Friday, February 24, 2012

23.02.2012 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Thursday, February 23, 2012 at 10:02am ·



အဖိနှိပ်ခံတွေ ဘဝမှန် ဖော်ထုတ်ဖို့ အင်မတန် စိတ်ထက်သန်ဆီးရီးယားကို နိုင်ငံတကာ ပြစ်တင်ရှုတ်ချ
သိက္ခာရှိ စစ်သတင်းထောက် မာရီ ကိုလ်ဗင်ကို သတ်မှု၊ အတိုက်အခံကို ဆက်လက် ချေမှုန်း နေမှုတွေ အတွက် ဆီးရီးယား အစိုးရကို အပြင်းအထန် ရှုတ်ချ နေကြပါတယ်။
အစိုးရ ထွက်ပေးသင့်ပြီလို့ ပြင်သစ် သမ္မတက ဆိုပါတယ်။
သူ့သမီးဟာ အဖိနှိပ်ခံ ပြည်သူတွေ ဘဝမှန်ကို ဖော်ထုတ်ဖို့ အင်မတန် စိတ်ဓာတ် ထက်သန် တယ်လို့ မာရီကိုလ်ဗင် အမေက ဆိုပါတယ်။
အစိုးရတပ်က ဟုမ်းစ်မြို့ကို ထပ်တဆင့်တိုးပြီး ပြင်းပြင်း ထန်ထန် တိုက်နေ ပြန်ပြီလို့လည်း သိရပါတယ်။
ကုလသမဂ် အတွင်းရေးမှူးချုပ် ကတော့ မြို့ထဲ အကူအညီ ပေးနိုင်အောင် လူမှုကူညီရေး အကြီးအကဲ လွှတ်မယ်လို့ ဆိုပါတယ်။






မူဘာရက် အမှု ဇွန်လဆုံးဖြတ်
မူဘာရက် အမှု စီရင်ချက် ချဖို့ ရက်သတ်မှတ်
အီဂျစ် သမ္မတဟောင်း ဟော့စနီ မူဘာရက် အမှုကို ၆ လ ကြာ စစ်ဆေးနေတဲ့ တရား သူကြီးက ဇွန်လ ၂ ရက်နေ့ကို စီရင်ချက် ချဖို့ ရက်သတ်မှတ် လိုက်ပါတယ်။
တရားခွင် အတွင်းမှာ မစ္စတာ မူဘာရက်ဟာ စကား သိပ်မပြောဘဲ ဗုဒ္ဓဟူးနေ့က တရားခံ ဘက်က နောက်ဆုံး လျှောက်လဲချိန် မှာလည်း ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။
သမ္မတဟောင်း၊ ပြည်ထဲရေး ဝန်ကြီးဟောင်း ဟာဘစ် အယ်လ် အဒ်လီနဲ့ လုံခြုံရေး အရာရှိ ကြီးဟောင်း ၆ ယောက် ကို မနှစ် ဆန္ဒပြပွဲများ အတွင်းက လူ ရာချီ သေဆုံးခဲ့ရမှုတွေ အတွက် တာဝန်ရှိတယ်လို့ စွပ်စွဲ ထားပါတယ်။




တိုက်ခိုက်မှု ကြား သေဆုံး ခဲ့ကြရတဲ့ စစ် သတင်း ထောက် မာရီ ကော်လ်ဗင် (ဝဲ) နဲ့ ဓါတ်ပုံ သတင်း ထောက် ရမ်မီ အော့ခ်ျလစ်(ယာ)ဆီးရီးယားမှာ သတင်းထောက် နှစ်ယောက် သေဆုံး
 ဆီးရီးယား နိုင်ငံ ဟုမ်းမ် မြို့မှာ အစိုးရ စစ်တပ် ရဲ့ ဗုံးကြဲ တိုက်ခိုက်မှု အတွင်း အနောက်တိုင်း သတင်းထောက် နှစ်ယောက် သေဆုံး ခဲ့ရ ပါတယ်။
ဟုမ်းမ် မြို့မှာ အစိုးရ တပ်ဖွဲ့တွေ ဗုံးကျဲတယ်လို့ စွပ်စွဲ ထားတဲ့ You Tube ဗီဒီယိုက ရယူထားတဲ့ ပုံရိပ်
အန္တရာယ် များလွန်းလှတဲ့ လက်နက်ကိုင် ပဋိပက္ခ ဇုံအတွင်း ကနေ သတင်းတွေ ပေးပို့ ခဲ့ကြရင်း သေဆုံး ခဲ့ကြတဲ့ သတင်းထောက်တွေ ကတော့ ဗြိတိန်နိုင်ငံထုတ် The Sunday Times သတင်းစာ ရဲ့ သတင်းထောက် အမျိုးသမီး အမေရိကန် လူမျိုး မာရီ ကော်လ်ဗင် Marie Colvin နဲ့ ရမ်မီ အော့ခ်ျလစ် Remi Ochlik တို့ပဲ ဖြစ် ပါတယ်။
သူတို့ နှစ်ယောက် စလုံးဟာ ကမ္ဘာအနှံ က စစ်ပွဲ ဖြစ်ရာ နေရာ တွေကို သွားရောက်ပြီး စစ်ကြောင့် ပေးဆပ်ရတဲ့ လူသား တန်ဖိုးတွေ အကြောင်း သတင်း ပေးပို့ နေကြ သူတွေပါ။
စစ် သတင်းထောက် မာရီ ကော်လ်ဗင်ဟာ အန္တရာယ် အလွန်များတဲ့ စစ်ပွဲ တွေ အတွင်း ကနေ သတင်းပို့ လာခဲ့တဲ့ လုပ်သက် နှစ် ပေါင်း ၃၀ လောက် ရှိခဲ့ပြီး သတင်း ထောက် အသိုင်းအဝိုင်းမှာ လည်း လူသိများ လှသူ အမျိုးသမီး ဖြစ်ပါတယ်။
The Sunday Times ရဲ့ နိုင်ငံခြား သတင်းထောက် ဖြစ်သူ မာရီ ကော်လ်ဗင်ဟာ အမေရိကန်မှာ မွေးဖွားသူ ဖြစ်ပေမဲ့ ဗြိတိန်မှာ အခြေချ နေထိုင် နေတာ ဖြစ်ပါတယ်။ သူ မကွယ်လွန်ခင် တစ်ရက် အင်္ဂါနေ့ ကတောင် ဟုမ်းမ် မြို့ မှာ ဆီးရီးယား အစိုးရ စစ်တပ် က အသည်းအသန် တိုက်ခိုက် နေပုံ ကို သူ သတင်းပို့ခဲ့ ပါသေးတယ်။
မနက် ၆ နာရီခွဲ ကတည်း က အမြောက်သံတွေ ကြား နေခဲ့ရတာ ခြောက်ခြား စရာ ကောင်းတယ်၊ အရပ်သားတွေ နေထိုင်တဲ့ နေရာထဲမှာ စက္ကန့် ၃၀ လောက် အတွင်း အမြောက် ဗုံးကွဲသံ ၁၄ သံတောင် ကြားခဲ့ရ တယ်လို့ ဘာဘာ အမာ အရပ် ကနေ သူ သတင်း ပို့ခဲ့တာပါ။
ဗုဒ္ဓဟူး နေ့က မာရီ ကော်လ်ဗင်နဲ့ ရမ်မီ အော့ခ်ျလစ်တို့ အပါအဝင် သတင်းထောက် တွေ ယာယီ တည်းခိုနေတဲ့ အဲဒီ ဘာဘာ အမာ အရပ် ထဲက အဆောင်အဦ တစ်ခု ကို အမြောက် ဗုံး မှန် ပြီး သူတို့ နှစ်ယောက် သေဆုံးခဲ့ရ ပါတယ်။
တိုက်ခိုက်မှုမှာ နောက်ထပ် နိုင်ငံခြားသား သတင်းထောက် သုံးယောက်လည်း ဒဏ်ရာရခဲ့ ကြတယ်လို့ ဆီးရီးယား အရေး လှုပ်ရှား တက်ကြွသူ တွေ ကပြောပါတယ်။
စစ်တပ်ဘက်က ဒုံးကျည် တွေ နဲ့လည်း အဲဒီ အဆောက် အဦ ကို ပစ်ခတ် ကြသေးတယ် လို့သိရ ပါတယ်။
မာရီ ကော်လ်ဗင် ဟာ ၂၀၀၁ ခုနှစ် တုန်း က သီရိ လင်္ကာ မြောက်ပိုင်း သူပုန် တွေ ထိန်းချုပ်ရာ နယ်မြေမှာ အလုပ်လုပ် နေတုန်း ဒဏ်ရာရ ခဲ့လို့ မျက်စေ့ တဘက် ဆုံးရှုံးခဲ့ ရပါ သေးတယ်။
ပဋိပက္ခတွေ အတွင်း သေဆုံး ခဲ့ကြရတဲ့ သတင်းထောက် တွေကို ဂုဏ်ပြု ကြတဲ့ အခမ်းအနား တစ်ခု ကို ၂၀၁၀ ခုနှစ်က ပြုလုပ်ခဲ့ရာမှာ မာရီ ကော်လ်ဗင်က စစ်ပွဲ တွင်း ကနေ သတင်း ပို့ရတဲ့ အလုပ်ဟာ အန္တရာယ်များလှ ပေမဲ့ စစ်ပွဲရဲ့ ရက်စက် ကြမ်းကြုတ်မှု တွေကို တိတိကျကျ၊ ဘက်လိုက်မှု ကင်းကင်း သတင်း ပို့ရမှာ က သတင်း သမား တွေရဲ့ တာဝန်ပဲ လို့ ပြောခဲ့ ပါတယ်
အခု သူ သေဆုံးပြီ ဆိုတဲ့ သတင်း ကြားတော့ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက အင်မတန် ၀မ်းနည်း ရကြောင်း ထုတ်ဖော် ပြောခဲ့ ပါတယ်။
မာရီ ကော်လ်ဗင်နဲ့ အတူ သေဆုံး သွားခဲ့သူ ရမ်မီ အော့ခ်ျလစ် ကတော့ ပြင်သစ် နိုင်ငံသား ဓာတ်ပုံ သတင်းထောက်ပါ။ သူက လည်း လက်နက်ကိုင် ပဋိပက္ခ နယ်မြေ တွေကို စွန့်စွန့် စားစား သွားပြီး သတင်း ယူခဲ့သူ ဖြစ်ပါတယ်။
ဓာတ်ပုံ သတင်းထောက် အလုပ် ကို ၂၀၀၄ ခုနှစ် က ဟေတီ နိုင်ငံက တိုက်ပွဲတွေ ကြားမှာ စတင် လုပ်ခဲ့ တာ ဖြစ်ပါတယ်။
အကြမ်း ဖက်မှုတွေ များတဲ့ ၂၀၀၈ ခုနှစ် တုန်းက ကွန်ဂို ဒီမို ကရက်တစ် သမ္မတ နိုင်ငံမှာ စစ်ပွဲတွေ ကြား ဓာတ်ပုံ သတင်းထောက် လုပ်ခဲ့ ပါတယ်။
၂၀၁၁ ခုနှစ်က လစ်ဗျား စစ်ပွဲ ကို သူ ရောက်ခဲ့ သလို အဲဒီတုန်း က သူရိုက်ခဲ့ တဲ့ လစ်ဗျား သူပုန် တစ်ယောက်ရဲ့ ဓာတ်ပုံနဲ့ ၂၀၁၂ အတွက် World's Press Photo ပထမဆု ကို ပူပူ နွေးနွေး ဆွတ်ခူး ထားခဲ့သူ လည်း ဖြစ် ပါတယ်။





မြန်မာ HIV ဝေဒနာ ရှင်တွေ ဆေးရ ဖို့ ခက်
ဂလိုဘယ် ဖန် Global Fund အဖွဲ့က မြန်မာ နိုင်ငံကို ၁၁ ကြိမ်မြောက် ပေးမယ့် ရန်ပုံငွေ တွေကို မပေး တော့ဘဲ ရပ်ဆိုင်း လိုက်တဲ့ အတွက် ပြည်တွင်းက HIV ဗိုင်းရပ်စ် ကူးစက် နေကြသူ ဝေဒနာရှင် ၇ သောင်းလောက် ဆေးဝါး ရရှိရေး ခက်ခဲ နေတယ်လို့ နယ်စည်း မခြား ဆရာဝန်များ အဖွဲ့ MSF က ပြောပါတယ်။
လာမယ့် ၁ နှစ် ၂ နှစ်လောက် အချိန် အတွင်းမှာ ကုသမှု ပေးနိုင်တဲ့ အခြေအနေ လျော့နည်းသွား လိမ့်မယ်လို့ လည်း MSF က ခန့်မှန်း ပါတယ်။
အန်အယ်လ်ဒီ လူမှု အထောက်အကူပြု အဖွဲ့က စောင့်ရှောက်ထားတဲ့ HIV ကူးစက်နေသူ များ
မြန်မာ နိုင်ငံရဲ့ လူထု ကျန်းမာရေးမှာ အဓိကပြဿနာ တွေဖြစ်တဲ့ AIDS ရောဂါနဲ့ ဆေးယဉ် နေတဲ့ TB အဆုတ် ရောဂါတွေကို ကုသဖို့ က ရန်ပုံငွေ ရရှိဖို့ အရေး ကြီးတယ်လို့ နယ်သာလန် နိုင်ငံ MSF ရုံးက ဂျိုးဗီလီဗူ (Joe Billivea) က ပြောပါတယ်။
Global Fun အဖွဲ့ဟာ အရင်တုန်း ကတော့ မြန်မာ နိုင်ငံ ထဲမှာ ခရီး သွားလာခွင့် ကန့်သတ် ခံရတဲ့ အတွက် လုပ်ငန်းတွေကို လွတ်လွတ် လပ်လပ် မလုပ်နိုင်လို့ ဆိုပြီး ရန်ပုံငွေတွေ ဆက်မပေးဘဲ ရုပ်သိမ်းခဲ့ဖူး ပါတယ်။
အခု ပြဿနာ မှာမြန်မာ နိုင်ငံ တခုထဲ အတွက်သာ မဟုတ်ဘဲ Global Fund က ၁၁ ကြိမ်မြောက် ရန်ပုံငွေပေးအပ်ရေးမှာ အနောက်တိုင်း နိုင်ငံတွေ က ပေးထားတဲ့ ကတိ အတိုင်း ဆက်ပြီး ငွေမပေး နိုင်ကြတော့လို့ ရန်ပုံငွေ မရှိတော့ တာကြောင့် ဖြစ်တယ်လို့ ဂျိုးဗီလီဗူ က ပြောပါတယ်။
အနောက်နိုင်ငံ တွေက ရန်ပုံငွေ မပေး နိုင်တော့တာ ဘာကြောင့်လဲ ဆိုတာ မသိပေမဲ့ အခုချိန်မှာ မြန်မာနိုင်ငံ ဘက်က ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိလာပြီး လုပ်ငန်းတွေ လွတ်လွတ် လပ်လပ် ဆောင်ရွက်နိုင်တယ် ဆိုတာတော့ မြင်နေ ရတယ်လို့ လည်း သူက ပြောပါတယ်။
MSF ဟာ စီမံကိန်း ကြီးတွေ ချမှတ် ဆောင်ရွက် နေတုန်းဖြစ် ပြီး မြန်မာ နိုင်ငံက လူတွေ အနေနဲ့ MSF ဆီကနဲ့ တခြား အကူအညီပေးရေး အဖွဲ့ တွေဆီက အကူ အညီ တွေရဖို့ မျှော်လင့်နိုင် သေးတဲ့ အပြင် မြန်မာ အစိုးရ ဘက်ကလည်း ကုသရေးအပိုင်းမှာ ပိုလုပ် လာတဲ့အတွက် အဲဒီဘက် ကလည်း အကူအညီ တချို့ရနိုင် ပါတယ် လို့ ဂျိုးဗီလီဗူ က ပြောပါတယ်။
အခု သတင်းကို အလှူရှင်တွေ ဘက်က ကြားပြီး ပိုကူညီ လာကြဖို့ မျှော်လင့် ပါတယ် လို့လည်း MSF က ပြောပါတယ်။




အစိုးရ နဲ့ လွှတ်တော် အားပြိုင် နေပြီလား
ဗုဒ္ဓဟူးနေ့က ပြည်သူ့လွှတ်တော်မှာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ် ရေးမှူး ရွေးချယ်ရေး ဥပဒေ မူကြမ်းကို သမ္မတ တင်ပြချက်နဲ့ လွှတ်တော်က တင်ပြချက်ကို မဲခွဲရာမှာ လွှတ်တော်ဘက်က အနိုင်ရ သွားပါတယ်။
ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ် ရေးမှူး ရွေးချယ် ရာမှာ လျှို့ဝှက် မဲနဲ့ မလုပ်ဖို့ သမ္မတ ဦးသိန်းစိန် က တင်ပြခဲ့ပါတယ်။
သမ္မတဖက် ကတော့ မလိုလား အပ်တဲ့ အုပ်ချုပ်မှု ဖြစ်စဉ် တွေကနေ ကာကွယ် ပေးနိုင်တဲ့ အပြင် ငွေကြေး ကုန်ကျ မှု မရှိတဲ့ အတွက် ညှိနှိုင်း လုပ်ဆောင်ဖို့ ဆိုပြီး သမ္မတ က ပြောထား ပါတယ်။
ဒါပေမယ့် လွှတ်တော် မူကြမ်း ကော်မတီ ကတော့ လျှို့ဝှက်မဲနဲ့ ရွေးရမယ်လို့ ဆိုခဲ့ ပါတယ်။
အဲ့ဒီအချက် ၂ ချက်ကို ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲတော့ လွှတ်တော် မူကြမ်း ကော်မတီ က တင်ပြ ချက်က မဲ ၄၀ ကျော်နဲ့ အနိုင်ရ သွားတယ်လို့ အမျိုးသား လွှတ်တော် အမတ် ဦးဖုန်း မြင့်အောင် က ပြောပြ ပါတယ်။
တချိန် တည်းမှာပဲ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ဟာ ရန်ကုန် မြို့ကို ဗုဒ္ဓဟူး နေ့မှာ ရန်ကုန် တိုင်း အမတ်တွေ စီးပွားရေး သမားတွေ သတင်းထောက် တွေနဲ့ တွေ့ခဲ့ပြီး ဝန်ထမ်း လစာ တိုးပေး ကိစ္စကို ထပ်မံ ရှင်းလင်း ပြောကြား ပါတယ်။




ဧပြီ ရွေးကောက်ပွဲ လေ့လာသူ လက်ခံဖို့ စဉ်းစားမည်
ဧပြီ ရွေးကောက်ပွဲ အပြင်က လေ့လာ စောင့်ကြည်သူ ဝင်ခွင့် ပေးမပေး အစိုးရ စဉ်းစားမည်
မြန်မာ နိုင်ငံမှာ ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် အာဆီယံ နိုင်ငံတွေက လေ့လာ စောင့်ကြည့်သူတွေကို ဝင်ခွင့်ပြု မပြု စဉ်းစားမယ်လို့ သမ္မတ ဦးသိန်းစိန်က အာဆီယံ အတွင်းရေးမှုး ချုပ်ကို ပြောလိုက်ပါတယ်။
အာဆီယံအဖွဲ့က လွှတ်တဲ့လေ့လာ စောင့်ကြည့် သူ ဒါမှမဟုတ် အာဆီယံ နိုင်ငံတွေက စောင့် ကြည့်သူတွေ လာရောက်ခွင့် ပြုကောင်းပြု နိုင်တယ်လို့ ဦးသိန်းစိန်က မြန်မာ နိုင်ငံမှာ ရောက်နေတဲ့ အာဆီယံ အတွင်းရေးမှုးချုပ် ဆူရင် ပစ်စုဝမ်ကို ပြောလိုက်ပါတယ်။
ဒီလို ဝင်ခွင့်ပြုရင် မြန်မာ အစိုးရရဲ့ ပွင့်လင်းမြင်သာမှု ရှိပုံကို ကမ္ဘာကသိပြီး အရင်ကထက် အထင်ကြီး လေးစာလာစရာ ရှိတယ်လို့ ဆူရင် ပစ်စုဝမ်က ပြောပါတယ်။
ပထမအကြိမ် ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့တဲ့ အင်အယ်ဒီ ပါတီလည်း ဧပြီလ ကြား ဖြတ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။
အင်အယ်ဒီ နာယက ဦးတင်ဦးကတော့ လေ့လာ စောင့်ကြည့်သူတွေ လွှတ်ပေမယ့် ရွေး ကောက်ပွဲ တရား မျှတမှု ရှိမရှိကို စောင့်ကြည့် ရအုံးမယ်လို့ ပြောပါတယ်။




ဆားလင်းကြီး ကြေးနီ စီမံကိန်း အိမ်တွေရွှေ့ရ
မုံရွာ ဆားလင်းကြီး ကြေးနီ စီမံကိန်းကြောင့် ရွာတွေ အရွှေ့ခံရ
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ထဲမှာ န တောင်းတောင် ကြေးနီ စီမံကိန်း ဆောင် ရွက်ဖို့ အတွက် ရွာတွေကို ရွှေ့ခိုင်း ရာမှာ အိမ်ခြေ ၅၀ လောက် မပြောင်းဘဲ ကျန် နေတဲ့ ဝက်မှေး ရွာမှာ ခလေး သူငယ် တွေ ကျောင်းနေခွင့် မရဘဲ ဖြစ်နေတယ်လို့ ရွာသားတွေက ပြောပါတယ်။
အာဏာပိုင်တွေရဲ့ ဆန္ဒအတိုင်း ရွှေ့ပြောင်း မပေးတဲ့ ဝက်မှေး ရွာသားတွေရဲ့အပြော အရ သူတို့ရွာက ဘုန်းတော်ကြီး ကျောင်းကို ချိတ် ပိတ်ထားပြီး မူလတန်း ကျောင်းကိုလည်း အစိုးရက ပိတ်ပစ်တာကြောင့် ရွာမှာ ရှိတဲ့ ခလေးသူငယ်တွေ ကျောင်းနေခွင့် မရဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
အနီးအနားမှာ ရှိတဲ့ ညောင်ပင်ကြီး ရွာမှာ သွားပြီး ကျောင်းအပ်ဖို့ ကြိုးစားရာမှာလည်း ကျောင်းအုပ် ဆရာမကြီးက လက်မခံဘူးလို့ ကျေးရွာသူ တဦး ဖြစ်တဲ့ မသွဲ့သွဲ့ဝင်းက ပြောပါတယ်။
တကယ်တော့ အဲဒီရွာမှာ အိမ်ခြေ တရာကျော် ရှိတဲ့အနက် အိမ်ခြောက်ဆယ် လောက်ဟာ အစိုးရ ပြန်လည် နေရာ ချထားပေးတဲ့ ရွာသစ်ဆီကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကတည်းက ပြောင်းသွားခဲ့ပြီး ၄၈ အိမ်သာ ကျန်နေ ခဲ့တာ ဖြစ်ပါတယ်။
ရွာသားတွေဖက်ကတော့ နေရာသစ်ဟာ သူတို့အတွက် လုံးဝ အဆင်မပြေဘူးလို့ ပြောနေ ပါတယ်။
နတောင်းတောင် ကြေးနီ စီမံကိန်းကို တရုတ်နိုင်ငံက ဝမ်ပေါင် ကုမ္ပဏီနဲ့အတူ မြန်မာပြည်က ထူးကုမ္ပဏီနဲ့ ဦးပိုင် လီမိတက်တို့ ဖက်စပ် လုပ်ကိုင် နေတာလို့ ဆိုပါတယ်။
အဲဒီစီမံကိန်းအတွက် ဆားလင်းကြီး မြို့နယ်ထဲက ဝက်မှေး၊ ဆည်တဲ၊ ဇီးတောနဲ့ ကန်တော ကျေးရွာ လေးခုကို နေရာ ရွှေ့ပြောင်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီစီမံကိန်းအတွက် လယ်ယာမြေ ဧက ၇၀၀၀ ကျော်ကို သိမ်းထားပြီး သုံးနှစ်စာ သီးနှံ အတွက် လျော်ကြေး အဖြစ် မြေတဧကကို ငါးသိန်း သုံးသောင်းနှုန်းနဲ့ ပေးထားတယ်လို့ ရွာသားတွေက ပြောပါတယ်။
အဲဒီ မြေတွေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဆက်လက် အငြင်း ပွားနေတယ်လို့ ဆိုပါတယ်။
ရွာသားတွေဘက်က ဒီပြဿနာကို ဖြေရှင်းပေးဖို့ သမ္မတနဲ့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်တို့ဆီ စာတင်ထားပေမယ့် ထူးခြားမှု မရှိဘူးလို့ ပြောနေကြပါတယ်။




ကိုရမ်ကျမ်း မီးရှို့မှု အာဖဂန်မှာ ဆန္ဒပြ


မြောက်အတ္တလန်တိတ် စာချုပ် NATO အဖွဲ့ဝင် တပ်သား တွေ က ကိုရမ်ကျမ်း တွေကို မတော် တဆ မီးရှို့ ခဲ့တယ်လို့ နေတိုး ရဲ့ ပြောဆို တာကို မကျေနပ် ကြတဲ့ အတွက် အာဖဂန် နစ္စတန် နိုင်ငံသား ရာပေါင်း များစွာက ဆန္ဒပြ ခဲ့ကြ ပါတယ်။
ခါဘူ နဲ့ ခူနာ ပြည်နယ် တွေမှာ ဖြစ်ပွား ခဲ့တဲ့ ဆန္ဒ ပြပွဲမှာ လူ ၄ ဦး သေဆုံးပြီး ၂၀ ကျော် ဒါဏ်ရာ ရခဲ့ပါတယ်။
ဆန္ဒပြသူတွေက 'အမေရိကန် ကျဆုံးပါစေ' ဆိုပြီး ဟစ်ကြွေး ခဲ့ကြ သလို ပြတင်းပေါက် မှန်တွေကို ရိုက်ခွဲပြီး ကားတာယာ တွေကို မီးရှို့ခဲ့ ကြပါတယ်။
အာဖဂန် နစ္စတန် ပါလီမန် မှာလည်း နိုင်ငံရေး သမား တွေက မီးရှို့ ခံထား ရတဲ့ ကိုရမ်ကျမ်း တွေကို ပြပြီး အတော်ကို မကျေ မနပ် ဖြစ်နေ ကြပါတယ်။
ခါဘူ တောင်ပိုင်း ဘာကရန် အရပ် မှာ ရှိတဲ့ အမေရိကန် စစ် အခြေစိုက် စခန်းမှာ ဖြစ်ပွား ခဲ့တဲ့ ဒီကိစ္စ နဲ့ ပတ်သက်ပြီး မနေ့က အမေရိကန် အစိုးရက တောင်းပန် ထားပါတယ်။




ဆီးရီးယား အပစ်မရပ်သေး


ကြက်ခြေနီက အရေးပေါ် ကုသပေး
မြောက်ပိုင်းမှာ အစိုးရတပ်တွေ ပစ်ခတ်မှုကြောင့် လူ ၁ဝဝ ကျော် သေဆုံးခဲ့တယ်လို့ ဆီးရီးယား အတိုက်အခံတွေက ပြောပါတယ်။
ဟုမ်းစ်မြို့ကို အပြင်းအထန် ဗုံးကြဲချိန်မှာ အနည်းဆုံး ၄၅ ယောက် သေဆုံး ခဲ့ပါတယ်။ သမ္မတ အာဆတ် သစ္စာခံတပ်တွေ အီလစ်ဘ် ခရိုင်က ရွာတွေကို တိုက်ခိုက်ချိန်မှာ လူအသေအပြောက် ပိုများခဲ့ပါတယ်။
အီလစ်ဘ်က ထွက်လာတဲ့ ဗီဒီယို တခွေမှာတော့ ဆီးရီးယား တပ်သား ၅ဝဝ လောက် တပ်က ထွက်ပြေးလာပြီး သူပုန်နဲ့ ပူးပေါင်းတယ်လို့ ကြေညာပါတယ်။
ကြက်ခြေနီ အဖွဲ့ကတော့ ဆီးရီးယား အစိုးရနဲ့ သူပုန်တွေ အကြား အပစ်ရပ် ပေးဖို့၊ အဆိုးဆုံး ထိခိုက်ခံရတဲ့ နယ်မြေတွေကို ဆေးဝါး ထောက်ပံ့ခွင့် ပြုဖို့၊ အရပ်သားတွေ ထွက်ခွာခွင့် ပြုဖို့တွေ တောင်းဆို ခဲ့ပါတယ်။ 




