခင်(၁၉၃၀)ခုနှစ် ကတည်းက ဒီနေရာကို လူသိများခဲ့ပါတယ်။ ဗြိတိသျှ ရုက္ခဗေဒ ပညာရှင် ဖရန့် (ခ်) ကင်းဒန်း ၀ပ်(သ်)ဟာ ဒီနေရာမှာ ရုက္ခဗေဒစူးစမ်းလေ့လာမှုနဲ့ ရှာဖွေစုဆောင်းတာတွေကို အချိန်ကြာကြီးလုပ်ခဲ့ပါတယ်။ သူ့ရဲ့ ပန်းပေါင်းစုံခွဲခြားလေ့လာမှုတွေကြောင့် အပင်မုဆိုးရဲ့ နိဗ္ဗာန်ဘုံ (Plant hunter's Paradise)ဆိုပြီးခေါ်ခဲ့ပါတယ်။ အဲဒီနာမည်နဲ့ပဲ ထုတ်တဲ့ စာအုပ်ဟာ အောင်မြင်ခဲ့သလို နတ်မတောင်ဝန်းကျင်သစ်တောတွေရဲ့ အကြောင်းကို ကမ္ဘာက စိတ်ဝင်စားစေခဲ့ပါတယ်။

ခရီးကြမ်းနှင်ပြီး တောင်တက်ဖို့ စိတ်အားထက်သန်သူတွေဆိုရင် နတ်မတောင်ကို ကန်ပက်လက်မြို့ဘက်ကရော မင်းတပ်မြို့ဘက်ကပါ နှစ်ဖက်စလုံးကတက်နိုင်ပါတယ်။ တကယ်လို့ တောင်တက်သမားတွေဟာ မင်းတပ်ဘက်က စတက်မယ်ဆိုရင် ချင်းချောင်းဘက်ကို ဦးတည်ပြီး ပေ(၂၀၀၀)လောက်လမ်းလျှောက်ရပါတယ်။ ပြီးတော့ ပေ(၄၀၀၀)အမြင့် မှာ ရှိတဲ့ “အေးစခန်း” ကို တက်ရပါတယ်။ အေးစခန်းမှာ အနားယူပြီး ဆက်တက်လိုက်ရင် နတ်မတောင်ထိပ်ကို ရောက်ပါပြီ။ နောက်တနည်းကတော့ တောင်ထိပ်ဆီကို လေးဘီးယက်မောင်းလို့ရတဲ့ ကားတက်ပြီး ထိပ်ဆုံးကိုရောက်ဖို့ မိနစ်(၃၀-၄၀)လောက်လမ်းဆက်လျှောက်ရပါတယ်။ နတ်မတောင်ထိပ်က မြင်ရတဲ့ ရှုခင်းတွေဟာ တကယ့်ကို ရင်သပ်ရှုမောဖွယ် ရှုမငြီးစရာပါ။ ရာသီဥတု သာတဲ့နေ့တွေဆိုရင် အရှေ့ဘက်ခပ်ဝေးဝေးမှာ ငွေရောင်လှိုင်း ကြက်ခွပ် တလက်လက်ထနေတဲ့ ဧရာဝတီမြစ်ကို မြင်ရမှာပါ။

ခရီးသွားဧည့်သည်တွေဟာ “အေးစခန်း” နဲ့လမ်းတစ်လျှောက် က ချင်းရွာတွေမှာ့ ပုံသဏ္ဍန် တိုင်မျိုးစုံကို တွေ့ရမှာပါ။ (အဲဒီတိုင်ကို ရိုးရာနတ်တိုင်လို့ခေါ်ပါတယ် ချင်းဘာသာစကားနဲ့ ပေါင်း (Poung)လို့ အသံထွက်ပါတယ်။) အဲဒီတိုင်တွေမှာ အရေးပါတဲ့လှုပ်ရှားမှု မှတ်တမ်းတွေနဲ့ မိသားစုဘ၀တွေရဲ့အမှတ်တရ နေ့ရက်တွေကို မှတ်တမ်း ရေးထိုးဖို့ပါ။ အိမ်တွေတိုင်း လိုလိုရဲ့ အထဲကိုဝင်ကြည့်လိုက်ရင် တိရစ္ဆာန်မျိုးစုံရဲ့ ဦးခေါင်းခွံတွေကို ဘုတ်ရိုက်ပြီးချိတ်ဆွဲထားတာကို တွေ့ရပါလိမ့်မယ်။ အဲဒီဘုတ်တွေကို အောင်မြင်မှုတံဆိပ်တွေလို့လဲ ခေါ်ကြပါတယ်။ ဒီဘုတ်တွေက အိမ်ပိုင်ရှင်ဟာအမဲလိုက်မုဆိုး ကောင်း တစ်ယောက်ဖြစ်ကြောင်း ရွာကိုဂုဏ်ယူဝင့်ကြားစွာ ကြေငြာထားတဲ့ အမှတ်သားတွေပါ။ ဘုတ်တွေပေါ်မှာ မျောက်တွေ ၊ငှက်တွေ နဲ့ တခြားတိရစ္ဆာန်မျိုးစုံရဲ့ ခေါင်းတွေကို ချိတ်ဆွဲထားပါတယ်။ တကယ်လို့ မုဆိုးတစ်ယောက် မမျော်လင့်ဘဲ တောထဲမှာ ၀က်ဝံတစ်ကောင်ကို ရုတ်တရက်တွေ့တယ်ဆိုရင် ဒါဟာ သူ့အတွက် အတိတ်ကောင်း နိမိတ် ကောင်း တစ်ခုလို့ ယုံကြည်ထားကြပါတယ်။

နတ်မတောင်သွားရာလမ်းတစ်လျှောက်နဲ့ အေးရွာမှာလည်း ပုံစံကွဲပြားတဲ့ ကျောက်ပြင်ချပ်တွေကို တွေ့ခဲ့ရပါတယ်။ အဲဒီကျောက်ပြင် ချပ်တွေရဲ့အောက်မှာ မြေအိုးတွေရှိပါတယ်။ ဒီကျောက်ပြင်ချပ်တွေဟာ ခန္ဓာကိုယ်က ထွက်ခွာသွားတဲ့ ၀ိဥာဉ်တွေရဲ့ နေအိမ်လို့ ယုံကြည်ကြပြီး မြေအိုးထဲမှာ သေဆုံးသူရဲ့ အရိုးတွေ၊ပြာတွေကို ထည့်မြုပ်ထားပါတယ်။ နတ်မတောင်ဟာ တိရစ္ဆာန်မျိုးစုံ နေထိုင်တဲ့ နေရာတစ်ခုလို့လည်း ထင်ရှားကျော်ကြားပါတယ်။ နို့တိုက်သတ္တ၀ါမျိုးစုံ၊ တွားသွားသတ္တ၀ါမျိုးစုံ လိပ်ပြာမျိုးစုံနဲ့ ငှက်မျိုးပေါင်း(၁၅၀)ကျော်ဟာ နတ်မတောင်ကို သူတို့ရဲ့ ဇာတိရပ်မြေအဖြစ် သတ်မှတ်နေထိုင်နေကြပါတယ်။ အဲတိရစ္ဆာန်တွေထဲက ငှက်ပြာခြောက်ငှက်လေးတွေဟာ နတ်မတောင် ဥယျာဉ်ထဲမှာပဲ တွေ့နိုင်တဲ့ ငှက်မျိုးနွယ်တွေဖြစ်ပါတယ်။

နတ်မတောင်နဲ့ မင်းတပ်ကို သွားဖို့လွယ်ပါတယ်။ ပုဂံကနေပြီးကားနဲ့ နေ့တစ်ဝက်လောက်သွားလိုက်ရင် ကျောက်တုကိုရောက်ပါပြီ။ ကန်ပက်လက် နဲ့ မင်းတပ်မှာ အဆင်ပြေပြေနေလို့ရမယ့် နေရာတွေ အများကြီးပါ မင်းတပ် ကနေ တဆင့် နတ်မတောင်ကို သွားဖြစ်အောင်သွားစေချင်တယ်။