Monday, March 19, 2012

လူ့ဘဝ

 

လူ့ဘဝ
ဘဝ ဆိုတဲ့ စကားလုံးကို ဘယ်သူမသိပဲ ရှိနေလဲ.။
ဘဝဆိုတဲ့ စကားလုံးကိုလည်း ဘယ်သူနားလည်သလဲ .။
တကယ် ဘဝဆိုတာကရော ဘယ်လိုပုံစံမျိုးလဲ.။
ဘဝဆိုတာကရော ဘာလုပ်ဖို့လဲ … စားစရာလား တွေးစရာလား .. မျက်ကွယ်ပြုထားစရာလား လားပေါင်းမြောက်များစွာနဲ့ မေးချင်စရာပါ..။
ဘဝဆိုတဲ့ အတောအတွင်းမှာ အချိန်တိုင်း ဟုတ်တယ် .. ဟုတ်တယ်နဲ့ သူများပြောတာတွေ လိုက်ခေါင်းညိမ့်နေရမှာလား … ။
ဘဝ ဆိုတာ အချိန်ကလာ တစ်ခုအတွင်း ပြုမူ လှုပ်ရှားမှု လို့ ယူဆရင်ရော ………………….

ဘဝဆိုတာ “ဖြစ်ခြင်း …ပျက်ခြင်း” ရဲ့အောက်မှာ မြူးတူး ကကုန်နေတဲ့ ကခြေသည်လေးလိုပဲလို့ ခိုင်းတာသွား စေရာနေ ဆိုသလိုမျိုး တွေးမယ်ဆိုရင်ရော……
ဟုတ်ကဲ့ … လူတစ်ယောက်မှာ ဘဝ တစ်ခုစီ ရှိတယ်ဆိုတာကို ခု ကျနော်တို့တတွေသိထားကြတယ် .. အကယ်၍ ဘဝဆိုတဲ့ စကားလုံးသာ ပေါ်မလာဘူးဆိုရင် ကျနော်တို့တတွေရဲ့ အသိဥာဏ်တွေထဲမှာ ဘာတွေနဲ့ ကိန်းအောင်းနေမလဲ တွေးကြည့်စရာ .. တွေးကြည့်မယ်ဆိုရင်လည်း မည်သို့သော စိတ်ခံစားချက်တွေမြန်း မင်းမူနေမည်လဲ ..။ အဲ့ဒီလို စဉ်းစား ဆင်ခြင်ဥာဏ်သာ လူသားတွေမှာ မရှိခဲ့ရင် ကျနော်တို့ တွေရဲ့ စိတ်အစဉ်ဟာ တိရိစ္ဆာန်တွေလိုပဲ စားမယ် . အိပ်မယ်. မေထုန်မှီဝဲမယ် ဆိုတဲ့ အတွေးများသာ အမြဲ ကြီးစိုးနေမှာပါ ..။ အမှန်မှာတော့ လူမှာ စဉ်းစားဆင်ခြင်ဥာဏ်က ဦးစီးနေလို့သာ သက်ရှိတွေထဲမှာ တမူထူးခြားနေတာပါ …။
ကိုယ်နေတဲ့ ကိုယ့်ဘဝကို ခပ်ရိုးရိုးလေးပဲ တွေးကြည့်မယ်ဆိုရင် … မွေးဖွားလာတယ် .. ကြီးပြင်းလာတယ် .. အိုသွားမယ် .. သေသွားမယ်… အဲ့လိုနဲ့ အဆုံးသတ်မယ် … ။ တရားသဘောနဲ့ တွေးမယ်ဆိုရင် တော့ ဇာတိ၊ ဇရာ၊ ဗျာတိ၊ မရဏ ဆိုပြီး လူ့ဘဝ ဖြစ်စဉ်ကို တိုင်းတာပြတယ် … ဇာတိ … မွေးဖွားမယ်. ၊ ဇရာ… အိုမင်းမယ် ၊ ဗျာတိ… နာမယ်  ၊ မရဏ …သေဆုံးမယ် … ဆိုပြီး တရားတွေထဲမှာ လူ့ဘဝဖြစ်စဉ်ကို တွက်ပြထားပါတယ်.။
“လူအမျိုးမျိုး.. ဘဝအထွေထွေ” ဆိုပြီး ပြောစမှတ် ပြုလာကြတာတွေ ရှိပါတယ်။ မတူခြားနားခြင်းအတွက် ခေါ်ဝေါ်လာခြင်းပါ.. ။ဟုတ်ပါတယ် လူတိုင်း မတူသလို ဘဝတိုင်းက မတူပါဘူး။ဘဝတိုင်း မတူခြင်းဟာ အတိတ်က(ဖြစ်ခဲ့ပြီးသောကာလ) လုပ်ဆောင်ချက်တွေမတူခဲ့လိုပါ.။ လူ့ဘဝဆိုတာ သက်ရောက်မှုတွေ ဆင့်ကဲ ဖြစ်နေတာလို့ သတ်မှတ်ကြည့်ချင်ပါတယ် .. ။ရိုးရိုးရှင်းရှင်းပါပဲ . ကျနော် တို့ ငယ်ငယ်က ကျောင်းနေတယ် … ကျောင်းစာတွေကြည့်တယ် .. စာတွေကျက်တယ် .စာကြိုးစားကြတယ် …။ အဲ့ဒီမှာ စာကို ကြိုးစားတဲ့ ကလေးနဲ့ စာမကြိုးစားတဲ့ ကလေးဟာ ကွာခြားသွားပါတယ် ။ တချို့တချို့တော့ ချွင်းချက်ပေါ့ ကြိုးစားပါလျှက် မဖြစ်ထွန်းဘူးဆိုတာ.. ဒါတော့ အနည်းငယ်ပါ ။ ဟုတ်ပြီ ဒီကလေးနှစ်မျိုးနှစ်စားမှာ ငယ်ငယ်က ကျောင်းနေတာခြင်းအတူတူမှာ ကြိုးစားမှု လုပ်ဆောင်မှုတွေက သူတို့ကို ပိုင်းခြားသွားစေတယ်လေ .အဲ့ဒီမှာ လူခြင်းလဲ မတူသလို …ဘဝခြင်းလည်း မတူကြတော့ဘူး ….။ တစ်ယောက်က ဆရာဝန်ဖြစ်သွားပြီး ဆေးကုနေချိန်မှာ… တစ်ယောက်က ဆင်းရဲပြီး ရောဂါအနာတရနဲ့ ဆေးကုခံနေရတဲ့ အဖြစ်မျိုးတွေ ဖြစ်လာကြတယ် …။ ဒါဘာလဲ ဘာကြောင့်လဲ . အတွေးဆင့်စရာ တွေးသင့်စရာပါ…. ဟုတ်တယ်လေ သူလည်းအသက်ရှူတဲ့လူပဲ ငါလည်း အသက်ရှူတဲ့လူပဲ ဘာလို့ ကွဲပြားသွားလဲ ဆိုတာ တွေးချင်စရာလေ ..။
တစ်ခု သတ်မှတ် ပြောကြည့်ချင်ပါတယ် .. … လုပ်ရပ် တစ်ခုကို “ကံ” လို့်သတ်မှတ်ချင်ပါတယ် လုပ်ရပ်ရဲ့ အကျိုးသက်ရောက်မှုကို  “ကံ ရဲ့ အကျိုး” လို့ ယူဆပါမယ်…. ။ ကျနော်တို့ လုပ်ရပ် ကောင်းခဲ့လျှင် အကျိုးရလဒ် ကောင်း ထွက်လာမှာပဲ .. စာကြိုးစားရင် စာမေးပွဲအောင်သလိုပေါ့။  ဆိုလိုချင်တာက “ကံ …  ကံရဲ့ အကျိုး” ဆိုတာကိုပါ ။ ကိုယ်လုပ်တာကောင်းရင် ရလဒ်အကျိုးကောင်းမယ်ဆိုတဲ့သဘောပါပဲ … ။  လူ လူခြင်းကွဲပြားသွားတယ်ဆိုတာကို ပြောချင်တာကတော့ “ကံ ကံရဲ့ အကျိုး” ဆိုတာကြောင့်ပါပဲ ။ ကျနော်တို့ ကောင်းတာတွေ မွန်မြတ်တာတွေ လုပ်ခဲ့ရင် သူ့ရဲ့ အကျိုးဆက်ကို ကျနော်တို့ရလာမှာပဲ .။  ဘဝတွေ မတူတာတွေကလည်း သူတို့ လုပ်ရပ်တွေမတူခဲ့လို့ပါ… ။
လူတိုင်းလူတိုင်းတွေးကြည့်ပါ ကိုယ့် နေထိုင်မှု ဘဝ ဖြစ်နေတာတွေမှာ လုပ်ရပ်နဲ့ ရလဒ်တွေကို ချိန်ဆကြည့်လိုက်ပါ အများစုမှာ “ကံ ကံရဲ့ အကျိုး” ဆိုတဲ့ အချက်နဲ့ ဟန်ချက်ညီနေတာ တွေ့ရပါလိမ့်မယ် ဒါဟာ အများ လက်ခံတဲ့ အရာပါ.။ ကိုယ်လုပ်နေတာ ဘာလဲ နဲ့ ကိုယ်ပိုင်ဆိုင်နေတာ ဘာလဲ ဆိုတာကို သတိထား စေချင်စရာပါ .. ။လူတိုင်းလူတိုင်း ကိုယ့်ဘဝကိုကိုယ်တော့ နိမ့်ပါးစေချင်ကြမှာ မဟုတ်ပါဘူး (ကျနော်လည်း အဲ့လိုပါပဲ ) မကောင်းတာ မဖြစ်ချင်ကြဘူး ကောင်းတာပဲ ဖြစ်ချင်ကြတယ်။ အဲ့ဒီ မကောင်းတာ မဖြစ်ဖို့ အတွက် ရိုးရှင်းတဲ့ အဖြေကို ပေးရမယ်ဆိုရင်တော့ “မကောင်းတဲ့ အလုပ်ကို မလုပ်ပါနဲ့ .. ဒါဆို မကောင်းတဲ့ အရာ ဖြစ်လာမှ မဟုတ်ပါဘူး” ..။ အမှန်မှာတော့ ကိုယ့်စိတ်ကိုယ်ကို ကောင်းကောင်း မထိန်းနိုင်ကြတာပါ .။ စိတ်ကိုထိန်းနိုင်ပါက လုပ်ရပ်တွေလည်း တိကျလာပါလိမ့်မယ် . ဘာလို့လဲဆိုရင် စိတ်ထင်ရာ လိုက်လုပ်တတ်တဲ့ အကျင့်ကြောင့်ပါပဲ … ။
ဘဝ ဘဝတွေဟာ အဲ့လို အဲ့လို နဲ့ မတူခြားနား သွားကြတာ ပါ.. ။ မတူခြားနားသွားတဲ့ ဘဝတွေမှာ ခုလက်ရှိရောက်နေတဲ့ အချိန်မှာပေါ့ ဘာတွေကျနော်တို့လုပ်သင့်လဲ ဆိုတာ သိထားစရာပါ…။ တစ်ခါတစ်ခါ ကျနော် ကိုယ်တိုင်တောင် ဘာလုပ်ရမှန်းမသိဖြစ်သွားပါတယ် . .. ။ တစ်ခုပြောလိုက်အုံးမယ်ဗျာ .. ကိုယ့်ဘဝမှာ အကောင်းဆုံး ကတော့ ကိုယ်ကိုယ်တိုင် ဖြတ်သန်းနေတာ အကောင်းဆုံးလို့ ယူဆထားပါ ဘာလို့လဲဆို ကိုယ်ဖြတ်သန်းတာ ကိုယ့်ဘဝမို့လို့လေ .. ပြီးခဲ့တဲ့ မကောင်းတဲ့ အရာတွေကိုအမြဲမတွေးပါနဲ့ လိုအပ်မှ တွေးပါ .. ခုလက်ရှိမှာလည်း ခပ်ပျော့ပျော့ စိတ်ခံစားချက်တွေကို သတိနဲ့ မျက်ကွယ်ပြုထားပါ ..  (ပြောချင်လို့သာ ပြောရတယ် ကိုယ်ကိုယ်တိုင်ကလည်း အဲ့ဒါတွေကို တခါတခါ တွေ့တွေ့နေရတယ် ..  အဲ့ဒီလိုဖြစ်နေလို့ ပြောအား သိပ်မရှိဘူးဗျ .. :) ) ဟိုစကားတစ်ခွန်းလိုပဲ ပြောချင်တယ် “ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ ” ဆိုတာလေ .. ကိုယ်က မလုပ်ပဲ သူများပဲ အတင်း လုပ်ခိုင်းနေလို့လဲ မဖြစ်. တခါတခါစဉ်းစားတယ် “ငါကိုယ်တိုင်လုပ်ကြည့်ပြီးမှ သူများကို လုပ်ခိုင်းတာ ပိုကောင်းတယ်ဆိုတာပါပဲ” .ခု ပြောနေတာတွေကလည်း ကိုယ့် ကိုယ်တွေ မဟုတ်ပါဘူး .. စာဖတ်တယ် . စာထဲက စာကို တွေးတယ် ခုလက်ရှိဖြစ်နေတာတွေနဲ့ စံထိုးတယ် မှန်တဲ့ အချက်ဆိုလက်ခံတယ် .. ဒါမျိုးပါပဲ… ။ ခု ဘဝဆိုတာကို ကိုယ်က ရုပ်လုံးဖော်ပြဖို့ဆိုတာက လုံးလုံးမလွယ်ပါဘူး ဘာလို့လဲဆို ကိုယ်က ခုမှ ဘဝအလယ်လောက်ပဲ ရှိတာ ဘဝတစ်ခုလုံး လျှောက်ဖူးတာမဟုတ်သေးဘူး .. ။ ခု အသိနဲ့တင်ပြောနေတာပါ အသိက ဘယ်ကလဲ မေးမယ်ဆိုရင် စာအုပ်တွေထဲကပဲလို့ လွယ်လွယ်ဖြေချင်ပါတယ် … ။
လူ့ဘဝမှာ လူလိုနေ …လူလိုကျင့် ….လူ့သိက္ခာကိုထိန်း ….လူနဲ့တူအောင်နေ…… လူသားတစ်ယောက် လုပ်ရမဲ့ အရာကိုလုပ် …….။  ဒါဆို လူပီသမယ် …. လူနဲ့ တူမယ်….. တန်ဖိုးရှိမယ် …… အဓိပ္ပါယ်ရှိလာမယ် ……။
အရာရာမှာ လုပ်သင့် မလုပ်သင့်ဆိုတာတွေကတော့ ကိုယ့်စိတ်မှာ အလိုလိုပေါ်လာပါတယ် .. ကိုယ့်ရဲ့ ရွေးချယ်ချက်မှာပဲ ကွဲပြားသွားမှာပါ . ။ လူတိုင်းမှာ ကောင်းတဲ့ အချက်ကလေးတွေ ရှိကြပါတယ် ဘယ်လောက် ဆိုးသွမ်းတဲ့ သူမှာမဆို  ပြုပြင်လို့ရတဲ့ နှလုံးသားစိတ်ဓါတ်ရှိပါတယ် ….။ ဒီတော့ အားမလျှော့ပါနဲ့ ရှေ့တက်ပါ ။
သင်တစ်ယောက်လည်း ပျော်ရွှင်ကြည်နူးစေတဲ့ ဘဝတစ်ခုကို လုပ်ယူနိုင်ပါစေလို့ တောင်းဆုပြုရင်း ဒီနေရာမှာ အတွေးစကို ဖြတ်တောက်လိုက်ပါတယ် ။ တော်သေးပြီ… :) :) :)
22-January-2011
ဘာနေ