Sunday, February 5, 2012

ဦးပေါ်ဦး လက်ရွေးစင်ဟာသများ (၁)



by Moenge Aung on Sunday, February 5, 2012 at 5:04pm
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
…ပျော်တော်ဝန် ပညာရှိ အမတ်ကြီး ဦးပေါ်ဦး၏ ထိမိလှသော စကားအရာရာဖြင့် အကြောင်းစုံလင်စွာသော ကိစ္စအဖြာဖြာတို့ကို ဖြတ်ထိုးဥာဏ်ကောင်းကောင်းဖြင့် ပိုင်နိုင်စွာပြောဆိုပုံများနှင့် စကားအရာ၌ စံနမူနာထားရမည့် လက်ရွေးစင်ဟာသလေးများကို
ကမ္ဘာသစ်သူငယ်ချင်း စာပေချစ်သူများအားလုံး ပျော်ရွှင်စေဖို့အတွက် မျှဝေပေးလိုက်ပါတယ်…
*** ဖိုးသူတော်ဖြစ်သွားသော ဦးပေါ်ဦး…
…ဘိုးတော်မင်းတရားကြီး၏ ငယ်ကျွန်အမတ်ကြီး ဦးပေါ်ဦးအနေနဲ့ သူတစ်ပါး ဒုက္ခရောက်လျှင်
တတ်စွမ်းသလောက် စောင့်ရှောက်ကူညီတယ်။ ဘုရင်ကိုလည်း မခိုးမခန့် လျှောက်လားလျှောက်ရဲ့၊ ရယ်စရာဖြစ်အောင် လုပ်လားလုပ်ရဲ့၊ အဲဒါတောင်မှ မင်းတရားကြီးက ခွေးမသား ခေါ်လိုခေါ် အရူးလို့
ငေါက်လိုငေါက်နဲ့ အရေးပေးတော်မူတယ်။ …ဦးပေါ်ဦးရဲ့ အိမ်ကို ကြည့်အုံးမလား။
…ထွက်ဝင် ခစားသူတွေ တရုန်းရုန်း၊ လက်ဆောင်ပဏ္ဏာတွေ လာရောက်ဆက်သသူတွေကလည်း
တစ်နေ့တစ်နေ့ မနည်းဘူး။

…မနာလို မရှုစိမ့်သူတို့အတွက် မျက်စိစပါးမွေးစူးစရာ မြင်ကွင်း မြင်ခွင်ပါပဲ။
ဒီအခါမှာ မနာလိုစိတ်တွေ ထကြွရတော့တာပေါ့။
…အဲဒီလို ဦးပေါ်ဦးကို မင်းမိဖုရားအစ ၀န်စုမှူးစုအလယ် ဆင်းရဲသား ကျွန်တော်မျိုးများအဆုံး
ချစ်ခင်ကြတာကို မနာလိုသူတွေ ရှိနေတယ်။ မနာလိုသူတို့ရဲ့ထိပ်ခေါင်ကတော့
မင်းကြီးမဟာကျော်ထင်ဘွဲ့ရ အသည်ဝန်ကြီးပေါ့။ …ဒါကြောင့် ဦးပေါ်ဦး မင်းတရားကြီးရဲ့ ရှေ့မှောက်မှာ
မရှိတဲ့အခါနဲ့ ကြုံရင် အသည်ဝန်ကြီးက ကုန်းတိုက်ချောပစ်စကား လျှောက်ထားတယ်။
“ ဦးပေါ်ဦးကို သတိထားတော်မူပါဘုရား။ နေ့ညမစဲ သူ့အိမ်မှာ လူသူ တရုန်းရုန်းနဲ့
အရှင့်ကို မကောင်းကြံနေတယ်လို့ သိုးသိုးသန့်သန့် ကြားရပါတယ်ဘုရား”
…ဦးပေါ်ဦးကို မကြည်မသာဖြစ်နေတဲ့အချိန်မှာ ရွေးပြီးတင်တာဖြစ်ပေမယ့် မင်းတရားကြီး ယုံတော်မမူဘူး။
ဒါပေမဲ့ ပေါ်လ ဇနကနဲ့ အရိဋ္ဌဇနက ညီအစ်ကိုအရင်းကြီးတောင် ကုန်းချောစကားကြောင့် စစ်ဖြစ်ကြသေးတာပဲ။
အခုဟာက ကျွန်နဲ့ အရှင်ပဲဟာကို။ …အသည်ဝန်ကြီး တင်သလို တစ်ခြားအမတ် တစ်ယောက်စ
နှစ်ယောက်စလည်း အခွင့်သင့်ရင် သင့်သလို တင်ကြ၊ အသည် ၀န်ကြီးကလည်း
မလျော့သောဇွဲနဲ့ အချိန်အခါအလိုက် တွန်းထိုးတယ်။ အချိန်လည်းကြာ၊
ကြိမ်ဖန်များစွာလည်း ဖြစ်လာတဲ့အခါမှာ မင်းတရားကြီး သံသယ ၀င်လာပြီလေ။
“ အင်း…ဟုတ်သော်ရှိ မဟုတ်သော်ရှိ ထောက်ကြည့်အုံးမှပဲ”
…ဒါကြောင့် ညညီလာခံအစဲမှာ ဦးပေါ်ဦးနေခဲ့ဖို့
အမိန့်တော်ရှိတယ်။ ကျွန်အရှင် နှစ်ဖော်ကျန်ခဲ့တော့မှ တောထွက်ပြီး ရဟန်းဝတ်လိုကြောင်း မိန့်တော်မူတယ်။
…ထေရ၀ါဒဗုဒ္ဓ၀ါဒီတို့အတွက် နိက္ခမစောပြီး တောထွက်တဲ့ ရဟန်းအလုပ်ဟာ
အကြီးအမြတ်ဆုံးပဲလေ၊ ဦးပေါ်ဦးလည်း သဘောရိုးနဲ့ ကောင်းလှကြောင်းပါ ဘုရားပေါ့။
…ဒါကိုလည်း တင်လိုက်ရော မင်းတရားကြီးအနေနဲ့
မျက်နှာကြီး ညိုမဲပြီး သုတ်ခနဲ ထသွားတော်မူတော့တယ်။
…ဒီအခါကျတော့မှ သူ့အကြောင်း မကောင်းစကား တင်လျှောက်သံတွေကို
ဦးပေါ်ဦး ကြားယောင်လာတယ်။ ဒီလို ကြားယောင်တော့မှ ဟာ…ငါမှားပြီလို့ သိတယ်။ အဆိမ့်ဆုံး အရသာကိစ္စတုန်းက လပေါင်းအတော်ကြာမှ သူချည်းလား မေးတာကို ဆားနဲ့ပါဘုရား လျှောက်နိုင်ခဲ့ပေမယ့် အခုပွဲမှာတော့ ဦးပေါ်ဦး သတိလစ်သွားတယ်။ …သက်ဦးဆံပိုင်ဘုရင် အထင်လွဲသွားပြီ၊ သေဘေးဟာ အချိန်မရွေး ရောက်လာနိုင်တယ်။
ဦးပေါ်ဦး ဘယ်လိုလုပ်မလဲ။ …အိမ်ကို ပြန်ရောက်လာတော့လည်း စားဖို့ အိပ်ဖို့
သတိမရတော့ဘူး။ “ ဘယ်လိုလုပ်ရပါ့…ဘယ်လိုလုပ်ရပါ့…” နုဿတိကိုပဲ စီးဖျန်းနေမိတော့တယ်။
တစ်ညလုံး အကြံထုတ်လိုက်တာ အာရုဏ်တက်တော့မှပဲ
အကြံရတယ်။ ဒါကြောင့် အဆောင်ကိုင် တစ်ယောက်ကို ခေါ်ပြီး ခေါင်းတုံးတုံးတယ်။
အဲဒီနောက် ပိတ်ဖြူဝတ်ပြီး ဖိုးသူတော် လုပ်တယ်။
…ဖိုးသူတော် ဦးပေါ်ဦးအနေနဲ့ ပေထုပ်တစ်ထုပ်ကို ထမ်းပြီး ပုတီးတစ်ကုံး၊
တောင်ဝှေး တစ်ချောင်း၊ ကြေးစည် တစ်လုံးဆွဲလို့ နန်းတော်ကို ထွက်လာခဲ့တယ်။
…အရှေ့စမုဒ်မှာ မျက်နှာသစ်တော်ရေ ဆက်သတဲ့ အမှုတော်ထမ်းတွေ အသင့်ရှိနေကြပြီ၊
ဦးပေါ်ဦးလည်း အဲဒီနားမှာ ကြေးစည် တနောင်နောင်နဲ့ပေါ့။
…ဟော…လေးချက်တီးပြီ။
…မင်းတရားကြီး မျက်နှာသစ်ဖို့ ထွက်စံတော်မူလာတယ်။
ကြေးစည်သံ တလွင်လွင်နဲ့ ဖိုးသူတော်ကို မြင်တယ်။ ဟာ…ဦးပေါ်ဦးပါကလား။
“ ဟဲ့…ဦးပေါ်ဦး၊ ပိတ်ဖြူစည်းပြီး ကြေးစည်သံ
တနောင်နောင်နဲ့ ဘာပြုလို့ အခါမဲ့ ခစားလာရသလဲ မောင်မင်း”
“ အရှင့် ရွှေဘုန်းတော်ကြောင့် ဘုရာ့ကျွန်ဝန်
ငပေါ်ဦးဟာ အရှင်မင်းကြီး တော်ထွက်တော်မူရာမှာ သိဒ္ဓတ္တကုမာရ အနော်မာသောင်သို့
တောအထွက်၌ ဖွားဖက်တော် ငဆန်သည် နောက်တော်မှ ထက်ကြပ်
လိုက်ပါသကဲ့သို့ ပါရမီတော်ကို ကူညီ ဖြည့်စွမ်းပြီး ၀တ်ကြီးဝတ်ငယ်
ပြုစုရန်အတွက် လာရောက် စောင့်ဆိုင်းနေတာ ဖြစ်ကြောင်းပါဘုရား…”
…ဒီအချက် တစ်ချက်တည်းနဲ့ပဲ ဘိုးတော်မင်းတရားကြီးအနေနဲ့
ဦးပေါ်ဦးကို အထင်လွဲတာ ပျက်ပြယ်သွားတယ်။
“ ကြည့်စမ်း ပေါ်ဦးဟာ အသည်ဝန်ကြီးနဲ့ အမတ်အချို့ ကုန်းချောသလို မဟုတ်ပါကလား။
ငါ့ကို ပေါ်ဦးဟာ တစ်ကယ်ချစ်တဲ့အတွက် သူပါလိုက်ပြီး တောထွက်မယ်ဆိုပြီး
လုပ်လာတာပါကလား” လို့ တွေးတော်မူတဲ့အတွက် ဖြစ်ပေတော့တယ်။ ဒါကြောင့် မင်းတရားကြီးက
နှစ်ခြိုက်စွာ ပြုံးတော်မူတယ်။
“ ငါက တောထွက်ဖို့ ကြံရုံပဲ ရှိသေးတာပါဟဲ့ ပေါ်ဦးရဲ့၊ ကဲ…အခုတော့ အိမ်ကို ပြန်ပေဦး၊
ကိုယ်တော်ရှင်မြတ် တစ်ကယ် တောထွက်မှ ခေါ်တော်မူမယ်”
…ဒီအခါကျမှ ပေါ်ဦးခမျာ ဟင်းချနိုင်တယ်။ ဒါပေမယ့်
သျှောင်တစ်လုံး ဆုံးခဲ့ရပြီကော…။ ။

*** ရပါတယ် ရပါတယ်…
…တစ်ခုသော နံနက်မှာ အမတ်ကြီး ဦးပေါ်ဦးရဲ့ အိမ်ရှေ့ပြောင်လက်ရှင်းသန့်နေတဲ့ အိမ်ဝင်းထဲကို
လူတစ်ယောက် ၀င်လာတယ်။ သူက မင်းလုလင်တစ်ယောက်ဖြစ်တယ်။
…နန်းမြို့ မြို့ရိုးအတွင်း ရွှေနန်းတော်ကြီးနဲ့ မနီးမဝေးမှာ တည်ရှိတဲ့ ဦးပေါ်ဦးရဲ့
အိမ်အနေနဲ့ အမြဲသန့်ရှင်းနေတယ်။ အိမ်ရှေ့မှာလည်း ဦးပေါ်ဦးကိုယ်တိုင် နံနက်တိုင်း
တံမြက်လှည်းထားလေတော့ အမှိုက်တစ်ပင် မရှိဘူး။ ရှင်းသန့် ပြောင်လက်နေတယ်။
…အဲဒီနေရာကို ရောက်လာတဲ့ မင်းလုလင်ဟာ ဘာမပြော
ညာမပြော အခင်းကြီး သွားမယ့်ပုံနဲ့
ထိုင်ချလိုက်တဲ့အတွက်…
“ ဟဲ့…ဟဲ့…..အဲဒါက ဘာလုပ်မလို့လဲဟေ…”
…ဦးပေါ်ဦး ပြူးပြူးပြာပြာ ပြေးသွားပြီး မေးတယ်။
ထိုင်ချလိုက်တဲ့လူလည်း ထရပ်ရတယ်လေ။
“ မစင်စွန့်မလို့ပါ အမတ်ကြီး”
“ တယ်…ကျူးကျူးကျော်ကျော် စော်စော်ကားကား…”
“ မင်းတရားကြီး ကိုယ်တော်တိုင်က ပေါ်ဦးအိမ်ရှေ့
မြေတလင်းမှာ အခင်းကြီးသွားချေ၊ အမိန့်တော်ချမှတ်လိုက်လို့ပါခင်ဗျာ၊ သည်းခံတော်မူပါ”
…သူတစ်ပါးကိုသာ ကသိကအောက်လုပ်ခဲ့တဲ့ ဦးပေါ်ဦး
အလွန်အခံခက်သွားတယ်။
သို့သော်လည်း မင်းမိန့်ကို သူ မတားဆီးနိုင်။
“ မင်းတရားကြီးရဲ့ အမိန့်တော်က အခင်းကြီးသွားချေလို့ပါတယ်နော်၊ ဟုတ်စ…”
“ မှန်ပါတယ် ခင်ဗျာ
“ အေးအေး…မင်းမိန့်ကိုကွယ့်၊ နာခံရမှာပေါ့၊
သို့သော်လဲ ခဏနေဦးကွယ်၊ ခဏလေး…ခဏလေး…
…အမတ်ကြီး ဦးပေါ်ဦးအနေနဲ့ အဆောင်ကိုင်တစ်ယောက် ဓားသွေးနေတာ
လှမ်းခေါ်ပြီး ဓားတောင်းလိုက်တယ်။ ချက်ချင်း မင်းလုလင်ရဲ့ ခေါင်းပေါ်မှာ မိုးထားလိုက်တယ်။
“ ကဲ…အမိန့်တော်ထဲမှာ အခင်းကြီး သွားစေပါတဲ့အတွက်
အခင်းကြီးသွားပေတော့၊ သို့သော် အခင်းလေးသွားစေ မပါတဲ့ အတွက် ကျင်ငယ် မထွက်ရဘူး၊
ကျင်ငယ် တစ်စက်ထွက်ရင် ဇက်အပြတ်ပဲ…” …မင်းလုလင် ထရပ်လိုက်ရတော့တယ်။
…အခင်းကြီးသွားတဲ့အခါ ကျင်ငယ် မထွက်ဘူးလို့
ဘယ်သူမှ အာမ မခံနိုင်ဘူးလေ။
ဘုရင့်အမိန့်ထဲမှာလည်း ကျင်ကြီးသာ စွန့်ခိုင်းတာ၊ ကျင်ငယ်မပါဘူး၊ ဦးပေါ်ဦးက အဲဒီဟာ အတွက်ကို
အမိအရ ဖမ်းကိုင်ပြီး ဓားမိုးထားတာပါပဲ။
“ ဟဲ့ကောင်…ကျင်ကြီး စွန့်လေ…”
“ ကျွန်တော် ကျင်ငယ် မထွက်အောင် မတတ်…..မတတ်နိုင်လို့…”
…မင်းလုလင်သည်
ထစ်ထစ်ငေါ့ငေါ့ ပြန်ဖြေင်္ပြိး အမတ်ကြီးရဲ့ အိမ်ရှေ့တလင်းပြင်က ထွက်ခွာသွားလေရဲ့။
…အဲဒီ မင်းလုလင်ဟာ အမှန်ပဲ အမိန့်တော်ကြီးနဲ့ လာသူဖြစ်တယ်။
ဒါကြောင့် အကျိုးအကြောင်း ပြန်လည်သံတော်ဦး တင်ဖို့ ဘုရင့်ရှေ့တော်ကို ၀င်ရောက်ခစားရတယ်။
“ ပေါ်ဦးအိမ်ရှေ့ မြေတလင်းမှာ အခင်းကြီး သွားခဲ့ပြီးပြီလား၊
ပေါ်ဦးဆိုတဲ့ကောင်က ဘာပြောသတုန်းဟဲ့…”
“ မှန်လှပါ၊ အမိန့်တော်ထဲမှာ အခင်းကြီးပဲပါတယ်၊
အခင်းလေးစွန့်စေ မပါတဲ့အတွက်
ကျင်ငယ်တစ်စက်ထွက်ရင် ဇက်အပြတ်ပဲဆိုပြီး ဓားမိုးထားတဲ့အတွက် မဆောင်ရွက်ခဲ့ရပါဘုရား…”
…သံတော်ဦး တင်အဆုံးမှာ မင်းတရားကြီးအနေနဲ့ လှိုက်လှိုက်လှဲလှဲ
ရယ်မောတော်မူသတဲ့…။ ။

No comments: