တစ်ခါတုန်းက
အာသောကမင်းကြီးဆီမှာ တိဿ ဆိုတဲ့ ညီတော် တစ်ပါးရှိတယ်။
တိဿမင်းသားဟာ တောလိုက်ဝါသနာပါတယ်။
အားတဲ့အခါတိုင်း သမင်တွေကို လေးမြှားနဲ့တောကစားထွက်လေ့ရှိတယ်။
မင်းကြီးက ဘာသာတရားကိုင်းရှိုင်းသူဖြစ်တာမို့ ညီတော်ကို တောကစားထွက်တာကို
မကြိုက်ဘူး။ တားမြစ်ပေမယ့် ညီတော်က လိုက်နာလေ့မရှိဘူး။
တစ်နေ့တော့ မင်းကြီးဟာ နန်းတော်မှာ သံဃာတွေကို ဆွမ်းကပ်တော်မူတယ်။
ညီတော်က သံဃာတွေကို မတွေ့ချင်တဲ့အတွက် တောကစားထွက်သွားပါတယ်။
မင်းကြီးက ညီတော်ကို မတွေ့လို့လိုက်ရှာတယ်။
နောက်မှ တောကစားထွက်သွားကြောင်းသိရတယ်။
ညီတော်တိဿပြန်လာတဲ့အခါ
မင်းကြီးက " ညီတော်တိဿရယ်...
သံဃာတွေ ဆွမ်းကပ်ချိန်မှာ ကုသိုလ်ရေးအတွက်
ညီတော်ကို အနားမှာရှိစေချင်တယ်။
တောကစားထွက်တာကို နောက်မှလည်းလုပ်လို့ရရက်သားနဲ့ညီတော်ရယ်"
မင်းသားတိဿက
" နောင်တော်မင်းကြီး၊ သံဃာတွေဟာ စားကောင်းသောက်ဖွယ်တွေကို စားပြီး
မြက်နုတွေကို စားနေတဲ့သမင်တွေလို အားလုံးကိုမေ့လျော့နေသူတွေ ဖြစ်ကြတယ်
ညီတော် ကြည့်လို့မရဘူး၊ဒါကြောင့် အစီအစဉ်မရှိပဲ တောကစားထွက်သွားတာဖြစ်တယ်"လို့လျှောက်တင်ပါတယ်။
မင်းကြီးက ပြောမရတဲ့ညီတော်အတွက် အတော်စိတ်ရှုတ်ထွေးရပါတယ်။
တစ်နေ့တော့ မင်းကြီးက အမိန့်တော်တစ်ခုထုတ်ပြန်ပါတယ်။
"ညီတော်တိဿကို ခုနှစ်ရက်တိုင်တိုင် မင်းစည်းစိမ်ကိုခံစားစေ၊
ခုနှစ်ရက်ပြည့်တဲ့အခါ သတ်စေ"ဆိုတဲ့အမိန့်ပါ။
ညီတော်တိဿဟာ နန်းစည်းစိမ်ရချိန်မှာ
မပျော်နိုင်ပါဘူး။
ခုနှစ်ရက်ပြည့်တဲ့အခါ သေရတော့မယ်ဆိုတာကို သိနေတော့
ကောင်းကောင်းလည်း မစားနိုင်ပါဘူး။
ကောင်းကောင်းလည်း မအိပ်နိုင်ပါဘူး။
ကောင်းကောင်းလည်း မနေနိုင်ပါဘူး။
တစ်နေ့တစ်ခြားပိန်ခြုံးလာပါတယ်။
ခုနှစ်ရက်ပြည့်တဲ့အခါ
နောင်တော်မင်းကြီးက ညီတော်မင်းကြီးကိုတွေ့ပါတယ်။
နောင်တော်က " ညီတော်တိဿ...အစဉ်ပြေရဲ့လား၊ ကျန်းကျန်းမာမာရော ရှိရဲ့လား၊
မင်းစည်စိမ်ကိုခံစားရတာ နှစ်လိုဖွယ်ကောင်းရဲ့လား"လို့မေးတော်မူပါတယ်။
ဒီတော့ ညီတော်တိဿက
" နောင်တော်မင်းကြီး၊ သေရတော့မယ်ဆိုတာကို သိနေရတဲ့အတွက်
ကောင်းစွာမစားနိုင်၊မအိပ်နိုင်၊မပျော်နိုင်ပါ။
ဒါကြောင့် မင်းစည်စိမ်ဟာ ညီတော်အတွက်
ဘာအဓိပ္ပာယ်မှ မရှိသလိုခံစားရပါတယ်အရှင်ဘုရား"
" ညီတော်တိဿ၊
ရဟန်းသံဃာတွေဆိုတာ အမြဲတမ်းဖြစ်ခြင်း၊ပျက်ခြင်းကို နှလုံးသွင်းနေသူတွေဖြစ်တယ်၊
မမြဲခြင်းတရားကို အမြဲတမ်းဆင်ချဉ်နေကြသူတွေဖြစ်တယ်။
ရုပ်ခန္ဓာအတွက် ဆွမ်းကို ဘုန်းပေးကြပေမယ့်
အဲဒီဆွမ်းနဲ့ရုပ်ဝတ္ထုတွေကို မက်မောသူတွေမဟုတ်ကြဘူး။
မြတ်ဘုရားရဲ့တရားတော်တွေကို
သတိတရားလိုက်ကိုင်ထားပြီး ဖြန့်ဝေသူတွေဖြစ်ကြတယ်။
သေခြင်းတရားကို အမြဲတမ်းနှလုံးသွင်းနေသူ ရဟန်းသံဃာတွေဟာ
မြက်နုတွေကိုစားနေတဲ့သမင်တွေလို မဟုတ်ပါဘူး။
ဒါကို ညီတော်ကို ပြောပြပေမယ့် ညီတော်ကနားမလည်နိုင်ဘူး၊
ဒါကြောင့် ညီတော်အတွက် ကိုယ်ချင်းစာနိုင်တဲ့အမိန့်ကိုထုတ်ပြီး
သိအောင်လုပ်လိုက်တာပဲ။
ညီတော်ကို နောင်တော်မသတ်ရက်ပါဘူး။
သေဒဏ်အမိန့်ကိုပြန်ရုတ်သိမ်းပါတယ်"
မင်းစည်စိမ် ခုနှစ်ရက်ဟာ မင်းသားတိဿကို
ကြီးမားစွာတုန်လှုပ်စေပါတယ်။
သံဝေဂလည်းများစွာရသွားခဲ့ပါတယ်။
မင်းကြီးက
"ညီတော်မင်းသားအား
အိမ်ရှေ့စံမင်းသားအဖြစ် ဘိသိပ်ခံယူစေ"
လို့အမိန့်တော်ပြန်ပါတယ်။
ညီတော်တိဿဟာ
အိမ်ရှေ့စံမင်းသားအဖြစ်ကို ငြင်းပါတယ်။
နောင်တော်မင်းကြီးအတန်တန်တားမြစ်တဲ့ကြားက
ညီတော်တိဿဟာ ရဟန်းဘဝကို ခံယူပြီးတောထွက်သွားပါတယ်။
တစ်သက်တာလုံးရဟန်းဘဝနဲ့ငြိမ်းချမ်းစွာတရားအားထုတ်သွားပါတယ်။

No comments:
Post a Comment