ယီမင် ရွေးကောက်ပွဲ လူသေ
 ယီမင် ဒုသမ္မတ တယောက်ပဲ ဝင်ပြိုင်
ယီမင်မှာ သမ္မတ ရွေးကောက်ပွဲ အတွင်း အဓိကရုဏ်း တွေမှာ အနည်းဆုံး လူ ၉ ယောက် သေဆုံး ခဲ့ပါတယ်။ ၃၃ နှစ် အုပ်စိုးခဲ့တဲ့ သမ္မတ ဆာလေ နေရာ ဆက်ခံမယ့် သူကို ရွေးမှာ ဖြစ်ပါတယ် ။
ယီမင် တောင်ပိုင်း ခွဲထွက်ရေး သမားတွေက ရွေးကောက်ပွဲ သပိတ်မှောက်ဖို့ တောင်းဆိုမှုတွေ နောက်မှာ အဓိကရုဏ်းတွေ ဖြစ်ပွား ခဲ့တာပါ။
တောင်ပိုင်း မြို့တော် အေဒင်က မဲရုံတွေကို စောစောပိတ် ခိုင်းခဲ့ပါတယ်။ ယီမင် မြို့တော် ဆာနာမှာတော့ အေးအေးဆေးဆေး မဲပေးခဲ့ကြပါတယ်။
ယီမင် ဒုသမ္မတ အဘ် ရဘ်ဘူ ဟာဒီ တယောက်ပဲ ဝင်ပြိုင်နေတာပါ။
ယီမင် ရွေးကောက်ပွဲ အတွက် အားတက် မိတယ်လို့ အမေရိကန်က ပြောပါတယ်။




ယီမင်နိုင်ငံရဲ့ ဒုသမ္မတ အာဘတ် ရပ်ဘူ မန်စူးဝါး မဲပေး နေစဉ်ယီမင် မဲပေးရုံ ပစ်ခတ်မှု လူသေဆုံး
သမ္မတ အာလီ အဗ္ဗဒူလာ ဆာလေး (Ali Abdullah Saleh) ကို အစား ထိုးဖို့ လုပ်တဲ့ ယီမင် နိုင်ငံ ရွေးကောက်ပွဲရဲ့ မဲပေးရုံ နှစ်ရုံ မှာ အင်္ဂါနေ့က အကြမ်းဖက် မှုကြောင့် လူ အနည်းဆုံး ၆ဦး သေဆုံး ခဲ့ပါတယ်။
မဲပေးဖို့ ငြင်းဆိုပြီး ဆန္ဒပြတဲ့ ခွဲထွက်ရေး သမား တွေ ရှိရာ နိုင်ငံ တောင်ပိုင်းမှာ လုံခြုံရေး အဖွဲ့ ဝင်တွေနဲ့ သေနတ် သမား တွေ အပြန် အလှန် ပတ်ခတ် မှုတွေ အကြားမှာ အခုလို သေဆုံးမှု တွေ ဖြစ်ခဲ့တာပါ။
ယီမင်နိုင်ငံရဲ့ ဒုသမ္မတ အာဘတ် ရပ်ဘူ မန်စူးဝါး (Abd Rabbu Mansour) ဟာ တဦး တည်းသော ရွေးကောက်ပွဲ ၀င်တဲ့ သမ္မတလောင်းဖြစ်ပါတယ်။
၃၃ နှစ်ကြာ ယီမင် နိုင်ငံကို အုပ်ချုပ် ခဲ့တဲ့ သမ္မတ ဆာလေး (Saleh) က သူ့ရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင် ဆန္ဒပြ မှုတွေ လပေါင်း များစွာ ဖြစ်ခဲ့တဲ့ နောက်ပိုင်းမှာ ရာထူး ကနေ နုတ်ထွက်ဖို့ သဘောတူ ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ တုန်းက ယီမင် ပါလီမန်က သမ္မတ ဆာလေး ကို တရား စွဲဆို ခံရမှု ကနေ လွတ်ငြိမ်း ချမ်းသာခွင့် ပေးပြီးတဲ့ နောက်ပိုင်း သူဟာ အခု အမေရိကန် နိုင်ငံမှာ ဆေးကုသမှု ခံယူ နေပါတယ်။

ထိုင်းဗုံးကွဲမှု အီရန် ၃ ဦးကို ဖမ်းဆီးထား
By ဗွှီအိုအေ မြန်မာပိုင်း | ၀ါရှင်တန် ဒီစီ
ဒီသတင်းပတ်အတွင်းက ဘန်ကောက်မှာ ပေါက်ကွဲမှုတွေဖြစ်တာနဲ့ဆက်နွယ်ပြီး အီရန်အမျိုးသားသုံးဦးကို ဖမ်းဆီးလိုက်တယ်လို့ ထို်င်းအာဏာပိုင်တွေက ပြောပါတယ်။ ဒီအဖြစ်အပျက်ဟာ ကမ္ဘာအ၀ှမ်းက အစ္စရေးသံတမန်တွေကို လုပ်ကြံဖို့ အီရန်ဖက်က အစီအစဉ် တစိတ်တပိုင်းဖြစ်တယ်လို့ အစ္စရေးဖက်က စွတ်စွဲထားပါတယ်။
တတိယမြောက် သင်္ကာမကင်းဖြစ်ခံရသူ အီရန်အမျိုးသားကိုတော့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ နိုင်ငံတကာလေဆိပ်မှာ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ကျန်နှစ်ဦးကိုတော့ အင်္ဂါနေ့ ပေါက်ကွဲမှု ဘန်ကောက်မှာ ဖြစ်ပြီးပြီးချင်းပဲ၊ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အဲဒီ ပေါက်ကွဲမှုမှာတော့ အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အစ္စရေးကတော့ ဘန်ကောက်မြို့က ပေါက်ကွဲမှုအပါအ၀င် အိန္ဒိယနဲ့ ဂျော်ဂျီယာမှာပါ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှု သုံးခုစလုံးမှာ အီရန်နိုင်ငံ တိုက်ရိုက်ပါဝင်ပတ်သက်နေတယ်လို့ စွတ်စွဲထားပါတယ်။ အီရန်ဖက်က ဒီ စွတ်စွဲချက်ကို ငြင်းဆန်လိုက်ပြီး၊ ဒါဟာ ထိုင်းနဲ့ အီရန်နိုင်ငံအကြားက ရင်းနှီးခင်မင်ပြီး နှစ်ရှည်ကြာတဲ့ နှစ်ဖက်ဆက်ဆံရေးကို ထိခိုက်အောင် ကြိုးပမ်းတာဖြစ်တယ်လို့ အစ္စရေးကို ပြန်စွတ်စွဲခဲ့ပါတယ်။

အဆင်မြင့် နျူကလီးယားစွမ်းရည် အီရန်ပိုင်ဆိုင်
By VOA (မြန်မာပိုင်း)
အီရန်နိုင်ငံက သူ့ရဲ့ နျူကလီးယား လုပ်ငန်းတွေမှာ ထူးထူးခြားခြား တိုးတက်မှု ရနေတဲ့အကြောင်း ကြေငြာလိုက်ပါတယ်။ ယူရေနီယံ သန့်စင်မှုတွေကို အရှိန်မြှင့် ဆောင်ရွက်နိုင်မယ့် ဗဟိုခွာအားစက် အမျိုးအစားသစ်နဲ့ ပြည်တွင်းမှာ ပထမဆုံးအကြိမ် နျူကလီးယား လောင်စာချောင်းတွေ ထုတ်လုပ်နိုင်ပြီ ဖြစ်တဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်တာပါ။ 

နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ Natanz က စက်ရုံမှာ ကာဗွန်ဖိုင်ဘာ ဗဟိုခွာအားစက်သစ်ကို တပ်ဆင်ပြီး ဖြစ်ကြောင်းနဲ့ ယူရေနီယံ သန့်စင်မှုတွေလည်း စတင်ဆောင်ရွက် နေပြီဆိုပြီး အစိုးရနဲ့ နီးစပ်တဲ့ Fars သတင်းဌာနက ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။ 

တီဟီရန်မြို့တော်က နျူကလီးယား စက်ရုံမှာ ၂၀% သန့်စင်ပြီးသား ယူရေနီယံ လောင်စာချောင်းတွေ တပ်ဆင်နေတာကို သမ္မတ Mahmoud Ahmadinejad ကြီးကြပ်နေတဲ့ ပုံတွေကိုလည်း ဗုဒ္ဓဟူးနေ့မှာပဲ နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ ပြသခဲ့တာပါ။ သက်တမ်း ၄၃ နှစ်ရှိပြီဖြစ်တဲ့ ဒီစက်ရုံကနေ ကင်ဆာ ရောဂါသည်တွေကို ကုသရာမှာ အသုံးပြုဖို့ နျူကလီးယား Isotope တွေကို ထုတ်လုပ် ပေးနေတာဖြစ်ပြီး၊ သိပ်မကြာခင်မှာပဲ စက်ရုံအတွက် ပြည်ပက တင်သွင်းနေရတဲ့ လောင်စာချောင်းတွေ ကုန်တော့မယ်လို့လည်း ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။ 

အီရန်နိုင်ငံရဲ့ ဘာသာရေး အထွတ်အမြတ်မြို့တမြို့ဖြစ်တဲ့ Qom အနီး တောင်တလုံးမှာရှိတဲ့ မြေအောက် နျူကလီးယား စက်ရုံတရုံကို သမ္မတက မကြာခင် တရားဝင်ဖွင့်လှစ်ပေးဖို့ ရှိတယ်လို့လည်း အစိုးရပိုင်သတင်းက ဖော်ပြခဲ့တာပါ။ 

အီရန်ရဲ့ ကြေငြာချက်တွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုကတော့ ဒါတွေဟာ ချဲ့ကားတဲ့ ပြောဆိုချက်တွေ ဆိုပြီး ပယ်ချလိုက်ပါတယ်။ အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂက ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ရှိနေပေမဲ့လည်း အီရန်ကတော့ နျူကလီးယား လောင်စာ ထုတ်လုပ်မှု လုပ်ငန်းတွေ အပြည့်အ၀ အောင်မြင်မှုရအောင် ဆက်လက် ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

ကုလအကြံပေး ကရင် နဲ့ မွန်ပြည်နယ် သွားရောက်
By မနန္ဒာချမ်း
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီးယား(Vijay Nambia)ဟာ - ဒီကနေ့ ကရင်ပြည်နယ်မှာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး - တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေ၊ ဒုက္ခသည်တွေအရေး ဆွေးနွေးခဲ့ကြတယ်လို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။ မြန်မာနိုင်ငံကို ၅ ရက်ကြာခရီးစဉ်အဖြစ်နဲ့ တနင်္ဂနွေနေ့က ရောက်ရှိခဲ့လာခဲ့တဲ့ ဗွီဂျေး နမ်ဘီးယား ဟာ ဒီကနေ့ ၄ ရက်မြောက်နေ့မှာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကို သွားရောက်တာဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။
ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီယားဟာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကိစ္စအပါအဝင် ဒုက္ခသည်တွေအရေးကိစ္စတွေကို အကဲခတ်လေ့လာဖို့အတွက် ဒီကနေ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ကို သွားရောက်ခဲ့ တာပါ။ ကရင်ပြည်နယ် ဘားအံမြို့မှာတော့ ညနေပိုင်းက - ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း အပါအဝင် ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံပြီး - ငြိမ်းချမ်းရေးဆွေးနွေးနေမှုအခြေအနေတွေ၊ ဒုက္ခသည်တွေ ပြန်လာဖို့အရေးနဲ့ ထာဝရငြိမ်းချမ်းရေး ရယူချိန်ကာလ လိုအပ်မယ့် ကူညီပံ့ပိုးမှုတွေနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းက ဗွီအိုအေကို အခုလို ပြောပြပါတယ်။
“ငြိမ်းချမ်းရေးပြီးတဲ့အခါကျတော့ ဟိုဘက်က ဒုက္ခသည်စခန်းတွေမှာ နေနေကြတဲ့ သူတို့အဖွဲ့တွေ ပြန်လာရင် ဘယ်လိုတွေ စီမံပေးမလဲဆို တာရယ်၊ ဘာအကူအညီလိုသလဲဆိုတာရယ်၊ ပြီးတော့ ထာဝရငြိမ်းချမ်းရေး ဆက်ကူးတဲ့အခါကျရင် ဘာတွေများ ဆက်လုပ်ကြမလဲဆိုတာ လေးတွေရယ်၊ အဲ့ဒါလေးတွေ မေးပါတယ်။ သူတို့ကတော့ အဓိက ကျနော်တို့ အဲ့ဒီကိစ္စတွေအတွက်ကို UN က အကူအညီပေးရမယ့် အခြေအနေလေးတွေရှိရင် ပြောပေးဖို့ဆိုပြီးတော့ ဒါလေး ပြောပါတယ်ခင်ဗျ။ UN အေဂျင်စီတွေကတော့ ကျနော်တို့ဆီမှာ လက်ရှိ ဆောင်ရွက်နေတာတွေရှိပါတယ်။
ဒီ့ထက်ပိုပြီးတော့ ဘာတွေ ဆောင်ရွက်ပေးဖို့ရှိမလဲ။ ရှိလာလို့ရှိရင် ပြောဖို့အတွက် ပြောပါတယ်။ သူကလည်း အဲ့ဒါလေးတွေ မေးတယ်။ ကျနော်ကလည်း သူမေးတာလေးတွေ ဖြေတာပဲပေါ့။ ဒီနေ့ တွေ့ဆုံမှုက သိပ်ကောင်းပါတယ်။ ဒါက ကျနော်တို့ နိုင်ငံနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ ပိုပြီးတော့ နီးကပ်မှုရှိသွားသလို ပူးပေါင်းဆောင်ရွက်မှုအားတွေ ပိုကောင်းသွားပါတယ်။”
လက်ရှိမှာတော့ ထိုင်းနယ်စပ်တလျှောက်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတဲ့ ဒုက္ခသည် အရေအတွက်က သိန်းနဲ့ချီပြီး ရှိနေတာပါ။ DKBA နဲ့ မြန်မာအစိုးရတပ်တွေအကြား ၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပချိန်ကစလို့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် IDP ရွာပုန်းရွာရှောင်ဘဝနဲ့ တောထဲမှာ ပုန်းအောင်းနေကြရတဲ့ ဒုက္ခသည်တွေကလည်း သောင်းနဲ့ချီ ရှိနေတာပါ။ ဒီဒုက္ခသည်တွေ ပြန်လာတဲ့အခါ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေအနေနဲ့ ဘယ်လို ကူညီဆောင်ရွက်ပေးမလဲ ဆိုတာနဲ့ပတ်သက်ပြီး မစ္စတာ နမ်ဘီယားက မေးခဲ့ပါတယ်။ ဒီအပေါ်မှာတော့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း က -
“ကျနော်တို့ကတော့ အဲ့ဒီအတွက် ပြန်လာလို့ရှိရင်တော့ ပထမတော့ - နေရာချထားရေး ကိစ္စလေးတွေပေါ့။ နေရာချထားရေးဆိုတဲ့ ကိစ္စလေး တွေမှာလည်းပဲ တချို့လည်း ကိုယ့်ရပ်ရွာကိုယ် ပြန်သွားမယ့်ဟာတွေရှိတယ်။ တချို့လည်း နေစရာ အခက်အခဲရှိတဲ့သူတွေ ကျနော်တို့က သူတို့ဆန္ဒရှိတဲ့ နေရာလေးတွေမှာ နေရာချထားပေးဖို့ အစီအစဉ်ရှိတယ်ဆိုတာကို ပြောပါတယ်။ ပြီးလို့ရှိရင် သူတို့ လတ်တလော စားသောက်မှုကိစ္စလေးတွေ စီစဉ်ပေးဖို့တို့ ရေရှည်အတွက်ဆိုရင် သူတို့ ဒေသတွင်းမှာ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး တွေ စီစဉ်ပေးဖို့ အဲ့ဒါတွေ ပြောပါတယ်။
ပြီးတော့ မစ္စတာ နမ်ဘီယားက ထာဝရငြိမ်းချမ်းရေးကူးပြီး ဘာတွေများ ဆက်လုပ်ဖို့ ရှိဦးမလဲ လို့ မေးပါတယ်။ ကျနော်က သူတို့တွေ နေသားတကျ ဖြစ်သွားပြီးတဲ့အချိန် နောင်ကျရင် သူတို့လိုပဲ ကရင်ပြည်နယ်ထဲမှာ သူတို့ကိုယ်တိုင် ဒီလို ရွေးကောက်ပွဲတွေမှာ မဲဆန္ဒပေးတာရော၊ သူတို့ထဲက လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း ပြည့်စုံတဲ့သူတွေက လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးချယ်ခံတာတွေရော ဆောင်ရွက်ပြီးတော့ နောင်တချိန်မှာ သူတို့တွေလည်း နိုင်ငံတော်နဲ့ ပြည်နယ်ရဲ့ လွှတ်တော်တွေမှာ ပြည်သူ့ကိုယ်စားလှယ်အဖြစ်နဲ့ ပါဝင်ကြရမှာဖြစ်ပါတယ်ဆိုတာကို ပြောပြလိုက်ပါတယ်။”
ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်မင်း ဖြစ်ပါတယ်။ ဒီကနေ့ မစ္စတာ နမ်ဘီယားနဲ့အတူ ကုလသမဂ္ဂရဲ့ ရန်ကုန်ဌာနေကိုယ်စားလှယ်လဲ အတူ လိုက်ပါသွားပြီး - ညနေစောင်းမှာ မွန်ပြည်နယ်ဘက်ကို မစ္စတာ နမ်ဘီယား ဆက်လက်ထွက်ခွာသွားခဲ့ပါတယ်။
မစ္စတာ နမ်ဘီးယားဟာ တနင်္ဂနွေနေ့ကတည်းက မြန်မာနိုင်ငံကို ၅ ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ ရောက်ရှိနေခဲ့တာပါ။ ခရီးစဉ် ဒုတိယမြောက်နေ့ဖြစ်တဲ့ တနင်္လာနေ့မှာတော့ - နေပြည်တော်မှာ ကျင်းပတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒညီလာကို တက်ရောက်ခဲ့ပြီးနောက် - ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း တို့အပြင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အင်္ဂါနေ့မှာတော့ - သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံခဲ့သလို - အဲ့ဒီနောက် - ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း အပါအဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့တွေနဲ့လည်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ မနက်ဖြန် ရန်ကုန်ကနေ ပြန်လည်မထွက်ခွာခင်မှာတော့ - မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ သိရပါတယ်ရှင်။

ဒေါ်အောင်ဆန်းစုကြည်၏ မြစ်ကြီးနားခရီးစဉ် [ဖေဖော်ဝါရီ ၂၃]

by The Voice Weekly on Thursday, February 23, 2012 at 11:59am ·
မြစ်ကြီးနား ၊ ဖေဖော်ဝါရီ ၂၃

ကြားဖြတ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများအတွက် စည်းရုံးရေးခရီးများ ထွက်နေသော ဒေါ်အောင်ဆန်းစုကြည်သည်  ယနေ့နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် မြန်မာ့လေကြောင်းဖြင့် မြစ်ကြီးနားလေဆိပ်သို့ ရောက်ရှိလာနေပြီ ဖြစ်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်အား  မြစ်ကြီးနား၊ ဖားကန့် ၊ မိုးကောင်းမြို့ များမှ တိုင်းရင်းသား ဒေသခံများ သာမက မြစ်ကြီးနားမြို့  GTC ကျောင်းသား၊ ကျောင်းသူ အများစုပါ လာရောက်ကြိုဆိုကြပြီး လူဦးရေ ၂၀၀၀ ခန့် ရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် မိုးကောင်းမြို့ နမ္မတီးသို့ ထွက်ခွာမည် ဖြစ်ပြီး၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် မြစ်ကြီးနားမြို့  မနောကုန်း ၌ လူထုဟောပြောပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

တိုင်ရီလုပ်သားပြဿနာ နေပြည်တော် သွားရောက် အရေးဆို

by The Voice Weekly on Friday, February 24, 2012 at 12:39pm ·
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

လုပ်ခလစာနှင့် ပတ်သက်၍ မကျေနပ်သဖြင့် အလုပ်မဆင်းဘဲ နှစ်ပတ်ကျော်ကြာ ဆန္ဒပြလျှက်ရှိသော်လည်း အလုပ်သမားများနှင့် အလုပ်ရှင်ကြားညှိနှိုင်းမှု အဆင်မပြေ၍ တိုင်ရီ နိုင်ငံတကာ ဖိနပ်စက်ရုံမှ အလုပ်သမားကိုယ်စားလှယ် ၁၈ ဦးနှင့် အလုပ်သမားရှေ့နေများ နေပြည်တော်ရှိ လွှတ်တော်အသီးသီးတွင် တင်ပြအဆိုပြုခဲ့ကြောင်း ယင်းအလုပ်သမားအရေး ဆောင်ရွက်နေသော ရှေ့နေ ဦးဖိုးဖြူက ပြောကြားသည်။

ထိုသို့ ညှိနှိုင်းမှုအဆင်မပြေတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃ ရှိ ရှူးဖိနပ်စက်ရုံတွင် ဖြစ်ပွားနေသော ယင်းအရေးကိစ္စကို မရမ်းကုန်းမြို့နယ် ၀ါဏီဇ္ဇပဋိပက္ခကော်မတီတွင် ၂/ ၂၀၁၂ဖြင့် အမှုဖွင့်လိုက်ပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် နေပြည်တော်ရှိ လွှတ်တော်ရုံး ဒုတိယ ညွန်ကြားရေးမှူးချုပ်မှ တဆင့် သက်ဆိုင်ရာလွှတ်တော်များထံ သွားရောက် အရေးဆိုခဲ့ကြောင်း ၄င်းက ဆိုသည်။   

လက်ရှိကျင့်သုံးလျှက်ရှိသော ၁၉၂၉ခုနှစ် ၀ါဏိဇ္ဇပဋိပက္ခ အက်ဥပဒေတွင်ပါရှိသည့် အငြင်းပွားမှုဖြေရှင်းနေသည့် ကာလ၊ ဆုံးဖြတ်ချက်ချသည့်ကာလ၊ ဆုံးဖြတ်ချက်ချပြီးသည့်ကာလ တို့တွင် အလုပ်ရှင်အလုပ်မပိတ်ရ၊ အလုပ်သမားသပိတ်မမှောက်ရဆိုသည့်အချက်၊ အလုပ်သမားများကို အနိမ့်ဆုံးလုပ်ခလစာ  သတ်မှတ်ပေးရေး၊ အလုပ်သမားဥပဒေတွင် အလုပ်သမားအခွင့်အရေးများ ပြဌာန်းပေးရေးအချက်များကို အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်များတွင် အဆိုပြုတင်ပြပေးသွားမည်ဖြစ်ကြောင်း ဦးဖိုးဖြူက ရှင်းပြသည်။

တစ်ရက်ပုံမှန် အလုပ်ချိန် ရှစ်နာရီအတွက် တစ်နာရီလုပ်ခလစာ ၁၅၀ကျပ် ရရှိရမည်ဖြစ်ပြီးအချိန်ပိုကြေးကိုပုံမှန် အလုပ်ချိန်ရငွေ၏ နှစ်ဆကိုရရှိလိုကြောင်း၊ ရက်မှန်ကြေးတစ်လလျှင် ၈၀၀၀ ကျပ်ရ လိုပြီး အခြေခံခလစာအနေဖြင့်သာသတ်မှတ်မည် ဆိုလျှင်အခြေခံအလုပ်သမားတစ်ဦးကို အခြေခံလစာအနည်းဆုံးကျပ်ငွေရှစ်သောင်းသတ်မှတ်ပေးစေလိုကြောင်း၊ တစ်နှစ်ပြည့်လျှင် ဆုကြေးအဖြစ် လက်ရှိ ၅၀၀၀ ကျပ်မှ လစာတစ်လစာအထိ တိုးပေးရမည်ဖြစ်ပြီး ယင်းနှုန်းထားများသာမရရှိပါက အလုပ်မဆင်းနိုင်ကြောင်းတိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားအများစုကတညီတညွှတ်တည်းပြောကြားကြသည်။

ယင်းသို့ ရရှိရန် စက်ရုံလုပ်သား ၁၈၀၀ ကျော်က ဆန္ဒပြတောင်းဆိုခဲ့ကြပြီး လုပ်ခလစာပုံမှန်အလုပ်ချိန် တစ်နာရီလျှင် ၇၅ကျပ်ပေးရာမှ ၁၀၀ထိတိုးမြင့်ပေးခြင်း၊ ရက်မှန်ကြေးကိုယခင် ၆၀၀၀ကျပ် မှ ၇၀၀၀ ကျပ်အထိ တိုင်ရီစက်ရုံ လုပ်ငန်းရှင်က  ဖေဖော်ဝါရီ ၂၂ ရက်နေ့က နောက်ဆုံးတိုးပေးခဲ့သော သတ်မှတ်ချက်ကို အလုပ်သမား ၆၈၇ ဦး သဘောတူခဲ့ကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူ ဒေါ်စုစုနွေးကပြောဆိုသည်။

ယင်း ညှိနှိုင်းမှုကို သဘောမတူသော အလုပ်သမား ၁၃၁၁ ဦး လက်မှတ်ရေးထိုး၍ ၀ါဏိဇ္ဇပဋိပက္ခကော်မတီသို့ ဖေဖော်ဝါရီ ၂၂ရက်နေ့တွင် တင်ပြခဲ့ကြောင်း အလုပ်သမားများထံမှ သိရှိရသည်။

 “ဒီလလည်းအလုပ်မဆင်းရ။ နောက်လည်းထိအလုပ်မဆင်းရရင် အဆောင်ဖိုးတွေ စားစရိတ်တွေ မတက်နိုင်တော့ဘူး။ တစ်ချို့ဆိုရင် အိမ်ကပိုက်ဆံပြန်မှာသုံးနေရတယ်။ တစ်ချို့ဆိုရင် လက်ဝတ်လက်စားတွေပေါင်ရောင်းသုံးရတယ်။ အသိတွေဆီကနေချေးငှားသုံးကြတာတွေရှိတယ်” ဟုပဲခူးတိုင်းဒေသကြီးမှ လာရောက်လုပ်ကိုင်သောအသက် ၃၀ နှစ် ၀န်းကျင်အရွယ်အမျိုးသမီး အလုပ်သမ တစ်ဦးကရှင်းပြသည်။

မြန်မာနိင်ငံတွင် နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO) ရုံးမှ ဆက်သွယ်ရေးရုံးဖွင့်လှစ်ထားရှိပြီး ဆက်သွယ်ရေးညှိနှိုင်းအရာရှိများသည် မြန်မာနို်ုင်ငံအစိုးရနှင့် ကလေးစစ်သားကိစ္စ၊ အဓမ္မအလုပ်ခိုင်းစေခြင်း ကိစ္စများကိုသာညှိနှိုင်းရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားကြောင်း၊ အလုပ်သမားအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် ILO အနေဖြင့် အလုပ်သမားကိစ္စများကိုညှိနှိုင်းဆောင်ရွက်နိုင်မည့် နားလည်မှု လက်မှတ်ရေးထိုးသင့်ကြောင်း  မြန်မာနိုင်ငံရှေ့နေများကောင်စီမှ တိုင်ရီဖိနပ်စက်ရုံကိုဥပမာထားကာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တရားဝင်ထုတ်ပြန်ထားသည်။

"အနိမ့်ဆုံးလစာသတ်မှတ်မထားတဲ့အတွက် အလုပ်သမားတွေဟာ အလုပ်ရှင်ရဲ့ သဒ္ဒါကြေးပေးတာပဲရတယ်" ဟုဦးဖိုးဖြူ က ဆိုသည်။

No comments: