Tuesday, January 17, 2012

" စွမ်းရည်ကိုယ်စီ..."






တစ်ခါတုန်းက
ဘုရင်ကြီးတစ်ပါးမှာ အလွန်ချော၊အလွန်လှတဲ့သမီးတော်တစ်ပါးရှိတယ်။
အဲဒီဘုရင်ကြီးဟာ တစ်ဦးတည်းသောသမီးတော်ကိုလက်ထပ်ထိမ်းမြားပေးဖို့ဆုံးဖြတ်တယ်။
အတိုင်းတိုင်းအပြည်ပြည်က
အရွယ်ရောက်လူငယ်တွေကိုစုဝေးစေပြီး ဘုရင်ကြီးကကြော်ငြာတယ်။
“မိကျောင်းပေါတဲ့ ဟောဒီမြစ်ကိုဖြတ်ကူးနိုင်သူကို ငါ့သမီးတော်နဲ့ပေးစားမယ်”
လူတွေအားလုံးကမြစ်ကမ်းနဘေးမှာရပ်ပြီးစောင့်ကြည့်နေကြတယ်။
မြစ်ကမ်းနံဘေးမှာ လူငယ်တွေပြည့်ကြတ်လို့နေပါတယ်။
မင်းညီမင်းသားတွေကလည်း မိကျောင်းပေါတဲ့မြစ်ဖြစ်တာကြောင့်
ဖြတ်ကူးဖို့ဝန်လေးနေကြဟန်တူပါတယ်။
"ဘယ်သူများဖြတ်ကူးမလဲ"ဆိုတာကို
စိတ်ဝင်တစားစောင့်ကြည့်နေတဲ့အချိန်မှာ
“ဝုန်း”ဆိုတဲ့အသံကိုကြားလိုက်ရတယ်။
လူငယ်တစ်ယောက်ကမြစ်တစ်ဖက်ကမ်းကို
အမြန်ဆုံးနှုန်းနဲ့ရေကူးသွားတာကိုမြင်လိုက်ရတယ်။
မိကျောင်းတွေကလည်းလူငယ်နောက်ကိုလိုက်တယ်။
ဒါပေမယ့်မီလုမီခင်ဖြစ်နေတယ်။
အလွန်အသည်းယားစရာကောင်းတဲ့မြင်ကွင်းဖြစ်ပါတယ်။
လူငယ်ရဲ့ကူးနှုန်းကအလွန်မြန်နေတဲ့အတွက် မိကျောင်းတွေကမမီပါဘူး။
ဒါနဲ့ပဲလူငယ်လေးဟာ မြစ်တစ်ဖက်ကမ်းကို ရောက်သွားပါတယ်။
ဘုရင့်သမီးတော်က လူငယ်ကိုပန်းကုံးလာဆွတ်ပါတယ်။
“ ရှင်ဟာ တကယ်သတ္တိကောင်းတဲ့လူပဲ။
ရှင်နဲ့ကျမ မကြာခင်လက်ထပ်ရတော့မယ်”
လို့ပြောလိုက်ပါတယ်။
လူငယ်က မင်းသမီးကိုမတုန့်ပြန်နိုင်ပါ။
နောက်ဖက်ကိုလှည့်ပြီးအော်ပြောလိုက်တာက
“ ဟေ့…ငါ့ကိုရေထဲ ဘယ်သူတွန်းချတာလဲကွ”

+++++++++++++++++++++++
လူတိုင်းမှာ စွမ်းရည်ကိုယ်စီရှိနေပြီးသားပါ။
ကိုယ့်မှာ စွမ်းရည်သတ္တိတွေရှိတယ်ဆိုတာတောင်
အချို့က သတိမထားမိကြပါဘူး။
အချို့ကကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကိုတစ်ခါမှအသုံးမပြုဖူးတာကြောင့်
ဒီလိုစွမ်းရည်မျိုးရှိတယ်တောင်မသိပါဘူး။
ဒါပေမယ့် အခက်အခဲဖြစ်လာတဲ့အခါ
အဲဒီစွမ်းရည်တွေဟာ ဘယ်လိုက ဘယ်လိုထွက်လာမှန်းမသိပဲထွက်လာတတ်ပါတယ်။
နောက်ကကျားလိုက်ခံရတဲ့အခါ ဘယ်သူမှ လည်စင်းအသေမခံပါဘူး။
ကျားရဲ့ပြေးနှုန်းနဲ့ပိုပြီးမြန်တဲ့နှုန်းနဲ့ပြေးကြစမြဲပါပဲ။
ကျားမတက်နိုင်တဲ့အမြင့်ကိုလည်း လွှားကနဲပြေးတတ်နိုင်ကြပါတယ်။
ဒါဟာ ဘာကိုပြပါသလဲ။
ဒါကြောင့်အခက်အခဲဟာ ကိုယ့်ရဲ့အစွမ်းအစတွေထွက်ပေါ်လာဖို့အတွက်
စိန်ခေါ်မှုတစ်ရပ်လို့သဘောထားပြီး
ရှေ့တိုးရင်ဆိုင်သင့်ပါတယ်။
ဒီပုံပြင်က အဲဒီမထင်မှတ်တဲ့အကြောင်းတွေပေါ်ပေါက်လာချိန်မှာ
မထင်မှတ်တဲ့စွမ်းရည်တွေထွက်ပေါ်လာတဲ့လူငယ်တစ်ယောက်အကြောင်းဖြစ်ပါတယ်။
ဘာဘဲဖြစ်ဖြစ် ဘုရင့်သမီးတော်ကို လက်ထပ်ခွင့်ဆိုတဲ့အခွင့်အလမ်းကောင်းတစ်ရပ်
ကတော့ ရသွားတာပါပဲ။
လူတိုင်းမှာ စွမ်းရည်ကိုယ်စီရှိပြီးသားပါ။
ကိုယ့်ကိုယ်ကိုယ်ယုံကြည်လိုက်စမ်းပါ။
ကောင်းတဲ့နေရာမှာ စွမ်းရည်တွေကို အသုံးပြုလိုက်စမ်းပါ။


No comments: