Saturday, February 4, 2012

ဘ၀အတွက်အရေးပါသည့် ကိုယ်ကျင့်တရား



လူတစ်ဦးတစ်ယောက်အတွက် ကိုယ်ကျင့်တရားသည် အရေးကြီးလှပါသည်။ ကိုယ်ကျင့်တရား ကောင်းမွန်မှသာ လူကောင်းသူကောင်းအဖြစ် လောကအလယ်တွင် ရပ်တည်နိုင်မည်ဖြစ်ပါသည်။ လူနှင့်တိရစ္ဆာန်တို့၏ အဓိက ကွာခြားချက်မှာ ကိုယ်ကျင့် တရားဖြစ်ပါသည်။ တိရစ္ဆာန်တို့တွင် ကိုယ်ကျင့်တရားဟူသော အထန်းမကွပ်မရှိ။
လူတို့တွင်ကိုယ်ကျင့်တရားကထိန်းကွပ်လျက်ရှိပါသည်။လူဖြစ်ပါလျက်ကိုယ်ကျင့်တရားမကောင်းလျှင်
လူပီသတော့မည်မဟုတ်ပါ။ပညာရှာမှီးနေကြသောလူငယ်တို့အတွက်ကိုယ်ကျင့်တရားသည်ပို၍အရေး
ကြီးပါသည်။ပညာရှာမှီးသည့်ပထမအရွယ်တွင်ကိုယ်ကျင့်တရားကောင်းမှသာဒုတိယအရွယ်တွင်ကောင်း
သောအသက်မွေးမှုဖြင့် ဥစ္စာရှာဖွေနိုင်မည်ဖြစ်ပါသည်။ ကောင်းသော အသက်မွေးမှုဖြင့်ဥစ္စာ ရှာဖွေနိုင်မှသာတတိယအရွယ်တွင်တရားဘာဝနာကိုကောင်းစွာကျင့်ကြံအားထုတ်နိုင်မည်ဖြစ်ပါသည်။ ကိုယ်ကျင့်တရားဟုဆိုရာတွင် ကိုယ်၊ နှုတ်၊ နှလုံးစောင့်စည်းမှု အကျင့်သိက္ခာကို ဆိုလိုခြင်း ဖြစ်ပါသည်။ “ ရိုးဂုဏ်၊ ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည် လူဘုံလောက နှစ်သာရတည့်” ဟူသောဆရာဇော်ဂျီ၏ ကဗျာအတိုင်း ရိုးသားဖြောင့်မတ်ခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း ဟူသောဂုဏ် သည် လု့ လောက၏ အနှစ်သာရပင်ဖြစ်ပါသည်။ လူတိုင်းလူတိုင်းသည် ကိုယ်ကျင့်တရားကောင်းများထားရှိပါလျှင် လူ့လောကကြီးသည် သာယာလှပ နေမည် ဖြစ်ပါသည်။ ကိုယ်ကျင့်တရားကောင်းများ ထားရှိနိုင်ရန်အတွက် မိမိတို့၏ ကိုယ်၊ နှုတ်၊ နှလုံးကို အစဉ်စောင့်စည်းဖို့လိုပါသည်။ သူတစ်ပါးအသက်ကိုသတ်ခြင်း၊ သူတစ်ပါးဥစ္စာခိုး ယူခြင်း၊ သူတစ်ပါးသားမယား ပြစ်မှားခြင်းဟူသော ကိုယ်ကာယပိုင်းဆိုင်ရာအပြစ်များ မကျူးလွန်မိအောင် အစဉ်စောင့်ထိန်းရပါမည်။ ထိုမျှမက ကျောင်းသားလူငယ်တို့သည် လူကြီးမိဘ၊ ဆရာသမားများ ရှေ့မှောက်တွင် ယဉ်ကျေးသိမ်မွေ့စွာ နေထိုင်ရပါမည်။
“မိဦးဖဦး၊ ဆရာဦးကို၊ ခူး၍အလျင်မစားနှင့်” “မိဘဆရာထားသည့်ဟာကို၊ မျက်နှာကွယ်လျှင်၊ မယူငင်နှင့်” စသည့် အဆုံးအမများသည် ကျောင်းသားလူငယ်တို့အား ငယ်စဉ်က ကိုယ်ကျင့်တရား ကောင်းမွန်အောင် ဆိုဆုံးမသည့် အဆုံးအမများ ဖြစ်ပါသည်။
ကိုယ်ကျင့်တရား ကောင်းမွန်စေရန်အတွက် နှုတ်အမှုအရာကိုလည်း စောင့်ထိန်းဖို့လိုပါသည်။ နှုတ်အမှုအရာဆိုသည်မှာ စကားအပြောဆိုကို ဆိုလိုခြင်းဖြစ်ပါသည်။ လိမ်လည်ပြောဆိုခြင်း၊ အကျိုးမရှိသော စကားပြောဆိုခြင်းဟူသော နှုတ်၏အပြစ်များကို မကျူးလွန် မိစေရန် အစဉ်စောင့်ထိန်း ရပါမည်။ “အမိယုတ် နှုတ်ကြမ်း” ဟူ သော စကားရှိရာ မိမိ၏နှုတ်အမှုအရာ ကြမ်းတမ်းယုတ်မာပါက အမိ၏ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမည် ဖြစ်ပါသည်။
၃၈ဖြာ မင်္ဂလာတရားတော်တွင် “ သူဘာသီတ၀ါဇာ မင်္ဂလာ” မှန်ကန်၍ အကျိုးရှိသော စကားကို ချိုသာစွာပြောဆိုခြင်းသသည် ကောင်းမြတ်သော မင်္ဂလာမည်၏ ဟုရှိပါသည်။
“သူ့ကိုမမှား၊ မလှည့်စားနှင့်၊ စကားစမြည်၊ မြွက်သည်စေ၊ ပြောသမျှကို မှန်လှစေ”
“တစ်ယောက်စကား၊ တစ်ယောက်နားမှ၊ မခါးရအောင်၊ သတိဆောင်၍၊ မောင်တို့ဆိုလေ၊ ပျားသကာသို့၊ ချိုလှစေ” စသည်ဖြင့်လည်း မှန်သောစကားကိုပြောဆိုရန်၊ ချိုချိုသာသာ ပြောဆိုရန် ပညာရှိများက ဆုံးမထားခဲ့ပါသည်။
ကိုယ်ကျင့်တရားကောင်းမွန်ရေးအတွက် စိတ်နှလုံးကိုလည်း စောင့်ထိန်းရန် လိုအပ်ပါသည်။ သူတစ်ပါးပစ္စည်း ရယူရန်ကြံစည်ခြင်း၊ သူတစ်ပါးကို ဖျက်ဆီးနှိပ်စက် ရန်ကြံစည်ခြင်း၊ မှားယွင်းသော အယူကို လက်ခံယုံကြည်ခြင်းဟူသော စိတ်နှလုံးနှင့်ပတ်သက်သော အပြစ်များ မကျူးလွန် မိစေရန်လည်း အစဉ်စောင့်ထိန်းရပါမည်။ စိတ်သည် မကောင်းမှု၌ မွေ့လျောတတ်သောသဘောရှိသည့်အတွက် စိတ်ကိုထိန်းသိမ်းနိုင်ရန် လိုအပ်ပါသည်။ ဘီလူးမတို့၏ အာရုံငါးပါး ဖြားယောင်းမှုနောက်မလိုက်ဘဲ စိတ်ထိန်းနိုင်သည့်အတွက် အသက်အန္တရာယ်မှကင်းလွတ်၍ မင်းဖြစ်ရပုံကို ဖော်ပြသော ငါးရာ့ငါးဆယ်လာ တေလပတ္တဇာတ် သည် စိတ်ကိုထိန်းသိမ်းနိုင် ခြင်း၏ အကျိုးကို ဖော်ကျူးသည့် သာဓကတစ်ရပ်ဖြစ်ပါသည်။
ကိုယ်၊ နှုတ်၊ နှလုံးကို စောင့်ထိန်းရာတွင် ကိုယ်ကျင့်တရားကို ပျက်ပြားစေသောအကြောင်းး တရားများလည်းရှိပါသည်။ ထိုအကြောင်းတရားများမှာ အပေါင်းအသင်း မှားခြင်း၊ မှုးယစ်ဆေးဝါး သေရည်သေရက်သောက်သုံးခြင်း၊ ယဉ်ကျေးမှုလွှမ်းမိုးခံရခြင်း စသည်တို့ဖြစ်ပါသည်။ အထူးသဖြင့် စိတ်သဘောထားနုနယ်သော၊ အတွေ့ အကြုံနည်းပါးသော ၊ အတုယူလွယ်သော လူငယ်တို့အတွက် အဆိုပါအကြောင်းတရားများသည် ကိုယ်ကျင့်တရားပျက်ပြားစေနိုင်သသည့် အန္တရာယ်ဆိုးများပင် ဖြစ် ပါသည်။
တစ်ဦးနှင့်တစ်ဦး ရင်းနှီးခင်မင်စွာ ပေါင်းသင်းတတ်သော လူငယ်တို့အတွက် အပေါင်းအသင်းသ်ည လွန်စွာအရေးကြီးလှပါသည်။ အပေါင်းအသင်းမှား၍ ပျက်စီးရသော ရှေးထုံးသာဓကများ၊ မျက်မြင်သာဓကများ အများအပြားရှိပါသည်။ မြန်မာရာဇ၀င်တွင် ရတုစာဆိုအဖြစ် ကျော်ကြားခဲ့သော နတ်ရှင်နောင်သည် တိုင်းတစ်ပါး သား ငဇင်ကာနှင့် အပေါင်းမှား၍ ပျက်စီးခြင်းသို့ ရောက်ခဲ့ရသည်။ ပတ်ဝန်းကျင်ကိုလိုက်၍ စရိုက်ကွဲပြားခဲ့သော “ကျေးညီနော်”ပုံဝတ္ထုမှာလည်း ထင်ရှားသော သာ ဓကတစ်ခု ဖြစ်ပါသည်။
ကိုယ်ကျင့်တရားပျက်ပြားစေသော အခြားအကြောင်းတစ်ရပ်မှာ မှုးယစ်ေ်ဆးဝါး သေရည် သေရက်သောက်သုံးခြင်း ဖြစ်ပါသည်။ မှုးယစ်ဆေးဝါး သေရည်သေရက် သောက်သုံးခြင်း၏ အရင်းခံမှာ အပေါင်းအသင်းမှားခြင်းပင်ဖြစ်ပါသည်။ ကျောင်းသားအရွယ် လူငယ်လူရွယ်တို့သည် စူးစမ်းတတ်သည့် အတုယူတတ်သည့်သဘော ရှိသည့်အတွက် သူတစ်ပါးတိုက်တွန်းလျှင် စမ်းသပ်ကြည့်လိုသည်။ သူတစ်ပါးသုံးစွဲသည်ကိုမြင်လျှင် သုံးစွဲကြည့်လိုက်သည်။ ရုပ်မြင်သံကြားမှ စီးပွားရေးသမားများ၏
အရက်ကြော်ငြာ၊ စီးကရက်ကြော်ငြာတို့ကလည်း လူငယ်တို့၏ စမ်းသပ်လိုစိတ်ကို နှိုးဆွပေးလျက် ရှိကြသည်။ စမ်းသပ်သုံးစွဲရာမှ စွဲလမ်းကာ ပျက်စီးခြင်းသို့ ရောက် ရတတ်ပါသည်။ မြန်မာရာဇ၀င်တွင် တပင်ရွှေထီးသည် ငယ်ငယ်ရွယ်ရွယ်နှင့် အရက်သေစာသုံးစွဲသည့်အတွက် ပျက်စီးခြင်းသို့ ရောက်ခဲ့ရပါသည်။ ယဉ်ကျေးမှုလွှမ်းမိုးခံရခြင်းသည်လည်း ကိုယ်ကျင့်တရားပျက်ပြားစေခြင်း၏ အကြောင်းတစ်ရပ်ဖြစ်ပါသည် မိမိနှင့် ဓလေ့စရိုက်၊ ရေမြေအနေအထား၊ ပတ်ဝန်းကျင် မတူညီသည့် တိုင်းတစ်ပါးသားတို့၏ အတွေးအခေါ်၊ အယူအဖ၊ အပြုအမှုအနေအထိုင်တို့ကို အားကျအထင်ကြီးကာ အတုခိုးမှားပါက ကိုယ်ကျင့်တရားကို ပျက်ပြား လာစေမည်ဖြစ်ပါသည်။
ကိုယ်ကျင့်တရား ပျက်ပြားလာသည်နှင့်အမျှ လူ့သိက္ခာ၊ လူ့တန်ဖိုးသည်လည်း ကျဆင်းလာမည်ဖြစ်ပါသည်။ မကောင်းသောအမှုအကျင့်ကို သိလျှင်သိချင်း၊ စွန့်ပယ် ပြုပြင်နိုင်ရန် လိုအိပ်လှသည်။ မကောင်းသောအကျင့်တို့ကို ပယ်ဖျောက်ကောင်းသောကိုယ်ကျင့်တရားများ ပွားများလာအောင် ကြိုးစားအားထုတ်ရန် လိုအပ်လှ ပါသည်။ အထူးသဖြင့် ကျောင်းသားအရွယ် လူငယ်တို့သည် ငယ်စဉ်ကပင် ကိုယ်ကျင့်တရားကောင်းမွန်ပွားများမှာသာ ဘ၀တစ်လျှောက်လုံး မိမိကောင်းကျိုး၊ အများကောင်းကျိုး ဆောင်ရွက်နိုင်သူဖြစ်လာပြီး လောကီလောကုတ္တရာ နှစ်ဖြာသောအကျိုးကို ရရှိနိုင်မည်ဖြစ်ပါသည်။


posted by   တောသူမလေး

No comments: