Sunday, February 5, 2012

ရွှံ့ရုပ်နှလုံးသားနှင့် မသိစိတ်ရဲ့ခြေရာ



(ဒီပို့စ်မှာ ဟာသမရှိဘူး ၊ ရသမရှိဘူး ၊ အတွေးအခေါ်ပဲ ရှိတယ် ။ ဒီတော့ လက်ခံမှ ဖတ်ပါ ။)
ရွှံ့ရုပ်နှလုံးသားနှင့် မသိစိတ်ရဲ့ခြေရာ
လူတစ်ယောက်ရဲ့ ဖြစ်ပျက်နေတဲ့အခြေအနေပေါ်မှာ သိမှု ရှိပါက အရာရာကို ဖြေရှင်းပြီး ပဲကိုင်လို့ရတတ်ပါတယ် ။
ဘယ်လိုသိမှုလဲဆိုရင် ကိုယ့်မှာ ဖြစ်နေတဲ့ စိတ်အမျိုးမျိုးအထွေထွေ စတဲ့ သောကတွေကို အမှန်သိမှုနဲ့ ခွဲခြားနိုင်ခြင်းပါ  ။ ထိုသို့ခွဲခြားနိုင်တဲ့ လူဟာ လူ့ဘဝမှာ နေတတ်သွားတဲ့ သတ္တဝါ ဖြစ်သွားပါလိမ့်မယ် ။ ဥပမာ – လူတစ်ယောက် စိတ်ဆိုးတယ်ဆိုပါစို့ ထိုသူဟာ သူ့စိတ်ဆိုးခြင်း အကြောင်းအရာကို တကယ်မသိဘူးဆိုရင် စိတ်ဆိုးခြင်ကို မရပ်နိုင်ပဲ ဆက်လက်ဆိုးနေအုံးမှာပါပဲ  ။ ထိုသို့မဟုတ်ပဲ သူစိတ်ဆိုးနေတဲ့ အကြောင်းအရာကို သေချာခွဲခြားနိုင်ပြီဆိုရင်တော့ စိတ်ဆိုးခြင်းဟာလည်း အလိုလို ငြိမ်းသွားမယ်လို့ ယူဆမိပါတယ် ။ လူတိုင်းမှာ စိတ်ဆိုးစိတ်ညစ်ဆိုတာကတော့ မကင်းပါဘူး သို့သော် ဖြစ်သင့်တဲ့နေရာ နဲ့ မဖြစ်သင့်တဲ့နေရာတွေ လွဲနေမှာ စိုးသောကြောင့် တင်ပြခြင်းပါ ။
ကျနော်တို့ နေ့စဉ် ဖြတ်သန်းနေကြတဲ့ အဖြစ်အပျက်တွေမှာ .. ဒေါသဖြစ်စရာများ ၊ စိတ်ညစ်စရာများ ၊ သောက တွေများ ၊ ကိုယ်နဲ့ မဆိုင်တဲ့ အပူအပင်များ .. စသဖြင့် အနည်းနဲ့အများဆိုသလို ကြုံတွေ့ရတတ်ပါတယ် ။ ပျော်စရာတွေလည်း ရှိပါမယ် .၊ ကျေနပ်စရာတွေလည်း ရှိပါမယ် ၊ ထို့အတူ ဘာမှ မဖြစ်ပဲ ပုံမှန်အတိုင်းလည်း ဖြစ်ချင်ဖြစ်နေပါမယ် ။ ထို့သို့ ဖြစ်ပေါ်မှုများဟာ ကျနော်တို့ ပိုင်ဆိုင်တဲ့ ခံစားမှု နှလုံးသား တစ်ခုထဲပေါ်မှာချည်းပဲ ဆိုတာကတော့ သေချာပါတယ် ။ ပျော်စရာတွေရင်ပျော် နေတတ်ပြီး ညစ်စရာတွေ့ရင်လည်း ညစ်နေတတ်တဲ့ ဒီခံစားမှုဟာ သိစိတ်နဲ့ တွဲစပ်ပြီး လက်ရှိ လူ့ဘဝမှာ အမျိုးအမျိုးအဖုံဖုံ ပတ်ဝန်းကျင်ရဲ့ ကြိုးဆွဲရာအတိုင်း လိုက်ကနေကြရတာပါ ။ ခုနေ ပျော်နေပြီး ခဏနေ ညစ်ချင်ညစ်သွားတတ်ပါတယ် ။ ဒါဆိုရင် ကျနော်တို့ နှလုံးသားတွေဟာ ပုံစံပြောင်းလို့ရတဲ့ နှလုံးသားတွေပါဆိုတာ သေချာသွားပြီပေါ့ …။
ကျနော်တို့ရဲ့ စိတ်တစ်ခုထဲမှာကိုပဲ သိစိတ်နဲ့ ခံစားချက်ဟာ .. တွဲဆက်နေပါတယ် ။ သိစိတ်က ဦးနှောက်မှာ အခြေတည်ပြီး သူ့ဆီမှာ မှတ်သားထားတဲ့ မှတ်ဥာဏ်ရဲ့ အတိုအရှည်အတိုင်း ဆုံးဖြတ်တယ် သိရှိတယ် ။ ခံစားချက်ကတော့ လူမှာ ပါရှိတဲ့ သဘောတရား အာရုံခံ ပေါ့ ။ ထိုနှစ်ခုဟာ တခါတခါ သီးခြားစီရှိတတ်ပြီး တခါတခါ ပေါင်းစပ်ပြီး ဖြစ်တည်နေတတ်တယ် ။ ခံစားမှုရဲ့ အရိပ်က မှတ်ဥာဏ်သိစိတ်ကို သက်ရောက်တယ်။ မှတ်ဥာဏ်သိစိတ်ရဲ့ စေညွှန်ရာကိုလည်း ခံစားမှုက လိုက်လုပ်နေနိုင်တယ် ။ ဒီလိုတစ်ခုနဲ့တစ်ခု ဆက်နွယ်ခြင်း ရှိပါတယ် ။  ကျနော်တို့ အများစုရဲ့ စိတ်အိမ်မှာ ခံစားချက်ကို မတွန်းလှန်နိုင်ပဲ သွားနေကြ လမ်းလေးအတိုင်း ကျနော်တို့  သွားနေရတာ များပါတယ် ။
အလိုဆန္ဒများဟာ ခံစားချင်တဲ့ စိတ်ကနေ တဆင့် ဖြစ်တည်လာကြပါတယ်။ ထိုအရာတွေကို ထိန်းခြင်း မထိန်းခြင်းကြောင့် အများသတ်မှတ်တဲ့ စရိုက်လက္ခဏာများဟာလည်း ကွဲပြားသွားကြပါတယ် ။ စရိုက်လက္ခဏာနဲ့ ပတ်သက်လို့ ဥပမာ တစ်ခု ပြောချင်ပါတယ် ။ ကျနော် စာရွက် အလွတ်တစ်ခုမှာ .. ကောက်ကြောင်းအနည်းငယ်နဲ့ ဝလုံးတွေ ကျနော် ရေးနိုင်သမျှ ရေးလိုက်မယ်ဆိုပါစို့ ..စာမျက်နှာ တပြင်လုံး ဝလုံးတော်တော်များများ ပျံ့နှံ့နေပါလိမ့်မယ် ။ ထိုစာရွက်ကို တခြားသူတစ်ယောက်အား ပြပြီး ဘာစာရွက်လဲဟု အမည်ထိုးခိုင်းမည်ဆိုပါက ..  ထိုသူရဲ့ အဖြေဟာ ဒီစာရွက်သည်  ဝ လုံးများရေးထားသော စာရွက် ဖြစ်သည်ဟု ပြန်ဖြေပါလိမ့်မယ် ။ ဆိုလိုချင်တာကတော့ စရိုက်တစ်ခုဖြစ်လာဖို့မှာ ……… ထို စရိုက်ဟု ခေါ်တွင်စေဖို့ ထိုစရိုက်နဲ့ သက်ဆိုင်တဲ့ သေးမွှားသော အရာတွေကို များများ လုပ်ဆောင်ခဲ့ခြင်းကြောင့်လို့ ယူဆမိပါတယ် ။ အဲ့ဒီအရာတွေ စုပြီး စရိုက်တစ်ခု ဖြစ်လာခြင်းဟာ  ဝလုံးများ ရေးထားတဲ့စာရွက်လိုပဲ သတ်မှတ် ပုံပေါ်စေလာတာပါပဲ ။
ကျနော်တို့ ရဲ့ ဘဝ တနေ့တာ- ၂၄နာရီဖြင့်ပြီးသော ထိုတစ်နေ့တာကို စာတစ်ရွက်အဖြစ် သတ်မှတ်ကြည့်စေချင်ပါတယ် ။ ထို တနေ့အတွင်း ဝလုံးများ ကဲ့သို့သော ပြုမူမှုတွေမှာ အကောင်းတွေ များနေရင် ထိုသူ့ရဲ့ စရိုက်က စရိုက်ကောင်းဟု သတ်မှတ်ခံရပြီး .. အဆိုးတွေ များနေရင်တော့ မကောင်းတဲ့စရိုက်လို့ သတ်မှတ်ခံရပါလိမ့်မယ် ။ ဒါဟာ မှန်ကန်သော နည်းလမ်းအတိုင်းပါ ။ သို့သော် ဘဝတိုင်းဟာ အမှာဟာ အမှား မကင်းကြပါဘူး။ ဒါပေမဲ့ အမှားနည်းသော ဘဝများ အဖြစ်လည်း  ဖြစ်ပေါ်လာနိုင်ပါတယ် ။ ကျနော်ဆိုလိုချင်တာကတော့ ထိုစရိုက်လက္ခဏာတွေနဲ့ ပတ်သက်ပြီး လူတစ်ယောက်ရဲ့ အနာဂတ် ဖြစ်စဉ်ကိုလည်း လက်ရှိအခြေအနေကနေ ပြောင်းလဲ နိုင်တယ်ဆိုတာကို မြင်သာစေချင်တာပါ ။
တနေ့တာအတွင်း လူတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေသည် ထိုသူရဲ့ အနာဂတ်လမ်းကြောင်းကို ပံ့ပိုးနေသည်ဟု သိရှိသူတွေ ယနေ့ခေတ်မှာ နည်းမည်ထင်ပါတယ် ။ကျနော်တို့ သိထားသင့်ပါတယ် ။ “လူတစ်ယောက်ဟာ သူ့စိတ်ထဲမှာ တွေးထင်နေတဲ့အတိုင်း အမှန်တကယ် ဖြစ်လာမည် ဟု ယူဆချက် တင်ပြချက်ကို” စာအုပ်စာပေ တက်ကျမ်း တချို့မှာ ဖော်ပြထားတာကို လည်း ဖတ်ဖူးမှာပါ ။ သို့သော် ဖတ်တုံးခဏ လက်ခံရုံနဲ့ မှတ်မိတာလောက်ပဲ ရှိပါလိမ့်မယ် ။ လိုက်လုပ်တဲ့အထိ ပြုမူတဲ့သူ ရှားနေပါလိမ့်မယ် ထင်ပါတယ် ။ ဒါဘာကြောင့်လဲဆိုရင် ကျနော်တို့ စိတ်သဘော သက်ရောက်မှုကို နားမလည်သေးသောကြောင့် လို့ ကျနော် ယူဆမိပါတယ် ။
တည်ငြိမ်မှု ဖြစ်တည်လာသူများ ၊ တရားဓမ္မများဖြင့် ရင့်ကျက်နေသူများ ၊ နိဗ္ဗာန်သို့ မျက်မှောက် ပြုသူများကို ကျနော်တို့ ယခုခေတ်မှာ တွေ့ရပါလိမ့်မယ် ။ ထိုသူတွေ ဘာလို့ အဲ့ဒီလိုဖြစ်ပြီး ကျနော်တို့ တတွေကလည်း ဘာလို့ အဲ့ဒီလို မဖြစ်ပဲ နေနိုင်တာလဲ ဆိုတာ တွေးကြည့် စေချင်ပါတယ် ။တည်ငြိမ်မှု ဖြစ်စေဖို့ အကြောင်းတွေကို ကျနော်တို့ ထပ်ကာ ထပ်ကာ မလုပ်လို့ လို့ အလွယ် ဆိုချင်ပါတယ် ။ နောက် စိတ်နဲ့ ပတ်သက်ပြီး  စိတ်ပညာရှင်များ သတ်မှတ်ထားကြတာက လူတစ်ယောက်မှာ  သိစိတ်နဲ့ မသိစိတ်ဆိုပြီး ရှိတယ်လို့ သတ်မှတ်ထားပါတယ် ( စာဖတ်ဝါသနာ ရှိသူများ နားလည်မည်ထင်ပါသည်) ။ ကျနော်ဆိုချင်တာကတော့ မသိစိတ်ဟာ စိတ်အတွင်း အနည်ကျနေတဲ့ မှတ်ဥာဏ်လို့ ယူဆချင်မိတာပါပဲ ။ ဘာလို့လဲဆို အပေါ်ယံပြေးလွှားနေတဲ့ သိစိတ်က  အပြောင်းအလဲ ရှိပြီး အနည်ကျနေတဲ့ မသိစိတ်က အပြောင်းအလဲ ဖြစ်ဖို့ တော်တော်ခဲယဉ်းတတ်တယ်လို့ ဆိုချင်ပါတယ် ။
ကျနော်တို့ စိတ်အိမ်တစ်ခုလုံးကို အိုးကြီးတစ်လုံးသဖွယ် သတ်မှတ်ကြည့်စေချင်ပါတယ် ..။ ထိုအိုးထဲကို ရေကြည်ရော ရေနောက်ပါ ရောထည့်ကြည့်လိုက်တဲ့အခါ … ။ ရေကြည်တာကိုမမြင်ရပဲ ရေနောက်နဲ့ရောနေတဲ့ ရေကိုသာ မြင်ရပါလိမ့်မယ် ။ ထို့အတူပဲ ကောင်းတဲ့စိတ်နဲ့ မကောင်းတဲ့ စိတ် ပေါင်းစပ်ပြီး  ဖြစ်လာမှုတွေဟာလည်း ကိုယ့်အမြင် သူတပါးအမြင်မှာ ရေနောက်ကိုပဲ မြင်နေပါလိမ့်မယ် ။ ထိုသို့နောက်နေသော ထိုရေအိုးထဲကို နောက်ထပ် ကြည်တဲ့ရေများ ထပ်ကာ ထပ်ကာ ဖြည့်ကြည့်လိုက်ပါ ..။ ရေများလျှံကျနေအောင် ထပ်ဖြည့်ဖြည့်ကြည့်ပါ .. ထို ရေအိုးထဲက ရေဟာ တဖြည်းဖြည်းနဲ့ ကြည်လာတဲ့ ရေ ဖြစ်လာပါလိမ့်မယ် ။ လူ့စိတ်ဟာလည်း ထို့အတူပါပဲ ဘယ်လောက်ပဲ စရိုက်ကြမ်းပြီး ညစ်နေပါစေ ထိုသူရဲ့ စိတ်အိမ်ထဲကို ကောင်းတဲ့စိတ်တွေဖြင့် ထပ်ကာ ထပ်ကာ ဖြည့်ရင်းဖြည့်ရင်းနဲ့ ကြည်လင်လာတာမျိုးပါ ။ ဒီလိုနဲ့ စရိုက်ဟာ ကူးပြောင်းလာနိုင်ပါတယ် .. ။
ကျနော်တွေးမိတယ် .. ယခုအချိန်ကစပြီး ကျနော်တို့ ခံစားချက်တွေနဲ့ အတွေးတွေကို ဖြစ်ချင်တဲ့ ဇာတ်အိမ်အတွင်း ထည့်ထားပြီး ခံစားခြင်း တွေးခြင်း တွေကို ပြုမူပါက တဖြည်းဖြည်း ဖြစ်ချင်တာတွေဆီ နီးကပ်သွားလိမ့်မယ်….  ။ ယခု ကျနော်တို့ဟာ လက်ရှိဖြတ်သန်းနေတဲ့ ပစ္စုပ္ပန်ရဲ့ အဖြစ်အပျက်ကို သတိထားမကြည့်မိလို့သာ ကျနော်တို့ လျှောက်နေတဲ့ ဘဝလမ်းတွေဟာ ရှည်နေတာပါလို့ ထင်မိပါတယ် ။ အဓိကကတော့ များများ တွေး ၊ များများ ပြုမူရင် ပြောင်းလဲ နိုင်တဲ့ အကြောင်းကို ပြောချင်တာပါ ။ လူတစ်ယောက်မှာ ကိုယ်ဖြစ်နေတာတွေကို သတိထားကြည့်မိနိုင်ပြီဆိုရင် ကိုယ့်စိတ်ကို ထိန်းသိမ့်မှုများ ဟာလည်း  အလိုလို ပေါ်လာပါလိမ့်မယ် ။ နောက်ဆုံး ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ဆိုတာဟာလည်း … သေချာလာပြီး ကိုယ်ရောင် ဖျောက်နိုင်တော့မှာ မဟုတ်ပါဘူး  ။

ဘာနေ
၁၂ ၊  ဇန္နဝါရီ ၊၂၀၁၂

ကိုဂါး  ( ကွန့် မန့်  )

ဒီပို့စ်ကိုပြန်လည်တုန့်ပြန်ခြင်းထက် ဖတ်ပြီးပွါးလာတဲ့အတွေးပွါးလေး
ကိုရေးကြည့်ချင်ပါတယ် ။ အတွေးပွါးကိုနိုင်နိုင်နင်းနင်းတော့ရေးနိုင်
မယ်တော့မထင်ပါ။ စိတ်ပညာရှင်ဖရွှိုက်ကတော့ သိစိတ်,မသိစိတ်,
လိင်စိတ်,လို့ခွဲခြမ်းပါတယ် ။ သိစိတ် လိင်စိတ်ကိုနားလည်သလိုရှိပေ
မယ့်မသိစိတ်ကို သိပ်နာမလည်ပါ။ ဒါကြောင့် သွေးသားဆန္ဒနဲ့ဘ၀ရပ်
တည်မှုပြည့်စုံရင် လူဟာ ဘ၀မှာနေပျော်တယ်လို့ဆိုပါတယ် ။ စိတ်သဘာဝကိုသိချင်လို့လေ့လာလေနားလည်သလိုမလည်သလို
ဖြစ်ရပါတယ် ။ မြန်မာစာပါမောက္ခ ဦးဖေမောင်တင်က တပည့်တွေ
ကိုမေးပါသတဲ့ ။ မင်းတို့သိနေတဲ့ စိတ်ဆိုတာဘာလဲပေါ့ ။ ဖြေဆို
နိုင်သူမရှိဘူးလို့ဖတ်ရပါတယ် ။ ဘုရားဟောအဘိဓမ္မာတွေကိုရေး
ထားတဲ့ ဆရာနန္ဒသိန်းဇံရဲ့ သိစိတ်အဆင့်ဆင့်မြင့်တက်ခြင်းသ
ဘာဝ ဆိုတဲ့စာအုပ်ဖတ်ကြည့်မိပါတယ် ။ မှတ်မိနားလည်သလောက်
လေးရေးခြင်ပါတယ် ။(စကားကြောရှည်နေရခြင်းအကြောင်းက
ကိုယ်မကျွမ်းတဲ့အကြောင်းကိုရေးမှာမို့လို့ပါ ) စိတ်ဆိုတာ အဆင်း
အသံ အနံ့ အရသာ အတွေ့အထိ ဆိုတဲ့ အာရုံငါပါးရဲ့ အရိပ်
အရောင် အသံတွေဆီသို့ညွှတ်ခြင်း ထိခြင်း လို့ဆိုပါတယ် ။
ဒါကြောင့် မြင်စိတ် ။ ကြားစိတ် ။ နံစိတ် ။ ခံစားစိတ် ။ ထိစိတ် တွေဖြစ်
ပေါ်လာရပါတယ်တဲ့ ။ မြင်စိတ်တစ်ခုတည်းမှာပဲ နှစ်သက်ရင် လောဘစိတ်
မနှစ်သက်ရင် ဒေါသစိတ် စတဲ့စိတ်တွေဖြာထွက်သွားပါသေးတယ်ဆိုပါတယ်။
ဒီနေရာမှာကျွန်တော်တို့သိနေတဲ့လောဘစိတ် ဒေါသစိတ်ဆိုတာ စိတ်အစစ်
တွေမဟုတ်ပါဘူးတဲ့ ။ စိတ်ကိုချယ်လှယ်နေတဲ့တရားတွေရှိပါသေးလို့ဆို
ပါတယ် ။ အဲ့ဒါတွေကိုတော့ စေတသိက် လို့အမည်ရှိပါသတဲ့ ။ လောဘ
ဒေါသတွေဆိုတာ စိတ်ကိုချယ်လှယ်နေတဲ့စေတသိက်တွေပါတဲ့ ။ စိတ်ဆိုတာ
ကြည်လင်နေတဲ့ရေနဲ့တူပြီး စေတသိက်ဆိုတာ အရောင်တွေနဲ့တူတယ်လို့
ဆိုပါတယ် ။—–အဲ့ဒီစိတ်ရဲ့တည်ရှိရာကလည်း အရှေ့တိုင်းနဲ့အနောက်တိုင်း
ကွဲလွဲမှုရှိပါသတဲ့ ။ အနောက်တိုင်းက ဦးဏှောက်မှာလို့ဆိုပြီး အရှေ့တိုင်းက
တော့(ဗုဒ္ဒအဘိဓမ္မာအရ) နှလုံးသားလို့ဆိုတဲ့ ဟဒယ၀တ္ထုရုပ်မှာတည်ရှိတယ်
လို့ဆိုပါတယ် ။ (နှလုံးရောဂါသမားများ စိတ်ကျန့်ခိုင်မှုမရှိတာသတိပြုမိပါ
တယ်) လောကကြီးကို စိတ်ကဦးဆောင်နေပြီး လောကကြီးကိုဦးဆောင်နေ
တဲ့ စိတ်က မကောင်းမှုမှာပျော်မွေ့တာများပါသတဲ့ ။ ဘာကြောင့်မကောင်း
မှုမှာပျော်မွေ့တာများရသလဲဆိုတော့ ပဋိသန္ဒေတည်ကတည်းက လောဘ
စတဲ့တရားတွေက ပါခဲ့လို့ ။ အဲ့ဒါကို အနုသယကိလေသာလို့ဆိုအမည်
ရှိပါသတဲ့။ အနုသယဆိုတာ ရေထဲမှာအနယ်ထိုင်နေတဲ့အမှုံနဲ့တူတယ်လို့ဆို
ပါတယ် ။ လှုပ်လိုက်တာနဲ့ထလာတယ်ပေါ့။ မီးနဲ့မတွေ့သေးတဲ့ဓာတ်ဆီ
ပေါ့။ အာရုံတွေရိုက်ခတ်လာလို့နှလုံးသွင်းမကောင်းရင် အနုသယကိလေ
သာအမှုံတွေကထလာကြပါရောဆိုပဲ ။ ကိလေသာ (စိတ်ကိုပူလောင်စေတဲ့
တရားများ)ကိုလည်း သုံးမျိုးခွဲပါတယ် ။ အနယ်ထိုင်ကိလေသာ ။ ထကြွှကိလေ
သာ ။ လွန်ကျူးကိလေသာ-ဆိုပြီးသုံးမျိုးရှိပါသတဲ့ ။ ဥပမာ-လူတစ်ယေက်က
ကိုယ့်ကိုဆဲလိုက်လို့ရှိရင် နဂိုအနယ်ထိုင်နေတဲ့ဒေါသကိလေသာက လှုပ်ခတ်
လာတော့ ဒေါသဖြစ်လာတယ် ၊ ဒေါသဖြစ်နေတာဟာ ထကြွကိလောသာပါပဲ ။ ဒေါသအလျှောက် ပြန်ဆဲလိုက်ရင် ဆွဲထိုးလိုက်ရင် လွန်ကျူးကိလေသာပါ ။
လွန်ကျူးကိလေသာကို သီလနဲ့ထိန်း ။ ထကြွကိလေသာကို သမာဓိနဲ့ထိန်း ။
အနယ်ထိုင်ကလေသာကိုတော့ ပညာနဲ့အမြစ်ဖြတ်ရမယ်လို့ဆိုပါတယ် ။
ဆရာကြီးရွှေဥဒေါင်းရေးထားတဲ့(မာလုကျပုတ္တကိုဘုရားဟော)ဒိဋ္ဌေဒိဋ္ဌမတ္တံ
ဆိုတဲ့စာအုပ်လေးအကြောင်းဆက်ပြောချင်ပါတယ် ။ ဒိဋ္ဌေ=မြင်တာကို ၊
ဒိဋ္ဌ=မြင်တယ်လို့ ။ မတ္တ=သိရမယ် ။တဲ့ ။ မြင်တာကိုမြင်တဲ့နေရာမှာအသိကို
ရပ်ထားဘို့ပါ ။ အဲ့လိုမှရပ်မထားရင် တောင့်တယ်ကွာ ဖြောင့်တယ်ကွာ
အမှိုက်စားပဲ ဆိုပြီး လောဘအနုသယကိလေသာက ကိုယ့်ကိုနှစ်သက်
မှုဝေဒနာတွေကိုပေးတော့မယ်ပေါ့ ။ ကျွန်တော်ဆိုချင်တာကတော့
ကျွန်တော်တို့ရဲ့ခံစားမှုမြင်းရိုင်းကြီးကို ဘယ်လိုဇက်ကျိုးသတ်မလဲဆိုတာပါ။
လွယ်လွယ်လေးနဲ့ခက်ပါတယ် ။ လွယ်ခြင်းခက်ခြင်းဆိုတာကလဲ လုပ်နိုင်ရင်
လွယ်ပြီး မလုပ်နိုင်ရင် ခက်ပါတယ် ။ ပိုပြီးခက်တာက လုပ်နိုင်ရက်နဲ့မလုပ်
တာပါ ။ အသိမခက် အကျင့်ခက်-လို့ဆိုတယ်မို့လား ။ ဘကြီးရွတ်ရွတ်နေ
တဲ့တေးထပ်လေးကိုလဲ ဖောက်သည်ချလိုက်ပါအုံးမယ် ။ (မေထုန်မှီ-အိပ်စား
လို့-ယောက်ျား (မိန်းမ)တဲ့နွားမှာ-ပြည့်အစုံ ကုံလုံရှိပါ၏ ။ သိပညာတတ်
တစ်ပါး နွားထက်ပိုသာ)တဲ့ ။ ခံစားမှုဝါဒီသက်သက်ဆိုရင် အသိညာဏ်မဲ့တဲ့
တဖက်စွန်းကိုရောက်သွားတတ်ပါတယ် ၊ (မုဒိန်းသမားလိုပေါ့) အသိဥာဏ်
မဲ့အစွန်းဖက်ကိုရောက်သွားရင်——–ကိုယ်ဘာတွေးနေသလဲ ကိုယ်ဘာလုပ်
နေသလဲသိဖို့ပါပဲ ။ ဘုန်းဘုန်းတွေဟောနေတဲ့ အပ္ပမာဒေန သမ္ပာဒေထ-
သတိမလွတ်ကြစေနှင့်ပေါ့ဗျာ ။ ရွှံ့နဲ့လုပ်တဲ့အရုပ်လေးဟာ မခြောက်ခင်သာပြုပြင်လို့ရပြီး ခြောက်သွေ့သွားရင် ပြုပြင်လို့မရတော့ပါ။
မှတ်ချက် ။ ဤကွန့်မန့်ရေးသူဟာ ဘုရားဖြစ်မဲ့အုတ်နီခဲမဟုတ်ပါကြောင်း
နှင့် ဆရာကြီးတွေရဲ့အမည်နဲ့စာအုပ်တွေကိုထည့်ရေးရတာ မဖတ်ဘူးသေး
လို့စိတ်ဝင်စားရင်ဖတ်စေချင်တဲ့စေတနာနဲ့ဖြစ်ပါကြောင်း။
ကိုယ်မကျွမ်းတဲ့အရာကို ရေးတတ်သလိုရေးရတဲ့အတွက် ဖတ်ရတာ မရှင်း
လင်းပါက ခွင့်လွှတ်ကြပါစေလိုကြောင်း ။(မသိစိတ်ကို အရှေ့တိုင်းက
ဘ၀င်စိတ်လို့ခေါ်ပါကြောင်း)



No comments: