ဗုဒ္ဓဝင်တွင်ပါဝင်သော
ဇာတ် လိုက်ကြီးတစ်ယောက်ဖြစ်သည့် အဇာတသတ်ကို မသိသူ ခပ်ရှားရှားပင်။
ပညာမဲ့သော သီလမပြည်စုံ သောသူကို ဆရာတင်မိ၍ အချိန် နှောင်းမှ ရသော
နောင်တများနှင့် ငရဲ သို့သွားရသူ၏ ဖြစ်ရပ်ကို သင်ခန်း စာယူသင့်ကြပေသည်။
လူသား တိုင်းတွင် ဆရာရှိကြသည်။ လက်ဦး ဆရာများသည် မိခင်၊
ဖခင်တို့ဖြစ်ကြသလို ဆရာများ၏ ကျေးဇူးမှာလည်း လွန်စွာကြီးမားလှ သည်။
ထိုဆရာတို့၏ အနန္တဂုဏ်ကို အလွဲသုံးစားပြု၍ မသိနားမလည်၊ ဗဟုသုတမကြွယ် သည့်
လူများ အပေါ် အမြတ်ထုတ် ၍ ကြီးပွားနေ ကြသော ဆရာတု၊ ဆရာယောင်များ လောက၌
များစွာရှိပါသည်။ မိဘ တိုင်းက မိမိသားသမီးများကို ထို ကဲ့သို့
ဆရာအတုအယောင်များ လက်ထဲသို့ မအပ် မိစေရန် အလေး ဂရုပြုသင့်လှပါသည်။
ပူပန်ကြီးစွာ
ယခုခေတ်ကာလသည် ပညာ ရေးနှင့် ပတ်သက်၍ ကျောင်းသား အရွယ်သား သမီးရှိသော မိဘတိုင်း၏ ရင်မောဖွယ်ကာလ များလည်းဖြစ်ပါ သည်။ ကျောင်းအပ်ချိန် မှစ၍ ကျောင်းတက်ချိန်၊ စာမေးပွဲဖြေချိန်၊ အောင်စာရင်းထွက်ချိန်ထိ မိဘများသည် ကြီးလေးသော တာဝန်နှင့် မိမိသား သမီးများ အပေါ် မျှော်လင့် ရ သောအချိန်များ ဖြစ်ပါသည်။ အောင်မြင်မှုများရပါမည်လားဟု စိတ်မောရသည်မှာလည်း မိဘတိုင်း ၏ ဓမ္မတာပင်ဖြစ်ပေ သည်။ တက္က သိုလ်ဝင် တန်းကျောင်းသားရှိသော မိဘသည် ပို၍ပင်ဆိုးသေးသည်။ တစ်နှစ်ပတ်လုံး သောကမအေးနိုင် ဖြစ်ကြရသည်။ တက္ကသိုလ် ဝင်တန်း ဝင်ရောက်ဖြေ ဆိုမည့် ကျောင်းသား အတွက် နေ့စဉ်ပုံမှန် တက်နေရ သော အစိုးရကျောင်း၌ သာမကဘဲ ပြင်ပတွင်ဖွင့်လှစ်သင်ကြား နေသော ကျူရှင်ကျောင်း များသို့ သွားရောက် အပ်နှံကြကာ သားသမီးတိုးတက် ရေးအတွက် အစွမ်းကုန်ကြိုးစားကြ ပါသည်။ နာမည်ကြီးသော ကျူရှင် ထားလျှင် ပညာရေးကောင်းမှာ လား၊ နာမည်ကြီးကျူရှင်ဆရာတွေ ကို အိမ်ခေါ်ပြီးသင်လျှင်သူများ ထက်မိမိသားသမီး ပိုတော်မည် လား၊ နာမည်ကြီးဘော် ဒါပို့လိုက် လျှင်ရော ဂုဏ်ထူးတွေများစွာ ထွက်အောင်သင်ပေးမည်လားစသ ဖြင့် သားသမီးပညာရေးအတွက် ပူပန်ကြီးစွာ ကြိုး ပမ်းကြပါသည်။
ဒုသမ္မတ မိန့်ခွန်း
နိုင်ငံတော်မှလည်း မြန်မာနိုင်ငံ ပညာရေးကို နိုင်ငံတကာနှင့် ရင် ပေါင်တန်းနိုင်အောင် ရည်ရွယ် ချက်များထား၍ အကောင်အထည် ဖော်လျက် ရှိပါသည်။၂၅-၅-၂ဝ၁၁ နေ့ထုတ်သတင်းစာပါ ပညာ ရေးကဏ္ဍ အဆင့်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်း မောက်ခမ်း ပြောကြားခဲ့သော မိန့် ခွန်းမှာ ”ပုဂ္ဂလိကပညာရေး ဝန် ဆောင်မှုတွင် ကိုယ်ပိုင်ကျောင်းများ (ဘာသာရပ်ဆိုင်ရာ ကိုယ်ပိုင်သင် တန်းများဖြစ်သည့် ကျူရှင်များ)အတွက်သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်း ပြီး ဥပဒေနှင့်အညီ စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက် မည်ဖြစ်ကြောင်း၊ သို့သော် မိမိတို့ နိုင်ငံ၏ဘာသာ၊ ရိုးရာယဉ်ကျေးမှု ကို ထိခိုက်စေသော ပညာရေးဝန် ဆောင်မှုမျိုးမဖြစ်စေရန် ကြီးကြပ် သွား မှာဖြစ်ကြောင်း” ပြောကြားခဲ့ပါ သည်။ ပုဂ္ဂလိကပညာရေးကဏ္ဍနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်းဖြစ်ပါ သည်။ ပညာရေးဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးကလည်း ဥပဒေ များကို ပြည်ထောင်စုလွှတ်တော် သို့အဆိုပြုတင်သွင်းရန် ဆောင် ရွက်နေကြောင်း ပြောကြားသွားခဲ့ပါ သည်။ ဤသတင်းကို ဖတ်ပြီး ပုဂ္ဂလိ ကပညာရေးတွင် [ဘာသာရပ်ဆိုင် ရာကိုယ်ပိုင်ကျောင်း(ကျူရှင်)]များ ၏ရပ်တည်နေမှုနှင့် ကျူရှင်များနှင့် မကင်းနိုင် ကြသော ကျောင်းသား များ၊ ကျောင်းသားမိဘများကို ကျူ ရှင်များအကြောင်း တစေ့တစောင်း လေ့လာကြည့်မိစေဖို့ ဆန္ဒဖြင့် ဆောင်းပါးအသွင် တင်ပြ လိုက်ရပါသည်။
ငါးရာပင်မပြည့်
မိဘတိုင်း မိမိသားသမီးကို အ တော်ဆုံး အတတ်ဆုံးဖြစ်စေချင် ကြ သည်။ ကျောင်းသားအရွယ်လေး ဆိုသည်က အဆိုးအကောင်း သိပ် နားမလည် ပါ။ မိဘက အပ်နှံသော ကျောင်း၊ ကျူရှင်ကို တက်ကြရ သည်။ ပညာသင်ကြရသည်။ မိဘ များရွေးချယ်မှုမှား၍ ဘဝပျက်ရ သော ကလေးများ ကြုံဖူး ပါသည်။ မည်သည့်အရာမဆို အကောင်းအ ဆိုးဒွန်တွဲနေပေသည်။ ရွေးတတ်ဖို့ တော့လိုပေသည်။ တချို့ မိဘများ ကိုယ့်သားသမီးများ ကျူရှင်တက် ရလျှင် ပြီးရောဆိုသည့်သဘောနှင့် ကျူရှင်တက်လျှင် စာမေးပွဲအောင်မည်အထင်နှင့် နာမည်ကြီးဘော်ဒါ များသို့ ပို့နိုင်ရေး၊ လယ်ယာပေါင်၊ အိမ်ပေါင်နှင့်ပို့လိုက်ကြသည်။ မနိုင် ဝန်ကို ထမ်းကြသည်။ ငွေကြေး တတ်နိုင်သူအတွက် ကျူရှင်ကြေး၊ ဘော်ဒါကြေး ပူစရာမလိုသော် လည်း မိမိကလေးသူများလက်ထဲ အပ်ထားရသည့်အတွက် ပူပင်သော ကရှိတာချင်းတော့ မိဘတိုင်းပင်။ နာမည်ကြီးအောင် ကြော်ငြာလိမ် များဖြင့် ဆိုင်းဘုတ်ကြီးကြီးထောင် ကာ ကျောင်းသားမိဘများ ယုံ လောက်သော စကားလုံးများဖြင့် ဖွင့်လှစ်နေကြသော ကျူရှင်များ လည်းရှိသည်။ ‘ဂုဏ်ထူးရကျောင်း သား ထောင်နှင့်ချီ၍ မွေးထုတ်ပေး နေသော’ဆိုသည့် ကြော်ငြာနှင့် ဖွင့်လှစ်ထားသောကျူရှင်ကို သွား ရောက်လေ့လာ ကြည့်လျှင် ကျောင်းသူ/သားငါးရာပင်မပြည့်တတ်ပေ။
ရိုက်ရင်ကြိုက်မှာလား
တချို့မိဘများကလည်း ဆရာ များက ရိုက်၍ ဆုံးမလျှင် စာတတ် သည်ဟု မြင်ကြသည်။ ရိုက်ဆုံးမ သောကျူရှင်ကို ကြိုက်ကြသည်။ ရိုက်၍ ဆုံးမတိုင်းသာ စာတတ်မည် ဆိုလျှင် ကျွဲတွေ၊ နွားတွေ စာတတ် ကုန်ပေမည်။ ကျောင်းသားအား ရိုက်ဆုံးမသောဘော်ဒါတစ်ခု၏ ရည် ရွယ်ချက်ကို သိရသောအခါ ကျွန် တော်အံ့သြတုန်လှုပ်မိပါသည်။ ဘော်ဒါတွင် ကျောင်းသားငွေအ ကြေသွင်းပြီးပြီဆိုလျှင် ထွက်ပြေး လေကြိုက်လေဖြစ်ပါသည်။ ရိုက်လို့ ကျောင်းသားထွက်လျှင် ဘော်ဒါရှင် များအတွက် အမြတ်ချည်းသာဖြစ် သည်။ နည်းမျိုးစုံဖြင့်၊ အကြောင်း ပြချက်မျိုးစုံဖြင့် ရိုက်မည်။ ကျောင်း ထွက်သွားလျှင် သူတို့တာဝန်မရှိ။ စာမေးပွဲကြီးဖြေဖို့ သုံး၊ လေးလ အ လိုတွင် ထွက်ပြေးသောကျောင်း သားသည် ဘဝပျက်သည်ချည်း သာ။ ဘော်ဒါမှ ကျူရှင်ဆရာမှာ ငွေအပြည့်ရပြီးဖြစ်သည်။ ထိုသုံး၊ လေးလအတွက် ကျောင်းသားထိန်း စရာမလို၊ ငွေအသားတင်ရလိုက်သည်။ အနည်းငယ်သာကျန်သော ကျောင်းသားအောင်သွားတော့ နာ မည်ကြီးပြန်သည်။ ဒီလိုရိုက်သော ကျူရှင်မျိုး မိဘတွေ ကြိုက်ကြဦး မည်လား။
ညစ်ညမ်းကျူရှင်
နောက်တစ်မျိုး မရိုးအောင်ရှိ သေးသည်။ ဟာသပြက်လုံးများ သုံး၍ စာသင်သော ဆရာများနှင့် ဖွင့်လှစ်ထားသောဘော်ဒါ မျိုးတွင် ကျောင်းသား မထိန်းတတ်၊ စည်း ကမ်းကိုလည်း မတင်းကြပ်၊ တစ်လ တစ်ခါ ဘုရားပို့မည်၊ ချောင်းသာပို့ မည်ဆိုသည်များနှင့် ကြော်ငြာ သည်။ ကျောင်းသား များများဝင်ရေး အလေးထားသည်။ အပျော်အပါး နှင့် ဆွယ်တရားဟောသည်။တကယ်စာလိုချင်သော ကျောင်း သား/သူများ ထိုကဲ့သို့နေရာရောက် သွားသောအခါ …။ ပညာရေးဦး စားပေးသော၊ စာကိုအမှန်တကယ် တတ်ချင်သော၊ ဘဝရည်မှန်းချက် ကြီးသော ကလေးများသည် ဆရာ ရယ်စရာပြောသည်ကို လုံးဝမကြိုက် ပါ။ ချက်အောက်မှ မတက်လာ သော ညစ်ညမ်းပြက်လုံးများဖြင့် စာသင်နေသည့်ကျူရှင်ကို ရောက် လာသော၊ ကြိုက်၍ လာတက် သော လူမျိုးသည် အဘယ်ကဲ့သို့ ကျောင်းသားဖြစ်ပါမည်နည်း။ အတန်းချိန်ပြီးလျှင် ဆရာဘယ်လို စာသင်ကောင်းသည်ဟု မကြားရ။ ဆရာဘယ်လို ရယ်စရာပြောသည် ဆိုသော မှတ်ချက်များသာ ကြား ရသည်။ ထိုကဲ့သို့ ဘော်ဒါမျိုးတွင် ပင် စာမေးပွဲအကြိမ်ကြိမ် ကျကာ ရောက်လာသော နှစ်ချို့ကျောင်း သားများကို ဂိုက်ဆရာမလေးများ နှင့် ထိန်းခိုင်းထားသည်။ သမီးရည်း စားဖြစ်လေကြိုက်လေ၊ ကျူရှင်မှ မခွာနိုင်လျှင် ကျူရှင်လခပုံမှန်ရ မည်။ စာမေးပွဲနီးခါမှလူမြင်ကောင်း အောင်၊ ကြော်ငြာကောင်းအောင်၊ တက္ကသိုလ်မှ ပါမောက္ခဟောင်းများ၊ လက်ရှိသင်ကြားနေသော ပါမောက္ခ များမှဟောပြောပို့ချမည်ဆို၍ ဆရာ ကြီးများကိုဖိတ်ကာ ဟောပြောပွဲ လုပ်သည်။ တစ်နာရီ စာမျှ ဟောပြောပို့ချ ရုံဖြင့် တစ်နှစ်လုံးသင်ရ မည့်၊ ကျက်မှတ်ထားရမည့်စာများ ကိုရ၍ စာမေးပွဲဖြေဆိုနိုင်ပါမည်လား ဆိုသည်မှာ အထူးမေးစရာပင် မလိုပါ။
ဂုဏ်ထူးဝယ်သူ
နောက်ထပ်ကိုယ်တွေ့ဖြစ်ရပ် တစ်ခုကို တင်ပြချင်ပါသေးသည်။ ၂ဝဝ၃ ခုနှစ်လောက်ကဖြစ်သည်။ ကျွန်တော် ဟင်္သာတတက္ကသိုလ် တွင် တာဝန်ကျ စဉ်ကဖြစ်ပါသည်။ တက္ကသိုလ်ဝင်းထဲမှ ဝန်ထမ်းတစ် ဦး၏ မြေးဖြစ်သူ ကျောင်းသားလေး တစ်ယောက်၊ မိဘများက ချို့တဲ့ ၍ ကျူရှင် မထားနိုင်၊ ကျောင်းဝင်း ထဲမှ ဆရာ၊ ဆရာမများက ဝိုင်းဝန်း ကာ ပညာဒါနပြုလုပ်ပေးကြသည်။ စာကြိုးစားသောကလေးဖြစ်၍ဆရာ တိုင်းက ချစ်ကြသည်။ ဆရာများ အားလပ်ချိန် ရလျှင်ရသလို ထို ကလေးအား စာသင်ပေးကြသည်။ သင်ပေး ရကျိုးနပ်ပါသည်။ တက္က သိုလ်ဝင်တန်းအောင် စာရင်း ထွက် သည့်အခါ ထိုကလေးသည် ၅ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ မိဘနှင့် ဆရာများ ဝမ်းသာခဲ့ကြ သလို ကလေး ဆေးကျောင်း တက် ရန် ဆက်မထားနိုင်ဖြစ်နေ၍ မိဘများခမျာ ဝမ်းသာ ဝမ်းနည်းဖြစ်ခဲ့ သည်။ ထိုအကြောင်းကို သိ၍ပဲလား မပြောတတ်။ ကျူရှင်တစ်ခုမှ ဆရာ တစ်ယောက်သည် ကလေးအိမ်သို့ ရောက်လာခဲ့သည်။ ထိုဆရာက နာမည်ကြီး မြန်မာစာကျူရှင်ဆရာ ပေတည်း။ ကလေးဆီမှ မြန်မာစာ ဂုဏ်ထူးကို ငွေ ၅ သိန်းဖြင့် ဝယ် လိုကြောင်း၊ သူ၏ကျူရှင်တွင် ကြော်ငြာလိုကြောင်း ပြောခဲ့သည်။ ကလေးသည် မြန်မာစာဂုဏ်ထူး မှတ်ထက် သာလွန်၍ ဂုဏ်ထူးထွက် ခဲ့ခြင်းဖြစ်သည်။ သူ့ကို သင်ပေးခဲ့ သော စေတနာဆရာမှာ ထိုအချိန် ဟင်္သာတတက္ကသိုလ်၊ မြန်မာစာဌာန တွင် အမှုထမ်းခဲ့သူ စာရေးဆရာ မောင်သာချို (ခေါ်) ကထိကဆရာ ဦးညွန့်သောင်းပါ။ ကျောင်းသားမိဘ များမှာ ရိုးသားလွန်း၍ ဆရာ့ထံ ရောက်လာပြီး အကြောင်းစုံပြောပြ ကြပါသည်။ ဆရာချိုသည် ၄င်းတို့ မိသားစု၏ အခက်အခဲကို ကောင်း စွာသိရှိနားလည်မှုပေးနိုင်၍ ကလေး ဆေးကျောင်း ဆက်တက်နိုင်ရေး သည် အဓိက၊ ဆရာနာမည်ကြီးဖို့ မဟုတ်ဟုပြောကာခွင့်ပြုပေးခဲ့ သည်။
ဆရာအမည်ခံတွေ
ထိုကဲ့သို့နည်းဖြင့် လိမ်ညာ၍ ကြော်ငြာကြီးကြီးထောင်ထားသော ကျူရှင်မျိုးများစွာရှိပါလိမ့်ဦးမည်။ အချို့သော ကျူရှင်ကြော်ငြာများ တွင် ကျူရှင် ဆရာဘွဲ့ယူစဉ်က ပါမောက္ခနှင့် တွဲရိုက်ထားသော ဓာတ်ပုံကို လက်ကမ်းကြော်ငြာတွင် ထည့်၍ ကြော်ငြာသည်။ ပါမောက္ခ ကြီးနှင့် ရင်းနှီး သည်။ မေး ခွန်းရမည်။ အောင်ဖို့တာဝန်ယူသည် စသည် ဖြင့် မိဘများကို မက်လုံးပေးကြ သည်။ မိမိ၏ ဆရာသမားပါမောက္ခ ကြီးများ ကို စော်ကားခြင်းပင်ဖြစ် သည်။ ပါမောက္ခကြီးများမှာ ဘာမှ မသိရှာပါ…။ အလကားနေရင်း နာ မည်ပျက်၊ သိက္ခာကျရသည်။ ထို့ ထက်ဆိုးသော ဖြစ်ရပ်များရှိသေးသည်။ ကျူရှင်ဆရာမှာမိန်းမလည်း ရှိ၏။ သားသမီးများလည်း ရှိပါလျက် ဘော်ဒါနေကျောင်းသူကလေးများ ကို မတော်မတရား ကြံစည်ခြင်းသည် ဆရာဂုဏ်နှင့် မထိုက်တန် သော လူယုတ်မာများပင်ဖြစ်ကြ သည်။ ဆယ်ကျော်သက်အရွယ်ဆို သည်မှာ သစ်ရွက်ကလေးလှုပ်တာ ပင် စိတ်ကစား တတ်ကြပေရာ ကျွမ်းကျင်သော ကြောင်သူတော် များက အခွင့်အရေးကို လက်လွတ် မခံဘဲ သားသမီးချင်းမစာနာသော အပြုအမူ များ ပြုလုပ်ကြ သည်မှာ ရှက်စရာအလွန် ကောင်းလှပါ သည်။ တချို့ဆရာများကလည်း အရက်သောက်ပြီးစာသင်မှ ဈာန် ဝင်၍ သင်လို့ကောင်းသည်ဟု ကိုယ်ကြိုက် ၍ သောက်ခြင်းကိုပင် ဂုဏ်တစ်ခုကဲ့သို့ ထင်မှတ်နေ ပြန်သည်။ ကျောင်းသူ/သားတိုင်း မိမိဆရာကို အတုခိုးကြသည်။ အားကျကြသည်။ ဆရာဟူ သည် ရှေ့ ဆောင်လမ်းပြကောင်း၊ ခေါင်း ဆောင်ကောင်းတစ်ဦးဖြစ်ရမည်။ ဆရာကိုယ်တိုင် ကိုယ်ကျင့်သီလလုံ ခြုံမှ တပည့်များကို ဆုံးမသွန်သင် ရာတွင် ထိရောက်မှုရှိမည်ဖြစ်သည်။ ဆရာကောင်းတပည့် ပန်းကောင်း ပန်ဆိုသောစကားပုံမှာ ဆရာများ၏ အရေးပါပုံကို ထင်ဟပ်ပြထားသော စကားပုံဖြစ်ပါလျက် ဆရာဟုအမည် တပ်ထားသော အကျင့်ပျက်သူတ ချို့ကြောင့် နောက်လိုက်တပည့်များ ဘဝပျက်ကြရသည်။
ဆရာစစ်၊ ဆရာမှန်များ
နည်းမျိုးစုံသုံး၍ လိမ်လည်နေ သော ဆရာများရှိသကဲ့သို့ ကျောင်းသားများကို မိမိသားသမီးသဖွယ် စေတနာထားစောင့်ရှောက်ပြီး တာဝန် ယူပေးနေသော၊ အနစ်နာခံ ပညာသင်ပေးနေသော ဆရာစစ် ဆရာမှန်များ တည်ထောင်ထား သော ကျူရှင်ကျောင်းများ၊ ဘော်ဒါများလည်း ရှိပါသည်။ အမှန်တ ကယ်ငွေကြေးမတတ်နိုင်သူ၊ ပညာလိုလားသူများကို ဒါနအဖြစ်သင် ပေးသည်။ ဘော်ဒါကြေးဆိုလျှင် လည်း ၂ ကြိမ်မှ ၃ ကြိမ်အထိ ခွဲ ပြီးသွင်းစေသည်။ မိဘများမပြေလည်သေး၍ ငွေမပေးနိုင်သေးလျှင် လည်းကျောင်းမှ မထုတ်ပယ်ပဲ ၅ လ ၆ လထမင်းအလကားကျွေး ၍ စာသင်ပေးနေသော အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး တစ် ယောက် တည်ထောင်ထားသော ဘော်ဒါတစ်ခုဆိုလျှင် ကြော်ငြာ ဆိုင်းဘုတ် တင်စရာမလိုဘဲ လူ့ သတင်း လူချင်းဆောင်ကာ အောင် မြင်လျက်ရှိသည်။ ကျောင်းသားနှင့် မိဘများစိတ်ချမ်းသာရသည်။ ကုသိုလ်လည်းရ၊ ဝမ်းလည်းဝသော အလုပ်ပင်ဖြစ်သည်။ တစ်နှစ်ဆို သော အချိန်သည် ကျောင်းသား တစ်ယောက်အတွက် ပြန်၍ အစား ထိုးနိုင်ရန်မလွယ်ပါ။ အချိန်လည်းကုန်၊ ငွေလည်းကုန်ပြီးမှ ဘဝတွင် အထစ်အငေါ့များမဖြစ်စေလိုပါ။ ကလေးများအတွက် အတုယူမမှား စေလိုပါ။ လိမ်လည်ကြော်ငြာ၍ စီး ပွားဖြစ်နေသူများသည် အဟောင်း ကံလေးရှိနေတုန်းတော့ လုပ်တိုင်း ဖြစ်နေကြပါသည်။ အဟောင်းစား ကံတွေ ကုန်သွားသည့် အချိန် တွင် တော့ကျရှုံးကြမှာပဲဖြစ်ပါသည်။ မိမိ ပြုလုပ်ထားသော ကောင်းကံ၊ ဆိုး ကံများသည် လေလိုပြာလို လွင့် မသွားဘဲ အကြောင်းတိုက်ဆိုင်ချိန် တွင် အကျိုးပေးမည်မှာ ဧကန်ဖြစ် ပါသည်။ မိဘများအနေနှင့် ကိုယ့် သားသမီးများကို ဆရာလိမ်များ လက်ထဲမပို့မိစေရန်နှင့် ငွေကုန်ခံပြီး အကုသိုလ် မဝယ်ယူဖြစ်ကြရန် အရေးကြီးပါသည်။ ဆရာကိုးကွယ် မှားသော ကလေးနောင်တရချိန် တွင် လူတောမတိုးဝံ့အောင် သိမ်ငယ်၍ ဘဝတွင်အရှုံးနှင့် ရင်ဆိုင်ရ ပါလိမ့်မည်။
အဇာတသတ်လက်သစ် မဖြစ်ရေး
တစ်မျိုးသားလုံး၏ ပညာရေး မြင့်မားစေရန်မှာ ကျောင်းသား/သူ များ၏ စိတ်ဓာတ်မြင့်မားရမည်။ ကိုယ့်အားကိုယ်ကိုးတတ်ရမည်။ ကိုယ်ကျင့် သီလကောင်းရမည်။ စာရိတ္တကောင်းရမည်။ စည်းကမ်းရှိ ရမည်။ အတွေးအခေါ်မှန်ကန်ရ မည်။ တွေးခေါ်နိုင်သော အလေ့ အထရှိရမည်။ ထိုသို့သော အချက် များကို နည်းလမ်းပြသူမှာ ဆရာစစ်၊ ဆရာမှန်၊ ဆရာကောင်းများဖြစ်ပါ သည်။ ကျောင်းသား/သူများ ကိုယ့် အား ကိုယ်ကိုးတတ်အောင် လေ့ ကျင့်ပျိုးထောင်ပေးရမည်မှာ ဆရာ များ၏တာဝန်ဖြစ်ပါသည်။ ဆရာ များကိုယ်တိုင်လည်း ကိုယ်ကျင့် တရားကောင်းသူ၊ စည်းကမ်းရှိသူ၊ တစ်ဖက်စွန်း ဝါဒသမားမဟုတ်သူ ဖြစ်ရပါမည်။ မိဘ၊ ကျောင်းသား၊ ဆရာနှင့် နိုင်ငံတော်တို့ ပူးပေါင်း ဆောင်ရွက်ပြီး တာဝန်ကျေမှသာပညာရေး သည် မြင့်မား လာမည် ဖြစ်ပါသည်။ မကြာမီ နိုင်ငံတော်မှ ပြဋ္ဌာန်းတော့မည့် ကိုယ်ပိုင်ပုဂ္ဂလိ ကကျောင်းများ၊ ဘော်ဒါများ၊ ကျူရှင်များနှင့် ပတ်သက်သည့် စည်းကမ်း ဥပဒေများသည် ယခု ဖော်ပြခဲ့သော ကျူရှင်လိမ်၊ ဆရာ လိမ်များကို တဖြည်းဖြည်းချင်းပ ပျောက်သွားအောင် ဆောင်ရွက်နိုင် ပါစေဟု ဆုတောင်း မိပါသည်။ ကျောင်းသားမိဘများနေဖြင့်လည်း အထူးသတိထားသင့်သည်မှာမိမိတို့ ဘက်မှငွေပေးလိုက်ရုံမျှဖြင့် တာဝန် ကျေပြီ ဟုမယူဆဘဲ သားသမီးများ အပေါ်ဖြစ်စေချင်သည့် အတ္တများကို ရှေ့တန်းမတင်ဘဲ၊ မိမိသားသမီးများ ဆရာရှာမှားသော အဇာတသတ် လက်သစ်များ မဖြစ်ကြစေ ရန် ရေး သားလိုက်ရပေသည်။
ဒေါက်တာ ကျော်သန်းမိုး
ရူပဗေဒဌာန ရန်ကုန်တက္ကသိုလ်
No comments:
Post a Comment